OpinionOpinion Feature

အကောင်းကြိုက်သူတွေများတဲ့ မြန်မာပြည်

မဏ္ဍိုင်၊ အောက်တိုဘာ ၂၀၊ ၂၀၂၂။

ဒီနေ့ အင်းစိန်အကျဉ်းထောင်မှာ ဗုံးကွဲတာမှာ အကျဉ်းထောင်ဝန်ထမ်းတွေအပြင် နိုင်ငံရေးအကျဉ်းသားမိသားအစုဝင်တွေနဲ့ ပြည်သူတချို့သေဆုံး ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်။

ဒါဟာ ဘယ်သူ့လက်ချက်လဲ၊ ဘယ်သူတာဝန်ယူမှာလဲ၊ ဘယ်သူ တာဝန်ခံမှာလဲ ဆိုတဲ့ အပြစ်တင်တဲ့လေသံတွေဟာ ဒီမိုကရေစီလိုချင်ပါတယ်ဆိုတဲ့သူတွေဆီကနေ ကျယ်ကျယ် လောင်လောင်ထွက်လာတယ်။

ဒါကို ဘယ်သူလုပ်တာလဲ တာဝန်ခံရမယ်လို့ပြောလိုက်တာဟာ နေရင်းထိုင်ရင်း “ငါ့မှာ တာဝန်မရှိဘူး၊ လုပ်တဲ့ကောင်မှာပဲ တာဝန်ရှိတယ်၊ လုပ်တဲ့ကောင်ရဲ့အပြစ်ပဲ” လို့ ပြောလိုက်တာပဲ။

ကိုယ့်ကိုယ်ကို ကိုယ်ရည်သွေး၊ ကိုယ်လွှတ်ရုန်းထွက်ပြီး သူများအပေါ်အပြစ်တွေပုံချ၊ လက်ညိုးထိုးတတ်တဲ့ မြန်မာ့လူ့အဖွဲ့ အစည်းရဲ့ခေါက်ရိုးကျိုးနေတဲ့ အကျင့်တစ်ခုကို ထင်ထင်ရှားရှားမြင်လိုက်ရတယ်လို့ဆိုရမယ်။

အဲတော့ နိုင်ငံရေးအသိုင်းအဝိုင်းက လူတွေရော၊ မီဒီယာကရော၊ တော်လှန်ရေးအဖွဲ့အစည်းတချို့ကရော အခုကိစ္စကို ကန့်ကွက်ရှုတ်ချကြတယ်၊ NUG ကိုယ်တိုင်ကလည်း ကန့်ကွက်တယ်၊ စုံစမ်းစစ်ဆေးရေးတွေလုပ်သွားပြီး အရေးယူမူတွေ လုပ်မယ်လို့ စာထုတ်တယ်။

ဒီလို စာထုတ်ပြန် လိုက်တဲ့အခါ အခုတော်လှန်ရေးလှုပ်ရှားမှုကို လုပ်လိုက်ကြတဲ့ အဖွဲ့က လူတွေအနေနဲ့ ဘယ်လိုခံစားရမလဲလို့ တွေးမိတယ်။

စစ်ကောင်စီချေမှုန်းရေး မစ်ရှင်တွေကို လူစည်ကားရာနေရာတွေမှာ မလုပ်ဖို့၊ ထောင်ဝင်စာတွေ့တဲ့နေရာမှာ အခုလိုဖောက် ခွဲရေးတွေလုပ်လိုက်တာဟာ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ ဒုက္ခရောက်သွားနိုင်တယ်ဆိုတာကို တွေးဆပြီး နောက်ပိုင်းမစ်ရှင်တွေကို ဆင်ဆင်ခြင်ခြင်လုပ်ဖို့လိုတယ်ဆိုတာမျိုး ထောက်ပြရင်လုံလောက်ပါလျက်နဲ့ တစ်ဦးကိုတစ်ဦး စိတ်ဝမ်းတွေကွဲကြအောင် အပြစ်တွေပုံချနေကြတယ်။

ရန်သူပျော်အောင် စိတ်ဝမ်းတွေကွဲပြနေကြတယ်။ ဟိုလူ့မှာတာဝန်ရှိသလိုလို ဒီလူမှာ တာဝန်ရှိသလိုလိုနဲ့ ခေါင်းရှောင်ချင်သလိုလို လုပ်ချင်ကြတယ်။

တကယ်တော့ ဒီကိစ္စဟာ တော်လှန်းရေးလှုပ်ရှားမှုလုပ်ဆောင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုတည်းမှာ တာဝန်ရှိတာ မဟုတ်ပါ ဘူး။ နွေဦးတော်လှန်ရေးကြီးမှာပါဝင်တဲ့ ဒီမိုကရေစီလိုလားကြတဲ့ လူတွေအားလုံးမှာလည်း တာဝန်ရှိပါတယ်။

နွေဦးတော်လှန်ရေးကြီးဟာ အာဏာရှင်စနစ်ဆိုးကို တော်လှန်ဖို့ အားလုံးကိုယ့်သဘောကိုယ်ဆောင်ပြီး ကိုယ်စီကိုယ်စီ လမ်းပေါ်ထွက် ဆန္ဒပြရာကနေ ဖြစ်လာတဲ့ လူထုလှုပ်ရှားမှုကြီးပါ။

အကြမ်းဖက်အာဏာရှင်ရဲ့ ရက်စက်တဲ့ဖြေရှင်းမှု ကြောင့်သာ တော်လှန်ရေးကြီးဟာ ပုံစံပြောင်းပြီး တော်လှန်ရေးမှာ ပါဝင်တဲ့သူတွေဟာလည်း နေရာပေါင်းစုံမှာ ပုံစံမျိုးစုံနဲ့ တော်လှန်နေကြရတာပါ။

အတူတူလုပ်နေကြတဲ့တော်လှန်ရေးမှာ ကောင်းတာတွေလုပ်တုန်းကတော့ လက်ခုပ်လက်ဝါးတီးပြီး မကောင်းတာ တစ်ကြိမ်လောက်ဖြစ်တဲ့အခါမှ သည်းမခံနိုင်ဘဲ အပြစ်တွေပုံချပြီး လူတော်လူတတ်ကြီးလုပ်ပြနေကြတာကတော့ သိပ်ကို အကောင်းကြိုက်လွန်းတယ်လို့ပဲဆိုရမှာပါ။

မစ်ရှင်လုပ်ခဲ့တဲ့ သူတွေလည်း အကောင်းကြိုက်ချင်ရှာမှာပေါ့။

ဒါပေမဲ့ ဗုံးတွေ၊ ကျည်းဆံတွေမှာက နာမည်၊ လိပ်စာတပ်ပေးလိုက်လို့ရတာမဟုတ်ဘူး။ ပြီးတော့ အခုကွဲခဲ့တဲ့ဗုံးဖြစ်လာဖို့ ဝေဖန်နေကြတဲ့သူတွေ လှူဒါန်းထားတဲ့ ငွေတွေလည်း ပါနိုင်တာပဲ။ ဒီလိုအခြေအနေတွေကြောင့် ဒီမိုကရေစီလိုလားတဲ့ သူအားလုံးမှာ တာဝန်ရှိတာလို့ ပြောချင်တာပါ။

အင်းစိန်အကျဉ်းထောင် ဗုံးခွဲမှုကို STA (Special Task Agency of Burma) မြို့ပြစစ်သည်တော်များအဖွဲ့က လုပ်ဆောင်ခဲ့ တာလို့ သူတို့က ကြေညာချက်ထုတ်ပြန်တယ်။ ဒီလို ကြေညာချက်ထုတ်လိုက်တာဟာ ဒီကိစ္စကို သူတို့တာဝန်ယူလိုက်တဲ့ သဘောပဲ။ သူတို့ရဲ့ကြေညာချက်ထဲမှာ ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သက်ဘဲ ကိုယ့်သဘောနဲ့ကိုယ်လုပ်တယ်ဆိုတာ လည်း ထည့်ရေးထားပါသေးတယ်။

ဒီအဖွဲ့ဟာ သြဂုတ်လတုန်းကလည်း တောင်ဒဂုံဘက်မှာ စစ်ကောင်စီ မော်တော်ယာဉ်ကို ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာမှာ စစ်သားနှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ပြည်သူနှစ်ဦးလည်း ထိခိုက် ဒဏ်ရာ ရတာမျိုးဖြစ်ခဲ့ဖူးပါသေးတယ်။

ဒါပေမဲ့ အဲဒီတုန်းက ဒဏ်ရာရတဲ့သူနှစ်ဦးဟာ နိုင်ငံရေးအကျဉ်သားမိသားစုဝင်တွေမဟုတ်ဘဲ သာမန်ပြည်သူတွေ ဖြစ်နေ တာကြောင့်လား သို့မဟုတ် သေဆုံးတာမဟုတ်ဘဲ ဒဏ်ရာ ရရုံလောက်သာဖြစ်ခဲ့လို့လားတော့ မသိဘူး အခုလောက် အပြစ်တင်ဝေဖန်မူတွေ ကျယ်ကျယ်လောင်လောင် မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ သိထားရမှာက အသက်တိုင်းဟာ တန်ဖိုးရှိတယ်ဆိုတာပါပဲ။

STA အဖွဲ့ဟာ တော်လှန်ရေးယူဂျီအဖွဲ့အနေနဲ့ ရန်ကုန်မြို့မှာ ဒလန်ရှင်းတာ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေကို ရှင်းလင်း တာ၊ အုပ်ချုပ်ရေးမှူးရုံးတွေ၊ စစ်ကောင်စီရဲ့လုံခြုံရေးယာဉ်တန်းတွေကို ပေါက်ခွဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ခဲ့တဲ့ အဖွဲ့ပါ။ ပြီးတော့ အားလုံးသိကြတဲ့ သင်္ဃန်းကျွန်းမြို့နယ်က လဝကဦးစီးအရာရှိနဲ့ ဒုဦးစီးမှူးကို ရုံးထဲအထိ ဝင်ရောက်ပြီး သေနတ်နဲ့ပစ်သတ်ပေးခဲ့တာလည်း STA အဖွဲ့ပါပဲ။

အဲဒီအချိန်တွေတုန်းကတော့ ဒီမိုကရေစီလိုလားကြတဲ့ လူထုကြီးဟာ ဝမ်းသာအားရစွာ ဂုဏ်ယူအားပေးခဲ့ကြတယ်။ မစ်ရှင်လုပ်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို သူရဲကောင်းတွေအဖြစ် ဂုဏ်ပြုခဲ့ကြတယ်။

တကယ်လည်း ဒီအလုပ်တွေ လုပ်ဖို့ဆိုတာ ဖုန်းတစ်လုံးနဲ့ စာရိုက်ပြီး ဆဲဆိုအပြစ်တင်ဝေဖန်တာလောက် လွယ်ကူတာ မဟုတ်ဘူး။ အသက်ကိုပေးထား ရပြီး ဘဝတွေကို ရင်းထားရတာ။

ရန်ကုန်မြို့မှာ သာမန်ပြည်သူတွေ အလုပ်သွားအလုပ်ပြန်၊ ဘုရားသွားကျောင်းတက်နဲ့ ကိုယ့်မိသားစုနဲ့ကိုယ် ပျော်ပျော် ရွှင်ရွှင်နေကြရတဲ့အချိန်၊ ဖေ့ဘွက်မှာ ကလစ်တစ်ချက်ပေးဖို့၊ ရှဲလ်တစ်ခုလုပ်ဖို့တောင် တွန့်ဆုတ်နေရတဲ့အချိန်မှာ တော်လှန်ရေးမစ်ရှင် လုပ်မယ့်သူတွေဟာ စစ်ကောင်စီကို ဖြိုခွင်းဖို့ ဗုံးတွေကိုင်၊ သေနတ်တွေဝှက်ပြီးသွားနေရတဲ့အဖြစ်ဟာ သေမင်းနဲ့ အပြန်အလှန် လည်ပင်းဖက်ထားရတဲ့အဖြစ်ပါ။

ယူဂျီမိတ်ဆွေတစ်ယောက်က ရန်ကုန်မြို့ထဲမှာ ဗုံးကိုင်ပြီး လျှောက်သွားဖူးတဲ့အကြောင်း ပြောပြဖူးတယ်။ သူ့လက်ထဲမှာ အချိန်မရွေးပေါက်ကွဲသွားနိုင်တဲ့အတွက် တော်တော်မလွယ်တဲ့ကိစ္စလို့ သူက ရှင်းပြတယ်။ ဒါပေမဲ့ အဲလူဟာ ဒီနေ့အထိ ဖောက်ခွဲရေးတွေ လုပ်နေတုန်းပါ။ တော်လှန်ရေးကြီးမှာ အသက်တွေ ရင်းထားရတုန်းပါ။

မစ်ရှင်မအောင်မြင်ဘဲ လမ်းတစ် ဝက်မှာ ဗုံးကွဲပြီး သေသွားရတဲ့ ရဲဘော်တွေ၊ စစ်ကောင်စီအဖမ်းခံရပြီး စစ်ကြောရေးမှာ အသက်ပေးခဲ့ရတဲ့သူတွေ မနည်းတော့ပါဘူး။

ဒီလိုမျိုးဖြစ်ပြီဆိုရင် အွန်လိုင်းဝေဖန်ရေးသမားတွေကတော့ တောက်တစ်ချက်ခေါက်ပြမယ်၊ RIP ပါ ဆိုတာလေးတင်မယ်၊ သူရဲကောင်းတွေကို အလေးနီပြုပါတယ်ဆိုတာလေးပြောမယ်။ ပြီးရင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြမယ်။

သေသွားတဲ့ သူကတော့ ဘဝတစ်ခုပြီးသွားပြီလေ။ မိသားစုဝင်တွေအနေနဲ့ ဘာမှ စောတဒတက်လို့မရဘူး၊ ငိုသံတောင် ကျယ်ကျယ် မထွက်ရဲတဲ့အဖြစ်။

သေသွားကြတဲ့ တော်လှန်ရေးသမားတွေအတွက် တကယ်ဝမ်းနည်းတယ်ဆိုရင် အသက်ရှင်ကျန်နေသေးတဲ့ တော်လှန်းရေးသမားတွေကို ပိုတန်ဖိုးထားရမယ်၊ ကူညီရမယ်၊ ဖေးမရမယ်။

တကယ်တော့ သူတို့ဟာ နွေဦးတော်လှန် ရေးကြီးအောင်မြင်ဖို့အတွက် အမြင့်ဆုံးတာဝန်တွေကို ထမ်းဆောင်နေရတဲ့ တော်လှန်ရေးရဲဘော်တွေပါ။

နွေဦးတော်လှန်ရေးကာလတစ်လျှောက်လုံးမှာ အာဏာရူးတဲ့လူမိုက်စစ်ကောင်စီဘက်က သတ်လို့သေရတဲ့ အပြစ်မဲ့ ပြည်သူတွေ မနည်းလှပါဘူး။ ကလေးတွေ၊ ဗိုက်ကြီးသည်တွေ၊ မသန်စွမ်းတွေ၊ အသက်ကြီးရွယ်အိုတွေ၊ တော်လှန်းရေး အင်အားစုတွေစသဖြင့် အသက်ပေးသွားရတဲ့သူတွေ အများကြီးပါ။

ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေရဲ့ စစ်ကောင်စီနဲ့ သူ့ရဲထောင့်တိုင်တွေ ရှင်းလင်းရေးမှာလည်း အပြစ်မဲ့ပြည်သူ တချို့ သေခဲ့ရတာ၊ ထိခိုက်ဒဏ်ရာရခဲ့ရတာတွေလည်းရှိပါတယ်။ မန္တလေးမှာ ဆိုင်ကယ်စီးလာတဲ့ သာမန်ပြည်သူ လင်မယား နှစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်ထင်ပြီး ရှင်းလင်းခဲ့တာမျိုးအထိဖြစ်ကြတယ်။ စစ်ကိုင်းတိုင်းမှာ PDF တပ်ဖွဲ့ဝင် အချင်းချင်း ပြန်သတ်တာမျိုးတွေဖြစ်ကြတယ်။

ပြီးတော့ လူစည်းကားတဲ့ ရန်ကုန်မြို့လယ်ကောင် ကားမှတ်တိုင်မှာ ဗုံးကွဲတာ၊ သိပ်မကြာသေးခင်က ဖြစ်သွားတဲ့ ကျိုက်ထိုးရိုးဘုရားဖူးသုံးယောက်သေရတဲ့ကိစ္စ၊ အခု အင်စိန်အကျဉ်းထောင် ထောင်ဝင်စာပို့တဲ့နေရာမှာ ဗုံးပေါက်တာမျိုး တွေအထိ ဖြစ်လာတယ်။

စာရေးသူအနေနဲ့က တောထဲလည်းရောက် မနေဘူး၊ မြန်မာပြည်ပြင်ပမှာလည်း ရှိမနေဘူး။ သာမန်ပြည်သူတစ်ယောက် အနေနဲ့ပဲ ပြည်တွင်းထဲမှာ သွားလာနေရတာပါ။ အဲတော့ တနေ့နေ့ သေရတာမျိုးဖြစ်စေ၊ ဒဏ်ရာရတာမျိုးဖြစ်စေ ကိုယ့်အလှည့်ဘယ်တော့ရောက် မလဲဆိုတာပဲ နေ့စဉ်တွေးနေမိတယ်။

အာဏာရူးစစ်ကောင်စီလက်ချက်နဲ့ပဲ သေရမလား၊ တော်လှန်ရေးအင်အားစုတွေရဲ့ မစ်ရှင်တွေမှာပဲ ရောပါ သေဆုံးရ မလား၊ ဘယ်လိုပဲသေသေ တော်လှန်ရေးအတွက် ရင်းနှီးလိုက်ရတယ်လို့ပဲ နုလုံးသွင်းထားတယ်။ သူများတွေ အသက်ပေး သလို ကိုယ်လည်းအသက်ပေးရနိုင်တယ်ဆိုတဲ့စိတ် ထည့်ထားတယ်၊ သူများမိသားစုတွေ ပျက်စီးသွားကြသလို ကိုယ့်မိသားစုလည်း ပျက်စီးသွားနိုင်တယ်ဆိုတာ အချိန်တိုင်းတွေးထားတယ်။

ကိုယ့်အသက်သေမှာ ကြောက်တိုင်း၊ ကိုယ့်မိသားစု ပြိုကွဲသွားမှာ စိုးရိမ်တိုင်း အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချတယ်၊ လက်နက်ကိုင်တော်လှန်ရေးကို အယုံအကြည်မရှိဘူးဆိုတဲ့ အသံကောင်းဟစ်နေတာဟာ လက်တွေ့မပါတဲ့ စိတ်ကူး ယဉ်သပ်သပ် နိုင်ငံရေးမျှသာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကြီး တစ်စုံတစ်ရာချွတ်ချော်မှုသာရှိခဲ့မယ်ဆိုရင် ဒီလူတွေဟာ “တွေ့လား ငါမပြောဘူးလား မင်းတို့ တော်လှန်ရေးကို အယုံအကြည်မရှိပါဘူး” လို့ ကိုယ်ရည်သွေးပြီး အသံကောင်းဟစ်နေကြဦးမှာပါ။

ဒါပေမဲ့ သူတို့မှာ တော်လှန်ရေးအတွက် ဘာအစီအစဉ်တွေရှိလည်းဆိုရင်လည်း လက်တွေ့ကြတဲ့ ဘယ်အရာမှ ပြနိုင်မှာ မဟုတ်ဘဲ “ဟိုတုန်းက ငါတို့က ဘာတွေ၊ ဘယ်လိုလုပ်ခဲ့တာ၊ ဘယ်အဖွဲ့ကို ဘယ်လောက်လှူခဲ့တာ” ဆိုတဲ့ ချေးခြောက်ရေနူးတာမျိုး၊ မဏ္ဍပ်တိုင်တက်ပြတာမျိုးပဲ လုပ်ပြပါလိမ့်မယ်။

အဲတော့ အခုလိုတစ်ဦးနဲ့တစ်ဦး အပြစ်တွေတင် လက်ညိုးထိုး ဝေဖန်နေကြရင် သံသရာကြီးက ဆုံးမှာမဟုတ်ပါဘူး။ နေရာမျိုးစုံ၊ ပုံစံမျိုးနဲ့တော်လှန်နေကြတဲ့ သူတွေအားလုံး တစ်ဦးကိုတစ်ဦး ဖေးမကူညီ ဝန်းရံကြမှသာလျှင် နွေဦးတော်လှန် ရေးခရီးပန်းတိုင်ခရီးဟာ အချိန်တိုတိုနဲ့ရောက်မှာပါ။

လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းဟာ လူတွေလို စကားပြောပြီး ညှိနှိုင်းဆွေးနွေးဖြေရှင်းလို့ မရတဲ့ တိရစ္ဆာန်လို အာဏာရူးလူတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ပါးစပ်ထက် လက်နက်နဲ့မှ ပြောလို့ရမယ့်အခြေအနေဆိုပါ အားလုံးအသိပါ။

ငြိမ်းချမ်းရေးတိုင်းဟာ ယမ်းနံ့၊ သွေးညှီနံ့တွေကပဲ မွေးဖွားပေးလိုက်တာဖြစ်သလို ယမ်းနံ့၊ သွေးညှီနံ့ကင်းတဲ့ ငြိမ်းချမ်းရေး ဆိုတာလည်း မရှိသလောက်ရှားပါတယ်။ နွေဦးတော်လှန်ရေးကြီးဟာ စိတ်ကူးယဉ်သပ်သပ် ဖက်ရှင်ရှိုးပွဲ မဟုတ်ဘူး။ ကြက်မွေးနဲ့သပ်ပြီး အရသာခံနေလို့ မရဘူး။

ဒီမိုကရေစီကို လိုချင်လို့ အာဏာရူးကိုခြေမှုန်းကြရတဲ့အခါ ဖြစ်လာသမျှ အဆိုးအကောင်းအရာအားလုံးအတွက် ဒီမိုကရေစီလိုလားကြတဲ့ လူတွေအားလုံးမှာ တာဝန်ရှိတယ်။ မင်းတို့၊ ငါတို့ဆိုတဲ့ စိတ်တွေမထားဘဲ ငါတို့အားလုံးစိတ်နဲ့ ချီတက်မှသာ တော်လှန်ရေးပန်းတိုင်ကို အမြန်ဆုံးရောက်မှာပါ။ ။

Related posts
OpinionOpinion Feature

ဘန်ကောက်မြို့ပေါ် ဖွတ်တက်ခြင်း

မဏ္ဍိုင် ဧပြီ ၄၊…
Read more
OpinionOpinion Feature

စစ်တပ်ရှိနေသ၍ တိုင်းပြည်ဆက်၍ နာလိမ့်ဦးမည်

မဏ္ဍိုင်၊ မတ် ၃၀၊…
Read more
OpinionOpinion Feature

ငလျင်ဘေးမှာ ပျောက်ဆုံးသွားတဲ့ လူငယ်တွေရဲ့ အားအင်တွေ

မဏ္ဍိုင်၊ မတ် ၃၀ ၊…
Read more
Newsletter
Become a Trendsetter
Sign up for Davenport’s Daily Digest and get the best of Davenport, tailored for you.

Leave a Reply

Your email address will not be published. Required fields are marked *