မဏ္ဍိုင် – ဩဂုတ် ၁၉ ၊ ၂၀၂၅။
ချင်းဆန်လှေဆိပ်ကနေ မဲဆိုင်ဘက်ကို ပြန်လာကြတယ်။ ဖာသာရ်က အာခါတွေနေတဲ့ မဲဆိုင်မြို့ ပြင် တောင်ပေါ်က ကော်ဖီဆိုင်ကို အရင်ဆုံးလိုက်ပို့ပါတယ်။ ဆိုင်နေရာက မဲဆိုင်ကနေ ချင်းရိုင်ကိုသွားတဲ့ လမ်းရဲ့ ညာဘက်အခြမ်းမှာပါ။ ချင်းဆန်ကနေ မဲဆိုင်ကိုမောင်းလာပြီး နာရီဝက်လောက်ကြာတဲ့အခါ တောင်တစ်ခုပေါ် စတက်ရပါတော့တယ်။ တောင်က အချိုးအကွေ့တွေနဲ့ တော်တော်မတ်ပါတယ်။
တောင်တက်လမ်းတစ်လျှောက်မှာလည်း အာခါတိုင်းရင်းသားရွာတွေကိုတွေ့ရပါတယ်။ တစ်ခါတစ်လေ ဖာသာရ်က ကားမှန်ကိုချပြီး သူတို့ကို အာခါဘာသာစကားနဲ့ လှမ်းနူတ်ဆက်ပါတယ်။ ဖာသာရ်က မဲဆိုင်မှာ သာသနာပြုလုပ်ငန်းတွေလုပ်ရင်း ကလေးတွေကို သီချင်းဆိုသင်ပေးတာ၊ ကီးဘုတ်တီးသင်ပေးတာတွေလည်းလုပ်ပါတယ်။
ဒါ့အပြင် မဲဆိုင်မှာ ရေကြီးတုန်းကဆိုရင်လည်း သူ့ကားနဲ့ပစ္စည်းတွေလိုက်ဝေပေးတာ၊ လူတွေကယ်ထုတ်တာတွေလည်း လုပ်ပါတယ်။ ဒီလို ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်နေတော့ ဖာသာရ်က နေရာအနှံ့လည်းရောက်သလို အသိမိတ်ဆွေလည်းပေါများပါတယ်။
မိနစ်နှစ်ဆယ်လောက်တက်ပြီးတော့ အာခါကော်ဖီဆိုင်ကို ရောက်ပါတယ်။ တောင်စောင်းပေါ်မှာ ဆောက်ထားတဲ့ ကော်ဖီဆိုင်က ရှုခင်းတွေအတော်လှပလွန်းတယ်။ စနစ်တကျ ပုံဖော်စိုက်ပျိုးထားတဲ့ ဥယာဉ်တွေ ငါးကန်တွေ ကော်ဖီဆိုင်ကနေ လှမ်းတွေ့ရတဲ့ မဲဆိုင်မြို့နဲ့ တောင်တန်းတွေဟာ ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။

ဓာတ်ပုံရိုက်သူတွေ အကြိုက်တွေ့တဲ့ နေရာမို့လည်း အသက် ၂၀ ပတ်ချာလည်ကောင်လေး၊ ကောင်မလေးတွေဟာ အိုက်တင်မျိုးစုံပေးပြီး ဓာတ်ပုံရိုက်နေတာကို တွေ့ရတယ်။ တောင်တန်းတွေကို နောက်ခံထားလိုက် စိုက်ခင်းနဲ့ မဲဆိုင်မြို့ မြင်ကွင်းကို နောက်ခံထားရိုက်လိုက်နဲ့ပါ။ ဆိုင်မှာထိုင်နေရင်း စကားသံတွေ ပျံ့လွင့်လာတော့မှ ကိုယ်တွေ ရဲ့ မြန်မာတွေ ဖြစ်နေတာကို သိရပါတယ်။
တာချီလိတ်နဲ့နီးတော့ ဒီဘက်ကို လူငယ်တွေ အပန်းဖြေခရီးထွက်ကြသလို လာကြတာတွေလည်းရှိတယ်။ တာချီလိတ်ကနေ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကဒ်နဲ့ မဲဆိုင်မြို့ဝန်းကျင် လည်ပတ်လို့ရပါတယ်။ ကော်ဖီဆိုင်က ဝန်ထမ်းတွေကလည်း အာခါလူမျိုးတွေပါပဲ။ ဖာသာရ်နဲ့အသိတွေပါ။ ကျနော်တို့ကော်ဖီနဲ့စားစရာတွေ စားသောက်ပြီးတော့ ဖာသာရ်က စိတ်ဝင်စားစရာ နေရာတစ်ခုကို ထပ်ခေါ်သွားပြမယ်လို့ ဆိုတယ်။
ကော်ဖီဆိုင်ကနေဆက်တက်ရင် တောင်ထိပ်ဆုံးရောက်တဲ့အခါ စစ်တပ်နှစ်ခုရှိနေတဲ့နေရာပါ။ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်က နယ်ခြားမျဉ်းတစ်ဖက်တစ်ချက်မှာ မျက်စောင်းထိုးပုံစံ တည်ရှိနေတဲ့နေရာကို လိုက်ပြမှာပါ။ တောင်တက်လမ်း အကွေ့အကောက်တွေအတိုင်း တောင်ပေါ်တက်လာတယ်။ တောင်တက်လမ်း ဖြစ်တဲ့အတွက် ကားတက်နိုင်အောင် အဲကွန်းပိတ်ပြီး မှန်တံခါးဖွင့်လိုက်တယ်။

အပြင်ကလေက ပိုပြီးအေးစိမ့်နေတယ်။ တောင်တွေပေါ်မှာ မြူခိုးတွေကိုလည်းတွေ့ရတယ်။ မြူတွေကြောင့်လား နှင်းတွေကြောင့်လားမသိ လမ်းမတွေကစိုစွတ်နေတယ်။ ၁၅ မိနစ်လောက်တက်ပြီးတော့ လမ်းရဲ့ညာဘက်နယ်စပ် မျဉ်းဘေးမှာ မြန်မာစစ်တပ်ကို လှမ်းတွေ့လိုက်ရတယ်။
မြန်မာစစ်သား တစ်ယောက်စ နှစ်ယောက်စကိုလည်း တွေ့ရတယ်။ လက်နက်တွေနဲ့ပဲ။ မျက်နှာတွေကိုတော့ မတွေ့ရဘူး။ ပါလာတဲ့ဖုန်းနဲ့ ဓာတ်ပုံလှမ်းရိုက်လိုက်တယ်။ ပြည်တွင်းမှာဆို သူတို့ကို ဒီလိုဓါတ်ပုံရိုက်ဖို့အသာထား မျက်နှာချင်းဆိုင် ကြည့်ဖို့တောင် မလွယ်ဘူး။
မြန်မာစစ်တပ် နေရာကနေ တစ်မိနစ်လောက်ကျော်လာတော့ တောင်ရဲ့အမြင့်ဆုံးနေရာကို ရောက်တယ်။ ထိုင်းစစ် တပ်ဂိတ်တွေကို လှမ်းတွေ့ရတယ်။ ဂိတ်တစ်ခုမှာ ထိုင်းစစ်သားတစ်ယောက်က ထိုင်နေတယ်။ အဲဒီဂိတ်နားက ကားပါကင်မှာ ကားရပ်လိုက်တယ်။

ကားရပ်တဲ့နေရာက ပိုက်ကျော်ခြင်းကွင်းလည်းလုပ်ထားတယ်။ အရင်က မြန်မာစစ်သားတွေနဲ့ ထိုင်းစစ်သားတွေ ချစ်ကြည်ရေးကစားတာရှိခဲ့တယ်။ အာဏာသိမ်းနောက်ပိုင်းတော့ အဲလိုကစားတာ မရှိတော့ပါဘူး။ ကိုယ့်နေရာနဲ့ ကိုယ်နေတာပဲ။
မြင်နေရတဲ့ တောင်ထိပ်က ထိုင်းစစ်တပ်စခန်းကို ခြေလျင်တက်ရပါတယ်။ အဝင်ဝမှာ ဝင်္ဂဘာလမ်းဖြစ်အောင် ဝါးကပ်တွေနဲ့ ကာရံပြီး လမ်းပုံစံလုပ်ထားတယ်။ အဲဒီကိုကျော်လိုက်တော့ ကော်ဖီဆိုင်တစ်ခုကို လှမ်းတွေ့လိုက်ရပါတယ်။ ထိုင်းစစ်တပ်က စစ်သားတွေဖွင့်ထားတဲ့ ကော်ဖီဆိုင်ပါ။ တပ်အတွက် ရန်ပုံငွေလည်းရ လာလည်တဲ့သူ တွေလည်း အေးနေတဲ့အချိန် ကော်ဖီပူပူလေးတွေသောက်ရတော့ တော်တော်အဆင်ပြေပါတယ်။

လာတဲ့သူတိုင်းကတော့ ကော်ဖီတစ်ခွက်တော့ သောက်ကြတာပါပဲ။ ကော်ဖီသောက်ရင်း ထိုင်းစစ်တပ်စခန်းကို လှည့်လည်ကြည့်လို့ရသေးတယ်။ တောင်စွန်းပေါ်မှာ ကတုတ်ကျင်းတွေ၊ သဲအိတ်တွေ ၊ အလံဆိုင်တွေ အကာအရံ တွေနဲ့ပဲ။ မြေပြင်စစ်စခန်းတစ်ခုကို ရောက်သွားသလို ခံစားရစေတယ်။
အဲဒီစခန်းအပေါ်မှာမှ မြင်ကွင်းကြည့် ဓာတ်ပုံရိုက်တဲ့နေရာတွေ၊ ထိုင်ခုံတွေနဲ့ မြူနှင်းတွေကြားမှာ ကော်ဖီဆိုင်ရဲ့ ခံစားမှုရော စစ်စခန်းရဲ့ခံစားမှုကိုပါ နှစ်မျိုးစလုံး ရစေပါတယ်။ လေကလည်း တဖြူးဖြူးနဲ့ အေးစိမ့်နေတာပါပဲ။
စခန်းရဲ့တစ်နေရာမှာ သွပ်မိုးလေးဘက်လေးတန်ပွင့် ကော်ဖီထိုင်သောက်တဲ့နေရာလေးလည်းရှိပါတယ်။ အဲဒီနေရာမှာ ယခင်ထိုင်းဘုရင်ကြီးရဲ့ သမီးတော်၊ ယခုထိုင်းဘုရင်ရဲ့ ညီမဖြစ်တဲ့ Chakri Sirindhorn မင်းသမီး (မြန်မာတွေအခေါ် သီရိဒုံမင်းသမီး)ရဲ့ ပုံကိုလည်းတွေ့ရပါတယ်။ ထိုင်းစစ်သားတွေနဲ့ ဒီစခန်းမှာ အတူတွဲရိုက်ထားတာပါ။

မင်းသမီးသီရိဒုံက သူ့ဖခမည်းတော်ဘုရင်ကြီးနဲ့အတူ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာပါ။ မင်းသမီးက မြန်မာနိုင်ငံသားတွေနဲ့လည်း မစိမ်းပါဘူး။ စာရင်းတွေအရတော့ မင်းသမီးကြီးက မြန်မာနိုင်ငံကို ၁၉၈၆ ခုနှစ်ကစလို့ ၂၀၁၅ ခုနှစ်အထိ ငါးကြိမ်သွားရောက်ခဲ့ဖူးပါတယ်။
သူဟာ မြန်မာအရေးကို စိတ်ဝင်စားတဲ့ သူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံနဲ့ သံတမာန်ရေးရာသာမက သမိုင်းနဲ့ ယဉ်ကျေးမှုဆက်ဆံရေးတွေကိုလည်း မြှင့်တင်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

အဆောက်အဦအပြင်ဘက် စခန်းတောင်ထိပ်က လှမ်းကြည့်လိုက်ရင် မြန်မာဘက်ကို ဟင်းလင်းပွင့်မြင်ရတယ်။ ထိုင်းနယ်နမိတ် အစွန်ဆုံးဖြစ်တာကြောင့်ပါ။ မြန်မာဘက်က ရှမ်းရိုးမတောင်တန်းတွေကို လှမ်းမြင်နေရတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွေပါ။ တောင်တွေက လှိုင်းတွေလိုအထပ်ထပ်နဲ့ တောင်ပင်လယ်လို ဖြစ်နေတယ်။ ရွာတွေကိုလည်း လှမ်းတွေ့ရတယ်။ သွပ်မိုးအိမ်စုစုလေးတွေပါ။

