မဏ္ဍိုင်၊ မတ် ၅၊ ၂၀၂၅။
ဆွမ်းဆန်ထဲ ကြွက်ချေးရောတယ်ဆိုတဲ့ စကားပုံကို ကြားဖူးကြမှာပါ။ အကောင်းတွေကြားထဲမှာ မကောင်းတဲ့ အပုပ်အသိုးတွေပါလာတဲ့အခါ၊ လူကောင်းတွေကြားထဲ မကောင်းဆိုးရွား လူစုတ်တွေပါလာတဲ့အခါမျိုးမှာ ဒီစကားပုံကိုသုံး တတ်ကြတယ်။ အခုလည်း သတင်းမီဒီယာလောကထဲမှာ ကြွက်ချေးတချို့ကို တွေ့နေရတယ်။
သတင်းမီဒီယာအလုပ်ဟာ တိုင်းပြည်တစ်ခုအတွက် အရေးပါတဲ့ အလုပ်တစ်ခု၊ ဒီသတင်းမီဒီယာလုပ်ငန်းမှာ လုပ်နေကြတဲ့သတင်းသမားတွေဆိုတာဟာလည်း တကယ့်ကို အရေးပါတဲ့အလုပ်တာဝန်တွေကို ထမ်းဆောင်နေ ရတဲ့သူတွေ။ သတင်းမီဒီယာအလုပ်ရဲ့ ကျင့်ဝတ်တွေကို လိုက်နာပြီး တကယ်တန်ဖိုးထားလုပ်ကိုင်ရင် ဒီအလုပ် ဟာ မွန်မြတ်တဲ့အလုပ်တစ်ခု၊ ဂုဏ်ယူရတဲ့အလုပ်တစ်ခုပါ။
ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီး လွတ်လပ်တဲ့ သတင်းစာ၊ ဂျာနယ်တွေ ပိတ်ခံလိုက်ရတဲ့နောက်ပိုင်း အွန်လိုင်း သတင်းဌာနတွေ အပြိုင်းအရိုင်းပေါ်လာကြတယ်။ အဲဒီအထဲမှာ ကြွက်ချေးတချို့ ပါ ရောပါလာတယ်။ ဒီကြွက်ချေး တချို့ရဲ့ လုပ်ရပ်ကြောင့် ဂုဏ်ငယ်စရာတွေနဲ့ ရင်ဆိုင်နေရတယ်။ သတင်းသမားတွေ နှာခေါင်းရှုံ့ခံနေရတယ်။
သတင်းစာအလုပ်မှာ ဘခြောက်လုံးတောင် မကြေညက်၊ သတင်းသမားကျင့်ဝတ်ကိုလည်း နားမလည်ဘဲ စိုင်ကော်လို့ ချုံပေါ်ရောက်လာတဲ့ ဥုံဖွ အယ်ဒီတာချုပ်နဲ့ တိုက်ပိုင်တချို့ကြောင့် အခုလိုဖြစ်ရတာ ပိုများတယ်။
ဒီလူတွေဟာ သတင်းမီဒီယာအလုပ်ကို ဘယ်လိုတွေလုပ်ကြမယ်၊ ဘယ်သတင်းတွေကို ဘယ်လိုရေးသား ကြမယ်၊ သတင်းခန်းကြီးကို ဘယ်လို လုပ်ကြမယ်ဆိုတာထက် ဘယ်ကားကို ဘယ်လိုစီးကြမယ်၊ ဘယ်သူ့ထက် ငါက ကားဘယ်နှစ်စီး ပိုစီးနိုင်တယ်၊ ဘယ်အရက်က ပိုကောင်းပြီး ဘယ်လိုသောက်ရတယ်ဆိုတာလောက်နဲ့ လမ်းဆုံးပြီး အယ်ဒီတာချုပ်ဘွဲ့၊ သတင်းမီဒီယာတိုက်ပိုင်ဘွဲ့တွေ ခံယူတတ်ကြတယ်။
သူတို့တွေကသာ ကားအမျိုးမျိုးစီး၊ ကလပ်အမျိုးမျိုးတက်၊ အရက်အကောင်းစား အမျိုးမျိုးသောက်နေကြတာ ရုံးမှာရှိတဲ့သတင်းသမားတွေကိုတော့ မဝရေစာလစာကိုတောင် မှန်မှန်ပေးနိုင်တာ မဟုတ်ဘူး။ ဒီကြားထဲ လုပ်အားခက ခေါင်းပုံဖြတ်ယူလိုက်သေးတယ်။
ဒီထက်ဆိုးတာက ကိုယ့်လောကသား သတင်းသမားလုပ်ဖော်ကိုင်ဖက်အမျိုးသမီးတွေအပေါ်မှာ အခွင့်အရေးယူ ဂုတ်ကျားဇာတ်ခင်းကြတာပဲ။ ပြည်တွင်းထဲမှာ မလုံခြုံလို့ ထွက်ပြေးလာတဲ့ အမျိုးသမီးသတင်းသမားတွေကို ကူညီတာထက် ကယ်တယ်ရှင်ဂိုက်ဖမ်းပြီး ကြာခိုဖို့ ကြိုးစားကြတယ်။ ကိုယ့်ကိုယ်ကိုတော့ ကိုရီးယားဇာတ်လမ်း ခင်းနေတယ်လို့ အထင်ရှိတုန်း။ အခုထိ ကြာကူလီရုပ်ပေါက်နေတာကို မမြင်နိုင်သေးဘူး။
သူတို့ကိုကြည့်လိုက်ရင် သတင်းသမားတွေကို တန်ဖိုးထားဖို့၊ သတင်းအလုပ်ကို ကြိုးစားပမ်းစားလုပ်ကိုင်အား ထုတ်ဖို့ထက် သူတို့ ကြွားဖို့၊ ကြွယ်ဖို့၊ ကျော်ကြားဖို့လောက်သာ အာရုံရကြတယ်။ ခေတ်ပျက်မှာ သူဌေးဖြစ်ချင် ကြတယ်။ သတင်းသမားတွေကို အသုံးချပြီး သတင်းမီဒီယာတိုက်ပိုင်ရှင်တွေ၊ ထုတ်ဝေသူတွေဟာ သူဌေးဖြစ်ဖို့ ကြိုးစားလာကြတာတွေ့ရတယ်။ သူတို့ဟာ ဒီလိုအသုံးချမယ့်နေရာမှာသာ သတင်းသမားတွေကို တန်ဖိုးထား ကြတာ။
နွေဦးတော်လှန်ရေးစခဲ့ကြတဲ့အချိန်ကနေ ဒီနေ့အထိ စာရင်းချုပ်ရင် တိုက်ပိုင်အယ်ချုပ်တွေ၊ ထုတ်ဝေရေး အမည်ခံတွေသာ ကောင်းစားသွားတာ သတင်းခန်းထဲက သတင်းအလုပ်တွေကို တကယ်ကြုံးရုန်းလုပ်နေကြတဲ့ သတင်းသမားတွေကတော့ မငတ်ရုံ နေ့စဉ်ရုန်းကန်နေရတယ်၊ အခုဆို တချို့ဟာ ရပ်တည်ဖို့အတွက် နေ့စားအလုပ်တောင် ပြောင်းလုပ် နေရတာတွေ ရှိတယ်။
ရင်နာစရာကောင်းတာက တိုက်ပိုင်အယ်ချုပ်တွေ ကောင်းစားသွားတာဟာ သူတို့အမေ အမွေပေးထားတဲ့ ပိုက်ဆံ မဟုတ်ဘဲ သတင်းမီဒီယာဖွံ့ဖြိုးရေး အထောက်အပံ့တွေ ဖြစ်နေတာပဲ။ သူတို့ကိုယ်ပိုင် ပိုက်ဆံဆို သူတို့ဘာလုပ် လုပ် ပြောစရာ ဘာအကြောင်းမှ မရှိဘူး။
ဒီလိုတွေးမိတိုင်း ကိုယ့်ငွေနဲ့ကိုယ် သတင်းစာ၊ ဂျာနယ်ထုတ်ပြီး လွတ်လွတ်လပ်လပ်လုပ်ခွင့်ပေးခဲ့တဲ့ သတင်းစာ၊ ဂျာနယ်တိုက်ပိုင်ရှင်တွေကို အလေးပြုမိတယ်။ ဒီလိုလေးစားရတဲ့လူကြီးတွေကြောင့် ဂုဏ်သိက္ခာရှိခဲ့တဲ့ သတင်းစာလောကကြီးဟာ အခုတော့ ကြွက်ချေးတချို့ကြောင့် သိက္ခာမဲ့နေရရှာပြီ။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သတင်းစာတွေ၊ ဂျာနယ်တွေရပ်ပြီး အွန်လိုင်းသတင်းမီဒီယာတွေ အားကောင်းမောင်းသန် အလျှိုလျှိုပေါ်လာကြတယ်။ သတင်းစာအလုပ်ကို တကယ်ချစ်မြတ်နိုးပြီး ဆက်လုပ်နေ ကြတဲ့ သတင်းသမားတွေ များစွာရှိနေဆဲပဲ။ ဒီလူတွေဟာ အသံတိတ်ပြီး ကြိတ်လုပ်နေကြတယ်။ အားထုတ်နေ ကြတယ်။
အလားတူ နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ထွက်လာတဲ့ တကယ်အားကိုးရတဲ့ သတင်းမီဒီယာအသစ်တွေလည်း များစွာရှိတယ်။ အဲဒီဌာနတွေမှာ အရည်အချင်းရှိ သတင်းသမားအသစ်တွေ လုပ်နေကြတယ်။ သတင်းခန်း တွေကို စီမံခန့်ခွဲနိုင်တဲ့ သတင်းသမားအသစ်တွေလည်း တွေ့ရတယ်။ ဒီလူတွေဟာ သတင်းအလုပ်ပဲ လုပ်ကြ တယ်။ ငွေကြေးရရ၊ မရရ လုပ်စရာရှိတဲ့ သတင်းအလုပ်၊ သတင်းသမားအလုပ်ကို ဆက်လုပ်နေကြတယ်။
အခုအခါ သတင်းမီဒီယာလောကမှာ ဆွမ်းဆန်နဲ့ ကြွက်ချေး ကွဲပြားလာတာတွေ့ရတယ်။ မီဒီယာအထောက်အပံ့ တွေရပ်ပြီဆိုတဲ့အခါ သတင်းမီဒီယာလောကမှာ ကြွက်ချေးတွေ ပေါ်လာတယ်။
ကြွက်ချေးတွေကို ကြည့်လိုက်ရင်လည်း စိုင်ကော်လို့ချုံ့ပေါ်ရောက်တဲ့ ဥုံဖွ အယ်ဒီတာချုပ်၊ တိုက်ပိုင်တွေပါပဲ။ သတင်းသမားတွေအပေါ် ခေါင်းပုံဖြတ်လည်း ဒီလူတွေပဲ၊ မိန်းမရှုပ်တဲ့ အပုပ်နံ့ထွက်လည်း ဒီလူတွေချည်းပဲ။ သတင်းလောကမှာ ဒီလူတွေဟာ ဘယ်လိုစရိုက်လက္ခဏာရှိတယ်ဆိုတာ သူတို့ Brand နဲ့ သူတို့။
ဒီကြွက်ချေးတွေဟာ အမှားတွေလုပ်ထားတာ လူတကာသိသွားပေမယ့် ဆင်ခြင်မသွားဘူး၊ နောက်ဆုတ် မသွားဘူး၊ ပြင်ဆင်ဖို့ မကြိုးစားဘူး။ အမှားတွေကို ထပ်ထပ်လုပ်တယ်။ မိုက်တွင်းတွေ ဆက်တူးတယ်။
သူတို့ကို အားပေးဝန်းရံနေသူတချို့ကြောင့် ကြွက်ချေးတွေဟာ သူတို့ကိုယ်သူတို့ ဆွမ်းဆန်လို့ အထင်ရှိနေ ကြတယ်။ သူတို့လုပ်ရပ်တွေ တင့်တယ်နေတယ်လို့ အမြင်ရှိနေတုန်းပဲ။
ဒီနေရာမှာ သတင်းစာအလုပ်ကို တကယ်တန်ဖိုးထားတဲ့ သတင်းသမားတွေအနေနဲ့ ဂုဏ်သိက္ခာရှိတဲ့သတင်း လောကကြီးအဖြစ် မြင်ချင်သလား၊ ကြက်ချေးတွေရောနှောနေတဲ့သတင်းလောကကြီးကို မြင်ချင်သလားဆိုတာ သတင်းသမားတွေရဲ့အပေါ်မှာသာ မူတည်ပါတယ်။
ဒါကြောင့် သတင်းမီဒီယာအလုပ်၊ သတင်းစာအလုပ်ကို တကယ်ချစ်မြတ်နိုးသူတွေအနေနဲ့ သတင်းမီဒီယာ လောကထဲက ကြွက်ချေးတွေကို ဖယ်ထုတ်ကြရမယ်၊ ဖော်ထုတ်ကြမယ်ဆိုရင် သိပ်မကြာခင်မှာ ဆွမ်းဆန်ထဲက ကြွက်ချေးတွေ ပယ်ပျောက်ပြီး ဂုဏ်သိက္ခာရှိတဲ့သတင်းစာလောကကို ပြန်လည်ဆိုက်ရောက်နိုင်မှာဖြစ်ပါတယ်။