လင်းဇေ ရေးသည်။
မဏ္ဍိုင်၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၅။
နေရာသစ်မှာ အခြေချရတဲ့အခါ ကိုယ့်အတွက် အရင်ဆုံး ရှာဖွေရတဲ့အရာတစ်ခုက လက်ဖက်ရည်ဆိုင်။ လက်ဖက်ရည်ဆိုင်မှ အရသာ ကောင်းလား၊ ထိုင်လို့ အဆင်ပြေလား၊ လက်ဖက်ရည်ဆိုင်နဲ့ရော တူရဲ့လားစသဖြင့် မျိုးစုံထုဆစ် ရှာဖွေရတာ။
ဘာကြောင့်ဆို ဆိုင်တချို့ဟာ လက်ဖက်ရည်အရသာကောင်းပေမယ့် ဆိုင်ထိုင်လို့ မကောင်းတာမျိုး၊ လက်ဖက်ရည်ဆိုင်နဲ့ မတူတာမျိုး၊ ဆိုင်တချို့ကျတော့ လက်ဖက်ရည်ဆိုင် ဥပဓိရုပ်ရှိပေမယ့် လက်ဖက်ရည်အရသာက လက်ဖက်ရည်ရဲ့ ဂုဏ်သတ္တိနဲ့ မပြည့်စုံတာမျိုး။ လက်ဖက်ရည်အရသာပြည့်စုံတယ်၊ ဆိုင်ကလည်း အသင့်အတင့် ဖြစ်တယ်၊ ဒါပေမဲ့ ဆိုင်ရှင်က အစိမ်းရောင်မို့ မထိုင်ချင်တာမျိုးကလည်း ရှိသေးတယ်။
ဒီလိုမျိုးစုံအဖုံဖုံ ချေးထူတဲ့ကိုယ်နဲ့ တည့်တည့်ကျဖို့ မလွယ်ကူတာ နားလည်တဲ့အတွက်လည်း အစိမ်းရောင် မဟုတ်ရင် ပြီးရော တော်ရုံ မပြည့်စုံတာမျိုးဆို သည်းခံပြီးထိုင်တယ်။
နိုင်ငံရေး မိုးသက်မုန်တိုင်းတွေနဲ့ ဒရောသောပါ လွင့်ပါရတဲ့ကာလမျိုးမှာ ဒါမျိုး တည့်တည့်ကျရဖို့ဆိုတာ ပိုလို့ တောင်ခက်သေးတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ အဖြူရောင် နဲ့ တည့်တည့် တိုးတယ်။ အမှောင်ထဲမှာ တွေ့ရတဲ့ “အဖြူရောင်”။ နယ်စပ်စည်းမျဉ်းမြို့လေးမှာ ထိုင်ခဲ့ရတဲ့ လက်ဖက်ရည်ဆိုင်လေး။
ကံဆိုးမိုးမှောင်ကျနေရတဲ့ဘဝတွေအတွက် ကံကောင်းခြင်းဆိုတာ ခလုတ်တိုက်မိတဲ့ အခိုက်အတန့်မျိုး။ အဲဒီအခိုက်အတန့်လေးကို အရသာခံရသလိုမျိုး၊ အမှောင်အမိုက်ဆုံးဆိုတဲ့အချိန်တွေမှာ အလင်းရောင်လေးကို ဖျက်ကနဲ မြင်လိုက်ရလို့ ကျေနပ်ရတာမျိုး။ အဖြူရောင်နဲ့ ကြုံရ၊ ဆုံရတာက အဲဒါမျိုး။ အဖြူရောင် ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးကို တွေ့ခဲ့ရတာက အဲဒါမျိုး။
အဖြူရောင်နဲ့ ဆုံရတာက တနယ်တကျေး၊ တစိမ်းမြေမှာ။ ဘဝမျိုးစုံနဲ့ နိုင်ငံရေးမိုးသက်မုန်တိုင်းထဲ လွင့်ပါးခဲ့ရ ခြင်းအတူတူ၊ လမ်းချင်းတူလို့ လူချင်းဆုံရတာမျိုး။ ကိုယ့်မြေ၊ ကိုယ့်ရေမှာ ဘယ်လိုပဲ ရွှေထီးတွေ ဆောင်းခဲ့ ဆောင်းခဲ့ တစိမ်းတို့ မြေမှာတော့ အရာအားလုံးနီးပါးဟာ အညတရ၊ အများစုဟာ ပိုပြီး အညတရ ရတယ်။ “အဖြူရောင်” လည်း အညတရပဲ။
အဖြူရောင် ကို စတွေ့တုန်းက အထီးကျန်လမ်းကြားလေးတစ်ခုမှာ။ တစိမ်းတို့မြေမှာ နေဖို့၊ စားဖို့ ရုန်းကန်ရတဲ့အခါ အဖြူရောင် ဟာ ခေတ်ကာလကို ထင်ဟပ်နေတာ အထင်အရှားပဲ။ ဖိနပ်ချွတ်ရာ၊ အဝတ်လှန်းရာ နေရာမှာ အဖြူရောင် ဖြစ်တည်ရတယ်။ နေရာကျဉ်းလေးမှာ လက်ဖက်ရည်ဆိုင်ဆိုတဲ့ အသွင်အပြင်ကို ဖန်ဆင်းထားတယ်။ ဒါပေမဲ့ အဖြူရောင်မှာ တကယ့်လက်ဖက်ရည်အရသာကောင်းကောင်းရနိုင်တယ်၊ လက်ဖက်ရည်ဆိုင် ထိုင်တဲ့အရသာကို ခံစားရမယ်၊ အီကြာကွေးကောင်းကောင်း၊ စမူဆာကောင်းကောင်း၊ ကံကောင်းရင် နံပြားဆိတ်စွပ်နဲ့ ဒံပေါက်လက်ရာ ကောင်းကောင်းပါ စားရနိုင်သေးတယ်။
ကျောခိုင်းခဲ့ရတဲ့ ရပ်ဝေးက လက်ဖက်ဆိုင်ကို လွမ်းနေသူတွေအတွက် အဖြူရောင်ဟာ ခေတ္တအလွမ်းပြေစရာ၊ အလွမ်းဖြေ စရာနေရာဆိုလည်းဟုတ်တယ်။ အဖြူရောင် လက်ဖက်ရည်ဆိုင်လေးထဲမှာ စားပွဲခုံ လေးခုံနဲ့ ခွေးခြေခုံအမြင့်လေးတွေ ချပေးထားတယ်။ ဆိုင်ရဲ့ မျက်နှာစာအကျယ်ကြီးက လွတ်လွတ်လပ်လပ်ကြီး လွမ်းလို့ရအောင်၊ ဆွေးလို့ရအောင် လုပ်ပေး ထားသလိုမျိုး။ ခင်မောင်တိုးသီချင်း၊ စိုင်းထီးဆိုင်သီချင်းတွေ နားဆင်ရင်း လက်ဖက်ရည်တစ်ခွက် ရှေ့ချပြီး တွေးရင်း ငေး၊ ငေးရင်း တွေးပေါ့။ ပြန်မရနိုင်တော့တဲ့ဘဝတွေ၊ ပြန်ဆုံကြဖို့ ဝေးနေသေးတဲ့သူတွေ၊ ပြီးတော့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့သူတွေအကြောင်း။
ဆိုင်ရှင်ဦးလေးဟာ လက်ဖက်ရည်အဖျော်ကောင်းတာအပြင် အလိုက်လည်း သိတယ်။ အထူအပါး နားလည်တယ်။ ပရော်ဖက်ရှင်နယ်ကျတယ်။ ဆိုင်လာထိုင်သူကို သူ့ရဲ့ မူပိုင်အပြုံးတစ်ခုနဲ့ ကြိုဆိုတယ်၊ ဒီထက်ပိုရင် ခေါင်းလေး တချက်ညိတ်ပြတယ်။ ကိုယ့်ဖီးလ်နဲ့ကိုယ် တိတ်တိတ်ဆိတ်ဆိတ်ထိုင်ချင်သူတွေအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုမျိုးနဲ့ပေါ့။ ‘ဘယ်မှာနေလဲ’၊ ‘ဘာလုပ်လဲ’၊ ‘ဘယ်ကလာလဲ’ ဆိုတဲ့ အလိုက်ကန်းဆိုးမသိတဲ့ အပြုအမှုမျိုး မရှိဘူး။
အသိဖြစ်စေ၊ အသိအကျွမ်းဖြစ်စေ သူ့ရဲ့ မူပိုင်အပြုံးတစ်ပေါက်ဟာ တန်းတူပဲ။ ဆိုင်ဖွင့်ထားလည်း ဒီအပြုံး၊ ဆိုင်ပိတ် ထားလို့ လက်ဖက်ရည်မရောင်းကြောင်းပြောလည်း ဒီအပြုံး၊ လက်ဖက်ရည်ဖျော်ထာ မစောင့်နိုင်လို့ ထပြန်သွားလည်း ဒီအပြုံး၊ သူ့ရဲ့ အပြုံးမှာ ဘုံသဘောတွေပါတယ်။ ခံစားသူစိတ်ကြိုတ် ဖြစ်စေရမယ်။ လက်ဖက်ရည်ဖိုးဟာ သူ့အပြုံး တစ်ခုနဲ့တင် တန်နေတာမျိုး။
လက်ဖက်ရည်ဆိုင်ဆိုတာ လူမျိုးစုံတယ်။ အသံတိတ် သူပုန်အစစ်၊ တော်လှန်ရေးသမားအစစ်တွေလည်းလာတယ်။ လက်ဖက်ရည်ဆိုင် အာနီတွေလည်း ရှိတယ်၊ ခါတော်မီနိုင်ငံရေးသမားတချို့လည်း လာတတ်တယ်။ ပုတ်သင်ညိုလို အရောင်ပြောင်းတွေလည်း ရှိတယ်။ ‘ပါတီက ဘယ်သူ့ကိုသိလဲ’၊ ‘ဘယ်သူ့ကို ရင်းနှီးလဲ၊ သူ့ကို ဘယ်လောက်ရင်းနှီးလဲ‘ ဒါမှ နိုင်ငံရေးလို့ ထင်တဲ့သူတွေလည်း ရှိတယ်။
တချို့က အနေအစားမတတ် လူထူမှ အနူထချင်တဲ့ နိုင်ငံသမားအမည်ခံတွေ၊ လက်ဖက်ရည်ဆိုင်မှာ နိုင်ငံရေးလေမုန်တိုင်း ထန်ချင်တဲ့တွေဆိုရင် အဖြူရောင်ဆိုင်ရှင် အန်တီက စာမေးပွဲစစ်သလို စစ်တတ်တယ်။
ဘာကြောင့်ဆို သူက ခါတော်မီအနီ မဟုတ်ဘူး၊ အာပလာအနီမဟုတ်ဘူး၊ အနီရောင် သမ်းရုံးမျှ မဟုတ်ဘူး၊ နီတာမှ ရဲလို့။ မယိမ်းမယိုင် နီတာမျိုး။ ရင်ဘက်ထဲမှာမက ခန္ဓာကိုယ်အရေပြားပေါ်မှာ ဆေးမင်ကြောင်ထိုးပြီးကို နီရဲနေတာမျိုး။
တော်ရုံ အာနီ၊ ခါတော်မီ အနီလောက်ကတော့ အဖြူရောင် ဆိုင်ရှင် အန်တီက အသာပဲ၊ လိမ်လို့ မရဘူး၊ ဖြီးလို့ မရဘူး၊ ရွှီးလို့မရဘူး၊ လက်ကလေး နောက်ပစ်ပြီး ဆိုင်ရှေ့လမ်းလျှောက် နိုင်ငံရေးတရားဟောပစ်လိုက်လို့ ရတယ်။ ပြီးရင် လင်းလင်းရဲ့ ရောင်နီ သီချင်းဖွင့်ပြလိမ့်မယ်၊ ခင်မောင်တိုးရဲ့ ခွန်အားဖြည့်မိငယ်လည်း ကြားရမယ်။
သူ့ဆိုင်မှာ မကြားရတာက ဘွိုင်းကောက်ခံထားရတဲ့ အဆိုတော်တွေရဲ့ သီချင်း၊ ဘယ်လောက်နာမည်ကြီးကြီး ဘွိုင်းကောက် အဆိုတော်ဆိုရင် လစ်ပဲဆိုတာမျိုး။
အဖြူရောင် လက်ဖက်ရည်ဆိုင်လေးဟာ မနက်စောစောဆိုရင် လူရှင်းတိတ်ဆိတ်တယ်၊ မနက် ၈ နာရီခွဲကနေ ၁၀ နာရီကျော် အထိက လူစည်တယ်။ ၁၁ ကျော်ဆိုရင် ဆိုင်ပိတ်ပြီ။ ညနေခင် ၅ နာရီလောက်ဆို ပြန်ဖွင့်တယ်၊ ညခင်း ၈ နာရီအထိ ဖွင့်တတ်တယ်။
အဖြူရောင်မှာ ကိုယ့်အတွက် အကြိုက်ဆုံးအချိန်က မနက်စောစောနဲ့ ညခင်း။ မနက်စောစောမှာ လက်ဖက်ရည်လေး တစ်ခွက်နဲ့ သတိရခြင်းတွေ၊ အတွေးနယ်ချဲ့ခြင်းတွေကို တိတ်တိတ်ဆိတ်ဆိတ်လေး အာရုံပြုပြီး ဇိမ်ခံဖြစ်တယ်။ တခါတရံ လေတဖြူးဖြူးနဲ့ ညခင်းပိုင်းမှာ စိတ်အေးလက်အေးနဲ့ ထိုင်ရတာကလည်း အရသာတစ်မျိုး။
မနက်ခင်းပိုင်းမှာ လက် မအား၊ စိတ် မအားတဲ့ ဆိုင်ရှင်ဦးလေးဟာ ညခင်းပိုင်းဆိုရင် အေးရာအေးကြောင်းနဲ့ မနက်ဖြန် အတွက် ပြင်ဆင်နေတတ်တယ်။ အဲဒီအချိန်လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ရင် စကားစမြည်ပြောဖြစ်တယ်။ လက်ဖက်ရည် ဖျော်နည်း၊ အီကြာကွေ ကြော်နည်းကစလို့ သူ့ရဲ့လက်ဖက်ရည်ဆိုင်ဋီကာကို ဖွင့်ဆိုတတ်တယ်။ ပြီးတော့ သူ့မြို့အကြောင်း။ မြို့ရဲ့သာယာလှပပုံ၊ မြို့ရဲ့စည်ကာပုံအကြောင်းတွေကို အတိတ်ဆောင်တတ်တယ်။
တိုက်တိုက်ဆိုင်ဆိုင် သူ့ရဲ့မြို့လေးဟာ ကိုယ်တွေ သင်္ဘောကြီးစီးပြီးဖြတ်သွားတဲ့အခါ လှမ်းမြင်ရတဲ့မြို့၊ ငယ်ငယ်က အဲဒီမြို့နားက သင်္ဘောစီးပြီး ဖြတ်သွားရရင် ဒီမြို့လေးရဲ့ ကြက်လျှာစွန်းနေရာလေးမှာ ထိုင်နေချင်တဲ့စိတ်ဖြစ်ခဲ့ဖူးတယ်။ အဲဒီအကြောင်း ဆိုင်ရှင်ဦးလေးကို ပြောပြဖြစ်တယ်၊ ပြီးတော့ အချိန်တန်လို့ ပြန်ခွင့်ရရင် အဲဒီမှာသွားထိုင်ချင်တဲ့အကြောင်း ပြောပြဖြစ်တယ်။
ဦးလေးဟာ ခေတ္တအသံတိတ်သွားတယ်။ ပြီးမှ “ပြန်ဖို့ကတော့ မလွယ်သေးပါဘူး” လို့ ဆိုရှာတယ်။ ဒါက အားလုံးသိနေတဲ့ အသိ၊ တစိမ်းနယ်ကို ရောက်လာကြသူတွေ ခံစားနေရတဲ့ဝေဒနာ။ အိမ်ပြန်ချင်တယ်ဆိုတာ အာသာပြေ တမ်းတရုံမျှသာပါ။ တကယ်တော့ ကျွန်တော်တို့အားလုံး အိမ်ရဲ့အဝေးမှာပဲ၊ အိမ်နဲ့ဝေးရာဆီကို ဦးတည်နေဆဲ။
အခုတော့ အဖြူရောင်နဲ့ ထပ်ဝေးရပြီ၊ အလွမ်း ဖြေစရာ၊ အလွမ်း ပြေစရာ နေရာတစ်ခု ပျောက်ဆုံးရပြန်ပြီ၊ အမှောင် မိုက်ဆုံးချိန်မှာ ဖျက်ကနဲ မြင်လိုက်ရတဲ့ အလင်းတခု ပျောက်ဆုံးသွားရသလိုမျိုး၊ အထီးကျန်နေ့တွေမှာ အဖော်ပြုစရာ အရာတစ်ခု ရုတ်တရက် ပျောက်ဆုံးသွားသလိုမျိုး။ အဖြူရောင် မရှိတော့ဘူးဆိုတဲ့အသိဟာ အရသာရှိတဲ့ လက်ဖက်ရည် တစ်ခွက်ရဲ့ နောက်ဆုံးလက်ကျန်တစ်ငုံစာကို မော့ချလိုက်ရသလို မချိုမြိန်နေဘူး။