ကျွန်တော်တို့အဲဒီမှာ နာရီဝက်လောက်နေပြီးတဲ့အခါ တောင်ပေါ်ကနေ ပြန်ဆင်းလာခဲ့ပါတယ်။ အလာတုန်းက ဝင်ခဲ့တဲ့ကော်ဖီဆိုင်ကို ကျော်လာပါတယ်။ ပြီးတော့ အာခါရွာတစ်ခုမှာ ကားခဏရပ်ပါတယ်။ View Point နေရာပါ။ ကားရပ်နားဖို့နေရာ ရှုခင်းကြည့်ဖို့လုပ်ထားတာပါ။
ရွာကနေလှမ်းကြည့်လိုက်ရင် ကြီးမားတဲ့တောင်ကြီးနှစ်လုံးကြားထဲက မဲဆိုင်မြို့လေးကိုလှမ်းတွေ့ရပါတယ်။ ရွာလို့သာဆိုရတာပါ။ တကယ်တော့ သွပ်မိုးအုတ်စီနဲ့တိုးတက်နေတဲ့ အာခါရွာပါ။ ကော်ဖီဆိုင်တွေ စားသောက်ဆိုင်တွေလည်း တွေ့ရပါတယ်။ ခရီးသွားတွေလာကြတော့ ဒီနေရာမှာ စီးပွားလည်းဖြစ်ကြပါတယ်။
အရင်ကတော့ ဒီတောင်ပေါ်တွေမှာ သွားလာရေးခက်ခဲတဲ့အတွက် လူတွေလာမနေကြပါဘူး။ အဲဒီအချိန်က အာခါတွေက မြန်မာနိုင်ငံဘက်ကနေ စစ်ပွဲပဋိပက္ခတွေကြောင့် ဒီဘက်ရောက်လာနေထိုင်ခဲ့ကြတာပါ။ တောင်ပေါ်နေလူမျိုးဖြစ်တဲ့အတွက်ကြောင့် တောင်ပေါ်နေရတာ၊ ရာသီဥတုအေးစိမ့်တာတွေက သူတို့နေရပ်ရှမ်းပြည်နဲ့အတူတူ ဖြစ်နေတာကြောင့်ပါ။
အာခါတွေ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာတာဟာ ၁၉၅၀ ကာလတွေထဲကလို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးရုံးဖြစ်တဲ့ UNODC ရဲ့ ရွှေတြိဂံဒေသ ဘိန်းစိုက်ပျိုးမှု အစီရင်ခံစာတစ်ခုမှာ တွေ့ရပါတယ်။
အဲဒီအစီရင်ခံစာမှာပဲ အာခါလူမျိုးတွေဟာ မူရင်းဒေသ တရုတ်နိုင်ငံတောင်ဘက် ယူနန်ပြည်နယ်ကနေ စစ်ပွဲတွေ၊ နယ်နိမိတ် ပြောင်းလဲမှု၊ အစိုးရအခွန်အခ အခက်အခဲတွေကြောင့် မြန်မာနိုင်ငံရှမ်းပြည်နယ် တောင်ပိုင်း၊ လာအို မြောက်ပိုင်းနဲ့ အဲဒီကနေတဆင့် ထိုင်းနိုင်ငံမြောက်ပိုင်းထဲကို ရောက်ရှိလာကြတယ်လို့ ဆိုထားပါတယ်။
ကာလတွေကတော့ ၁၉၅၀/၆၀/၇၀ ဝန်းကျင်ကာလတွေပါ။ အဲဒီအချိန် မြန်မာဘက်က စစ်ပွဲတွေ၊ စိုက်ပျိုးရေး အတွက် မြေနေရာမရတာတွေကြောင့် ထိုင်းမြောက်ပိုင်းကို ရောက်လာပြီး တောင်ပေါ်ကျေးရွာတွေအဖြစ် စတင်နေထိုင်ခဲ့ကြပါတယ်။ အဲဒီကနေစပြီး ဒီနေ့အထိ မြန်မာမှာ ပဋိပက္ခတွေ မစဲသေးတာကြောင့် ထိုင်းကို ဝင်လာနေကြတုန်းပါပဲ။

အဲဒီအချိန်က လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းသေး၊ အခြားသီးနှံစိုက်ရင် အောင်မြင်မှုနည်းပြီး လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးခက်ခဲတာကြောင့်လည်း မပြေလည်ခဲ့ကြပါဘူး။ ဒါကြောင့် တောင်တန်းတွေပေါ်မှာ စိုက်ပျိုးဖြစ်ထွန်းပြီး စျေးကွက်လည်းရှိနေတဲ့ ဘိန်းတွေ စစိုက်လာပါတော့တယ်။
အဲဒီအချိန်က သူတို့နေတဲ့ ထိုင်းမြောက်ပိုင်းနေရာတွေနဲ့ ရွှေတြိဂံ၊ ရှမ်းအရှေ့တွေမှာလည်း လက်နက်ကိုင်တွေ မူးယစ်ဆေးကုန်ကူးတဲ့ လမ်းကြောင်းတွေကရှိနေတော့ စိုက်ပြီးရင် ရောင်းဖို့ကလွယ်ကူပါတယ်။ ဒါကြောင့် ဘိန်းစိုက်ပျိုးမှုက အကြီးအကျယ်ဖွံ့ဖြိုးခဲ့တာပါ။

၁၉၇၀ ခုနှစ်ရောက်တဲ့အခါမှ ထိုင်းဘုရင်ကြီး ဘူမိဘောက Royal Project ဆိုပြီး စိုက်ပျိုးရေးကို အခြေခံပြီး ခေတ်မီတိုးတက်တဲ့နိုင်ငံဖြစ်အောင် စတင်လုပ်ဆောင်ခဲ့ရာမှ အဲဒီနေရာတွေမှာ ဘိန်းစိုက်ပျိုးမှုက လျော့ကျပျောက်ကွယ်သွားတာပါ။ အဲဒီဒေသက သူပိုင်တဲ့မြေတွေကိုလည်း အာခါတိုင်းရင်းသားတွေ နေထိုင်လုပ်ကိုင်စားသောက်ဖို့ ပေးထားတာပါ။
အဲလိုကူညီတာနည်းတူ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင်နဲ့ စိုက်ပျိုးရေးတွေ အောင်မြင်အောင် ထိုင်းဘုရင်ကြီးက လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်လည်းအပေါ်က တောင်ထိပ်နေရာမှာ ထိုင်းမင်းသမီးကိုယ်တိုင် ဒီဒေသကို အရောက်လာပြီး ဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ခဲ့တာကိုတွေ့ရတာပဲဖြစ်ပါတယ်။

အခုတော့ ကျွန်တော်တို့ ရောက်နေတဲ့ အာခါရွာတွေဟာ ခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုးပြီး စီးပွားရေးတွေလည်း ပြေလည်နေကြပါပြီ။ အရင်တုန်းကတည်းက ရောက်လာတဲ့ အာခါတွေရဲ့ မျိုးဆက်တွေကတော့ ထိုင်းနိုင်ငံသားတွေ ဖြစ်ကုန်ပါပြီ။ ထိုင်းစကားပဲပြောပါတော့တယ်။ အခုနောက်ပိုင်းရောက်လာတဲ့ အာခါတွေပဲ ဗမာစကား ပြောတော့တယ်လို့ ဖာသာရ်က ပြောပြပါတယ်။
မြန်မာမှာဆို အာခါလူဦးရေ မူလက ၂သိန်းကျော်လောက်ရှိတယ်လို့ ဖာသာရ်က စာရင်းတွေအရ ပြောပြတယ်။ ဒါပေမယ့် အခုတော့ ဟိုဘက်မှာ တစ်သိန်းတောင် မပြည့်တော့ပါဘူး။ ထိုင်းဘက်မှာက လူဦးရေ သိန်းကျော်နေပြီလို့ဆိုတယ်။
အာခါတွေဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလား၊ ထိုင်းနိုင်ငံက တိုင်းရင်းသားလား ဝိဝါဒတွေ ကွဲနေပေမယ့်လည်း သူကိုယ်တိုင်နဲ့ အရင်တုန်းကရောက်လာတဲ့ အာခါတွေရဲ့ (ထိုင်းမှာမွေးလာတဲ့သူတွေကလွဲရင်) စိတ်ဆန္ဒကတော့ နိုင်ငံရေးကောင်းရင် မြန်မာပြည်ကိုပဲ ပြန်ချင်တယ် ပြောကြတယ်လို့ ဖာသာရ်က ဆိုပါတယ်။
ကျွန်တော်တို့ အာခါရွာ View Point မှာ ရှုခင်းကြည့် စကားတွေပြောပြီး မဲဆိုင်မြို့ထဲကို ပြန်လာပါတော့တယ်။ ဖာသာရ်ရဲ့ ဘုရားကျောင်းမှာပဲ ကျွန်တော်တို့ရဲ့ တစ်နေ့တာသွားခဲ့တဲ့ ခရီးစဉ်ကို အဆုံးသတ်လိုက်ပါတယ်။ လွှတ်တော်အမတ်ဖြစ်သူ ဦးဇော်လည်း အိမ်ပြန်သွားတယ်။

ဦးဇော်နဲ့ ကျွန်တော်က နက်ဖြန်တစ်ရက် ထပ်တွေ့ရဦးမှာပါ။ ဦးဇော်ကို ပရိုဖိုင်းရေးဖို့ အင်တာဗျူးရန် ချိန်းထားတာကြောင့်ပါ။ မနက်ဖြန် သူ့အိမ်မှာပဲ နေ့လယ်စာစားရင်း အင်တာဗျူးဖို့ ချိန်းဆိုလိုက်တယ်။ ကျွန်တော်နဲ့ သူငယ်ချင်းက တည်းတဲ့ဟိုတယ်ကို ပြန်လာခဲ့လိုက်ပါတယ်။
ကျွန်တော်တို့ တည်းခိုတဲ့ဟိုတယ်က ရောက်မြစ်နဲ့ နီးပါတယ်။ စျေးလည်းသင့်တယ်။ အခန်းကတော့ ဟိုတယ် ဆိုတာထက် Guest House သာသာပါပဲ။ တည်းရတာ စျေးသင့်ပြီး အဆင်ပြေတယ်။ ဟိုတယ်ရောက်တော့ ဟိုတယ် အပေါက်ဝမှာ အသက်အရွယ်က ၂၀ ကျော်ကနေ ၃၀ လောက်ရှိမယ့် မြန်မာမိန်းကလေးတွေကို တွေ့ လိုက်ရတယ်။
အကုန်လုံးက အရွယ်ကောင်းလေးတွေချည်းပါပဲ။ ၅ ယောက်တစ်စု ၁၀ ယောက်တစ်စုစီ ရှိနေကြတယ်။ ဟိုတယ်မှာလည်း အခန်းတွေ ယူထားကြတာတွေ့ရတယ်။ သူတို့ဆီကို ကွမ်းတံတွေးတပျစ်ပျစ်နဲ့ ပွဲစားလိုလို လူတွေက ဆိုင်ကယ်နဲ့ လာတာကိုတွေ့ရတယ်။

မဲဆိုင်မြို့နံနက်ခင်းသည် စျေးသွားစျေးလာများဖြင့် စည်ကားစွာ နိုးထလာမြဲဖြစ်သည်။
လူကုန်ကူးတာလားလို့ ကျွန်တော်လည်း ထင်လိုက်မိသေးတယ်။ နောက်တော့မှ သိရတာက မြန်မာမိန်းကလေးတွေက အိုမန်တို့၊ ဒူဘိုင်းတို့မှာ အလုပ်သွားလုပ်မယ့်သူတွေပါ။ နယ်စပ်လမ်းကြောင်းတွေကနေ ထိုင်းနိုင်ငံထဲဝင်လာကြပြီး ဘန်ကောက်ကို တက်ကြတာပါ။ ဘန်ကောက်ကနေမှတဆင့် သက်ဆိုင်ရာ နိုင်ငံတွေကို ထွက်ရတာပါ။
မဲဆိုင်ကားဂိတ်မှာလည်း အဲဒီလို မြန်မာမိန်းကလေးတွေ တစ်နေ့ကို ဆယ်ဂဏန်း၊ ရာဂဏန်းနဲ့ အုပ်စုလိုက်တွေ ထွက်ခွာနေကြတာကို တွေ့ခဲ့ရပါတယ်။ မဲဆိုင်ကနေ ဘန်ကောက်ကို သွားဖို့ကလည်း ငွေထပ်ကုန်ပါသေးတယ်။ သူတို့ရောက်မယ့် နိုင်ငံမှာ အလုပ်အဆင်ပြေမပြေ မသိရသေးပေမယ့် သူတို့ မြန်မာနိုင်ငံကနေ ထွက်ဖို့အရေးတောင် သိန်းရာဂဏန်းလောက်ကုန်ခဲ့ပါပြီ။
နောက်နေ့မနက်ကျတော့ ဦးဇော်အိမ်ရှိရာကို သွားခဲ့ပါတယ်။ အိမ်က သူဖွင့်ထားတဲ့ဆိုင်နဲ့ မဝေးပါဘူး။ အိမ်ရှေ့ မှာ ဆိုင်ထွက်တဲ့ ပစ္စည်းတွေကိုလည်း တွေ့ရတယ်။ မဲဆိုင်ရေကြီးတုန်းက ဦးဇော်အိမ်လည်း တစ်ဝက်လောက် မြုပ်သွားသေးတယ်။ သူတို့မနည်းရှောင်တိမ်းပြီး ရေဘေးရှောင်ခဲ့ရတယ်လို့ပြန်ပြောပြတယ်။ ဦးဇော် အမျိုးသမီးက အင်တာဗျူးပြီးတဲ့အခါ ကျွန်တော်တို့ကို အာခါဟင်းတွေနဲ့ ဧည့်ခံပါတယ်။
ကျွန်တော်တို့လည်း စားသောက်နှုတ်ဆက်ပြီးထွက်လာခဲ့ကြတယ်။ အာခါရိုးရာပွဲတစ်ခုလည်း နောက်လတွေမှာ ကျင်းပဖို့ရှိတော့ မဲဆိုင်ကိုပြန်လာမယ့်အကြောင်းပြောဖြစ်တယ်။ အာခါရိုးရာ ဒါန်းစီးပွဲပါ။ နှစ်စဉ်လုပ်ကြတယ်။ ထိုင်းမှာ ခမ်းခမ်းနားနားလုပ်ကြ။ နိုင်ငံခြားသားတွေ မှတ်တမ်းတင်ကြပေါ့။ မြန်မာဘက်မှာတော့ ပွဲတွေရှိမလားမသိဘူး။

မဲဆိုင်စျေးအတွင်း ရောင်းချသည့် စျေးသည်အများစုမှာ မြန်မာများဖြစ်ပြီး စျေးထဲတွင် မြန်မာပြည်တွင်းထုတ် ပစ္စည်းမျိုးစုံရှိသည်။
ကျွန်တော်လည်း ခရီးစဉ်ကိစ္စ၊ အလုပ်ကိစ္စတွေပြီးတော့ ချင်းမိုင်ကို ပြန်ရဖို့ပြင်ပါတော့တယ်။ ကားလက်မှတ်က အလာတုန်းကလို ချင်းမိုင်ကိုတစ်ဆင့်တည်း မဖြတ်တော့ဘူး။ ချင်းရိုင်ကိုကားလေးနဲ့တစ်ဆင့် ချင်းရိုင်ကနေမှ ချင်းမိုင်ကိုတစ်ဆင့် အဲလိုစီးဖို့ သူငယ်ချင်းက အကြံပေးတယ်။ သူက ကားစောင့်စရာမလိုဘဲ တစ်နာရီတစ်ခါ ထွက်တဲ့ ကားတွေနဲ့ စီးသွားရင် ပိုမြန်တယ်လို့ဆိုပါတယ်။
ညနေ ၃ နာရီလောက်ပဲ မဲဆိုင်ကားဝင်းကို ထွက်လာခဲ့တယ်။ ကားဝင်းရောက်တော့မှ ထွက်ခါနီးကားကို လက်မှတ် ဖြတ်လိုက်ပါတယ်။ ကားပေါ်စတက်တာနဲ့ ကျွန်တော်ရောက်ကတည်းက တိတ်နေတဲ့မိုးက သဲသဲမဲမဲရွာချတယ်။ မိုးသားတွေက မဲမှောင်နေတယ်။ ကားမှန်ကနေတစ်ဆင့် အပြင်မှာ ရွာနေတဲ့ မိုးရေစက်တွေကို ငေးကြည့်နေရင်း ကျွန်တော်ရောက်ခဲ့၊ ဆုံခဲ့တဲ့သူတွေ အကြောင်းကို တွေးတောနေမိတယ်။
ထိုင်းနဲ့ လာအိုကို ရွှေ့ပြောင်းအလုပ်လုပ်နေကြတဲ့မြန်မာတွေ ၊ မြန်မာနိုင်ငံကနေ ရတဲ့နည်းတဲ့ ပြည်ပကိုတိုးထွက်လာကြတဲ့ အရွယ်ကောင်း အမျိုးသမီးငယ်လေးတွေ၊ မူလဒေသကနေ ရွှေ့ပြောင်းနေကြတဲ့ အာခါလူမျိုးတွေ သူတို့ အကြောင်းတွေက ခေါင်းထဲမှာ အစီအရီပေါ်လာတယ်။

ကိုယ့်တိုင်းပြည်ကမကောင်းတော့ နိုင်ငံထဲကနေရတဲ့နည်းနဲ့ထွက် ပြည်ပတွေမှာ ပြန့်နှံ့လုပ်ကိုင်နေပြီး မျက်နှာငယ်နေရတဲ့ မြန်မာလူမျိုးတွေအကြောင်း စဉ်းစားရင်းလည်း စိတ်ထဲ မွန်းကြပ်လာမိတယ်။
၂၀၁၅ ခုနှစ်တွေတုန်းက ပြည်ပနိုင်ငံအသီးသီးကနေ မြန်မာနိုင်ငံမှာ ပြန်လည်အခြေချဖို့၊ စီးပွားရေးလုပ်ကိုင်ဖို့ ကိုယ်ရှာထား၊ တတ်ထားတဲ့ပညာတွေနဲ့ တိုင်းပြည်ကို ပြန်အကျိုးပြုလုပ်ကိုင်မယ်ဆိုပြီး တက်ကြွလန်ဆန်းစွာ ပြည်တော်ပြန်ဝင်လာကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ပုံရိပ်တွေဟာ အိပ်မက်တွေလို ပျောက်ကွယ်သွားကြပါပြီ။
အဲဒီလို တွေးနေရင်းနဲ့ ကျွန်တော်ကိုယ်တိုင်ကရော။ ပြန်စဉ်းစားမိတော့ ကိုယ်တိုင်လည်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးပါပဲ။ ကျွန်တော် အလုပ်ကိစ္စနဲ့ ထိုင်းနိုင်ငံတွင်းမှာ ခရီးတွေထွက်ရလေ့ရှိပါတယ်။ ပြီးရင် ပြန်ရတဲ့ အချိန်ရောက်တိုင်း “အိမ်ပြန်မယ်” လို့ မသုံးနှုန်းမိတာ သတိထားမိတယ်။ ကိုယ်နေတဲ့မြို့ကိုပဲ အစွဲပြုလို့ ချင်းမိုင်ပြန်ရမယ်။ ဒီလိုပဲ သုံးမိပါတယ်။

အိမ်ဆိုတာကရော။ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုပါသလဲ။ တချို့က မိသားစုဝင်တွေရှိနေတဲ့ ဘယ်နေရာမဆို အိမ်လို့ သတ်မှတ်တယ်။ တချို့ကတော့ ကိုယ့်မွေးရပ်မြေကိုပဲ အိမ်လို့ဆိုတယ်။ ပထမအချက်အရဆိုရင်တော့ ကျွန်တော် အခုပြန်နေတာကအိမ်ကိုပါ။ ဒုတိယအချက်အရဆိုရင်တော့ ကျွန်တော်ပြန်နေပေမယ့် အိမ်မဟုတ်ဘူးပေါ့။ မိတ်ဆွေတို့အနေနဲ့ရော ဘယ်လိုထင်မြင်ပါသလဲ။
11 comments
Slots are so engaging – it’s all about that little bit of hope with each spin! I was checking out platforms & saw 987ph login seems legit, with a good verification process – important for peace of mind, right? Definitely a plus for a new player!
Interesting read! Seeing how platforms like legend link ph club are adapting to local preferences – peso transactions & GCash are key! – shows a smart approach to gaming. It’s all about accessibility & trust, right? Hoping for more innovation in the space!
Dice games are surprisingly complex when you start looking at probabilities! It’s cool how platforms like 2jl download make exploring different games so easy, even with a simple app! Fun to learn the odds. 😉
Your article helped me a lot, is there any more related content? Thanks!
Diving into the world of safa777game. Wish me luck! Gonna try my hand at some high stakes action. Will report back with the results!
https://www.pin77-ol.com I am thanksful for this post!
phwin25 https://www.phwin25g.net
nustar online https://www.etnustar-online.com
ph22login https://www.ph22login.org
af777 https://www.laaf777.com
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?