မဏ္ဍိုင်၊ အောက်တိုဘာ ၂၁၊ ၂၀၂၅။
စတိုးလ်ဆိုင်တစ်ခုက ပစ္စည်းခိုးတယ်ဆိုပြီး ကလေးငယ်ကိုရင်ခွင်ပိုက်ထားတဲ့ အမျိုးသမီးကြီးတစ်ဦး အရိုက်ခံရတဲ့ ရုပ်သံတစ်ခုကို တော်တော်များများ ကြည့်ထားပြီးဖြစ်မှာပါ။ စာရေးသူကတော့ ရုပ်သံကို အဆုံးထိ မကြည့်နိုင်လိုက်ဘူး။ ရုပ်သံကိုစကြည့်မိတော့ သူခိုးလို့စွပ်စွဲခံရတဲ့အမျိုးသမီးနဲ့ အားပါးတရ ရိုက်နှက်နေတဲ့ ဆိုင်ရှင်အမျိုးသမီးရဲ့ မျက်နှာထက် ကလေးမျက်နှာကိုပဲ ကြည့်နေမိတယ်။
အရိုက်ခံရတဲ့ အမျိုးသမီးကြီးရဲ့ ရင်ခွင်ထဲမှာ ကလေးရှိနေတဲ့အတွက် ကလေးမျက်နှာကိုငဲ့ကွက်ပြီး ဆင်ခြင်သွားမလားလို့ တွေးနေတဲ့အချိန်မှာပဲ၊ ရိုက်နှက်နေတဲ့အမျိုးသမီးဟာ “ကလေးအကြောင်းပြပြီး လာခိုးတာ၊ သွား…ဟိုမှာသွားပြီး ကလေးကို ကြိုးတုတ်ထား” ဆိုပြီး ကလေးကို အတင်းတွန်းထုတ်တယ်၊ သူ့ဆိုင်က ဝန်ထမ်းတွေကိုခေါ်ပြီး ကလေးကိုဆွဲယူစေတယ်။
ကလေးကိုအတင်းဆွဲယူတဲ့အခါ အမေဖြစ်သူက အတင်းဖက်ထားတယ်၊ ကလေးကတော့ ရိုက်နေတဲ့ အမျိုးသမီးကိုရော ဘေးနားက ဝိုင်းကြည့်နေတဲ့လူတွေကိုပါ ငိုမဲ့မဲ့လုပ်ပြီး မော့ကြည့်ရှာတယ်။ ကြောက်လန့်နေရှာတယ်။
ပြီးတော့ ဆိုင်ရှင်ဟာ ကလေးအမေကို ဆက်ကာဆက်ကာရိုက်တယ်။ ကလေးဟာ အရိုက်ခံရတဲ့ သူ့အမေကို မကြည့်ရက်နိုင်ဘူးနေမယ် ငိုမဲ့မဲ့နဲ့ ခေါင်းငုံ့နေရှာတယ်။ လူတွေဟာ လူစိတ်ပျောက်သွားကြ ပြီလားလို့ စာရေးသူ တွေးမိတယ်။
ဒီမြင်ကွင်းကို မြင်ရတာဟာ ကျားပါးစပ်ထဲမှာ အသက်မဲ့နေတဲ့ မိခင်မျောက်ကြီးကို ကျစ်ကျစ်ပါအောင် ဖက်တွယ်ထားတဲ့ မျောက်ကလေးရဲ့ အဖြစ်ကိုတောင် သတိရမိတယ်။ တိရစ္ဆာန်နဲ့မခြားတဲ့ လူတချို့ရဲ့ စရိုက်တွေပါလားလို့ တွေးမိတယ်။
ကလေးဟာ သူ့အမေအရိုက်ခံနေရတာကို ဘယ်လောက်များ နာကြည်းလိုက်မလဲ၊ ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုရိုက်နှက်ခံနေရတာကို ကြောက်လန့်စိတ်တွေ ဘယ်လောက်တောင် ဗလောင်ဆူလိုက်မလဲလို့ တွေးမိပြီး ရုပ်သံကို ဆက်မကြည့်ဖြစ်ဘူး။
စာရေးသူဟာ ဖခင်တစ်ယောက်ဆိုတော့ ကလေးနဲ့အတူသွားလာတဲ့အခါ အလားတူ စိတ်ခံစားရမှုမျိုး ကိုယ့်ကလေးတွေ ခံစားရမှာ အကြောက်ဆုံးပဲ။ ကလေးနဲအတူသွားလာနေရင်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရမှာ၊ တခြား သူတွေနဲ့ပြဿနာဖြစ်ပြီး ကိုယ့်ကလေး ကြောက်လန့် အားငယ်ရမှာ၊ မျက်နှာငယ်ရမှာ အစိုးရိမ်ဆုံးပဲ။ ကိုယ့်ကလေးအပါအဝင် ကလေးတွေကို အဲဒီလို ကြောက်လန့် အားငယ်ရမှာ၊ မျက်နှာငယ်ရမှာ၊ သိမ်ငယ်သွားရမှာ မဖြစ်ချင်ဆုံးပဲ။
ကလေးတွေနဲ့ပတ်သတ်လို့ ကိုယ်ချင်းစာစိတ်ဆိုတာ အရင်ကတည်းက ခံစားနားလည်ပေးတတ်ပေမယ့် ကိုယ်တိုင်ကလေးရလာတဲ့အခါ အဲဒီခံစားစိတ်ကို နက်နက်ရှိုင်းရှိုင်း ပိုခံစားတတ်လာတယ်။ ကလေးတွေဟာ ကစားမယ်၊ စားမယ်၊ လိုချင်တာမရရင် ပူဆာမယ်၊ ငိုမယ်၊ လိုတာရတဲ့အခါ ပျော်သွားကြမယ်၊ ဝမ်းသာကြ မယ်ဆိုတဲ့ ကလေးတွေရဲ့ ရိုးရှင်းတဲ့စိတ်လေးတွေသိလာတဲ့အခါ ကလေးတွေ ခံစားတာကို ပိုနားလည်တတ် လာတယ်။
ဒါကြောင့် ကလေးတွေ ဒဏ်ရာအနာတရဖြစ်တဲ့အခါ၊ ကလေးတွေ မိဘမဲ့သွားတဲ့အခါ၊ အညာဘက်မှာ ကလေးတွေ သေဆုံးသွားရတာတွေကို မြင်ရတဲ့အခါ၊ အခုလို မိခင်နဲ့အတူ အနိုင်ကျင့်ခံရတာကို မြင်ရတဲ့အခါ ကလေးတွေနေရာက စဉ်းစားပြီး လှိုက်လှိုက်လှဲလှဲ စိတ်ထိခိုက်ရတယ်။
အခုဖြစ်စဉ်မှာ ဆိုင်ရှင်ဟာ ကလေးအရှေ့မှာပဲ အမေဖြစ်သူကို ဆံပင်ဆွဲပြီး ထပ်ကာထပ်ကာရိုက်တယ်၊ ကလေးအမေရဲ့ခြေထောက်ကို အပေါ်ကနေ တက်နင်းထားတယ်။ ပြီးတော့ အမေကိုရော၊ ကလေးကိုပါ ဆိုင်ရှေ့က ဓာတ်တိုင်မှာ ကြိုးချည်လိုက်တယ်။ ဘာမှ အပြစ်မရှိတဲ့ ကလေးလေးကိုပါ ကြိုးချည်ထားတာ။
အဖမ်းဆီးခံ၊ သတ်ဖြတ်ခံရ သူတွေပေါတဲ့ နိုင်ငံကြီးမှာ လူလားမမြောက်သေးတဲ့ကလေးတစ်ယောက် အခုလို အဖမ်းခံရတာဟာ အဆန်းမဟုတ်တော့ဘူးလား။
ဆိုင်ရှင်ဟာ ကိုယ်ချင်းစာစိတ်တွေ ကင်းမဲ့သွားပုံရတယ်၊ မေတ္တာစိတ်တွေ ပျောက်ဆုံးသွားပုံရတယ်။ သူ့ပစ္စည်းအခိုးခံရလို့ ဒေါသတကြီးတုံ့ပြန်တာကို နားလည်လို့ရနိုင်ပေမယ့် ကလေးတွေမျက်နှာကို မထောက်ဘဲ လုပ်တာကတော့ အတော်ပဲ အကျည်းတန်တယ်။ လူကြီးအချင်းချင်း ဘယ်လိုဖြစ်ဖြစ် ကလေးအပေါ် ထောက်ထားငဲ့ညှာတာမျိုး မပြုမှုတာဟာ မေတ္တာတရားကင်းမဲ့မှု၊ ကိုယ်ချင်းစာစိတ် မထားနိုင်မှုတွေကို အနာဂတ်အတွက် မွေးဖွားပေးလိုက်သလိုများဖြစ်နေမလားလို့ စာရေးသူတွေမိတယ်။
ဆိုင်ရှင်ဟာ ပစ္စည်းခိုးသူကို နောက်မခိုးဖို့ လူအများရှေ့မှာ သားအမိနှစ်ယောက်ကို အရှက်ခွဲ အပြစ်ပေး လိုက်တာပါ။ ဒါပေမဲ့ နောင် လုပ်၊ မလုပ်ဆိုတာ မကျိန်းသေပေမယ့် ကလေးအမေနဲ့ ကလေးရဲ့ ရင်ထဲမှာတော့ တစ်သက်တာ ဒဏ်ရာအကြီးကြီးရသွားတာကတော့ ကျိန်းသေပါပဲ။
တကယ်တော့ ဆိုင်ရှင်ဖမ်းလိုက်တာဟာ သူခိုး မဟုတ်ပါဘူး။ ဆာလောင်မှု၊ ဆင်းရဲမွဲတေမှုပါ။ ကလေး တွေရဲ့ ဆာလောင်မှု၊ မိသားစုတွေရဲ့ ဆင်းရဲမွဲတေမှုတွေကို မခံနိုင်တဲ့အဆုံးမှာ တချို့ဟာ ခိုးမှုတွေ ကျူးလွန်ကြတယ်၊ ဓားပြမှု၊ လူသတ်မှုတွေကျူးလွန်ကြတယ်။ တချို့ဟာ ဆင်းရဲမှုအပေါင်းက လွတ်မြောက်ဖို့အတွက် ကိုယ်လွတ်ရုန်းသွားကြတယ်။
ဒီလိုဖြစ်စဉ်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်ဆိုသလို မြင်လာရတယ်။ လူတွေဟာ ပြည့်စုံပျော်ရွှင်နေတဲ့ဘဝမှာ လိမ်လည်မှု၊ ခိုးမှု၊ လုယက်မှု၊ ဓားပြမှု၊ လူသတ်မှုတွေကို ကျူးလွန်ဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး။ ကိုယ့်ကလေး၊ ကိုယ့်မိသားစုရဲ့ ဂုဏ်သိက္ခာတွေနဲ့ လဲလှယ်ကြမှာလည်း မဟုတ်ပါဘူး။
ဒါပေမဲ့ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ ကြုံလာတဲ့အခါ လူတွေဟာ ရာဇဝတ်မှုတွေကို ကျူးလွန်ကြတယ်။ သူခိုးတွေ၊ ဓားပြတွေ၊ လူသတ်သမားတွေဖြစ်ကုန်ကြတယ်။
တကယ်တော့ ဆိုင်ရှင်ဖမ်းရမယ့် သူခိုးဟာ တိုင်းပြည်ကို ငတ်မွတ်ခေါင်းပါးအောင်လုပ်နေတဲ့ အာဏာသူခိုး မင်းအောင်လှိုင်ပါ။ ခြေအကောင်းလက်အကောင်းရှိပါလျက်၊ နေနိုင်၊ စားနိုင်၊ တစ်သက်စားမကုန်အောင် ချမ်းသာပေမယ့် မနေထိုင်၊ မထိုင်နိုင် ပြည်သူ့အာဏာကို လုယူ၊ ခိုးယူခဲ့တယ်။ သူ့ရဲ့အာဏာခိုးမှုကြောင့် တိုင်းပြည် ချွတ်ခြုံကျ၊ ဆင်းရဲတွင်း နက်ခဲ့ရတယ်။
ဒါကြောင့် သူခိုးအစစ်ဟာ အခုအရိုက်ခံရတဲ့ သားအမိမဟုတ်ဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သာဖြစ် တာကြောင့် ဆိုင်ရှင်အမျိုးသမီးအပါအဝင် ပြည်သူတွေ ဝိုင်းဖမ်းရိုက်နှက်ရမှာဟာ အာဏာသူခိုး မင်းအောင်လှိုင် ကိုပါ။
4 comments
Your enticle helped me a lot, is there any more related content? Thanks! https://accounts.binance.info/sl/register-person?ref=I3OM7SCZ
Alright, let’s talk bet82. Gave it a shot last week, and I’m not gonna lie, it’s got some decent games. The interface is pretty smooth, and I even managed to snag a few wins. Worth checking out if you’re looking for something new. Check it out here: bet82
pin77 online https://www.pin77-online.com
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.