လမ်းပျောက်နေဆဲ မြန်မာတွေ

မဏ္ဍိုင်၊ ဇွန် ၁၇၊ ၂၀၂၅။

ဗမာပြည်စစ်အာဏာရှင်တော်လှန်ရေးခရီး ၄ နှစ်ကျော်လာသည်အထိ မြန်မာအများစု လမ်းပျောက်နေဆဲဟု ဆိုရတော့မည်။ နားရှင်းလွယ်အောင် ယနေ့အများသုံးစကားနှင့်ဆိုရလျှင် မည်သူ့အဖေခေါ်ရမှန်း မသိ၊ မည်သည့် ဘုရားက တန်းခိုးကြီးမှန်းမသိဆိုသည့် စကားအတိုင်းပင်။ ယင်းအခြေအနေသို့ ဆိုက်နေသည်က မြန်မာအများစု၊ မြန်မာအင်အားစုများသာဖြစ်၏။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ကြသည့် အရှိန်အဟုန်ကြီးသည် ၂၀၂၁ မှ ၂၀၂၂ အထိ အားကောင်းကောင်းဖြင့် ချီတက်ခဲ့သည်။ ၂၀၂၃ နှစ်လယ်ပိုင်းတွင် မြန်မာအင်အားစုများ၏ တော်လှန်ရေးခရီး အီလည်အီလည်ဖြစ်ခဲ့သော်လည်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးက တော်လှန်ရေးခရီးကို လမ်းပြခဲ့သည်၊ စစ်အာဏာရှင်တော်လှန်ရေးခရီးအရှိန်ကို ရှေ့ဆက်စေခဲ့သည်။

၂၀၂၃ နှစ်ကုန်ပိုင်းမှသည် ၂၀၂၄ နှစ်ကုန်ပိုင်းအထိ ဗမာပြည်အနှံ့စစ်ရေးအရှိန်မြှင့်ခဲ့ရာ တိုင်းရင်းသားဒေသများ၌ စစ်ရေးအောင်မြင်မှုများရခဲ့သည်။ ရခိုင်ပြည်၊ ချင်းပြည်၊ ကချင်ပြည်၊ ကရင်နီပြည်၊ ကရင်ပြည်နှင့် ရှမ်းပြည်မြောက် ပိုင်းတို့သည် စစ်ရေးအရ အောင်မြင်မှုများ ရရှိခဲ့သည်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး လက်နက်ကိုင်တပ်ရင်း၊ တပ်ဖွဲ့များလည်း စစ်ရေးအတွေ့အကြုံများစွာနှင့်အတူ တော်လှန်ရေးရဲဘော်များစွာ၏ အသက်များလည်း ပေးဆပ်လိုက်ရသည်။ ဒေသတွင်း၌ အောင်မြင်မှုတချို့လည်း ပိုင်ဆိုင်လိုက်ကြသည်။

သို့သော် ပွင့်ပွင့်လင်းလင်းဆိုရလျှင် မြန်မာ့တော်လှန်ရေးအင်အားစုများကို ဦးဆောင်မှုပေးသည့် တော်လှန်ရေး တပ်ဦးက လမ်းပျောက်နေဆဲပင်။

ဖက်ဒရယ်အစိုးရအဖြစ်ရပ်တည်မည်လား၊ မြန်မာလူမျိုးစုကို ကိုယ်စားပြုမည် လား၊ စစ်အာဏာရှင်တော်လှန်ရေးလုပ်မည်လား၊ အစိုးရဖြစ်ရေး ကြိုးပမ်းမည်လားစသဖြင့် မည်သို့မျှ ရပ်တည်ချက် မပြတ်သားနိုင်သေးပေ။

ဦးတည်ချက်များ၊ ဖွဲ့စည်းပုံများရေးဆွဲထားသည့်တိုင် မြေပြင်အခြေအနေ၊ လက်တွေ့နိုင်ငံရေးအခင်းအကျင်းနှင့် ကွဲလွဲနေဆဲပင်။

တိုင်းဒေသကြီးများ၌ ဖက်ဒရယ်ယူနစ်လွှတ်တော်များဖွဲ့စည်းကြသည်။ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲကြသည်။ အုပ်ချုပ်ရေးလေဟာနယ်မဖြစ်အောင် လုပ်ခြင်းဖြစ်သည်ဟု မည်သို့ပင် အမြော်အမြင်ကြီးသည် ဟုဆိုစေကာမှု ယင်းလုပ်ရပ်များသည် လက်ရှိတော်လှန်ရေးအခြေအနေအရ အရိုးကို အရွက်ဖုံးခြင်းသာဖြစ်သည်ဟု ကျွန်ုပ်တို့မဏ္ဍိုင်သတင်းဌာနက ရှုမြင်သည်။ ယင်းလုပ်ရပ်ကြောင့် စစ်အာဏာရှင် မင်းအောင်လှိုင်၏ စစ်တပ် လက်နက်ချသွားစရာ အကြောင်းမရှိ။

အထက်ပါနိုင်ငံရေးဆွေးနွေးချက်များသည် တော်လှန်ရေးအောင်မြင်သွားသည့်အချိန်မှသာလျှင် သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုအားလုံး ပါဝင်ဆွေးနွေးရမည့်အချက်ဖြစ်သည်။ အဖွဲ့အစည်းတစ်ခု၊ သဘောထားညီ လူတစ်စု၏ ဆွေးနွေးဆုံးဖြတ်ခြင်းက အပြီးအပြတ်ဟု ကျွန်ုပ်တို့မဏ္ဍိုင်သတင်းဌာနက မရှုမြင်။

ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သည့် CDM ဥပဒေသည်ပင် မျက်မှောက်တော်လှန်ရေးအခင်းအကျင်း၊ တော်လှန်ရေးလားရာနှင့် တော်လှန်ရေးအင်အားစုများ၏ လိုလားချက်ဖြင့် ကွဲလွဲနေဆဲပင်။ ဤဥပဒေ ပြဌာန်းလိုက်ခြင်းက တော်လှန်ရေးအတွက် တိုက်စစ်တစ်ခုဟုဆိုလျှင် တိုက်စစ်အလွဲကြီးဟုဆိုရမည်။

စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်တော်လှန်နေကြသည့် မြန်မာ့တော်လှန်ရေးအင်အားစုများသည် မျက်နှာစာမျိုးစုံဖြင့် တော်လှန်ရေးတိုက်စစ်ကို ဖွင့်ထားသည်ဟု ဆိုဖွယ်ရာရှိသည်။ သို့တိုင် စစ်ရေးဦးဆောင်မှု

တစ်ခုတည်း၌ပင် မြေပြင်က တော်လှန်ရေးတပ်ရင်း၊ တပ်ဖွဲ့များကို ဦးဆောင်မှု မပေးနိုင်။ စုစည်း၊ စည်းရုံးနိုင်စွမ်း မရှိ။ လမ်းချင်းတူသော်လည်း လူချင်းမဆုံနိုင်။

မြန်မာများဦးဆောင်သည့် တော်လှန်ရေးတပ်ဦးသည်ပင် အဖွဲ့အစည်းမျိုးစုံ၊ အသွင်သဏ္ဍာန်မျိုးစုံကွဲပြားနေပြီး အဖွဲ့အစည်းတစ်ခုတည်း၌ပင် အတွင်းပဋိပက္ခများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

တွဲအားလုံးတွင် စစ်ခေါင်းရှိသည်၊ လှည်းနေလှေအောင်းမြင်းဇောင်းမကျန်တော်လှန်ရမည်၊ တစ်ဦးချင်းစီတိုင်း၌ တာဝန်ရှိသည်ဟု မည်သို့ပင်ဆိုစေကာမှု တော်လှန်ရေးဦးဆောင်မှုတစ်ခုကတော့ ရှိနေရမည်၊ တော်လှန်ရေး တပ်ဦးတစ်ခုကတော့ မလွှဲမသွေရှိရမည်သာဖြစ်သည်။ ဤသို့မဟုတ်လျှင် မြန်မာတွေ ဆက်လက်လမ်းပျောက်နေ ဦးမည်။

ယင်းအခြေအနေမှ လွတ်မြောက်ရန်မှာ မြေပြင်၏ လိုအပ်ချက်၊ တော်လှန်ရေး၏ အဓိက လိုအပ်ချက်များနှင့် ကိုက်ညီမည့် တော်လှန်ရေးဦးဆောင်မှုကို အမြန်ဆုံးပေးရန်သာရှိသည်ဟု ကျွန်ုပ်တို့ မဏ္ဍိုင်သတင်းဌာနက အလေးအနက် တိုက်တွန်းအပ်သည်။

Leave a Comment

4 comments

zk88game December 22, 2025 - 10:37 pm

Just spent a few hours on zk88game. Some cool and new games I hadn’t seen before. The graphics are good, too. Might be my new go-to place. You can check them out: zk88game

Reply
balato88 January 14, 2026 - 4:11 pm Reply
xx777 January 25, 2026 - 3:00 am Reply
pokebet88 January 25, 2026 - 12:21 pm Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing