စစ်ရာဇဝတ်မှုမြောက်တဲ့ ဓာတုဗုံးတွေကို ဆက်တိုက်အသုံးပြုနေတဲ့ စစ်ကောင်စီ

မဏ္ဍိုင် မေ ၂ ၊ ၂၀၂၅။

ပြီးခဲ့တဲ့နှစ်၊ ဧပြီလတုန်းက ကိုသီလဝတို့ ကျားဖြူစစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းတို့ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက ကော့ကရိတ်မြို့မှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားကြတယ်။
တိုက်ပွဲဖြစ်နေရင်း ကိုသီလဝတို့ဆီကို စစ်ကောင်စီက ဗုံးသီးတွေ အဆက်မပြတ် ကြဲချကြတယ်။ တချို့ဗုံးတွေက မြေပြင်ကို ကျတာနဲ့ ပေါက်ကွဲတယ်။ တချို့ဗုံးတွေကကျတော့ မပေါက်ကွဲဘဲ အငွေ့တွေ ထွက်လာတယ်။ ထွက်လာတဲ့ အငွေ့ တွေက အဝါရောင်တွေ မီးခိုးရောင်တွေ အစုံပဲ။

အဲဒီအငွေ့တွေကို ရှူမိတဲ့ ရဲဘော်တွေမှာ ချက်ချင်း ထိုးအန်တာတွေ၊ မူးမေ့တာတွေ ဖြစ်ကုန်ကြတယ်။

“အနံ့တွေ ရှူမိပြီးမှ ကျွန်တော်တို့တွေ ရဲဘော်တွေအကုန်လုံးက ပထမဆုံး ခံစားရတာကတော့ မူးဝေတာပေါ့။ ပထမဆုံးအိပ်ချင်တယ်။ မူးတယ် ။ ချမ်းမယ်။ အဓိကကတော့ အရမ်းအိပ်ချင်တာပဲ။ ကျွန်တော်တို့တွေ စစ်တိုက်ရင်းနဲ့ တောင် သေနတ်တွေလွတ်ကျပြီးတော့ အိပ်ချင်နေတဲ့အဆင့်တွေဖြစ်တယ်ဗျ” လို့ ကျားဖြူစစ်ကြောင်း (ယခု Justice Soldier PDF )တပ်ခွဲ(၆)ရဲ့ တပ်ရင်း မှူး ကိုသီလဝက ပြန်ပြောပြပါတယ်။

အဲဒီလိုတွေ ခံစားရပြီး ကိုသီလဝတို့ စစ်ကြောင်းဟာ ဒီဗုံးတွေဟာ ဘာဗုံးတွေ ဖြစ်တယ်ဆိုတာ ရိပ်စားမိ သွားကြပါပြီ။ ဒါကြောင့်ပဲ အလျင်အမြန် ဒီအငွေ့ဒဏ်တွေကို ကာကွယ်ဖို့နဲ့ အငွေ့ရှူမိတဲ့ရဲဘော်တွေကို ဆေးကုသပေးဖို့ ကယ်ထုတ်ဖို့ စီစဉ်ရပါတော့တယ်။

တချို့ရဲဘော်တွေဆို အငွေ့ဒဏ်ကာကွယ်ဖို့ တိုက်ပွဲဖြစ်နေတာကြောင့် လူမနေတာ ကြာနေပြီဖြစ်တဲ့ နေအိမ်တွေထဲက အိမ်သာထဲက ရေတွေကိုတောင် အသုံးပြုခဲ့ရတယ်။ ရဲဘော်တွေဟာ အိမ်သာထဲက ရေတွေကို အငမ်းမရ သောက်ရတဲ့အပြင် အဲဒီရေတွေနဲ့ပဲ အဝတ်တွေကိုရေဆွတ် မျက်နှာတွေကို ဖုံးအုပ်ထားလိုက်ကြတယ်။

ပြီးတော့ စစ်ကူခေါ်ကာ တိုက်ပွဲနေရာကနေ ကျားဖြူစစ်ကြောင်းက ပြန်ဆုတ်ခွာခဲ့ရပါတယ်။ အဲဒီနေ့က တိုက်ပွဲမှာ အဆိပ်ငွေ့ရှူမိတဲ့သူ ၅၀ ဝန်းကျင်လောက်ရှိပြီး အဲဒီအထဲမှာ သေဆုံးသူက ငါးဦးလောက် ရှိခဲ့တယ်လို့ ကိုသီလဝက ပြန်ပြော ပြပါတယ်။ ဓာတုဗုံးကြောင့် တိုက်ရိုက်သေဆုံးတာမဟုတ်ပေမယ့် ဓာတုအဆိပ်ငွေ့တွေ ရှူမိပြီး မလှုပ်ရှားနိုင်တဲ့ အခါမှာ လက်နက်ကြီးတွေ ကျလာပြီး ထိခိုက်သေဆုံးခဲ့ရတာပါ။

“ သူ့အနံ့က တော်တော်ဆိုးတယ်ဗျ။ အဲဒီအနံ့ကို ရှူရှိုက်မိသွားတာနဲ့ ချက်ချင်းအန်တာ။ ချက်ချင်းထိုးအန်တယ်။ ပြီးရင် လူက မူးဝေတယ်။ တချို့ဆို သတိလစ်တာတွေ ဘာတွေ ရှိတယ်။ ချက်ချင်းသတိလစ်သွားတာ” လို့ ကိုသီလဝက ပြောပြတယ်။

အဲဒီတိုက်ပွဲမှာ သူ မှတ်မိသလောက် အဆိပ်ငွေ့ဗုံး အလုံး ၃၀ လောက် ချခဲ့တယ်လို့ ကိုသီလဝက ပြန်ပြောပြတယ်။ သူကိုယ်တိုင်လည်း အဆိပ်ငွေ့တွေ ရှူမိခဲ့ပါတယ်။

“ကျွန်တော်ဆိုလို့ရှိရင်လည်း အဆိပ်ငွေ့ထိတဲ့အထဲမှာ ပါတယ်ပေါ့။ ချက်ချင်း ကျွန်တော် လုပ်လိုက်တာလေးကတော့ ကျွန်တော့်မှာ ရေဘူးလေးရှိတော့ ရေဘူးနဲ့ မျက်နှာကို ဖမ်းပြီး သစ်လိုက်တယ်။ ကျွန်တော်က မာဖလာ အမြဲတမ်း ဆောင်လေ့ရှိတော့ မာဖလာကို ရေဆွတ်လိုက်တယ်။ ရေဆွတ်ပြီးတော့ နှာခေါင်းမှာပဲ ကပ်ထားလိုက်တယ်ပေါ့” လို့ သူက ပြောပြပါတယ်။

ကိုသီလဝတို့ ရင်ဆိုင်ကြုံတွေ့ထိခိုက်ခဲ့ရတဲ့ အငွေ့တွေပါတဲ့ ဗုံးတွေဟာ နိုင်ငံတကာမှာလည်း တားမြစ်ထားပြီး မြန်မာအစိုးရကိုယ်တိုင် အသုံးမပြုပါဘူးဆိုပြီး လက်မှတ်ထိုးထားတဲ့ Chemical Weapon လို့ခေါ်တဲ့ ဓာတုဗုံး (အဆိပ် ငွေ့ဗုံး)ပဲ ဖြစ်ပါတယ်။

နိုင်ငံအနှံ့ စစ်ရေးအခြေမလှဖြစ်နေတဲ့ စစ်ကောင်စီဟာ နိုင်ငံတကာက ပိတ်ပင်ထားပြီး စစ်ရာဇဝတ်မှုမြောက်တဲ့ လူတွေ၊ တိရစ္ဆာန်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ဓာတုဗုံးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အရပ်သားတွေ အပေါ်မှာ အသုံးပြုနေတာပဲ ဖြစ်ပါတယ်။

NUG ရဲ့ လူ့အခွင့်အရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “ဓာတုဗေဒပစ္စည်းတွေကို စစ်ပွဲမှာ အသုံး ပြုခြင်းက နိုင်ငံတကာနဲ့ သက်ဆိုင်တဲ့ရာဇဝတ်မှုဖြစ်သလို နိုင်ငံတကာက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ နိုင်ငံတကာ စာချုပ်တွေကို ချိုးဖောက်ခြင်းဖြစ်ပါတယ်” လို့ ဒီဇင်ဘာ ၂၀ ရက်က ပြုလုပ်တဲ့ ‘ကရင်နီပြည်နယ်တွင် အကြမ်း ဖက် စစ်အုပ်စု၏ ဓာတုပစ္စည်းအသုံးပြုတိုက်ခိုက်မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ’မှာ ဆိုပါတယ်။

ဓာတုဗုံးဆိုတာ ဘာလဲ

ဓာတုဗုံး ဆိုတာဟာ လူနှင့်တိရစ္ဆာန်များကို သေစေနိုင်ခြင်း သို့မဟုတ် ထိခိုက်စေနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ပျက်စီး စေနိုင်ခြင်းတို့ကို ဖြစ်စေနိုင်သော ဓာတုသတ္တုများ (Toxic Chemicals) ပါဝင်တဲ့ ဗုံးလို့ ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ (Organization for the Prohibition of Chemical Weapons – OPCW) က အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

OPCW အဖွဲ့ဟာ ဓာတုလက်နက်များ ဖျက်သိမ်းရေး၊ ဓာတုလက်နက်ကာကွယ်ရေး သင်တန်းများပေးခြင်း၊ ဓာတု တိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးခြင်း၊ UN နှင့် ပူးပေါင်းကာ သံသယဖြစ်နိုင်သော ဓာတုတိုက်ခိုက်မှုများကို စစ်ဆေးပေးခြင်း၊ ဓာတုလက်နက် အသုံးပြုမှုကို တားဆီးခြင်း၊ ကျူးလွန်သူများကို နိုင်ငံတကာဥပဒေအရ အရေးယူရန် ကူညီခြင်းနဲ့ ဓာတု စက်မှုလုပ်ငန်းများကို စောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်နိုင်မယ့် နိုင်ငံတကာ သဘောတူညီချက် (Chemical Weapons Convention -CWC) ကို အကောင်အထည်ဖော်ရန် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှ ဓာတုလက်နက်များကို အပြီးတိုင် ဖျက်ဆီးရန် ရည်ရွယ်ထားတဲ့ နိုင်ငံတကာ သဘောတူညီချက် (CWC) ကို ၁၉၉၃ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တာပါ။ မြန်မာနိုင်ငံကလည်း အဆိုပါအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံက ၁၉၉၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ Chemical Weapons Convention (CWC) သဘောတူညီချက်ကို ပထမဆုံး လက်မှတ်ရေးထိုးခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာတော့ မြန်မာနိုင်ငံက တရားဝင် CWC အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် လက်ခံခြင်းခံခဲ့ ရပါတယ်။

ဓာတုလက်နက်များဆိုင်ရာ သဘောတူညီချက်ဆိုတာက ဓာတုလက်နက်တွေကို ထုတ်လုပ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်စေ ခြင်း၊ ကိုင်တွယ်ပိုင်ဆိုင်ခြင်း၊ သိုလှောင်ခြင်း၊ လွှဲပြောင်းခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်ထားတာပါ။ ကမ္ဘာပေါ်မှာ CWC အဖွဲ့ဝင်နိုင်ငံ ၁၉၀ ကျော်ရှိပြီး အဖွဲ့ဝင်နိုင်ငံတွေက ဓာတုလက်နက် စုဆောင်းမှုတွေနဲ့ ထုတ်လုပ်တဲ့စက်ရုံတွေကို ကြေညာရ မှာဖြစ်ပြီး ထို သိုလှောင်မှုတွေကိုလည်း ဖျက်ဆီးရမယ်လို့ (CWC) မှာ ဆိုထားပါတယ်။

ဒါ့အပြင် ယခင်ရှိပြီးသား ဓာတုလက်နက်များကိုပါ ဖျက်ဆီးရန် တာဝန်ယူရမှာဖြစ်ပြီး နိုင်ငံတကာ ကြည့်ရှု စစ်ဆေး မှုနှင့် စစ်ဆေးမှုစနစ်အောက်တွင် ရှိရမယ်လို့ ဆိုထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ အဆိုပါတားမြစ်ချက်တွေကို လိုက်နာဖို့အသာထား ဓာတုဗုံးတွေကို အသုံးပြုနေဆဲ ပါပဲ။

တော်လှန်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီဟာ မြေပြင်မှာ စစ်ရေးရှုံးနိမ့်နေတာကြောင့် ဓာတုလက်နက်တွေကို အသုံးပြုလာတာဖြစ်တယ်လို့ ယူဆကြပါတယ်။ ဓာတုလက်နက်အသုံးပြုလိုက်ပါက အဆိပ်ငွေ့ရှူမိပြီး မလှုပ်နိုင် မကိုင်နိုင် ဖြစ်သွားကြတဲ့ တော်လှန်ရေးရဲဘော်တွေကို အသာစီးယူကာ တိုက်ခိုက်ရေးဗုံးတွေနဲ့ ထပ်မံကြဲချကာ နှိမ်နှင်းနေတာပါ။

ဓာတ်ပုံ-ကျားဖြူစစ်ကြောင်း
၂၀၂၄ ဧပြီလတုန်းက ကျားဖြူစစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းတို့ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက ကော့ကရိတ်မြို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုတွင် စစကောင်စီ အသုံးပြုသောဓာတုဗုံးမျာကြောင့် ကျားဖြူစစ်ကြောင်းမှ ရဲဘော်များ သေဆုံး၊ထိခိုက်ဒဏ်ရာရခဲ့တဲ့ပုံ။

“ ကျွန်တော်တို့တွေအနေနဲ့က သုံးနှစ်သား လက်နက်ကိုင်နေတဲ့သူတွေက စစ်ရာဇဝတ်မှုတွေကို မချိုးဖောက်ဘဲနဲ့ စည်းကမ်းတွေကိုလိုက်နာနေတယ်။ သူတို့ကတော့ နှစ် ၇၀ ကျော် တည်ဆောက်ထားပါတဲ့ဆိုတဲ့ စစ်ကောင်စီအနေနဲ့ကတော့ စစ်ရာဇဝတ်မှုတွေ အကြိမ်ကြိမ် ချိုးဖောက်ပြီးတော့ ပြည်သူလူထုအပေါ်မှာ ညှဉ်းပန်းနှိပ်စက်နေတဲ့အပေါ်မှာ ကျွန်တော်တို့ အနေနဲ့ အဆင်မပြေဘူးပေါ့” လို့ ကိုသီလဝက ဆိုပါတယ်။

ဓာတုဗုံးအစ မီးလောင်ဗုံးကလား

စစ်ကောင်စီလေတပ်မှာ ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး CDM လုပ်ခဲ့တဲ့ ဗိုလ်ကြီးကိုနောင်ရိုးက စစ်ကောင်စီက ဓာတုလက်နက်တွေသုံးတယ်ဆိုတာကို ခိုင်ခိုင်မာမာ ပြောနိုင်ပြီး သူကိုယ်တိုင်လည်း တပ်ထဲ နေခဲ့စဉ်က စမ်းသပ်တာတွေကို ကိုယ်တိုင် လုပ်ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။

သူက CDM မလုပ်ခင် မိတ္ထီလာလေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး အဲဒီမှာ လေယာဉ်တွေကို လက်နက် တပ်ဆင်ပေးတာ၊ ဗုံးသီးတွေ ချိတ်ပေးတာနဲ့ သန့်ရှင်းရေးလုပ်ရတာ စတာတွေကို တာဝန်ယူခဲ့ရသူပါ။ အဲဒီနေရာမှာ ၂၀၁၈ ခုနှစ်လောက်ကတည်းက မီးလောင်ဗုံးတွေကို သူကိုယ်တိုင် လုပ်ခဲ့ရတယ်လို့ ပြောပြပါတယ်။

သူတို့စက်ရုံကို ခန့်မှန်းခြေ အလျား ၁၂ ပေ အနံ ၈ ပေ ရှိပြီး အမြင့်က ၆ လက်မလောက်ရှိတဲ့ ယမ်းတုံးတွေကို လာချပေးပါတယ်။ ပြီးတော့ ထိုယမ်းတုံးတွေကို အမှုန့်အဖြစ် ပြုလုပ်ပါတယ်။ ရလာတဲ့ ယမ်းမှုန့်တွေကိုတော့ အောက်တိန်း ဓာတ်ဆီတွေနဲ့ သံပီပါထဲမှာ ရောမွှေလိုက်ပါတယ်။

“တော်တော်လေးလည်း မွှေရတယ်။ လက်အံသေအောင်။ သူ့အနံ့က ပြင်းရှရှနဲ့ပေါ့နော်။ လက်တွေဘာတွေ ထိရင်လည်း ပေါက်နိုင်တယ်ပေါ့နော်။ နေ့တစ်ဝက်လောက်တော့ ကျိုရတယ်။ အောက်တိန်းက ဓာတ်ဆီထက် နည်းနည်း တော့ အချိုးအစား ပိုများတယ်။ သူက လေယာဉ်ဆီဘက် နည်းနည်းရောက်မယ်ထင်တယ်” လို့ ကိုနောင်ရိုးက ဆိုပါတယ်။

မွှေပြီးတာနဲ့ပေါင် ၅၀၀ ဗုံးအခွံတွေထဲ အဲဒီယမ်းနဲ့ အောက်တိန်းရောထားတဲ့ အရည်တွေ ထည့်ပါတယ်။ ပြီးတာနဲ့ ဗုံးကို ပိတ်၊ ဗုံးအသက်ဝင်အောင် ဖျူ့စ်တပ်လိုက်ပါတယ်။ ပြီးတာနဲ့ အဲဒီဗုံးတွေကို လေယာဉ်နဲ့တပ်ဆင်ပြီး တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေဆီ ကြဲချတော့တာပဲလို့ ကိုနောင်ရိုးက ဆိုပါတယ်။

သူတို့မှာ ဗုံးနဲ့ပတ်သက်ပြီး အရည်အသွေးစစ်ဆေးတာ၊ ထိခိုက်မှု ဘယ်လောက်ရှိနိုင်တာ၊ ဆိုးကျိုးသက်ရောက်မှု စတာတွေကို တွက်ချက်တာ တစ်ခုမှမရှိဘဲ ပျက်စီးနိုင်သမျှ ပျက်စီးရင် ပြီးပြီဆိုတဲ့သဘောတွေ လုပ်ကြတာလို့ သူက ဆိုပါ တယ်။

“သူက ဘာကို ရည်ရွယ်လဲဆို တိုင်းရင်းသားတော်လှန်ရေးတွေ နေတဲ့ နေရာအများစုကို ရည်ရွယ်တယ်ပေါ့နော်။ အာဏာ သိမ်းပြီးတော့လည်း အသုံးများတယ်” လို့ ကိုနောင်ရိုးက ဆိုတယ်။

စစ်ကောင်စီက ဆိုးကျိုးများပြီး ဖျက်အားပြင်းတဲ့ ဗုံးတွေ အသုံးပြုနေတာကို စစ်ကောင်စီလေတပ်မှာ ၂၃ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့တဲ့ CDM တပ်ကြပ်ကြီး ကိုနေဝင်းအောင်လည်း ကြုံခဲ့ဖူးပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ စကစနဲ့ AA တို့စစ်ပွဲမှာ စစ်ကောင်စီဟာ AA ကိုတိုက်ခိုက်ဖို့ မီးလောင်ဗုံးတွေ အသုံးပြုခဲ့တာကို ကြားသိခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်။ ရခိုင်ရိုးမမှာ တောထူထပ်တဲ့အခါ ရန်သူတွေကို မမြင်ရတဲ့အတွက် မီးလောင်ဗုံးတွေ ကြဲချခဲ့တာလို့ သူက ပြန်ပြောပြတယ်။

“တောထူထပ်တဲ့အတွက်ကြောင့်မို့ မီးလောင်ဗုံးတွေ သုံးတယ်။ သစ်ပင်တွေ တအားထူထပ်တဲ့အခါကျတော့ အောက်ကို တိုက်ခိုက်ဖို့ ကောင်းကောင်း မမြင်ရဘူးပေါ့နော်။ AA ရဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကောင်း ကောင်း မမြင်ရတဲ့အခါမှာ သူတို့ ခုနပြောသလို သစ်ရွက်တွေကြွေကျတဲ့အထိကို ဆေးမျိုးတွေပေါ့နော်။ အဲဒီလိုဗုံး မျိုးတွေ သုံးတယ်လို့ ကျွန်တော် ကြားသိခဲ့ရတာပေါ့နော်” လို့ ကိုနေဝင်းအောင်က ရှင်းပြပါတယ်။

ဒီလို ဆိုးကျိုးများစေတဲ့ ဗုံးတွေကို စစ်ကောင်စီဟာ ယခင်ကတည်းက အစဉ်အဆက် အသုံးပြုခဲ့သလိုပဲ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဓာတုအဆိပ်ငွေ့ဗုံးတွေကို ပေါ်ပေါ်တင်တင်အသုံးပြုလာခဲ့ပါတယ်။

ဓာတုဗုံးတွေကို အကြိမ်ကြိမ် အသုံးပြုနေတဲ့ စစ်ကောင်စီ

မဏ္ဍိုင်က စုဆောင်းထားတဲ့ အချက်အလက်တွေအရဆိုရင် ၂၀၂၁ နောက်ပိုင်းမှာ စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အရပ်သားပြည်သူတွေအပေါ် ဓာတုဗုံး အသုံးပြု တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ် ၁၀ ကြိမ်ဝန်းကျင် ရှိခဲ့ပါတယ်။ ကရင်နီ၊ စစ်ကိုင်း၊ ရှမ်း၊ ကရင်၊ ရခိုင်နဲ့ မန္တလေးအထိ ဓာတုဗုံးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အရပ်သားပြည်သူတွေအပေါ် အသုံးပြုခဲ့ ပါတယ်။

ဒီနှစ်အစမှာတင် ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာပါတဲ့ ဆီဆိုင်မြို့နယ်အရှေ့ ဘက်မှာ စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့တိုက်ပွဲမှာလည်း ဓာတုဗုံးတွေကို ကြဲချခဲ့တယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

ဓာတ်ပုံ-PNLA
ယခုနှစ် ဇန်နဝါရီ ၂၅ က စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့က အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) ကို ပစ်ခတ်တိုက်ခိုက်စဉ် သက်သေခံအဖြစ်သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ကြီးကျည်ဆန်ခွံ။

အဲဒီနေ့က စစ်ကောင်စီနဲ့ သူ့လက်အောက်ခံ PNO ပြည်သူ့စစ်တွေက အတင်းထိုးစစ်ဆင်လာတာဖြစ်ပြီး ဒရုန်းတွေ၊ လက်နက်ကြီးတွေတင်မက အဆိပ်ဗုံးတွေနဲ့ပါ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ခွန်ရိန်းယံက ပြောပါတယ်။

“ သူတို့အဆိပ်ဗုံးတွေ သုံးနေတာတော့ ကျွန်တော်တို့သိတယ်။ အဆိပ်ကျည်တွေသုံးနေတာလည်း ကျွန်တော်တို့သိတယ်။ ဒီဓာတုလက်နက်တွေ သုံးနေတာသိတယ်။ ဒါပေမဲ့ အဲဒီကျည်ကို မရခဲ့ဘူးပေါ့။ ကြားဖူးတယ်။ ဒီတစ်ခေါက်ကတော့ မကွဲတဲ့ အလုံးကို ကျွန်တော်တို့ တူးဖော်ရရှိခဲ့တာဖြစ်ပါတယ်။ ကျည်ရဲ့အပေါ်မှာကို ရေးထားတာ အဆိပ်လို့ ထင်ထင်ရှားရှား ရေး ထားတာ ဖြစ်ပါတယ်” လို့ ခွန်ရိန်းယံက ဆိုပါတယ် ။

အဆိပ်အမျိုးအစားတွေကတော့ သူတို့အနေနဲ့ ခွဲခြားစစ်ဆေးဖို့ ခက်ခဲတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီနေ့တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ PNLA တပ်ခွဲမှူး ခွန်ကောင်နီဆိုရင်လည်း အဆိပ်ငွေ့တွေကို ရှူမိခဲ့ပါတယ်။

ဓာတ်ပုံ-PNLA
ယခုနှစ် ဇန်နဝါရီ ၂၅ က စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့က အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) ကို ပစ်ခတ်တိုက်ခိုက်စဉ် သက်သေခံအဖြစ်သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ကြီးကျည်ဆန်ခွံ။

“အဲဒီအနံ့ကို ကျွန်တော်တို့ရှူမိတယ် ။ ရှူမိတဲ့အခါမှာ ခဏခဏအန်တယ်။ ရှူမိပြီး မဟုတ်ဘူး။ နောက်နှစ်ရက် သုံးရက် အထိ အန်တယ်။ နောက်ပြီး အားတွေ ပြတ်တယ်။ အာရုံကြောတွေ အားမရှိတော့ဘူးပေါ့ဗျာ။ အားတွေပြတ်တဲ့ ပုံစံမျိုးတွေ ဖြစ်တယ်။ ကျွန်တော်ဆိုရင် အဲဒီဟာတွေ ရှူမိတာတွေ များလို့ အန်တယ်။ အားတွေ မရှိဆိုတော့ ပြန်နားရတယ်။ နောက်တန်းကို ပြန်ပြီးတော့ တစ်ပတ်နှစ်ပတ် ပြန်နားရတယ်။ ပြီးတော့ ကုသမှုခံယူပြီးတော့ အဲဒါပြီးမှ ရှေ့တန်း ပြန်သွား ရတယ်ပေါ့နော်” လို့ သူ ခံစားခဲ့ရတာကို ပြန်ပြောပြပါတယ်။

အဆိပ်ငွေ့ထိမိတဲ့ ရဲဘော်တွေကိုလည်း နှစ်ပတ်လောက် ကုသရပြီး အာရုံကြောအားကောင်းစေတဲ့ဆေးတွေ ၊ အားဆေးတွေ သောက်ရသလို လေကောင်းလေသန့် ပြန်ရှူတာ စတဲ့ ကုသနည်းတွေနဲ့ပြန်လည် ကုသရတယ်လို့ သူက ဆိုပါတယ်။

အဆိပ်ရဲ့နောက်ဆက်တွဲအနေနဲ့လည်း “တအားကြီး အပင်ပန်းမခံနိုင်တော့တာမျိုးတွေ ဖြစ်တယ်ပေါ့နော်။ အပင် ပန်း မခံနိုင်ကြတော့ဘူး။ အဆိပ်ငွေ့မရှူခင်ကလို အားပြည့်အင်ပြည့် တောင့်တောင့်တင်းတင်း ပြန်မဖြစ်တော့ဘူး ပေါ့ နော်။ PT (လေ့ကျင့်ခန်း) ပြေးတယ်ဆိုလည်း သူများနဲ့ ယှဉ်မပြေးနိုင်တာတွေဖြစ်တယ်။ အဆိပ်က အာရုံကြောကို ဖျက်ဆီးတဲ့ပုံလို ဖြစ်နေတာပေါ့” လို့ ခွန်ကောင်နီက ရှင်းပြပါတယ်။

ဓာတ်ပုံ-PNLA
ယခုနှစ် ဇန်နဝါရီ ၂၅ က စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့က အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) ကို ပစ်ခတ်တိုက်ခိုက်စဉ် သက်သေခံအဖြစ်သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ကြီးကျည်ဆန်ခွံ။

PNLA ကို ဓာတုဗုံး သုံးတိုက်ခိုက်ခဲ့သလိုပဲ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ပထမပတ်တုန်းက ကရင်နီပြည် (ကယားပြည်နယ်) နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာလည်း ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDF) ကို တိုက်ခိုက်ရာမှာ အဆိပ်ငွေ့တွေကို အသုံးပြုခဲ့ပါတယ်။ စစ်ကောင်စီက စိုက်ပျိုးရေးမှာ အသုံးပြုကြတဲ့ S-PHOS 560 (အက်ဖော့ ၅၆၀) တံဆိပ် ပိုးသတ်ဆေးတွေကိုပါ အသုံးပြုခဲ့တာပါ။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ အမှတ် (၁) ဗျူဟာမှူး (မြေပြင်စစ်ဆင်ရေးတာဝန်ခံ) ခွန်းထက်စိုးက စစ်ကောင်စီဟာ ကရင်နီပြည်မှာ ယခင်ကလည်း ဓာတုဗုံးအသုံးပြုခဲ့တာတွေကြောင့် ထိခိုက်ခံစား ခဲ့ရတာတွေရှိပြီး အဲဒီအချိန်တွေကတော့ မှတ်တမ်းတွေယူဖို့ အားနည်းခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက်က ပြုလုပ်တဲ့ ‘ကရင်နီ ပြည်နယ်တွင် အကြမ်းဖက် စစ်အုပ်စု၏ ဓာတုပစ္စည်းအသုံးပြုတိုက်ခိုက်မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ’ မှာ ရှင်းပြပါတယ်။

ဓာတ်ပုံ-KNDF
၂၀၂၄ ဒီဇင်ဘာပထမပတ်တုန်းက ကရင်နီပြည် (ကယားပြည်နယ်) နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် စစ်ကောင်စီက ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ကို တိုက်ခိုက်ရာတွင် စိုက်ပျိုရေးမှာ အသုံးပြုကြတဲ့ S-PHOS 560 (အက်‌ဖော့ ၅၆၀) တံဆိပ် ပိုးသတဆေးတွေကိုပါ အသုံးပြုခဲ့။

အခုတစ်ခေါက်မှာတော့ စစ်ကောင်စီအသုံးပြုခဲ့တဲ့ အဆိပ်ဆေးဘူးခွံတွေကို သက်သေအဖြစ် ရရှိခဲ့တာပါ။ ပထမနေ့ မှာတော့ သူတို့ဆီ ကြဲချလိုက်တာ အဆိပ်ငွေ့တွေမှန်း မသိခဲ့ပါဘူး။ ဒါပေမဲ့ အဆိပ်ငွေ့ကို ရှူမိတဲ့ရဲဘော်တွေဟာ မူမမှန် တဲ့ရောဂါ လက္ခဏာတွေပြလာတဲ့အခါ သံသယဖြစ်လာပြီး နောက်တစ်နေ့မှာတော့ တိုက်ပွဲဖြစ်တဲ့နေရာကို ရှင်းလင်း ရှာ ဖွေတဲ့အခါမှ အဆိုပါ သက်သေပစ္စည်းတွေကို တွေ့ခဲ့ရတာလို့ မြေပြင်စစ်ဆင်ရေးတာဝန်ခံ ခွန်းထက်စိုးက ရှင်းပြပါတယ်။

အဆိုပါ သတင်းစာရှင်းလင်းပွဲမှာပဲ အဆိပ်ငွေ့တွေကို ရှူရှိုက်မိတဲ့ ရဲဘော်တွေကလည်း အငွေ့တွေရှူမိတဲ့အချိန် အော့အန်တာ၊ ညောင်းညာတာ၊ အိပ်ချင်တာနဲ့ အားပြတ်တာတွေကို ခံစားခဲ့ရတယ်လို့ ပြောပြကြပါတယ်။

စစ်ကောင်စီက ဘာလို့ ဓာတုဗုံးတွေ သုံးတာလဲ

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စတင်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ လေးနှစ်ကျော်လာချိန်မှာတော့ စစ်ကောင်စီဟာ နိုင်ငံရဲ့နေရာတော်တော်များများကို လက်လွှတ်ခဲ့ရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန MOD က ဇန်နဝါရီ ၄ ရက်က ထုတ်ပြန်တဲ့ ‘၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေအစီရင်ခံစာ’ မှာ မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်စုစုပေါင်းရဲ့ ၄၄ ရာခိုင်နူန်းကို ပြည် သူ့ ကာကွယ်ရေးတပ်မတော် (PDF) များက စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ နယ်မြေစိုးမိုးမှုမှာလည်း သုံးပုံတစ်ပုံပင် မရှိတော့ဘဲ လက်ရှိတွင် စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့ မြို့နယ်မှာ ၁၀၇ မြို့နယ်သာ ကျန်ရှိတော့တယ်လို့လည်း အစီရင်ခံစာက ဆိုတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ဆိုရင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့နှင့် PDF စိုးမိုးအုပ်ချုပ်နေတဲ့ မြို့နယ် ၁၄၄ မြို့နယ် ရှိပြီး ယင်းအနက် ၄၈ မြို့နယ်(မြို့အားဖြင့် ၉၅ မြို့)ကို အပြီးသတ်သိမ်းပိုက်ထားနိုင်ကာ ကျန်တဲ့ ၇၉ မြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွား နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သမ္မတ နိုင်ငံတစ်ခုချင်းစီ၏ စစ်ဆင်ရေးနှင့် အစိုးရအုပ်ချုပ်မှုများ၊ တော်လှန်ရေးအဖွဲ့များ၊ လူ့အခွင့်အရေးပြုမှု များနှင့် အစိုးရများ၏ အခြေအနေများကို စုဆောင်း၊ စစ်တမ်းပြုလုပ်တဲ့ ACLED (Armed Conflict Location & Event Data Project) ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုမှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ဗမာအများစုနေထိုင်ရာဒေသများအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးရှိ မြို့နယ်ပေါင်း ၃၃၀ အနက် အနည်းဆုံး ၃၂၁ မြို့နယ်အထိ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့်ပဲ စစ်ကောင်စီဟာ တပ်သားပြုန်းတီးမှုနဲ့ နယ်မြေတွေ လက်လွှတ်ရတာတွေကြောင့် တပ်သားသစ်တွေကို ထပ်မံ မွေးထုတ်ဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခဲ့ကာ နိုင်ငံအနှံ့က လူငယ်တွေကို စစ်မှုထမ်းအတွက် စုစောင်း စာရင်းကောက်တာတွေ ၊ ဖမ်းဆီးတာတွေကို တောက်လျှောက် လုပ်ဆောင်နေတာပါ။

ဒီလို စစ်ရေးအခြေမလှဖြစ်နေတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရာမှာ အသာစီး ရယူနိုင်ဖို့ နိုင်ငံတကာက ပိတ်ပင်တားမြစ်ထားတဲ့ ဓာတုဗုံးတွေကို ဆက်တိုက်အသုံးပြုလာနေတာ ဖြစ်တယ်လို့ စစ်ကောင်စီ တပ်မှာ တပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ မတ်လမှာ CDM လုပ်ခဲ့တဲ့ ဗိုလ်ကြီးနေဦးက ဆိုပါတယ်။

“သူက ဘယ်လိုနေရာမျိုးမှာ ထုတ်သုံးလဲဆိုရင် တိုက်ရခက်တဲ့စစ်ပွဲတွေပေါ့ဗျာ။ ပြီးရင် နယ်မြေသိမ်းစစ်ပွဲ တွေပေါ့။ အဓိကကတော့ ဒီဗုံးတစ်လုံးနဲ့ လူအစုလိုက်အပြုံလိုက် သေစေချင်တဲ့ စစ်ပွဲမျိုးတွေမှာ ဒီလိုဗုံးမျိုး စစ်အနေအထား မျိုးတွေမှာ ထုတ်သုံးတယ်” လို့ သူက ဆိုပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဆီကို အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးဖြစ်တဲ့ ကိုဝေယံထွန်းကလည်း စစ်ကောင်စီဟာ မိုးဗြဲဒေသကို ကြဲချတဲ့ အဆိပ်ငွေ့ဗုံးတပ်ဆင်ထားတဲ့ ဒရုန်းတွေကို တွေ့ခဲ့ရပြီး အဆိပ်ငွေ့ဗုံးကြဲမယ် ဆိုတာကိုလည်း တပ်ထဲမှာ ပြောနေတာကို ကြားသိခဲ့ရတယ်လို့ ဒီဇင်ဘာ ၂၀ ရက်က ပြုလုပ်တဲ့ ‘ကရင်နီ ပြည်နယ်တွင် အကြမ်းဖက်စစ်အုပ်စု၏ ဓာတုပစ္စည်းအသုံးပြုတိုက်ခိုက်မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ’မှာ ပြောပါတယ်။

အဆိပ်ငွေ့တွေကို စစ်ကောင်စီက ကြဲချရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေသာမက သူတို့ စစ်ကောင်စီတပ်သားတွေပါ လေကြောင်းသင့်ပြီး ရောက်လာတဲ့ အဆိပ်ငွေ့တွေကို ရှူရှိုက်မိပြီး နေမကောင်းဖြစ်တာတွေ တွေ့ခဲ့တယ်လို့ ရှင်းပြပါတယ်။

ဓာတုဗုံးတွေကို စစ်ကောင်စီဘယ်ကရသလဲ

ဒီလို ဓာတုဗုံးတွေကို စစ်ကောင်စီဟာ ပြည်တွင်းမှာ ထုတ်လုပ်တာထက် ဝယ်ယူပြီး အသုံးပြုတာများတယ်လို့ CDM လုပ် ထားတဲ့ ကိုနေဦးတို့က ရှင်းပြပါတယ်။

စစ်ကောင်စီက လက်နက်ခဲယမ်းတွေကို အဓိကတင်သွင်းတဲ့ လမ်းကြောင်းတွေက ယူကရိန်း၊ တရုတ်၊ ရှရှားတို့ ဖြစ်ပြီး မြောက်ကိုးရီးယားနဲ့လည်း စစ်ကောင်စီက နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

“လက်နက်ခဲယမ်း တင်သွင်းတာက ယူကရိန်း၊ မြောက်ကိုရီးယား၊ ရုရှား အဓိကကတော့ ဆိုဗီယက်အကွဲအပြဲတွေ ဆီကနေ ရုရှားပေါ့။ ရုရှားနဲ့ သူ့ရဲ့ဩဇာခံတွေဆီကနေ အဓိက ဝယ်တာများတယ်။ မြောက်ကိုရီးယားက ကမ္ဘာကနေ ပိတ်ပင်ထားလို့ သိပ် မဆက်ဆံဘူး။ ခိုးပြီး ဆက်ဆံတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားက ပစ္စည်းတွေလည် ရောက်တယ်။” လို့ ကိုနေဦးက ဆိုပါတယ်။

ရန်ကုန်မှာလည်း မြောက်ကိုရီးယား စားသောက်ဆိုင်တစ်ခုရှိပြီး သူတို့နဲ့ လျှို့ဝှက်ဆက်သွယ်မှုတွေရှိနိုင်ကာ တခြား ဓာတုဗေဒနဲ့ သက်ဆိုင်တဲ့ ခဲယမ်းတွေ အရောင်းအဝယ် လုပ်သလားဆိုတာကို သံသယဖြစ်ဖွယ်ရှိတယ်လို့ သူက ဆက်ပြော ပြပါတယ်။

ဓာတုဗုံးကို စစ်ကောင်စီက ဘယ်နေရာတွေမှာ ထုတ်တယ်ဆိုတာကိုတော့ သူတို့ မသိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တပ်ထဲမှာ နေခဲ့ရတဲ့ အတွေ့အကြုံတွေအရ အဲဒီလိုဗုံးတွေကို တစ်နေရာတည်းမှာ ထုတ်တာထက် နိုင်ငံအနှံ့က လက်နက် စက်ရုံတွေမှာ အစိတ်အပိုင်း တစ်ခုစီထုတ်ပြီး ပြန်လည်ပေါင်းစည်းတပ်ဆင်တာဖြစ်နိုင်တယ်လို့ ကိုနေဦးက သူ့အမြင်ကို ပြောပြတယ်။

“ ကျွန်တော်သိသလောက်ပေါ့နော်။ စက်ရုံတစ်ခုမှာ အစိတ်အပိုင်း တစ်မျိုးစီထုတ်တယ်။ ပြီးတော့မှ နောက် စက်ရုံ တစ်ခုမှာ အားလုံးကို ပေါင်းပြီးဆင်တဲ့သဘောရှိတယ်။ အဲဒီတော့ ဘယ်သူတွေဘာထုတ်တယ်။ ဘာတပ်တယ်။ ဘယ်နေရာ မှာ အသုံးချတယ် မသိကြတာများတယ်” လို့ ဆိုပါတယ်။

ကိုနောင်ရိုးကလည်း စစ်ကောင်စီဟာ ဓာတုဗုံးသာမက ဖျက်အားပြင်းဗုံးတွေကိုလည်း တရုတ်၊ ရုရှားနိုင်ငံက ပညာရှင်တွေ အကူအညီနဲ့ စဉ်ဆက်မပြတ် စမ်းသပ်နေတာတွေက ၂၀၂၁ မတိုင်ခင်ကပဲလို့ ဆိုပါတယ်။ သူကိုယ်တိုင် ဗုံးတွေ သိုလှောင်တဲ့ ၊ စမ်းသပ်တဲ့နေရာတွေကို ရောက်ဖူးပြီး မျက်မြင်တွေ့ခဲ့ရတာပါ။

ဒီလိုဓာတုဗုံးတွေကို အသုံးပြုတာကို အဓိကတာဝန်ခံရမယ့် တာဝန်ရှိသူတွေကတော့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစ လေတပ်အကြီးအကဲတွေ၊ အရာရှိတွေ၊ လေယာဉ်မောင်းသူတွေနဲ့ တပ်ဆင်ပေးတဲ့ အောက်ခြေတပ်သားတွေအထိ တာဝန်ရှိတယ်လို့ ကိုနောင်ရိုးက ဆိုပါတယ်။

ဓာတုဗုံး ဆိုးကျိုး

ဓာတုဗုံးတွေဟာ လူတွေတင်သာမက သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးစေနိုင်ပြီး ဓာတုဗုံးကျခဲ့တဲ့ နေရာတွေ မှာလည်း အဆိပ်အကြွင်းအကျန်တွေကြောင့် လူနဲ့တိရစ္ဆာန်တွေပါ ထိခိုက်မှုတွေရှိလာနိုင်တယ်လို့ ကိုနောင်ရိုးက ဆက်ပြော ပါတယ်။

“ ပြောရရင် ဓာတုဗုံးသုံးလိုက်တယ်ဆို သူ့တပ် ကိုယ့်တပ် မကြည့်တော့ဘူး။ ဟိုလူသားချင်းစာနာစိတ်ကို မဲ့သွားစေတယ်။ နောက်တစ်ခုက ဓာတုဗုံးသုံးထားတဲ့နေရာတွေက တိုက်ပွဲပြီးသွားရင် ဒေသခံတွေ ပြန်လာနေတာရှိတယ်။ ဓာတုဗုံး မသုံးရခြင်းရဲ့ အကြောင်းရင်းပေါ့နော်။ အဲဒီနေရာမှာစွဲမြဲပြီး ကျန်ခဲ့တယ်(ဓာတ်ကြွင်းတွေက)။ ဥပမာ- ကိုယ်ဝန် ဆောင်မိခင်တွေဆို ကလေးတွေ ပျက်ကျတာမျိုး အများကြီး သက်ရောက်မှုတွေ အများကြီးရှိတယ်” လို့ ကိုနောင်ရိုးက ဆိုပါ တယ်။

ဓာတ်ပုံ-KNDF
၂၀၂၄ ဒီဇင်ဘာပထမပတ်တုန်းက ကရင်နီပြည် (ကယားပြည်နယ်) နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် စစ်ကောင်စီက ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ကို တိုက်ခိုက်ရာတွင် စိုက်ပျိုရေးမှာ အသုံးပြုကြတဲ့ S-PHOS 560 (အက်‌ဖော့ ၅၆၀) တံဆိပ် ပိုးသတဆေးတွေကိုပါ အသုံးပြုခဲ့။

လတ်တလောမှာလည်း ဓာတုဗုံးထိခဲ့တဲ့ ရဲဘော်တွေမှာ နောက်ဆက်တွဲ ဝေဒနာတွေကို ဆက်လက်ခံစားနေ ရတုန်းပါပဲ။ ပြီးခဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတုန်းကဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ စစ်ကောင်စီနဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဖြစ်တဲ့တိုက်ပွဲမှာလည်း စစ်ကောင်စီက ဓာတုဗုံးအသုံးပြုခဲ့ပြီး အဆိပ် ငွေ့ ရှူမိတဲ့ ရဲဘော်တွေမှာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ခံစားနေရတယ်လို့ TNLA ရဲ့ ပြောရေးဆို ခွင့်ရှိသူ လွေးယေဦးက ပြောပြ ပါတယ်။

“အဆိပ်ငွေ့ထိပြီးတဲ့နောက်ပိုင်းမှာ သူတို့ဆေးရုံမှာ တစ်ပတ်လောက် ဆေးကုသမှုခံယူရတယ်။ တစ်ပတ်ကျော် နောက်ပိုင်း မှာတော့ တချို့ကတော့ သက်သာသွားတယ်။ တချို့ကတော့ လက်ရှိမှာ အဲဒီဝေဒနာခံစားနေရဆဲပဲ ပေါ့နော်။ အသက်ရှူ မမှန်တာတို့ အသက်ရှူကျပ်တာတို့အထိ ကျွန်မတို့ တွေ့နေရပါတယ်” လို့ လွေးယေဦးက ပြောပြပါတယ်။

ဒီလိုအဆိပ်ငွေ့ကြုံရတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ယခင်ကလည်း စစ်ကောင်စီက ကြဲချခဲ့ဖူးတယ်လို့ သူက ဆိုပါတယ်။

“လက်ရှိမှာတော့ ကျွန်မတို့ သုံးကြိမ် ကြုံပြီးပြီပေါ့နော်။ အားလုံးဆိုရင် ခြောက်လုံးအထက် ရှိပါတယ်။ လက်ရှိ မြင်နေရတာက စစ်ကောင်စီသည် သူ့ရဲ့တပ်စခန်းတွေမှာ အရင်ဦးဆုံးတော့ သူတို့ခုခံမယ်။ တကယ်လို့ ခုခံမရတော့ဘူး ဆိုရင်တော့ သူတို့က အဆိပ်ငွေ့တွေသုံးပြီး တိုက်ခိုက်တာကို မကြာခဏ လုပ်လေ့ရှိတာကို တွေ့ရတယ်။ အဲဒါကြောင့် ကျွန်မတို့ကလည်း ဒီစခန်းတွေကို သိမ်းတော့မယ်ဆိုရင် အထူးသဖြင့် အဆိပ်ငွေ့တွေကို ကာကွယ်နိုင်မယ့် အကာအကွယ်မျိုး တွေကို အမြဲတမ်း ဆောင်ရွက်ထားရတယ်” လို့ သူက ရှင်းပြတယ်။

ကျားဖြူစစ်ကြောင်း (ယခု Justice Soldier PDF )မှာဆိုရင်လည်း ဓာတုဗုံးတွေကြဲချတိုက်ခိုက်တာကြောင့် ရဲဘော်တွေ အသက်ဆုံးရှုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့ ရပါတယ်။

ကျားဖြူစစ်ကြောင်းမှာ ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဓာတုဗုံးကျတဲ့နေ့က လူနာတွေကို ကုသပေးခဲ့တဲ့ ဆေးမှူး ကို Light ဆိုရင် သူ ကုသနေရင်း ရဲဘော်နှစ်ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့က အဆိပ်ငွေ့ထိတဲ့သူဆို ခန့်မှန်းခြေ ၅၀ ဝန်းကျင်လောက်ရှိပြီး အဲဒီအထဲမှာ အခြေအနေဆိုးတဲ့ သူတွေက ၁၈ ယောက်လောက်ပါတယ်လို့ ကို Light က ဆိုပါတယ်။

“သူတို့အဲဒီအငွေ့ရှူပြီးသွားရင် အသက်ရှူကျပ်လာတယ်။ သတိတွေ ဘာတွေ လစ်တယ်။ အကြောတွေ ဘာတွေ ကပ်တယ်။ သတိလစ်တယ်ဆိုတော့ မနည်းနှိုးရတယ်။ အဲဒီ symptom (ရောဂါလက္ခဏာ) တွေနဲ့ပဲ သူတို့က အနောက်ကို ပြန်ပြန်ရောက်လာတာ။ အာရုံကြောကိုပဲ အဓိက ဒုက္ခပေးတာ။ တစ်ခါတလေ ခေါ်လို့ရတော့တဲ့ အနေအထားမရှိတော့တာ။ မျက်လုံးကြောင်ပြီးတော့မှ ခေါ်လို့ မရတော့တဲ့ အနေအထားတွေမှာ ရှိတယ်။ အဲဒီအခါကျရင် ကျွန်တော်တို့က ရိုက် ရိုက် နှိုးရတယ်” လို့ အဲဒီနေ့က သူဆေးကုခဲ့ရတဲ့ အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

ဓာတုဗုံးဟာ ကျန်းမာရေးကောင်းတဲ့သူတွေတောင် အဆိပ်ငွေ့ထိပြီးသွားရင် ပုံမှန်လူလို ပြန်ဖြစ်ဖို့ အချိန်အတန်ကြာ ကုသမှု ခံယူရပါတယ်။ ရောဂါအခံရှိသူတွေမှာဆိုရင်တော့ အဆိပ်ငွေ့ကြောင့် ပိုပြီး ကျန်းမာရေးဆိုးဝါးလာတာကို တွေ့ရ တယ်လို့လည်း ကို Light က ဆိုပါတယ်။

“နဂိုကတည်းက လေငန်းပေါ့။ လေဖြတ်တတ်တဲ့ ရဲဘော်တွေဆိုရင်လည်း သူက ပိုပြီးတော့ စိပ်လာတယ်။ တစ်နှစ်မှာ တစ်ခါလောက်ဖြစ်တဲ့သူက တစ်နှစ်မှာ နှစ်ခါ သုံးခါလောက် ပြန်ဖြစ်လာတယ်။ ပြီးတော့ သတိမေ့တတ်လာတယ်။ ကိစ္စ သုံးခုလောက် ကျွန်တော်တို့က ပြောလိုက်ရင် တစ်ခုလောက်က အမြဲတမ်း မေ့တတ်တယ်။ အဲဒီလိုမျိုးတွေ တွေ့နေရ တယ်ပေါ့နော်” လို့ သူ ကဆိုတယ်။

ရှေ့တန်းမှာလည်း ဆေးဝါးနဲ့ ကုသမယ့် ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်ချက်ရှိပြီး တတ်နိုင်သမျှတော့ လူနာ တွေကို အစွမ်းကုန်ကုသပေးခဲ့ရတယ်လို့ သူက ပြောပါတယ်။ ဓာတုဗုံးသာ မကြဲချခဲ့ရင် ဒီလောက်ထိ ရဲဘော်တွေ ထိခိုက် မှာ မဟုတ်ဘူးလို့လည်း ကို Light က ဆက်ပြောတယ်။

ဓာတ်ပုံ-ကျားဖြူစစ်ကြောင်း
၂၀၂၄ ဧပြီလတုန်းက ကျားဖြူစစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းတို့ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက ကော့ကရိတ်မြို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုတွင် စစကောင်စီ အသုံးပြုသောဓာတုဗုံးမျာကြောင့် ကျားဖြူစစ်ကြောင်းမှ ရဲဘော်များ သေဆုံး၊ထိခိုက်ဒဏ်ရာရခဲ့တဲ့ပုံ။

“အဓိကက Chemical Weapons မပါဘဲနဲ့ တခြား Damage (ဗုံး) တွေဆိုရင် ကျွန်တော့်ရဲဘော်တွေက အဲဒီလောက် အခြေအနေအထိ ဆိုးဝါးမှာ မဟုတ်ဘူး။ တောင့်ခံနိုင်တဲ့အနေအထားမှာ ရှိတယ်။ ဒါပေမဲ့ chemical တွေကြောင့်ပဲ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက် အကျအဆုံးများသွားတပေါ့။” လို့ သူက ပြောပါတယ်။

ဒါကြောင့်နောက်တစ်ကြိမ် ဓာတုဗုံးတွေ အသုံးပြုလာရင် ကာကွယ်ဖို့ နည်းလမ်းတွေလည်း အစီအစဉ်ချသင့်ပြီး ဒီလို အစီအမံတွေ ပြုလုပ်နိုင်ဖို့လည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ ကို Light က ဆိုပါတယ်။

ဓာတုဗုံးကို ဘယ်လိုကာကွယ်နိုင်သလဲ

ဓာတုလက်နက်တားမြစ်ရေးအဖွဲ့ (Organization for the Prohibition of Chemical Weapons – OPCW) ကတော့ ဓာတုဗုံး (Chemical Weapons) တိုက်ခိုက်မှုမှ ကာကွယ်ရန် နည်းလမ်းတွေကို ဖော်ပြထားပါတယ်။

အဓိကအားဖြင့် ဓာတုအမှုန်များကို မရှူမိစေဖို့နဲ့ လူ့အရေပြားတွေကို မထိဖို့ သတိပေးပါတယ်။ ဓာတုဗုံး ကြဲချတာနဲ့ လေလွတ်ရာ ရှောင်နေခြင်း၊ အသက်ရှူလမ်းကြောင်းက မဝင်စေရန် N95 Mask များ တပ်ခြင်း၊ Mask မရှိပါက အဝတ်များကို ရေဆွတ်ကာ နှာခေါင်းတွင် ဖုံးထားခြင်း၊ မျက်လုံးထဲ မဝင်စေရန် မျက်မှန်တပ်ထားခြင်း၊ ဓာတုငွေ့ထိထားတဲ့ ပစ္စည်း၊ အဝတ် အစားများကို ရေနဲ့ ဆေးကြောခြင်းတို့ကို ပြုလုပ်ဖို့ လမ်းညွှန်ထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ကတော့ ဓာတုဗုံးကို ကာကွယ်နိုင်ဖို့ အစီအမံတွေ သေချာ မချမှတ်နိုင်သေးပါဘူး။ ကာကွယ်မယ့်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ ငွေကြေးအခက်အခဲက ရှိနေပါတယ်။ ဒါပေမဲ့လည်း တတ်နိုင်သလောက်တော့ ကာကွယ်ထားရမယ်လို့ ကျားဖြူစစ်ကြောင်း တပ်ခွဲ(၆)ရဲ့ တပ်ရင်းမှူး ကိုသီလဝက ပြောပါတယ်။

“တိုက်ပွဲတွေမှာ အဲဒီလိုမျိုးဖြစ်မယ်ဆိုလို့ရှိရင် Gas Mask တွေ ပေးသင့်တယ်ဆိုတာမျိုး အကြံပြုဆွေးနွေးတာ ရှိတယ်။ ရေဘူးအမြဲတမ်းဆောင်ကြဖို့ပေါ့နော်။ စစ်သားကတော့ ရေဘူးကတော့ဆောင်ပါတယ်။ ဒါပေမဲ့ အဲဒါမျိုး ဖြစ်လာပြီ ဆိုလို့ရှိရင် အောက်ဆီဂျင်မကျအောင် ဘယ်လိုမျိုးအရင်လုပ်မလဲ။ ကိုယ့်အနီးအနားမှာ ကျခဲ့မယ်ဆိုရင်လည်း ဆိုးဆိုးရွားရွား ဒဏ်မခံရအောင် ကိုယ့်ကိုယ်ကိုယ်ဘယ်လို ကာကွယ်ရမလဲဆိုတာကတော့ ကျွန်တော်တို့အနေနဲ့ ပြောဖြစ်ကြတယ်ပေါ့”

TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကလည်း “ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိမှာတော့ တတ်နိုင်သလောက် Mask တွေ တပ်တာမျိုး၊ နောက်တစ်ခုက အဆိပ်ငွေ့ကို ကာကွယ်နိုင်တဲ့ တိုင်းရင်းဆေးနဲ့ အခြားသောဆေးတွေလည်း ဆောင်ထားတာ မျိုးပေါ့နော်။ အထူးသဖြင့် အဆိပ်ငွေ့နဲ့ ပတ်သက်ရင် အပြည့်အ၀ မကာကွယ်သေးနိုင်ရင်တောင်မှ ထိုက်သင့်တဲ့ ကာကွယ်မှု တွေကို ပြင်ဆင်ထားရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

NUG ရဲ့ လူ့အခွင့်အရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဓာတုလက်နက်အသုံးပြုမှု တားဆီးမှု အဖွဲ့ OPCW က ဓာတုလက်နက်အသုံးပြုတဲ့ အကြမ်းဖက်စစ်တပ်ကို ဖော်ထုတ်စုံစမ်း အရေးယူဆောင်ရွက်ဖို့ မဖြစ်မနေ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီကို ဓာတုဗုံးတွေ အသုံးမပြုဖို့ တားဆီးနိုင်တာ မရှိသေးပါဘူး။ ဘယ်အချိန်၊ ဘယ်နေရာမှာ ဓာတုဗုံးတွေ ထပ်သုံးလာမယ်ဆိုတာကိုလည်း ဘယ်သူကမှ မသိနိုင်ကြပါဘူး။ ဒါ့အပြင်နောက်ထပ် စိုးရိမ်မှု တစ်ခုလည်း ရှိနေပါသေးတယ်။

အဲဒါကတော့ ဓာတုအဆိပ်ငွေ့တွေကို တော်လှန်ရေးတပ်ဖွဲ့တွေသာမက အရပ်သားပြည်သူတွေ အပေါ်မှာပါ ဆက်လက် အသုံးပြုလာမှာကိုပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၂ ရက်က ဆိုရင် စစ်ကောင်စီက မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က စိန်ပန်းကုန်းကျေးရွာ အနီးကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာမှာ အဆိပ်ငွေ့ဗုံးလို့ ယူဆရတဲ့ ဗုံးတွေ ကြဲချခဲ့ပါတယ်။

အဆိပ်ငွေ့တွေကို ရှူမိတဲ့ ဒေသခံပြည်သူ ၈၀ ကျော် မူးလဲအော့အန်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။ မတ္တရာမြို့ဟာ မန္တလေးမြို့နဲ့ ၂၄ မိုင် ခန့်သာ ကွာဝေးတာပါ။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ အမှတ် (၁) ဗျူဟာမှူး (မြေပြင်စစ်ဆင်ရေးတာဝန်ခံ) ခွန်းထက်စိုးကလည်း ဒီလို ပြည်သူတွေအပေါ် စစ်ကောင်စီက ဓာတုဗုံး အသုံးပြုလာမှာကို စိုးရိမ်နေတဲ့အကြောင်း ယခုလို ဆိုတယ်။

“ ဒါက စစ်မြေပြင်မှာသုံးတဲ့ ဟာတွေပေါ့နော်။ ဒါပေမဲ့ နောက်ကျရင်တော့ ကျွန်တော်တို့ပြည်သူလူထုတွေထဲမှာ လူထုလား ရဲဘော်လား မသဲကွဲဘူး။ ရွာလား ဒေသလား မသဲကွဲတဲ့အချိန်မှာ သုံးလာမှာကို ကျွန်တော်တို့ဘက်က စိုးရိမ်တယ် ပေါ့နော်။ အဓိကကတော့ အဆိပ်ငွေ့ကတော့ တော်တော်လေး စိုးရိမ်ရတဲ့အခြေအနေပေါ့နော်။ သာမန် ကလေးတွေဆိုရင်တော့ သေစေနိုင်လောက်တဲ့အထိလည်း ဖြစ်နိုင်တယ်ပေါ့နော်”

YouTube – http://www.youtube.com/@ManDaing-mx7nf
Telegram – https://t.me/ManDaingNews
Facebook – https://www.facebook.com/MandaingNews/
Email – mandaing.newsagency@gmail.com

Leave a Comment

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing