“မြေအောက်ရေရှားပါးမှုတွေက ကြုံတွေ့လာနိုင်စရာတွေ ရှိနေပါတယ်” (အင်တာဗျူး)

အထက်မြန်မာပြည် စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးများမှာ ပြင်းထန်စွာ လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် မြေအောက်ရေ ပြောင်းလဲမှုများ မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်မည်ကို ဇလဘူမိဗေဒပညာရှင်ဦးမြင့်သိန်း(မောင်ကျေးရေ)ကို မဏ္ဍိုင် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ဦးမြင့်သိန်းသည် ကျေးရွာဒေသများတွင် ရေရရှိရေးအတွက် မြေအောက်ရေနှင့် စက်ရေတွင်းဆိုင်ရာလုပ်ငန်းများကို ၁၉၈၀ မှ စတင်ကာ ဝန်ထမ်းဘဝဖြင့် စဉ်ဆက်မပြတ်လေ့လာ မှတ်သားလုပ်ကိုင်ခဲ့ပါသည်။ မြေအောက်ရေနှင့်စက်ရေတွင်းများဆိုင်ရာ အတိုင်ပင်ခံနှင့်မြန်မာနိုင်ငံ ရေအရင်းအမြစ်ကော်မတီ၏ အကြံပေးအဖွဲ့ဝင်(မြေအောက်ရေအကြံပေး) အဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပါသည်။


မဏ္ဍိုင် – ဧပြီ ၁၆၊၂၀၂၅။

မေး။ ။ ပထမဦးစွာ ဆရာကြီးကို မေးမြန်းလိုတာက မတ်လ ၂၈ ရက်မှာ ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် မြန်မာ နိုင်ငံအတွင်းမှာ သိသာထင်ရှားစွာဖြစ်ခဲ့တဲ့ မြေလွှာပြောင်းလဲမှုနဲ့ မြေအောက်ရေ ပြောင်းလဲတာတွေရှိရင် သိပါရစေခင်ဗျာ။

‌ဖြေ။ ။ အခု မတ်လက ဖြစ်ပျက်ခဲ့တဲ့ ငလျင်ကြောင့် မြေအောက်ရေအောင်းလွှာဆိုင်ရာ ဂုဏ်သတ္တိများ(Groundwater system and Characteristic) ပြောင်းလဲနိုင်ခြေများစွာ ရှိပါတယ်။ ကျွန်တော် အခု လေ့လာနေပါတယ်။ သင်္ကြန်ပြီးရင် ဖော်ပြ မယ့်ဆောင်းပါးမှာ ပါမှာဖြစ်ပါတယ်။

ကျွန်တော်အနေနဲ့ ၂၀၁၆ ခုနစ်၊ သြဂုတ်လပိုင်းက ပြင်းအားပမာဏ အမ်(၆.၇) တဲ့ ဖြစ်ပေါ်ခဲ့တဲ့ ချောက် ငလျင်ကြောင့် မကွေး တိုင်းဒေသကြီးအတွင်းက စလင်းနဲ့ ဆင်ဖြူကျွန်းမြို့နယ်အနီးအနား ကျေးရွာတွေမှာ ရေတွင်းတွေ ထိခိုက်ပျက်စီးခဲ့တာကို သိရပြီး ဆောင်းပါးရေးခဲ့ပါသေးတယ်။

မေး။ ။မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့ပေါ်မှာနေထိုင်တဲ့ ပြည်သူအများစုဟာ မြေအောက်ရေ (အဝီစိတွင်း) အသုံးပြုမှုများ ပါတယ်။ ဒီမြို့ကြီးတွေမှာ ငလျင်က ပြင်းထန်စွာလှုပ်ခဲ့တဲ့အတွက် မြေအောက်ရေကို အသုံးပြုနေတဲ့ အဝီစိတွင်းတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်ပါသလဲ။ (ဥပမာ မြေအောက်ရေ လမ်းကြောင်းပြောင်းလို့ အဝီစိတွင်းတွေ ရေ မရတော့တာနဲ့ မြေအောက်ရေ ထွက်ပေါ်လာတာမျိုးပေါ့)

ဖြေ။ ။အထက်က အဖြေ (၁)မှာ ပါပြီးဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်ခံရတဲ့ မည်သည့်နေရာမဆို ဆိုးကျိုးနဲ့ ကောင်းကျိုး သက်ရောက်စေနိုင်ပါတယ်။ ဆိုးကျိုးက ပိုများနိုင်မယ်ထင်ပါတယ်။ ငလျင်သက်ရောက်အားဒဏ်ခံရတဲ့ ပမာဏအနည်း အများ ပေါ်မူတည်ပါမယ်။ ငလျင်ဟာ ဘူမိဗေဒဆိုင်ရာ အချက်အလက်တွေကို အခြေခံပါတယ်။

ဒါ့အပြင် ငလျင်ဟာ ဇလဗေဒနဲ့ ဇလဘူမိဗေဒဆိုင်ရာအချက်အလက်တွေနဲ့လည်း ဆက်သွယ်မှုရှိနေပါ တယ်။ ကမ္ဘာ့အပေါ်ယံ မြေသားဆိုင်ရာ ဂုဏ်သတ္တိများနဲ့လည်း မကင်းပါဘူး။

ဒေးဗစ်ဟလ်အမ် (David Helms) ဆိုတဲ့ အမေရိကန်ဘူမိဗေဒနဲ့ ဇလဘူမိဗေဒ စူးစမ်းလေ့လာရေး ပညာရှင်ကလည်း ငလျင် လှိုင်းအားဟာ ရေခိုအောင်းနေတဲ့ မြေလွှာနှင့်ကျောက်ချပ်လွှာတွေကို ရွေ့ လျားစေတဲ့အတွက် မြေအောက်ရေနှင့် ရေတွင်းများ ကို ထိခိုက်စေတယ်လို့ ဖွင့်ဆိုထားပါတယ်။

ငလျင်လှုပ်ခတ်မှုတွေကြောင့် မြေအောက်ရေကို အဓိကအားဖြင့် ဆိုးကျိုးကြီး နှစ်ခုဖြစ်ပျက်စေနိုင်ပါတယ်။ ပထမတစ်ခုက မြေအောက်ရေမျက်နှာပြင် (Water Level) ကိုလှုပ်ခတ်မှုဖြစ်စေတာဖြစ်ပြီး ဒုတိယတစ်ခုကတော့ မြေအောက်ရေ မျက်နှာပြင် အနိမ့်အမြင့်ကို ပြောင်းလဲသွားစေတာဖြစ်ပါတယ်။ မြေအောက်ရေရဲ့ အကျိုးအပြစ်တွေဟာ ငလျင် မလှုပ်ခင်၊ ငလျင် လှုပ်နေ စဉ်နဲ့ ငလျင်လှုပ်ပြီးစတဲ့ အခြေအနေ သုံးခုမှာ ဖြစ်ပျက်လေ့ရှိပါတယ်။

မေး။ ။အဲဒီလိုမြေမျက်နှာသွင်ပြင်ပြောင်းလဲမှု၊ မြေအောက်ရေပြောင်းလဲမှုဖြစ်စဉ်တွေ ဖြစ်တဲ့အခါ လူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မူရှိလဲ၊ နောက်ဆက်တွဲအကျိုးဆက်တွေက ဘာတွေဖြစ်လာတတ်ပါသလဲ။ မြို့ပေါ်နေထိုင်သူတွေ အသုံး ပြုနေတဲ့ အဝီစီတွင်းတွေ မြေအောက်ရေ ရှားပါးမှု ကြုံတွေ့လာနိုင်ပါသလား။

ဖြေ။ ။မြေအောက်ရေထုတ်ယူရေး ကဏ္ဍတွေမှာ အခက်အခဲများစွာ ကြုံတွေ့ရင်ဆိုင်စရာများ ရှိလာနိုင်ပါတယ်။ မြေမျက် နှာပြင်၊ မြေသဘာဝအနေအထားတွေဟာလည်း ငလျင်ရဲ့သက်ရောက်အား အနည်းအများနဲ့ အနီးအဝေးအပေါ်လိုက်ပြီး ပြောင်းလဲနိုင်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ငလျင်လှုပ်နေစဉ်အတွင်း ငလျင်လှိုင်းအားကြောင့် မြေတွင်းတုန်ခါမှုဖြစ်ပေါ်လာနိုင်ပြီး ဒီလိုဖြစ်တာနဲ့ တစ်ပြိုင်တည်း မြေ အောက်ရေအောင်းလွှာအတွင်း ရေဖိအားပြောင်းလဲမှုကို ဖြစ်စေပါတယ်။ အဲ့လိုဖြစ်တဲ့အခါ မြေအောက်ရေ မျက်နှာပြင် လှုပ် ခတ်လာပါတယ်။ အကယ်၍ ငလျင်ရဲ့ပြင်းအားက မြင့်မားပြီးတော့ ငလျင်ဗဟိုချက်နဲ့ မဝေးကွာဘူးဆိုရင်တော့ ဆိုးကျိုး သက်ရောက်မှုပိုလာနိုင်ပါတယ်။

ရေအောင်းသဲလွှာတွေဟာ တစ်ချို့နေရာတွေမှာ ငလျင်လှိုင်းအားကြောင့် သိပ်သည်းကျစ်လျစ်သွားပြီး ရေခန်းခြောက်သွား တာမျိုးတွေရှိပါတယ်။ ဒါ့အပြင် တစ်ချို့နေရာတွေမှာရှိတဲ့ ရေအောင်းသဲလွှာ တွေဟာ ကျစ်လျစ်သိပ်သည်းမှု မရှိတော့တဲ့ အတွက် ကြေမွလွယ်တဲ့ မြေလွှာ၊ ကျောက်လွှာတွေဖြစ်လို့ သဲဆန်တဲ့ ဖျော်ရည်အဖြစ်ပြောင်းလဲသွားပြီး ရေတွင်းမှတစ်ဆင့် မြေပေါ်သို့ပန်းထွက်လာနိုင်ပါတယ်။

ပညာရပ်ဆိုင်ရာ အခေါ်အဝေါ်ကတော့ (liquefaction) ဖြစ်ပါတယ်။ မြေတွင်း ငလျင်လှိုင်းသွား အမြင့်ဆုံးအရှိန် (Peak Ground Acceleration–PGA) တန်ဖိုးမြင့်တဲ့နေရာနဲ့ အရပ်ဒေသတွေမှာ မြေအောက် တွန်းကန်အားကြောင့် မြေအောက် ရေတွေ၊ သဲနဲ့အတူ(သို့) ရေတွေ ရေတွင်းတွေက ပန်းထွက်လာခြင်း၊ ရေခန်းခြောက်ခြင်းနဲ့ စက်ရေတွင်းရဲ့ အနီးပတ် ဝန်းကျင် တွေမှာ မြေကျွံကျခြင်း စတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် မြေအောက်ရေ မျက်နှာပြင်နိမ့်ကျခြင်းနဲ့ ရေလျှံထွက်လာခြင်းတွေဟာ မိနစ် အနည်းငယ်အတွင်း ငလျင်မလှုပ်မီကအခြေအနေသို့ လျှင်မြန်စွာပြန်ရောက်နိုင်သကဲ့သို့ ရက်လကြာ မြင့်စွာ စောင့်ဆိုင်းရတာတွေလည်းရှိပါတယ်။ ဘူမိဗေဒအရ မြေလွှာနှင့်ကျောက်လွှာတွေရဲ့ အနေအထားပြောင်းလဲမှုကြောင့် ဇလဘူမိဗေဒအနေအထားတွေ ပြောင်းလဲသွား တာ ဖြစ်ပါတယ်။

ငလျင်လှုပ်ခတ်ရာ ဗဟိုချက်နဲ့နီးတဲ့ ဒေသတွေမှာ ငလျင်အား ပြင်းထန်မယ်ဆိုရင် စက်ရေတွင်းမှ ရေတွေ မြေမျက်နှာ ပြင် အထိ လျှံထွက်ခြင်း(သို့) စက်ရေတွင်းမှ ရေမျက်နှာပြင်နိမ့်ကျသွားပြီး တွင်းရေ ခန်းခြောက်တာတွေ ဖြစ်စေတတ်ပါတယ်။

မေး။ ။အခုဖြစ်ခဲ့တဲ့ ငလျင်ကြောင့် မြေအောက်ရေ ပြောင်းလဲမှုတွေ ဖြစ်လာတဲ့အခါ လူတွေအနေနဲ့ ဘာတွေကို သတိထား သင့်သလဲ။ ဘာတွေလုပ်ဖို့လိုတယ်လို့ ဆရာ့အနေနဲ့ အကြံပြုချင်ပါသလဲ။

ဖြေ။ ။မြေအောက်ရေကို အဓိကထား အသုံးပြုနေကြတဲ့ အရပ်ဒေသတွေဟာ ယခု ၂၀၂၅ ခုနှစ်၊ မတ် လ ၂၈ ရက်၊ ငလျင်လိုမျိုး ဆိုးဆိုးရွားရွားခံလိုက်ရမယ်ဆိုရင် ဒီအရပ်ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ အနည်းဆုံး မြေအောက်ရေ တူးဖော်ပြီး ရေထုတ်ယူတဲ့အခါ နည်းပညာရပ်တွေကို စနစ်တကျအ သုံးပြုကြဖို့ အထူးလိုအပ်လာပါမယ်။

မေး။ ။လက်ရှိငလျင်ရဲ့အကျိုးဆက်ကြောင့်မြေအောက်ရေ ပြောင်းလဲမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ သုတေသန လုပ်ကြ တာရှိလား၊ သုတေသနလုပ်ဖို့ရော လိုအပ်လား။

ဖြေ။ ။မရှိပါဘူး။ လုပ်ရကောင်းမှန်းလည်း မသိကြပါဘူး။ ဌာနဆိုင်ရာတွေ၊ အစိုးရတာဝန်ရှိ သူတွေဟာလည်း ရှေးရိုးစဉ် ဆက်အတိုင်း မြေရှိရင် ရေရှိတယ်လို့ ယနေ့အထိ ယုံကြည်ထင်မှတ်ထားတုန်းပါပဲ။ မြေအောက်ရေ ဥပဒေဟာလည်း ၂၀၂၀ ပြည့်နှစ်မှာ NLD အစိုးရက ရေးထားပြီး ၂၀၂၁ ခုနှစ်၊ လွှတ်တော်မှာ အတည်ပြုဖို့အသင့်ဖြစ်နေပေမယ့်လည်း ၂၀၂၁ ခုနှစ်မှာ မအလ အာဏာလုသွားတော့ အကုန် သဲထဲရေသွန်ဖြစ်သွားတယ်။

မေး။ ။လက်ရှိမှာ နောက်ဆက်တွဲ ငလျင်ငယ်တွေကလည်း နေ့စဉ်နဲ့အမျှ လှုပ်ခတ်မှုရှိနေတဲ့အပြင် နောက်ထပ် ငလျင် ကြီးတွေ ထပ်မံလှုပ်မှာကို ပြည်သူတွေအနေနဲ့ စိုးရိမ်နေတာတွေရှိပါတယ်။ လာမယ့် အနာဂတ်ကာလာတွေမှာ မန္တလေး၊ စစ်ကိုင်းနဲ့ အထက်မြန်မာပြည်က မြို့တွေမှာ အဝီစိတွင်းနဲ့ မြေအောက်ရေသုံးစွဲသူတွေအနေနဲ့ မြေအောက်ရေ ရှားပါးမှု ကြုံတွေ့လာနိုင်ပါသလား။

ဖြေ။ ။ မြေအောက်ရေရှားပါးမှုတွေက ကြုံတွေ့လာနိုင်စရာတွေ ရှိနေပါတယ်။ ငလျင်ကြောင့်သာမက ရာသီဥတု ပြောင်းလဲလာခြင်းကလည်း မြေအောက်ရေထုတ်ယူရေးအတွက် အဓိကအရေးကြီးတဲ့ အချက်တစ်ချက်အနေနဲ့ ရှိနေပါတယ်။

မြေအောက်ရေနဲ့ စက်ရေတွင်းဆိုင်ရာ ပညာရပ်ရှုထောင့်ကနေ လေ့လာကြည့်တဲ့အခါ မန္တလေး၊ အမရ ပူရနဲ့ ရန်ကုန်မြို့တွေမှာ ငလျင်ပြင်းအားပမာဏ၊ အမ် (၆) အထက် လှုပ်ခတ်လာခဲ့မယ်ဆိုရင် မြေအောက်ရေတွေ ရေတွင်းမှတဆင့် လျှံတက် လာနိုင်ခြင်း သို့မဟုတ် စက်ရေတွင်းတွေ ခန်းခြောက်ခြင်းတွေ ကြုံတွေ့နိုင်ပါတယ်။

မန္တလေးမြို့ပြည်သူတွေရဲ့ (၆၀-၇၀)ရာခိုင်နှုန်းခန့်ဟာ မြေအောက်ရေကို မှီခိုပြီး နေထိုင်နေကြရပါတယ်။ မန္တလေးမြို့ ရပ်ဝန်း ဒေသရှိ မြေအောက်ရေအောင်းလွှာမှ ရေများစွာထုတ်ယူနိုင်သည့် မြေ အောက်ရေဟာ ‌ရေနေ(water level)တိမ်တဲ့ နုန်းမြေ ရေအောင်းလွှာ(Alluvial aquifer)ဖြစ်ပါတယ်။
သဘောကတော့ ငလျင်ရဲ့တွန်းအားဖိအားဒဏ်ကို ခံနိုင်မှုအားနည်းတဲ့ မြေအောက်ရေပျော်ဝင်နေတဲ့ မြေနုမြေအောင်းလွှာ အမျိုးအစားဖြစ်ပါတယ်။ ဒါ့ကြောင့် ငလျင်ပြင်းအားပမာဏ၊ အမ်(၆) အထက် လှုပ်ခတ်လာမယ်ဆိုရင် မန္တလေးနန်းတော်ဝင်း ရဲ့တောင်ဘက်၊ အနောက်ဘက်နဲ့ အနောက်မြောက် ဘက်က နေရာအများအပြားမှာ တွင်ရေတွင်းများရေလျှံခြင်းနဲ့ အချို့ နေရာတွေမှာ မြေကျွံသွားခြင်း (Sinkhole)တွေ ဖြစ်သွားစေနိုင်ပါတယ်။

မေး။ ။မြန်မာနိုင်ငံမှာ မြေငလျင်ကြီးတွေကြောင့် မြေပြင်မျက်နှာသွင်ပြင်တွေ၊ မြေအောက်ရေတွေ ပြောင်းလဲခဲ့တဲ့ ဖြစ်စဉ် တွေ ယခင်ရှိခဲ့ဖူးပါသလား။ ရှိခဲ့ရင် ဘယ်ဟာတွေက ထင်ရှားတဲ့ဖြစ်စဉ်တွေလဲ ဆိုတာ သိပါရစေ။

ဖြေ။ ။တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားရွာက ငလျင်ကြောင့် အဲဒီဒေသက မြို့ရွာ တစ်ချို့မှာ မြေပြင်မျက်နှာ သွင်ပြင်တွေ၊ မြေအောက်ရေတွေ ပြောင်းလဲခဲ့တဲ့ ဖြစ်စဉ်တွေ ကြုံတွေ့ခဲ့ဖူးပါတယ်။ ၂၀၀၃ ခုနှစ်၊ စက်တင်ဘာ လ ၂၂ ရက်၊ တောင်တွင်းကြီးမြို့နယ်မှာ ငလျင်ပြင်းအားပမာဏ (၆.၈) လှုပ်ခတ်မှုကြောင့် ဆတ်သွားရွာနဲ့ ဘူတာရှိ ရေတွင်းတွေ၊ စက်ရေ တွင်းတွေဟာ ရေလျှံတက်လာနဲ့ တချို့တွင်းတွေ ရေခန်းခြောက်သွားတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ယခင်က ရေ မထွက်တဲ့ တွင်းတွေဟာ ရေပြန်ထွက်လာတယ်လို့ ဒေသခံမိတ်ဆွေတွေရဲ့ ပြန်လည်ပြောပြချက်အရ သိရပါတယ်။

၂၀၁၆ ဧပြီလ ၁၃ရက်မှာ ကလေးမြို့ကို ငလျင်ပြင်းအားပမာဏ (၆.၉)နဲ့ ရိုက်ခတ်ခဲ့မှုကြောင့် ကလေးမြို့ရဲ့ အနီးအနား ပတ်ဝန်းကျင်ကျေးရွာတွေမှာရှိတဲ့ ရေတွင်းတွေထဲက ရေတွေဟာ ရေလျှံတာ တွေဖြစ်ခဲ့သလို ချောင်းရိုးနဲ့မြောင်းရိုးတွေက ရေလမ်း ရေစီးပုံစံ ပြောင်းလဲခြင်းတွေဖြစ်ပေါ်ခဲ့တယ်လို့ မုံရွာမြို့က ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနက တာဝန်ရှိ သူတွေကို ဆက်သွယ်မေးမြန်းခြင်းကနေ သိခဲ့ရပါတယ်။

၂၀၁၆၊ သြဂုတ်လ ၂၄ ရက်မှာ ပြင်းအားပမာဏ၊ အမ်(၆.၇)နဲ့ ရိုက်ခတ်ခဲ့တဲ့ ချောက်ငလျင်ကြောင့် မကွေးတိုင်း ဒေသကြီး အတွင်းက စလင်းနဲ့ ဆင်ဖြူကျွန်းမြို့နယ်အတွင်းက ကျေးရွာတွေက ရေတွင်း တွေဟာ မြေမျက်နှာပြင်အထက် (၂- ၃)ပေ ကျော်အထိ ရေလျှံကျခြင်းတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် ရေတွင်းတွေထဲကရေတွေ ပြန်လည်နိမ့်ဆင်းသွားတာကို ဓာတ်ပုံ တွေကနေတဆင့် တွေ့ခဲ့ရပါတယ်။

ဒါ့ကြောင့် ဒီဖြစ်စဉ် ၃ ခုကို လေ့လာခြင်းအားဖြင့် ငလျင်ပြင်းအားပမာဏ (၆-၆.၅) အထက် လှုပ်ခတ်တဲ့ ငလျင်တွေဟာ မြေအောက်ရေနှင့်ရေတွင်းများကိုအန္တရာယ်ဖြစ်စေကြောင်းကို သက်သေပြနေပါ တယ်။ ဒါတွေက ဘူမိဗေဒနဲ့ဇလဘူမိဗေဒ အနေအထားများအရ မြေအောက်ရေနေတဲ့ အနေအထား တွေ ပြောင်းသွားတာကြောင့်ဖြစ်ပါတယ်။

ကျောက်လွှာထူထပ်တဲ့ အရပ်ဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်က တောင်ကြီးမြို့နဲ့ မွန်ပြည်နယ်က မော်လမြိုင်မြို့ စတဲ့ဒေသ တွေမှာရှိတဲ့ ထုံးကျောက်၊ ရေအောင်းလွှာ (ကျောက်ကြားရေအောင်းလွှာ) (fracture rock aquifer)တွေဟာ ငလျင်ပြင်းအား ပမာဏများလေ ကျဉ်းမြောင်းသွားတာ (သို့) ပိတ် သွားတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် ရေထွက်နှုန်းတွေဟာလည်း ပြောင်းလဲသွား စေနိုင်ပါတယ်။

မေး။ ။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောစရာရှိပါကလည်း ပြောပေးပါ။ ကျေးဇူးတင်ပါတယ်။
ဖြေ။ ။ ကျွန်တော့်အနေနဲ့ up to date မြေအောက်ရေနဲ့ ငလျင်အကြောင်းကို အခုသင်္ကြန်အပြီးမှာ ဆောင်းပါးအဖြစ် ရေးသားပြီး ပြည်သူတွေကို တင်ပြသွားဖို့ရှိပါတယ်။ ဒါ့ကြောင့် ပြည်သူတွေကို ဖတ်ကြည့်စေချင်ပါတယ်။

ငလျင် #မြေအောက်ရေ #ခန်းခြောက် #အင်တာဗျူး

Leave a Comment

8 comments

binance kod November 24, 2025 - 1:26 pm

Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?

Reply
Binance代码 December 1, 2025 - 12:15 pm

Thanks for sharing. I read many of your blog posts, cool, your blog is very good.

Reply
webok9 December 22, 2025 - 10:40 pm

Just heard the word ’round town about webok9. Checking it out… hope it’s worth the time!

Reply
77jili January 13, 2026 - 11:41 pm Reply
jilibet004 January 14, 2026 - 3:28 pm Reply
2222ph January 14, 2026 - 7:05 pm Reply
gkbet January 14, 2026 - 9:16 pm Reply
ph789login January 25, 2026 - 1:04 pm Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing