Mr.Cake ရေးသည်။
မဏ္ဍိုင်၊ မေ ၁၉၊ ၂၀၂၆။
အခြေခံပညာကျောင်းတွေရဲ့ ကျောင်းဖွင့်ရာသီ မကြာမီ ရောက်ရှိလာပါတော့မယ်။ ပြီးခဲ့တဲ့ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်မှာ ကျောင်းသားကျောင်းသူ စုစုပေါင်း ၆ သန်းကျော် တက်ရောက်ပညာသင်ကြားခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာတော့ အခြေခံပညာ ကျောင်းသား ကျောင်းသူအရေအတွက်ဟာ ၈ ဒသမ ၂ သန်း အထိ ရှိခဲ့ပါတယ်။ ကမ္ဘာ့ကလေးများ ရံပုံငွေအဖွဲ့ UNICEF ကလည်း မြန်မာကလေးငယ် ၅ သန်း ဝန်းကျင်ဟာ စစ်ရေးပဋိပက္ခတွေနဲ့ သဘာဝဘေးဒဏ်တွေကြောင့် ပညာရေးကို စွန့်ခွာခဲ့ရကြောင်း ၂၀၂၆ ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့ပါတယ်။ UNICEF ရဲ့ ထုတ်ပြန်ချက် မြန်မာ့အနာဂတ် လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာပါ။
ဖြစ်စဉ် ၁။
မြင်းခြံခရိုင်အတွင်းက ထန်းတောင်သူ မိသားစုရဲ့ သမီးငယ် မသင်းချယ်ရီက ၈ နှစ်အရွယ်ရှိနေပါပြီ။ သူတို့ရွာမှာ ရှိတဲ့ စာသင်ကျောင်းလေးဟာ စစ်ရေးပဋိပက္ခတွေကြောင့် ပိတ်ထားရပါတယ်။ ပဋိပက္ခတွေသာ မရှိခဲ့ရင် မသင်းချယ်ရီဟာ တတိယတန်းမှာ တက်ရောက်ပညာသင်ကြားရမယ့်အရွယ် ဖြစ်ပါတယ်။ ဒါပေမဲ့ သူမဟာ အခုချိန်ထိ ကျောင်းမနေရသေးပါဘူး။ မိဘတွေက ရွာထဲက တက္ကသိုလ်တက်ရောက်ဆဲ ဆရာမဆီမှာသာ ကျူရှင်အပ်ပြီး စာသင်ခိုင်းထားရပါတယ်။
ဖြစ်စဉ် ၂။
မုံရွာခရိုင်အတွင်းက အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ အညာရွာကြီးမှာ ရပ်ရွာဂုဏ်ဆောင် အထက်တန်းကျောင်းကြီး ဟည်းထနေအောင် ရှိခဲ့ဖူးပါတယ်။ အထပ်မြင့် အုတ်ကာသွပ်မိုး အဆောက်အဦဖြစ်ပြီး ရွာခံတွေသာမက ရွာနီးချုပ်စပ်က ကျောင်းသူကျောင်းသားတွေပါ လာရောက်ပညာသင်ကြားကြပါတယ်။ အခုတော့ အဲသည်ကျောင်းကြီးလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ဗုန်းဗုန်းမြေသို့ ကျခဲ့ရပါပြီ။ ရွာထဲကနေရာလွတ်မှာ ထန်းလက်တဲထိုးပြီး ယာယီကျောင်းအဖြစ် ဆောက်လုပ်ထားရပါတယ်။
ဖြစ်စဉ် ၃။
ရွှေဘိုခရိုင်အတွင်းက အညာကျေးရွာလေးမှာလည်း ကလေးငယ်တွေပညာသင်ကြားခွင့် ဆုံးရှုံးနေပါတယ်။ ကြားကာလ ပညာသင်ကြားရေး အစီအစဉ်ရှိပေမယ့် ကလေးငယ်အချို့က ပညာရေးကို ကျောခိုင်းလိုက် ကြရပါတယ်။ ငွေကြေးတတ်နိုင်သူအချို့နဲ့ အဆက်အသွယ်ကောင်းသူအချို့ မြို့ပြမှာ ပြောင်းရွှေ့အခြေချ ပညာသင်ကြားခွင့်ရကြပေမယ့် အများစုက နေရပ်စွန့်ခွာဖို့ အခက်အခဲ ရှိကြတာကြောင့် အရွယ်မတိုင်မီမှာပဲ ပညာရေးနဲ့ လမ်းခွဲလိုက်ကြရပါတယ်။
ပညာရေး မခက်ခဲသင့်ပါ။
အထက်ပါ ဖြစ်စဉ်တွေဟာ အညာကျေးလက်အချို့က ကလေးငယ်တွေရဲ့ လက်ရှိအခြေအနေဖြစ်ပါတယ်။ နယ်စပ်ဒေသအချို့မှာလည်း အခုထိ စစ်မီးမငြိမ်းနိုင်သေးဘဲ ပညာရေး အလှမ်းဝေးနေကြသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ကလေးငယ်တွေ ပညာသင်ယူခွင့်ဟာ ဘာအကြောင်းနဲ့မှ ဆုံးရှုံးခွင့် မရှိသင့်ပါ။ အညာမှာနေထိုင်သည် ဖြစ်စေ၊ အကြေမှာ နေထိုင်သည် ဖြစ်စေ၊ တောင်တန်းနဲ့ ကမ်းရိုးတန်းမှာ နေစေဦးတော့ ပညာသင်ကြားခွင့် ရှိရမှာ ဖြစ်ပါတယ်။ ကလေးငယ်တွေ အရွယ်မတိုင်မီ ပညာရေးကို စွန့်ခွာခြင်းက အနာဂတ်လူ့အဖွဲ့အစည်းကို သင်းသတ်သလို ဖြစ်စေပါတယ်။
အမြန်ကုစားပါ။
ပညာသင်ကြားလိုပါရက်နဲ့ ပညာသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ ကလေးငယ်တွေရဲ့ အရေးကိစ္စဟာ အချိန်မဆိုင်းဘဲ ချက်ခြင်းလုပ်ကြရမှာ ဖြစ်ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေ ရပ်မိရပ်ဖတွေ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ အပြင် ပညာရေးစိတ်ဝင်စားသူ အားလုံးစုပေါင်း လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ လိုအပ်ရင်ပညာရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ နည်းပညာအကူအညီတွေရယူပြီး အဆောတလျင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်။
အန္တရာယ်ရှိသောမျိုးဆက်။
ယခုပညာသင်ကြားခွင့် ဆုံးရှုံးလိုက်ရတဲ့မျိုးဆက်ဟာ နောင်တချိန်မှာ အန္တရာယ်ရှိတဲ့ မျိုးဆက် ဖြစ်လာနိုင် ကြောင်း UNICEF က သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ကလေးငယ်တွေက အရွယ်မတိုင်မီ ပညာရေးနဲ့ လမ်းခွဲခဲ့ရတာကြောင့် အခုလို သတိပေးချက် ထုတ်ပြန်ခဲ့ကြတာပါ။ မြန်မာလူ့အဖွဲ့အစည်းမှာ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ ဆိုရိုးရှိတယ်။ အဓိပ္ပါယ်က ကလေးငယ်တွေဟာ အနာဂတ် လူ့အဖွဲ့အစည်းကို မောင်းနှင်ကြမယ့် မျိုးဆက်သစ်တွေအဖြစ် ရည်ညွှန်းတာပါ။
ခေါင်းလောင်းသံ ညံပါစေ။
ကျောင်းဖွင့်ရာသီမှာ အခြေခံပညာကျောင်းတွေရဲ့ ကျောင်းတက် ကျောင်းဆင်းခေါင်းလောင်းထိုးသံတွေ ညံနေဖို့ လိုပါတယ်။ စာသင်ခန်းတွေ ပင့်ကူအိမ်စွဲပြီး ခေါင်းလောင်းကြီး အိပ်ပျော်နေရင် ပညာရေးနဲ့ အလှမ်းကွာဝေး သွားမှာ ဖြစ်ပါတယ်။ ကလေးငယ်တိုင်းဟာ လွပ်လပ်ပျော်ရွှင်စွာ ပညာသင်ကြားခွင့် ရှိရမှာ ဖြစ်တယ်။ အဲသည်လို အခြေအနေကောင်းတွေ ရရှိဖို့ အားလုံးပူးပေါင်းဆောင်ရွက်ကြရမှာပါ။ ပူးပေါင်းဖို့ ပျက်ကွက်ခဲ့ရင်တော့ လူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့ လျော်ကြေး ပေးဆပ်ရပါလိမ့်မယ်။
ပညာအပေါ်မှာ သဘောထား။
မြန်မာလူ့အဖွဲ့အစည်းက ယေဘူယျအားဖြင့် ပညာကို အရေးပေးတဲ့ လူ့အဖွဲ့အစည်းဖြစ်တယ်။ ပညာနဲ့ ပတ်သတ်တဲ့ ဆိုရိုးစကားတွေ၊ စကားပုံတွေ၊ ပုံတိုပတ်စတွေ အလွန်များပြားပါတယ်။ မင်္ဂလာတရား တော်မှာသည်ပင် ပညာရှိကို အရှည်တွဲဖို့ မှီဝဲဆည်းကပ်နည်းယူဖို့ နည်းပေး လမ်းညွှန်ထားတယ်။ ဒါပေမဲ့ မြေပြင်လက်တွေ့ဖော်ဆောင်ရာမှာ အခင်အခဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ကျောင်းတက်ဖို့ အခက်အခဲ ရှိနေတဲ့ ကလေးငယ်အချို့ဟာ ရပ်ထဲရွာထဲက (အခပေး/အခမဲ့)ကျူရှင်တွေမှာ တက်ရောက်ပညာသင်ကြားပေမယ့် အတန်းတက်ခွင့် မရကြပါဘူး။ ဥပမာ တတိယတန်းအရွယ်မို့ တတိယတန်းစာတွေကို ကျူရှင်မှာ သင်ကြားတတ်မြောက်ပေမယ့် တရားဝင် ကျောင်းထွက်လက်မှတ်မရှိလို့ အတန်းကျောင်း တက်တဲ့အခါ တတိယတန်းက တက်ခွင့်မရှိပဲ သူငယ်တန်းကသာ စတင်တက်ရောက်ရတာပါ။
သူနဲ့ သက်တူရွယ်တူတွေက ကျောင်းမှာပဲ စဉ်ဆက်မပျက် သင်ယူခွင့် ရခဲ့ကြတာမို့ တတိယတန်းမှာ သင်ယူခွင့် ရကြပါတယ်။ အဲသည်အခါ ကလေးငယ်ရဲ့ စိတ်ထဲမှာ ခွဲခြားဆက်ဆံခံကြရပါတော့တယ်။ မိဘတွေ အဖို့မှာလည်း အချိန်ကုန် ငွေကုန် လူပန်း အကျိုးမဲ့တွေ ဖြစ်ကြရပါတယ်။ ဒီပြဿနာတွေက အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပညာနဲ့ အလှမ်းဝေးနေသူတွေ ကြုံတွေ့နေရတဲ့ နမူနာ တစ်ခုမျှသာ ဖြစ်ပါတယ်။ အခြား လူမှုပြဿနာတွေလည်း ရှိနေပါသေးတယ်။ ဒီပြဿနာ ကြီးငယ်တွေကို အချိန်မီ ဖြေရှင်းကြရမှာ ဖြစ်တယ်။
ကျောင်းကောင်း။
မြန်မာကလေးငယ်အားလုံး ကျောင်းကောင်းတွေမှာ ပညာသင်ကြားနိုင်ခွင့်ရှိဖို့ လိုအပ်ပါတယ်။ ကျောင်းကောင်း ဆိုတာ ဘာလဲ။ ကလေးငယ်တိုင်းအတွက် လွတ်လပ်လုံခြုံပြီး ပျော်ရွှင်စွာ ပညာသင်ယူခွင့်ရရှိတဲ့ နေရာတိုင်းဟာ ကျောင်းကောင်းပါ။
ပညာရေးသုတေသီ အဲရစ်ဒဗလျူဂျွန်ဆင်က “ကျောင်းကောင်းဆိုတာ အဲသည်ကျောင်းက ကျောင်းသားတွေ စာမေးပွဲမှာ ဂုဏ်ထူးဘယ်လောက်ထွက်တယ် ဆိုတာနဲ့ မတိုင်းတာဘူး။ နောင်အခါ လောကအကျိုးပြု လူ့အဖိုးတန်တွေ ဖြစ်လာအောင် ဖန်တီးပေးတဲ့ ကျောင်းမျိုးကို ခေါ်တာပါ” တဲ့။
သိပ္ပံမောင်ဝရဲ့ ရွာ့ကျက်သရေ ဆောင်းပါးထဲက ဆရာစောရဲ့ ကုက္ကိုဝရွာကျောင်းဟာ ဓနိကာ ဓနိမိုး ဝါးလုံးတိုင် ဝါးကြမ်းခင်း ဖြစ်ပါတယ်။ ပြတင်းပေါက် နှစ်ပေါက်နဲ့ တံခါးပေါက် နှစ်ပေါက်မျှသာ ရှိပါတယ်။ ဒါပေမဲ့ ဒီကျောင်းလေးကပဲ နောင်နှစ်ပေါင်း လေးငါးဆယ်ကြာတဲ့အခါ ဤရွာကျောင်းမှ မြန်မာပြည် သမ္မတ ထွက်ချင်ထွက်မည်လို့ ရေးသားခဲ့ပါတယ်။