မဏ္ဍိုင်၊ ဧပြီ ၉၊ ၂၀၂၅။
ကိုဝင်းခိုင်*သည် ပေါက်တော ဇာတိဖြစ်သည်။ အမ်းမြို့သို့ သူ့အသက် ၃၀ အရွယ်တွင် ရောက်ရှိခဲ့သည်။ စစ်တပ် အသိုင်းအဝိုင်းထဲ မွေးဖွားကြီးပြင်းခဲ့သူဖြစ်သည့်အလျှောက် အမ်းမြို့သို့ရောက်သည့်အခါ၌လည်း စစ်တပ်အသိုင်းအဝိုင်း၌သာ ကျင်လည်ခဲ့သည်။
အာရက္ခတပ်တော်(အေအေ)သည် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ၂၀၂၄ ဒီဇင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်ခဲ့သည်။ နပခသည် အာရက္ခတပ်တော် (အေအေ)လက်တွင် မရှုမလှကျရှုံးခဲ့ခြင်းကို ကိုဝင်းခိုင် တစ်ယောက် မျက်ဝါးထင်ထင် မြင်ခဲ့ရသည်။
အမ်းမြို့ကို အာရက္ခတပ်တော်ချီတက်တိုက်ခိုက်လာပါက ပြန်ခံမတိုက်ဘဲ ထွက်ပြေးမည်ဟု ကြုံးဝါးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သူ့မိတ်ဆွေ၊ သူငယ်ချင်းများ မလွတ်မြောက်ခဲ့။ အားလုံးနီးပါး သေဆုံးခဲ့ရသည်။
အေအေက ထုတ်ပြန်ခဲ့သည့် စစ်သုံ့ပန်းရုပ်သံမှတ်တမ်းထဲမှ သူ့အသိ မိတ်ဆွေအချို့ကို ကြည့်ရင်း တစ်ဦးချင်း၏ အကြောင်းကို ကိုဝင်းခိုင်က ရှင်းပြသည်။ ဒူးထောက်ကာထိုင်နေကြသည့် စစ်ကောင်စီစစ်သုံ့ပန်းများထဲမှ အရပ်ထောင်ထောင်မောင်းမောင်းဖြင့် နိုင်ငံခြားသားပုံပေါက်နေသူကို ကြည့်ပြီး “ သူက အရိုးပါရဂူလေ၊ စစ်တပ်က ဗိုလ်ကြီး” ဟု ကိုဝင်းခိုင်က ဆိုသည်။
ဘန်ကာကင်းစခန်းအတွင်း ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို အေအေက စနိုက်ဘာဖြင့် ပစ်ခတ်ရှင်းလင်းသည့် ရုပ်သံမှတ်တမ်းကို ကြည့်ရင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲဘော်၏ နာမည်ကို သူက ပြောပြသည်။
ကိုဝင်းခိုင်သည် စစ်သားလည်း မဟုတ်၊ အစိုးရဝန်ထမ်းလည်း မလုပ်၊ နိုင်ငံရေးလည်း စိတ်မဝင်စားသည့် ရိုးရိုးသာမန် အရပ်သားမျှသာဖြစ်သည်။ သူ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုဖြင့် ယခု အသက် ၆၀ နှစ်အရွယ်အထိ စစ်တပ် အသိုင်းအဝိုင်းကြားတွင် ကြီးပြင်းခဲ့သည်။ သူနေထိုင်ရာ အမ်းမြို့ရှိ ဆင်ထိုးကျေးရွာသည် နပခရုံးနှင့်လည်း နီးသလို အမြောက်တပ်နှင့်လည်း လမ်းတစ်ခုသာ ခြားသည်။
ထို့ကြောင့် ကိုဝင်းခိုင်သည် နပခ၏ နေဝင်ချိန်ကို အနီးကပ် မြင်ခွင့်ရခဲ့သည်။ နပခ၏ ပျက်သုန်းမှုက သူ့အာရုံထဲ ထင်ကျန်နေဆဲဖြစ်၏။ စစ်ဌာနချုပ်ကြီးတစ်ခု နေ့ချင်းညချင်း အလွယ်တကူ မရှုမလှပျက်စီးဆုံးရှုံးလိမ့်မည်ဟု ကိုဝင်းခိုင် လုံးဝထင်မထားခဲ့။
ရခိုင်ပြည်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီကြား ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့သည်။ အေအေသည် ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရခိုင်ပြည်အတွင်းရှိ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏာကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ တောင်ကုတ်၊ မောင်တော စသည့်မြို့ ၁၃ မြို့ကို သိမ်းပိုက်ခဲ့သည်။ အမ်းမြို့သည် အေအေ သိမ်းပိုက်ခဲ့သည့် ၁၄ ခုမြောက် မြို့ဖြစ်သည်။
အေအေသည် အမ်းမြို့နယ်အတွင်း ၂၀၂၄ မတ်လမှစတင်ကာ ထိုးစစ်များ စတင်ဆင်နွှဲခဲ့သည်။ အမ်းမြို့ အနောက်ဘက် မိုင် ၂၀ ခန့်အကွာ ရန်ကုန်-စစ်တွေကားလမ်းအနီးရှိ စစ်ကောင်စီ၏ တောဟိန်းတောင် ဗျူဟာကုန်းကို အေအေက မတ်လ ၂၄ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဧပြီနောက်ဆုံးပတ်၌ အပြီးသတ် သိမ်းပိုက်ခဲ့သည်။ ယင်းအထိုင်ဗျူဟာကုန်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဓိကဗျူဟာ စခန်းကြီးတစ်ခုဖြစ်သည်။
ယင်းနောက် အမ်းမြို့မှ ကိုးမိုင်ခန့်အကွာတွင်ရှိသည့် မဲတောင်ဗျူဟာကုန်းစခန်းကိုလည်း အေအေက အောက်တိုဘာ ပထမပတ်တွင် ထပ်မံသိမ်းပိုက်ခဲ့ပြန်သည်။ မဲတောင်သိမ်းပိုက်ခံရမှုသည် နပခအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတစ်ခုပင်ဖြစ်သည်။
၂၀၂၄ အောက်တိုဘာလအတွင်း အမ်းမြို့အနီးသို့ အာရက္ခတပ်တော် ချဉ်းကပ်လာသည့်အခါ ထူးခြားသည့် အခြေအနေတစ်ခုကို ကိုဝင်းခိုင်က ယခုကဲ့သို့ ပြောပြသည်။
“သူတို့ကို စတွေ့တာက တောင်ယာသမားတွေက စတွေ့ကြတာ။ စပါးရိတ်သွားတဲ့သူတွေပျောက်တယ်။ လိုက်ရှာ တဲ့သူတွေထပ်ပျောက်တယ်” ဟု စစ်ရေးလှုပ်ရှားမှုများ မပေါက်ကြားစေရန် အရပ်သားတွေကို အေအေက ထိန်းသိမ်းထားပြီး အမ်းမြို့အနီးသို့ တဖြည်းဖြည်းချင်း စိမ့်ဝင်လာပုံကို သူက ပြောပြသည်။
တောဟိန်း၊ မဲတောင်စသည့် စစ်ကောင်စီ၏ဗျူဟာကုန်းစခန်းများကို ကျော်လွန်ပြီး အမ်းမြို့အနီးသို့ အေအေ ချဉ်းကပ်လာသည့်အခါ စစ်ကောင်စီဘက်မှလည်း အမ်းမြို့ပေါ်၌ စစ်ရေးပြင်ဆင်မှုများပြုလုပ်ကြသည်။
အမ်းမြို့ပေါ်ရှိ နပခရုံးအပါအဝင် တပ်ရင်း၊ စခန်းများတွင် ဘန်ကာများဆောက်လုပ်ကြသည်၊ ခံတုပ်ကျင်းများ၊ ဆက်သွယ်ရေး မြောင်းများတူးကြသည်။ တပ်ရင်း၊ စခန်းအနီးတဝိုက်နှင့် အေအေ တက်လာနိုင်သည့် နေရာများ၌ မြေမြှုပ်မိုင်းများ ထောင်ကြသည်။ အများပြည်သူသွားလာသည့်နေရာများ၌ မိုင်းထောင်ထားပါက “မိုင်းရှိသည်” ဆိုသော ဆိုင်းဘုတ်များ တပ်ဆင်ထားသည်ဟု ကိုဝင်းခိုင်က ဆိုသည်။
နပခရုံးအနီး၌လည်း စစ်ကောင်စီက လက်နက်ကြီးများတပ်ဆင်ထားသည်၊ မစ်ဇိုင်းတင်ကားများကို ရပ်တန့် ထားပြီး ပိုက်ကွန်များဖြင့် ဖုံးအုပ်ထားသည်ဟုဆိုသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီသည် အဆိုပါလက်နက်ကြီးများကို မကြာခဏပစ်ခတ်လေ့ရှိသည်။

“နပခ အနား ဘောလုံးကွင်းကနေ မစ်ဇိုင်းပစ်တယ်၊ လက်နက်ကြီးပစ်တယ်။ အဲလောက်ပဲ။ တိုက်ပွဲ မဖြစ်ဘူး။ လက်နက်ကြီးတွေကို ပိုက်တွေနဲ့ကာထားတယ်။ တွဲကားနဲ့ ရွေ့တယ်။ ကရိန်းတွေနဲ့ ရွေ့တယ်။” ဟု လက်နက်ကြီးများကို အနီးကပ်သွားရောက်ကြည့်ရှုခဲ့သည့် ကိုဝင်းခိုင်က ပြောပြသည်။
အခြားသောမြို့များကို အေအေက သိမ်းပိုက်နိုင်သော်လည်း တပ်ရင်း၊ တပ်ဖွဲ့နှင့် စခန်းများစွာရှိသည့် အမ်းမြို့ကို အေအေအနေဖြင့် သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်ဟု သူက တွက်ထားသည်။ ယခုကဲ့သို့ လက်နက်ကြီးများကို မြင်တွေ့ထားခြင်းကြောင့်လည်း သူ့ယုံကြည်ချက်က ပိုမိုခိုင်မာစေသည်။ ထို့ကြောင့် အမ်းမြို့သို့ ချဉ်းကပ်လာသည့် အေအေ၏ထိုးစစ်သည် တဖြည်းဖြည်းပြီးသွားလိမ့်မည်ဟု ကိုဝင်းခိုင် ယူဆခဲ့သည်။
“ဒီလိုသိမ်းနိုင်မယ်လို့ မထင်ဘူး။ စိတ်ထဲ မပူဘူး။ ကိုယ့်လို တွေးတဲ့သူတွေကလည်း များတယ်။ တပ်ရင်းနည်း တာကိုပဲ သိမ်းနိုင်တာပေါ့။ အမ်းတော့ မဖြစ်နိုင်ဘူး။ တောဟိန်းနဲ့ မဲတောင်ကြီးက ခံနေတယ်။ သိမ်းဖို့ မဖြစ်နိုင်ဘူး။” ဟု အမ်းမြို့ နပခ အသိမ်းမခံရစဉ် အမ်းမြို့ပေါ်ရှိ ပြည်သူများ၏ ခံစားချက်ကို ကိုဝင်းခိုင်က ရှင်းပြသည်။
အမ်းမြို့ကို အေအေ သိမ်းနိုင်လိမ့်မည်ဟု မထင်ထားသည့် နောက်ထပ်အဖြစ်အပျက်တစ်ခုလည်းရှိနေသေး သည်။ ယင်းက လုံးရွာတိုက်ပွဲဖြစ်သည်။ အေအေ စစ်သားများရောက်နေသည်ဟူသော သတင်းရသဖြင့် စစ်ကောင်စီဘက်မှ လေယာဉ်များဖြင့်သွားရောက် တိုက်ခိုက်ခဲ့ရာ အေအေဘက်မှ ရာချီကျဆုံးခဲ့သည်ဟု ကိုဝင်းခိုင်က ဆိုသည်။ ထိုစဉ်က စစ်ကောင်စီဘက်မှ လက်ဦးမှုရယူပြီး လေယာဉ် ၂ စီး၊ ရဟတ်ယာဉ် ၄ စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သူက ရှင်းပြသည်။
“သူတို့က ကျောက်တောင်ထဲမှာ အခေါင်းဖောက်ပြီးနေနေတဲ့အချိန်မှာ လေယာဉ်တွေ၊ ဟတ်စကီးတွေနဲ့ သွားပစ် တာ။ အဲတုန်းက အေအေတွေ အကုန်ကျတယ်။ အဲဒီနောက်ပိုင်း ငြိမ်ကျသွားတယ်။ ဒီဘက်က လက်ဦးမှုရယူ လိုက်နိုင်တယ်။ အဲဒါကြောင့်လည်း အခုလိုသိမ်းနိုင်မယ်လို့ မထင်ထားဘူး။” ဟု လုံးရွာတိုက်ပွဲဖြစ်စဉ်ကို ကိုဝင်းခိုင်က ပြောပြသည်။
သို့သော် တိုက်ပွဲအသေးစိတ်အခြေအနေနှင့် ဖြစ်ပွားခဲ့သည့်အချိန်ကာလအတိအကျကိုတော့ ကိုဝင်းခိုင်က မမှတ်မိတော့ပေ။
လုံးရွာသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)နှင့် ၂ မိုင်ခန့်အကွာတွင်ရှိပြီး အိမ်ခြေ ၂၅၀ ကျော်ရှိသည့် ကျေးရွာဖြစ်သည်။
လုံးရွာ၌ အေအေနှင့် စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပွားခြင်းကို ရခိုင်သတင်းဌာနဖြစ်သည့် နိရဥ္စရာသတင်း ဌာနတွင် ၂၀၂၄ မေလ ၁၁ ရက်၌ ဖော်ပြခဲ့သည်။ မေလ ၁၀ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး နှစ်ဘက် သေဆုံးမှုနှင့် တိုက်ပွဲအသေးစိတ်ကို ဖော်ပြထားခြင်း မရှိပေ။
Arakan Princess Media မှလည်း ၂၀၂၄ အောက်တိုဘာ ၂၂ ရက်တွင် လုံရွာနှင့်ပတ်သက်သည့်သတင်း တပုဒ်ကိုဖော်ပြထားသည်။ ယင်းမှာ စစ်ကောင်စီတပ်ဖွဲ့များက လုံးရွာ တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့သည့် သတင်းဖြစ်သည်။
သို့သော် မည်သည့်သတင်းဌာနမှ ကိုဝင်းခိုင်ပြောသည့်အတိုင်းဖော်ပြထားသည်ကို မတွေ့ရ။ ထို့ကြောင့် စစ်ကောင်စီ၏တပ်တွင်း ဝါဒဖြန့်ခြင်းလားဟု မေးကြည့်ရာ အထက်ပါသတင်းမှာ အမ်းမြို့၊ တပ်အသိုင်းအဝိုင်း၌ နာမည်ကြီးသည်ဟု ကိုဝင်းခိုင်က ပြောသည်။
စစ်ကောင်စီ၏ ယင်းသို့သော တိုက်ရည်ခိုက်ရည်ရှိသည်ကို ကြားသိထားခြင်းကြောင့်လည်း အမ်းမြို့သည် အလွယ်အကူကျလိမ့်မည်ဟု ကိုဝင်းခိုင် မထင်ထားခဲ့ခြင်းဖြစ်သည်။
လုံးရွာတိုက်ပွဲဖြစ်စဉ်တွင် အကျအဆုံးများသွားသည့်အတွက် အေအေအနေဖြင့် အမ်းမြို့သို့ နောက်ထပ် ချဉ်းကပ်သည့်အခါ ပုံစံပြောင်းသွားပုံကို သူက ယခုကဲ့သို့ ပြောပြသည်။
“နောက်ပိုင်းဝင်တာကြတော့ လူနည်းနည်းနဲ့ ဖြန့်ဝင်တာမျိုးတွေ လုပ်ကြတယ်။ ပုံစံ မတူဘူး။ ဟိုအနားပစ်၊ ဒီအနားပစ်။ ဘယ်ကနေ ဖြစ်နေမှန်း မသိတာ။ သူတို့(စစ်ကောင်စီ)က လက်နက်ကြီးပစ်၊ ဟိုက(အေအေက) အနားကိုရောက် နေတာ။”
အာရက္ခတပ်တော်(အေအေ)တပ်ဖွဲ့ဝင်များ အမ်းမြို့အနီးသို့ တဖြည်းဖြည်းချဉ်းကပ်လာသည့်အခါ အမ်းမြို့ခံ စစ်ကောင်စီတပ်အသိုင်းအဝိုင်းဘက်မှ ပြန်တိုက်ဖို့ စိတ်ဆန္ဒမရှိသည့်အခြေအနေများလည်း ရှိခဲ့သည်။ ပေါ်ပေါ်တင်တင်ပြောဆိုကြခြင်းမရှိသော်လည်း ရင်းနှီးသည့်မိတ်ဆွေးအချင်းချင်းကြားတွင် စစ်တိုက်ဖို့ စိတ်ဆန္ဒမရှိကြသည့်အကြောင်း ပြောဆိုတတ်ကြသည်ဟု ကိုဝင်းခိုင်က ပြောပြသည်။
“စစ်တပ်အသိုင်းအဝိုင်းမှာကျတော့ ပြန်ပြီးခုခံမယ်လို့ ပြောတာက လူ ၁၀၀ မှာ ဆယ်ယောက်တောင် မရှိဘူး။ လာရင်ပြေးမယ်ဆိုတဲ့သူက အယောက် ၉၀ လောက်ရှိတယ်။ ခံမတိုက်ဘူး။ သူတို့က ပြောနေကြတယ်။ (တိုက်မယ်လို့)အပေါ် ယံလောက်ပြောတာ ပြေးမယ့်သူကတော့ အများကြီးပဲ။” ဟု စစ်ကောင်စီဘက်မှာ တပ်ဖွဲ့တင်များ၏ အခြေအနေကို သူက ပြောပြသည်။
အမ်းမြို့ပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား ပြန်မတိုက်ဘဲ ထွက်ပြေးမည်ဟုပြောသူများတွင် လူငယ်များက အများစုဖြစ်သည်။ ကိုဝင်းခိုင်၏ အသိမိတ်ဆွေများလည်း ပါကြသည်။ သို့သော် တကယ်တမ်းတွင် ထွက်ပြေး၍ မရ။ စစ်ကောင်စီကိုယ်တိုင်ကလည်း သူ့တပ်ဖွဲ့ဝင်များ မထွက်ပြေးနိုင်အောင် လုံခြုံရေးများချထားသည်။ တပ်ရင်းပြင်ပသို့ ထွက်ခွင့်မပေး။ ထို့ကြောင့် စစ်မတိုက်ချင်သော ကိုဝင်းခိုင်၏ မိတ်ဆွေများကိုယ်တိုင်ပင် အသက်ဘေးမှ မလွတ်မြောက်ခဲ့ကြ။
“အဲလူတွေ အများစုက မလွတ်ကြဘူး။ သေသွားတဲ့သူတွေများတယ်။ ကိုယ့်အသိထဲမှာတောင် ၁၀ ယောက် လောက်ရှိတယ်။ အားလုံးက အိမ်ထောင်တွေနဲ့ပဲ။” ဟု သူက ဆက်ပြောသည်။

အမ်းမြို့အနီး စစ်တွေ-ရန်ကုန်ကားလမ်းမဘေးရှိ ကံ့ကော်တထောင်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျ အဆုံးများခဲ့သည်။ အဆိုပါ တိုက်ပွဲမှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး၏ ပြောကြားချက်အရ စစ်ကောင်စီဘက်မှ အယောက် ၆၀ ခန့် သေဆုံးခဲ့သည်ဟု ကိုဝင်းခိုင်က ဆိုသည်။ သူသေဆုံးသူများထဲတွင် နပခရုံးထဲ အလုပ်လုပ်နေကြသော တပ်ကြပ်ကြီးစာရေးများ အများအပြား သေဆုံး သွားခဲ့သည်။
ထွက်ပြေးလွတ်မြောက်လာသည့် စစ်သားမှာ ရှေ့တန်းစစ်မြေပြင်သို့ ထွက်လေ့ရှိသူမဟုတ်ဘဲ လယ်ယာ လုပ်ငန်းတွင် တာဝန်ကျနေသည့်သူဖြစ်ပြီး စစ်ကောင်စီ၏ တပ်သားလိုအပ်ချက်အရ ရှေ့တန်းသို့ လိုက်ပါသွားခဲ့ ရသူဖြစ်သည်။ သူနှင့်အတူ ရှေ့တန်းသို့ ပို့ခံလိုက်ရသူများအားလုံး တိုက်ပွဲတွင် သေဆုံးခဲ့သည်။ သူကိုယ်တိုင်ပင် ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရာ လမ်းခရီးတွင် ထမင်း ၅ ရက်မစားခဲ့ရဘဲ အသည်းအသန်ပြေးခဲ့ရခြင်းဖြစ်သည်။
ကိုဝင်းခိုင်သည် ဆင်ထိုးကျေးရွာတွင် နေထိုင်းရင်း သူ၏အသိမိတ်ဆွေများအနက် မည်သူသည် စစ်ကြောင်း ပါသွားသည်၊ မည်သူသည် တိုက်ပွဲတွင်သေဆုံးသွားသည်ကို မကြာခဏဆိုသလို ကြားနေရသည်။ သူသည် သူ့အလုပ်ကိုသာ ဆက်လုပ်နေရင်း သတင်းစကားများကို နားစွင့်နေသည်။ နပခ၏ သတင်းစကားများက သူ့ထံ နေ့စဉ်ရောက်နေတတ်သည်။
ဧပြီလနှင့် အောက်တိုဘာလအတွင်း အေအေ သိမ်းပိုက်ခဲ့သည့် တောဟိန်းဗျူဟာကုန်းနှင့် မဲတောင်ဗျူဟာကုန်း သည် နှစ်ဘက်အပြန်အလှန်ပစ်ခတ်ပြီး လက်လွှတ်လိုက်ရတာမျိုးမဟုတ်ဘဲ စစ်ကောင်စီဘက်မှ ဆုတ်ခွာပေး လိုက်ရခြင်းဖြစ်သည်ဟု သူကဆိုသည်။ ယင်းနောက် ကံ့ကော်တထောင် တိုက်ပွဲဖြစ်ပြီး အေအေသည် ခမရ ၃၇၃ တပ်ရင်း၊ ဆေးရုံ၊ စရဖရုံး စသည်တို့ကို ဆက်တိုက်ဝင်စီးသည်။ ထိုစဉ်က အမိန့်မရဘဲဆုတ်ခွာထွက်ပြေးလာသူ များကို နပခ ဒုတိုင်းမှူးက ပစ်သတ်မည်ဟု အမိန့်ထုတ်ခဲ့သည်။
“အမိန့်မရဘဲဆုတ်လာတဲ့သူတွေကို အာဏာဖီဆန်မှုနဲ့ ပစ်သတ်ခိုင်းတယ်တဲ့။ တကယ်ပစ်သတ်လားဆိုတာတော့ မကြားဘူး။ ကိုယ့်အချင်းချင်းကတော့ ဘယ်သူက လုပ်ရက်မှာလဲ။ အမိန့်ပဲကြားတာ။ လုပ်သံတော့ မကြားဘူး။” ဟု ကိုဝင်းခိုင်က ပြောသည်။
စစ်ကောင်စီ၏အထက်ပါ ဗျူဟာကုန်းများကျသွားသည့်အခါ အာရက္ခစစ်သားများသည် အမ်းမြို့၊ နပခနှင့် တစ်မိုင်အကွာသို့ ရောက်ရှိလာသည်။ ထိုစဉ်က အာရက္ခစစ်သားများသည် အမ်းမြို့တစ်မြို့လုံးကို ဝိုင်းထားပြီး ဖြစ်သကဲ့သို့ အမ်းမြို့ပေါ်၌လည်း အာရက္ခစစ်သားများ စိမ့်ဝင်ရောက်ရှိနေပြီဖြစ်သည်။
စစ်ကောင်စီသည် နပခရုံးထဲမှ လက်နက်ကြီးပစ်ခတ်ခြင်း၊ မစ်ဇိုင်းဒုံး ပစ်ခတ်ခြင်းများပြုလုပ်တတ်သည်။ ယင်းသို့ပစ်ခတ်နေသော်လည်း ကိုဝင်းခိုင်က စိုးရိမ်စိတ် မရှိဟုဆိုသည်။ သို့သော် စစ်ကောင်စီက အနီးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်လိုက်စဉ် အဆိုပါပစ်ခတ်သည့်နေရာသို့ အေအေဘက်မှ လက်နက်ကြီးဖြင့် တန်ပြန်ပစ်ခတ်လာသည့်အခါတွင် ကိုဝင်းခိုင်တစ်ယောက် စိုးရိမ်စိတ်ဝင်လာမိ သည်ဟုပြောသည်။
“ဒီဘက်က လက်နက်ကြီးတွေနဲ့ပစ်တယ်၊ ဟိုဘက်က ကောင်တာပြန်လာတယ်။ အဲဒီအချိန်ကတော့ နည်းနည်း ကြောက်ဖို့ ကောင်းတယ်။ ဒီကနေ လက်နက်ကြီးပစ်လိုက်တယ်။ ပစ်ပြီးသွားတာနဲ့ အဲဒီနေရာကို ဟိုဘက်က ပြန်လာတာ။ ပစ်တဲ့နေရာက ကိုယ်နဲ့အနီးဆုံးနေရာက ပစ်နေတာ။” ဟု ကိုဝင်းခိုင်းက ပြောပြသည်။
နပခတိုင်းမှူးအိမ်၌ အစောင့်ကျနေသည့် သူ့မိတ်ဆွေ စစ်သားတစ်ယောက်ဆိုလျှင် မနက်ပိုင်းကပင် ဈေး၌ စနောက်နေကြသေးသည်။ ညနေ ၃ နာရီခန့်မှာတော့ ရှော့တိုက်ဒုံးထိမှန်ပြီး သေဆုံးခဲ့ရသည်။ ၎င်းသည် ကျန်းမာရေးမကောင်းသဖြင့် တိုင်းမှူးအိမ်၌ အစောင့်ကျနေခြင်းဖြစ်သည်။ တိုင်းမှူးအိမ်၌ သူတစ်ဦးတည်းကလွဲ၍ မည်သူမှ မရှိ။
“သူက စမှန်တာပဲ။ ဈေးဦးပေါက်မှန်တာ။ ကိုယ်ရဲ့ ရင်းနှီးတဲ့သူတွေ တဖြည်းဖြည်းကျလာတယ်။ စိတ်မကောင်းရုံပဲ၊ ဘာမှ မတတ်နိုင်ဘူး။ ကိုယ့်အနေနဲ့က ဘယ်သူသာပါစေ၊ နာပါစေ စိတ်ထဲမထားဘူး။ စိတ်လည်း မဝင်စားဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်တယ်။” ဟု သေဆုံးခဲ့သည့် သူ့မိတ်ဆွေအကြောင်းပြောရင်း ကိုဝင်းခိုင်က မှတ်ချက်ပေးသည်။
သူကြားသိခဲ့ရသည့် အေအေ၏ နည်းဗျူဟာတခုက အေအေတပ်သားများသည် အင်အားအနည်းအငယ်သာရှိပြီး အမ်းမြို့အနှံ့တွင် ပုန်းခိုနေကြသည်။ တခါတရံအချင်းချင်းပစ်ခတ်သံများပြုလုပ်သည်။ စစ်ကောင်စီဘက်မှ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာသို့ စစ်ကြောင်းထွက်သွားပါက အဆိုပါစစ်ကြောင်းကို အေအေ၏ စနိုက်ဘာသမားများက ပစ်ခတ်ချေမှုန်းသည့် နည်းလမ်းများကို အသုံးပြုခဲ့ကြသည်ဟု သူက ဆိုသည်။
“စစ်တပ်က ကြားလောက်အောင် သေနတ်ဖောက်လိုက်တယ်။ စစ်တပ်က လိုက်သွားတဲ့အခါမှာ ဟိုဘက်က စနိုက်ဘာတွေနဲ့ အကုန်ထောက်ထားပြီးပြီ။” ဟု ကိုဝင်းခိုင်က ရှင်းပြသည်။

အေအေသည် အမ်းမြို့၏နပခရုံးကို မသိမ်းပိုက်ခင်ကတည်းကပင် အမ်းမြို့ပေါ်ရှိ တပ်ရင်းများ၏ အနီးတဝိုက်၌ စနိုက်ဘာသမားများဖြင့် ဝန်းရံပိတ်ဆို့ထားပြီးဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယ်တိုင်လည်း ယင်းအခြေအနေကိုသိနေကြသည်။ ထို့ကြောင့် တပ်တွင်းမှ အပြင်သို့ မထွက်ကြ။
“သူတို့တွေက အကုန်သိနေတယ်။ မြို့ပေါ်မှာ ဘယ်သူတွေက ဘာဆိုတာကို တွေ့လို့ကတော့ စနိုက်ဘာနဲ့ တန်းပစ်တာ။”
တပ်အတွင်း၌ နယ်မြေခံတပ်ဖွဲ့ဝင်များသာရှိပြီး စစ်သည်အင်အား အနည်းငယ်သာရှိကြသည်။ တိုက်ပွဲဖြစ် ပွားသည့် ရှေ့တန်းစစ်မျက်နှာတွင် စစ်ကိုင်းနှင့် မကွေးဘက်မှ ရောက်ရှိလာသည့် တပ်ရင်းများကို ချထားသည်။
“အမြောက်တပ်ထဲမှာကလည်း မကွေး၊ ပခုက္ကူဘက်ကလာထိုင်တဲ့ သူကလည်း အယောက် ၂၀ ကျော် လောက်ပဲရှိတယ်။ လူအင်အားက တပ်ရင်းမှာ မရှိဘူး။ အနီးဝန်းကျင်တွေမှာ တပ်ဖြန့်ထားတာ။” ဟု သူနေထိုင်ရာ ဆင်ထိုးရွာအနီးက အမြောက်တပ်၏ အခြေအနေကို ကိုဝင်းခိုင်က ပြောပြသည်။
အမ်းမြို့ရှိတပ်ရင်းများ အေအေ၏ ဝန်းရံပိတ်ဆို့မှုခံထားရသည့်အချိန် မကွေးဘက်မှ စစ်ကောင်စီ၏ စစ်ကူများ ပို့ပေးသည်။ သို့သော် အေအေက စစ်ကြောင်းဖြတ်ထောက်ထားမှုကြောင့် စစ်ကောင်စီယာဉ်တန်းများသည် အမ်းမြို့ မရောက်ခင် ရခိုင်ရိုးမပေါ်ရှိ ဆင်ခုံတိုင်ရွာအထိသာ ကားသွား၍ရပြီး ကျန်ခရီးကို ခြေလျင်ချီတက် ရသည်။
“အဲတော့ လမ်းလျှောက်ပြီးလာကြတယ်။ လမ်းမှာ ပျောက်ကုန်တယ်။” ဟု အမ်းမြို့ရှိ နပခ သိမ်းပိုက်မခံရခင် စစ်ကောင်စီတပ်သားများ၏ အခြေအနေကို ကိုဝင်းခိုင်က ပြောပြသည်။
အမ်းမြို့ပေါ်ရှိ တပ်ရင်းများ အေအေ၏ ဝန်းရံပိတ်ဆို့ခံထားရသည့်အချိန် စစ်ကောင်စီသည် ၎င်း၏တပ်ရင်းများ ထံ ရိက္ခာ၊ လက်နက်ခဲယမ်းများကို လေကြောင်းမှတစ်ဆင့်ပို့ဆောင်ပေးသည်။ အမ်းမြို့ပေါ်သို့ လေယာဉ်၊ ရဟတ် ယာဉ်များဖြင့်လာရောက်ပြီး လက်နက်ရိက္ခာချပေးသည့်အခါ ဖြစ်စေ၊ ဗုံးကြဲသည့်အခါဖြစ်စေ မြေပြင်ရှိ တပ်ဖွဲ့ဝင်များက အနီးဝန်းကျင်များသို့ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ကာ လမ်းကြောင်းရှင်းပေး လေ့ရှိသည်။
၎င်းတို့၏ရမ်းသမ်းပစ်ခတ်မှုကြောင့် ကိုဝင်းခိုင်သည်ပင် သေနတ်ထိမှန်ခံရသေးသည်။ ထိုစဉ်က ကိုဝင်းခိုင်သည် သူနေထိုင်ရာ ဆင်ထိုးကျေးရွာမှ အောက်ရွာဘက်သို့ပြောင်းရွေ့နေထိုင်သည့်အချိန်ဖြစ်သည်။ အမြောက်တပ်နှင့် နပခရုံးအနီးရှိ ဆင်ထိုးကျေးရွာတွင် လုံခြုံမှု မရှိတော့ဟု ခံစားလာရသည့်အတွက် နိုဝင်ဘာလဆန်းပိုင်းတွင် သူသည် အောက်ရွာသို့ ပြောင်းရွေ့ခဲ့သည်။ အိမ်ခြေ ၁၇၀ ခန့်ရှိ ဆင်ထိုးရွာနှင့် အိမ်ခြေ ၂၀၀ ခန့်ရှိ အောက်ရွာ သည် ချောင်းတစ်ခုခြားပြီး တစ်မိုင်ကျော်ဝေးသည်။
ကိုဝင်းခိုင်သည် အောက်ရွာတွင် ပစ္စည်းများအပြောင်းအရွေ့လုပ်နေသည့်အချိန် လေယာဉ်လာသဖြင့် မြေပြင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များဖြင့် အနီးဝန်းကျင်သို့ ရမ်းသမ်းပစ်ကာ လမ်းကြောင်းရှင်းသည်။ သူတို့ပစ်ခတ်သည့် သေနတ်ကျဉ်ဆန်သည် ကိုဝင်းခိုင်၏ခါးသို့ ထိမှန်ခဲ့သည်။ ကျည်ဆန်မှာ ကတ္တရာလမ်းကို ထောက်ပြီး သူ၏ခါးကို ထိမှန်ခဲ့ခြင်းကြောင့် သွေးထွက်ရုံမျှသာ ဒဏ်ရာရပြီး ကံကောင်းခဲ့သည်။
“ခဲလာမှန်တယ်လို့ပဲထင်လိုက်တာ၊ နောက်ကိုစမ်းကြည့်မှ သွေးတွေ တွေ့တာ။ အဲတော့မှ ကျည်ဆန်မှန်မှန်းသိ တယ်။ ပြီးတော့ အနားမှာကျည်ထိပ်ဖူးလေးတွေ့တယ်။ အဲဒါလေးကို ကောက်ယူလာသေးတယ်။” ဟု သူက ပြောသည်။
ကိုဝင်းခိုင်တို့ ဆင်ထိုးရွာမှပြောင်းရွေ့ခဲ့ပြီး ရက် ၂၀ ခန့်ကြာပြီး တစ်ညနေခင်းတွင် ရွာတွင်ကျန်ခဲ့သည့် အရပ်သားများ အောက်ရွာသို့ ထွက်ပြေးလာကြသည်။ အေအေက အမြောက်တပ်ကို ဝင်သိမ်းတော့မည်ဆိုခြင်း ကြောင့် ရွာထဲရှိ အရပ်သားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရုတ်တရက်မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။
စုစုပေါင်း ထွက်ပြေးလာသူမှာ ၁၈၀ ခန့်ရှိသည်။ အချို့က နီးစပ်ရာအိမ်များ၌ တည်းခိုကြသည်။ အများစုမှာတော့ အောက်ရွာရှိ စာသင်ကျောင်း၌ နေရာချထားပေးခဲ့သည်။
“ ရဲဘော်တွေက မင်းတို့လည်းပြေးကြ၊ ငါတို့လည်းပြေးကြမယ်ဆိုပြီး ပြေးကြတာလို့ ပြောတယ်။ တိုက်ပွဲ မဖြစ်ဘူး။ ဘာမှ မကြားဘူး။ ရွာထဲကို လူတချို့က ပစ္စည်းတွေပြန်ယူတော့ စစ်တပ်က ပစ္စည်းတွေ ခိုးနေကြ တယ်။ ရှိတာတွေအကုန်ယူငင်စားသောက်နေကြတယ်လို့ ပြောတယ်။ ကြက်တွေ၊ ဝက်တွေကို စားသောက် ကြတယ်။” ဟု ဆင်ထိုးရွာခံများကို မောင်းထုတ်ပြီး ရွာထဲရှိ ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခိုးယူစားသောက်ခဲ့ကြသည့်အကြောင်းကို ကိုဝင်းခိုင်က ပြောပြသည်။
ခိုးယူစားသောက်ကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အမ်းမြို့ခံစစ်သားများမဟုတ်ဘဲ မကွေး၊ စစ်ကိုင်းဘက်မှ ရောက်လာသူများဖြစ်သည်ဟုဆိုသည်။
ကိုဝင်းခိုင်တို့သည် ဆင်းထိုးကျေးရွာမှ အောက်ရွာသို့ ပစ္စည်းများပြောင်းရွေ့ပြီး သိပ်မကြာခင်မှာပင် မြို့သစ်ဘက်သို့ ထပ်မံပြောင်းရွေ့ဖို့ အကြောင်းဖန်လာပြန်သည်။ အောက်ရွာမှာလည်း နပခရုံးနှင့် ချောင်းတခုသာခြားသဖြင့် တကယ်တမ်းတိုက်ပွဲဖြစ်လာပါက အရပ်သားများထိခိုက်နိုင်သည်။
ထို့ကြောင့် အာရက္ခတပ်တော် (အေအေ)က အရပ်သားများကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ကြဖို့ အသိပေးသည်။ အရပ်သားများကို သူတို့ကိုယ်တိုင် လိုက်လံပြောင်းရွေ့ပေးကြသည်။ ကိုဝင်းခိုင်အပါအဝင် အောက်ရွာမှ အရပ်သားများသည် နိုဝင်ဘာ ၁၂ ရက်တွင် မြို့သစ်သို့ ချက်ချင်းပြောင်းရွေ့ကြရသည်။ မြို့သစ်မှာ အောက်ရွာ၏ မြောက်ဘက် ၄ မိုင်ကျော်အကွာအဝေးတွင်ရှိသည်။
ကိုဝင်းခိုင်တို့ အောက်ရွာမှထွက်လာသည့်အချိန် အောက်ရွာနှင့် မြို့သစ်ကြားတလျှောက်တွင် အေအေစစ်သား များ ရောက်နေကြပြီဖြစ်သည်။ နောက်ရက်မှ အိမ်တွင်ကျန်ခဲ့သည့် ပစ္စည်းများကို လာသယ်မည်ဟု စီစဉ်ခဲ့ကြ သော်လည်း နောက်ရက်တွင် အမ်းမြို့ပေါ်ရှိ လမ်းများအားလုံးကို အေအေက ပိတ်ဆို့ထားလိုက်ပြီဖြစ်သည်။
“ကိုယ်တွေသွားနေတဲ့အချိန်မှာတောင် သူတို့(အေအေစစ်သား)က မသွားကြဖို့ တားထားသေးတယ်။ လူငယ်တွေ၊ အေးဆေးပဲ။ ရခိုင်စကားနဲ့ ပြောတာ။” ဟု အေအေစစ်သားများနှင့်တွေ့ချိန် ကြောက်စိတ် မဖြစ်ခဲ့ပုံကို ကိုဝင်းခိုင်က ပြောသည်။
အေအေစစ်သားများအပေါ် ကြောက်စိတ်မဖြစ်ခြင်းကလည်း တိုက်ပွဲမဖြစ်ခင်အချိန်၌ အရပ်သားများ နေရာ ပြောင်းရွေ့သည့်ကိစ္စရပ်များလုပ်သည့်အခါ အေအေစစ်သားများကိုယ်တိုင်က လိုက်လံကူညီပေးနေခြင်းများကို တွေ့မြင်ကြားသိနေရခြင်းများကြောင့်လည်းဖြစ်သည်။

နပခရုံးချုပ်ကို အေအေက သိမ်းပိုက်တော့မည့်အချိန်၌ တိုက်ပွဲများက ပြင်းထန်လာသည်။ ကိုဝင်းခိုင်တို့ မြို့သစ်ဘက်ရောက်ပြီး မကြာခင်မှာပင် တိုက်ပွဲသံများကြားလာရပြီဖြစ်သည်။ အမ်းမြို့ခံများသည်လည်း ဘေးလွတ်ရာကို စစ်ရှောင်ကြဖို့ ပြင်ဆင်ရတော့သည်။ အချိုက မကွေးဘက်သို့ပြေးကြမည်ဖြစ်သည်။ အချို့က အေအေစိုးမိုးထားသည့် တပ်တောင်ဘက်သို့ ထွက်ကြသည်။
ထို့ကြောင့် ကိုဝင်းခိုင်တို့သည်လည်း အမ်းမြို့မှ မိုင် ၁၀၀ ကျော်ဝေးသည့် မကွေးမြို့သို့ စစ်ရှောင်ကြရန် စဉ်းစား ရတော့သည်။ အမ်း-မင်းဘူးကားလမ်းတလျှောက် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်များရှိသည်။ အချို့နေရာများ၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ ထို့ကြောင့် လမ်းခရီးသည် ပုံမှန်အတိုင်း ကား၊ ဆိုင်ကယ်များ စီးသွား၍ မရ။ စစ်ရှောင်သူများအားလုံး ရခိုင်ရိုးမကိုဖြတ်ကာ တောလမ်းအတိုင်း လမ်းလျှောက်ကြရမည်ဖြစ် သည်။
ရခိုင်ရိုးမထဲ တောလမ်းကျွမ်းကျင်သူ လမ်းပြက စစ်ရှောင် အယောက် ၁၀၀ ကို လူစုသည်။ ပြီးလျှင် ပိုက်ဆံကောက်ပြီး လမ်းပြပေးသည်။ လမ်းပြကြေးမှာ ပထမက တစ်ဦးလျှင် ကျပ် ၅၀,၀၀၀ ဈေးပေါက်သည်။ စစ်ရှောင်သူများလာသည့်အခါ တစ်ဦးလျှင် ကျပ် တစ်သိန်းခွဲအထိ ဈေးမြင့်ခဲ့သည်။ ကိုဝင်းခိုင်တို့မှာ တစ်ဦးလျှင် ကျပ် တစ်သိန်းပေးခဲ့ရသည်ဟုဆိုသည်။
“သွားတဲ့သူများလာတော့ ဈေးတက်သွားတာ။ သူတို့က လမ်းပြတာပဲ။ ကိုယ်ဖြစ် ကိုယ်ခံပဲ။ လမ်းပြတွေက ဘာမှလုပ်ပေးမှာ မဟုတ်ဘူး။ ကိုယ်တို့လာတုန်းက ဘုန်းကြီးတပါးကျန်ခဲ့တယ်။ လမ်းမလျှောက်နိုင်လို့။” ဟု ကိုဝင်းခိုင်က ပြောသည်။
အချို့သော လမ်းမလျှောက်နိုင်သူများက အထမ်းသမားများငှားရမ်းကြသည်။ စစ်ရှောင်များသည် မည်သည့် ပစ္စည်းမှ မသယ်ယူနိုင်၊ ကျောပိုးအိတ်တစ်လုံးဖြင့် ကိုယ်လွှတ်ရုန်း ထွက်ပြေးခဲ့ကြရသည်။ ကိုဝင်းခိုင်တို့သည် လမ်းတွင် စားသောက်ရန် ပြင်ဆင်ထားသည့် ထမင်း၊ ဟင်းများကို တခါတည်းစားသောက်ပြီး ထမင်းချိုင့်ကို ဘုန်းကြီးကျောင်းသို့ လှူဒါန်းခဲ့ကြရသည်။
အမ်းမြို့မှ သူတို့စထွက်သည့်အချိန်က ညနေ ၅ နာရီဖြစ်သည်။ ရခိုင်ရိုးမကို အမှောင်ထဲ ခြေလျင်ဖြတ်ကျော်ရ ခြင်းဖြစ်သည်။ ချောင်းများ၊ စမ်းများထဲမှ ဖြတ်သွားရသည်။ တောင်နံရံများမှ ဖြတ်ကျော်ရသည်။
ညဘက် မီးမထွန်းရ၊ ဖုန်းမီးမသုံးရ၊ လေယာဉ်ပျံသံကြားသည့်အခါ အားလုံးဝပ်နေရသည်။ အမှောင်ထဲတွင် ဖြည်းဖြည်းခြင်းလမ်းလျှောက်ရခြင်းဖြစ်ရာ ရှေ့တွင်ချောက်ရှိပါက နောက်လူကို လက်ကုတ်ကာ သတိပေး ရသည်။ လမ်းတစ်လျှောက်တွင် ချောင်းထဲပြုတ်ကျသူ၊ ချော်လဲ၍ ဒူးကွဲသူ၊ လေဖြတ်သူများရှိသည်ဟု ကိုဝင်းခိုင်က ပြောသည်။
သူတို့အားလုံးသည် အမ်းမြို့မှ ၁၁ မိုင်ကျော်အကွာတွင်ရှိသည့် ပတ်ကွေ့သို့ သွားကြခြင်းဖြစ်သည်။ ပတ်ကွေ့သို့ မရောက်မီ လမ်းတွင် တစ်ညအိပ်ရသည်။
“ပုဆိုးခင်း အိပ်တယ်။ ပုဆိုးသုံးထည်ပါတယ်။ ကျန်ပုဆိုးကို သူများကိုပေးတယ်။ မနက်မိုးလင်းတော့ တအားအေးတာ၊ နှင်းတွေက မိုးရွာသလိုကျတာ။” ဟု ရခိုင်ရိုးမထဲ ညအိပ်ခဲ့ရသည့်အဖြစ်ကို ကိုဝင်းခိုင်က ရှင်းပြသည်။
မနက် ၅ နာရီခန့်မှာတော့ ဝါးတို၊ ဝါးစများဖြင့် မီးလှုံခွင့်ရသည်။ အနွေးဓာတ်ရလာသည့်အခါ လမ်းပြလုပ်သူက “အောက်ကိုကြည့်လိုက်လို့ ခြေမ မြင်ရတဲ့အချိန်လောက်မှာ စထွက်မယ်” ဟု လာပြောသည်။
ထို့ကြောင့် မနက်စာ မစားရဘဲ ပက်ကွေ့သို့ ထပ်မံခရီးဆက်ခဲ့ကြသည်။ ညနေ ၅ နာရီခန့်မှာတော့ ပတ်ကွေ့သို့ ရောက်ကြလေသည်။
“လမ်းလျှောက်လာတဲ့အခါမှာ ဘယ်အချိန် ပြုတ်မလဲ၊ ဘယ်အချိန်ချောက်ထဲကျမလဲပဲ၊ ကိုယ်က မမြင်ရလို့ လေ။ တခါတလေကျတော့ တအားပင်ပန်းလာတဲ့အခါ ငါတော့ လှဲသာအိပ်လိုက်ချင်တော့တယ်လို့ တွေးမိ လာတယ်။ တအား အားတင်းရတာပေါ့။ ပတ်ကွေ့ရောက်မှ မုန့်တီစား၊ ယမကာရတယ်၊ ကိုင်ထုတ်ပစ် လိုက်တယ်။” ဟု ရခိုင်ရိုးမကို ခြေလျင်ဖြတ်ခဲ့ရသည့်အတွေ့အကြုံကို ကိုဝင်းခိုင်က ပြန်ပြောပြသည်။

စစ်ရှောင်ထွက်ပြေးလာကြသူများတွင် ပညာရေးမှူး၊ ဆေးရုံအုပ်ကြီး၊ မီးသတ်ဦးစီးအရာရှိ၊ လဝကအရာရှိ၊ ရဲပြေး၊ စစ်ပြေးများလည်းပါကြသည်။
အာရက္ခတပ်တော်အနေဖြင့် နပခရှိရာ အမ်းမြို့ကို သိမ်းမည်ဆိုပါက ခြောက်လခန့်ကြာမြင့်လိမ့်မယ်ဟု ကိုဝင်းခိုင်က ခန့်မှန်းထားခဲ့သည်။ သို့သော် တကယ့်လက်တွေ့၌ တစ်လကျော်မျှဖြင့် သိမ်းပိုက်နိုင်ခဲ့သည် ဟုဆိုသည်။ ထို့ကြောင့် ကိုဝင်းခိုင်တစ်ယောက် အမ်းမြို့ကျဆုံးခြင်းနှင့် ရုတ်တရက်ထွက်ပြေးခဲ့ရသည့်အဖြစ်ကို မယုံနိုင်စရာဖြစ်နေသည်။ သူတို့မိသားစုနေထိုင်ခိုလှုံရာ နေအိမ်ကို ရုတ်တရက်ထားခဲ့ရသည်။ သူတို့ပိုင်ဆိုင်ရာ တီဗီ၊ ရေခဲသေတ္တာ၊ ဆိုင်ကယ်နှင့် သူအလုပ်လုပ်သည့် စက်ပစ္စည်းများစသဖြင့် အရာအားလုံးကို ထားခဲ့ရသည်။
“အဲလိုထားခဲ့ရတာက အိပ်မက်မက်သလိုဖြစ်နေတာ၊ ကိုယ်ပြန်ရ မလိုလိုပေါ့။ လောလောဆယ်ပဲ ကိုယ်ပြန်ယူလို့ ရဦးမလိုလို၊ အခုအချိန်မှာတော့ မမျှော်လင့်တော့ပါဘူး။ အိပ်မက်မက်သလိုကြီးဖြစ်သွားတယ်။ မယုံနိုင်စရာဖြစ် သွားတယ်။ တကယ်အံ့ဩဖို့ ကောင်းသွားတယ်။ သူက ဗြုန်းဒိုင်းကြီးဖြစ်သွားတာ၊ ၂ နာရီလောက်အတော အတွင်းမှာကို ဖြစ်သွားတာ။” ဟု သူက ဆိုသည်။
ကိုဝင်းခိုင်တို့ မကွေးမြို့သို့ရောက်သည့်အချိန် ဒီဇင်ဘာ ၂၀ ရက်တွင် အာရက္ခတပ်တော်(အေအေ)သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အပြီးအပိုင် သိမ်းပိုက်လိုက်ပြီဖြစ်သည်။ နပခဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း တို့ကို အေအေက အရှင်ဖမ်းဆီးရ မိခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ပြီးလျှင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည် စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။
ကိုဝင်းခိုင်တို့ မိသားစုသည် အမ်းမြို့မှ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာခဲ့ခြင်းကြောင့် ဘေးလွတ်ရာသို့ လက်မတင်လေး လွှတ်မြောက်ခဲ့သည်။ ပိုင်ဆိုင်သမျှပစ္စည်းများအားလုံးကို ထားခဲ့ရခြင်းဖြစ်ရာ နေရာအသစ်မှာ ဘဝအသစ်ကို ပြန်စနေရသည်။
လက်ရှိတွင် အမ်းမြို့ကို ပြန်ဖို့ရန် မည်သို့မျှ မဖြစ်နိုင်ကြောင်းနှင့် ချန်ထားခဲ့ရသည့် သူပိုင်ဆိုင်သမျှပစ္စည်းများနှင့် ပတ်သက်၍လည်း သူက ယခုလိုပြောပြသည်။
“အမ်းကိုပြန်ဖို့ကတော့ အခုအချိန်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပစ္စည်းတွေကတော့ အကုန်ဆုံးရှုံးသွားပြီလို့ပဲ အောက်မေ့လိုက်ပြီ”
*အမည်လွှဲ