အာရှဒေသလူမှုစံနူန်းတွေကို မေးခွန်းထုတ်သွားတဲ့ Rental Family

လက်သွေး ရေးသည်။

မဏ္ဍိုင် – ဇန်နဝါရီ ၂၀၊၂၀၂၆။


“ အကယ်၍ ရှင့်ဘ၀ထဲက တစ်ယောက်ယောက်နေရာမှာ အစားထိုးဖို့ငှားမယ်ဆိုရင် ဘယ်သူ့နေရာကိုငှားချင် သလဲ”

ဒါက Rental Family ဆိုတဲ့ ဇာတ်ကားထဲက ဒိုင်ယာလော့တစ်ခုပါ။ ဂျပန်မှာရှိတဲ့ လူအငှားလုပ်ငန်းကို လုပ်ကိုင် နေရင်း ဇာတ်လိုက်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တို့ စကားပြောကြတဲ့ ဇာတ်ဝင်ခန်းတစ်ခုက ဒိုင်ယာလော့ပါ။ သူတို့ အလုပ်ဟာ လူတွေက သူတို့အတွက်၊ သူတို့မိသားစုအတွက် လိုအပ်တဲ့သူတွေအဖြစ် ဟန်ဆောင်ပေးဖို့ ငှားရမ်းတဲ့ အခါ သူတို့က သရုပ်ဆောင်ပေး၊ ဝန်ဆောင်မှုပေးရတာပါ။

ကျွန်တော့်အနေနဲ့ ရုပ်ရှင်တစ်ကားကို ကြည့်ပြီး ပြီးပြည့်စုံသော ကျေနပ်နှစ်သိမ့်မှုကိုရတဲ့ ပထမဆုံးဇာတ်ကားလို့ တောင် ခံစားလိုက်ရတဲ့အထိ ၂ နာရီနီးပါးကြာတဲ့ ဒီရုပ်ရှင်က စွဲဆောင်လိုက်တာပါ။ ရုပ်ရှင်အညွှန်း ရေးရလောက် အောင်လည်း မရှိခဲ့ဖူးဘူး။ အခုနဲ့မှ နှစ်ကြိမ်မြောက်ရေးခြင်းပါပဲ။ ပထမဇာတ်ကားက Parasite ဆိုတဲ့ ကိုရီးယား ရုပ်ရှင်ဇာတ်ကားပါ။

ကျွန်တော်က ရုပ်ရှင်ပညာကို ပရော်ဖက်ရှင်နယ် ကျွမ်းကျင်သူတစ်ဦးမဟုတ်ဘူး။ ဒါပေမဲ့ ဇာတ်ညွှန်းပညာလေး မတောက်တစ်ခေါက် လေ့လာဖူးခဲ့တော့ ဇာတ်ကားတွေကြည့်တိုင်း ဇာတ်ညွှန်းတွေကို အဓိကထားကြည့်ဖြစ်နေ တာပါ။

တချို့ရုပ်ရှင်တွေဆို ဇာတ်ကလည်းခိုင်မာ၊ သရုပ်ဆောင်တွေကလည်း အပိုအလိုမရှိ ကွက်တိ၊ ဒါပေမဲ့ ဇာတ်ညွှန်း က ပေါ့ပျက်ပျက် ဖြစ်သွားတဲ့အခါ ဟာတာတာနဲ့ ကျန်ခဲ့ရတာများတယ်။ ကြည့်နေရင်း ဒီဇာတ်ညွှန်းကို ဒီလိုလေး ပြင်လိုက်ရင်၊ Plop Point ကို ဘယ်လိုမျိုး တင်လိုက်ရင် ဘယ်လောက်တောင်ကောင်းသွားမယ်ဆိုပြီး မချင့်မရဲ ဖြစ်ခဲ့ရတယ်။

အခုရုပ်ရှင်ကတော့ ကြည့်နေရင်းနဲ့တင် ပါးစပ်က ကောင်းလိုက်တာကွာဆိုတဲ့ အသံထွက်မိတဲ့အထိပါပဲ။ လူတိုင်း တော့ ဒီလိုခံစားရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ အတိုင်းအတာတစ်ခုထိတော့ နှလုံးသားကို အဖျားခတ် စေမှာပါ။ ကျွန်တော့်အတွက်တော့ ဘောလုံးပင်ပင်ပန်းပန်းကန်ပြီး ရေတအားဆာနေတဲ့အချိန် ရေခဲရေအေးအေး လေးကို သောက်လိုက်ရသလို ပြည့်စုံမှုမျိုးကို ခံစားလိုက်ရတာပါ။

ဒိုင်ယာလော့တွေဟာလည်း အပိုအလိုမရှိကွက်တိကျနေတာပါ။ အညွှန်းနဲ့တင် စာမျက်နှာကပြည့်တော့မှာမို့ ဇာတ်ကားအကြောင်းလေးကို စပွိုင်လာလည်း မဖြစ်ရအောင် အကျဉ်းလေး ပြောပြပါ့မယ်။

Rental Family ရဲ့ အဓိက သရုပ်ဆောင်က မြန်မာပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ The Mummy, The Whale ရုပ်ရှင် တွေမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Brendan Fraser ပါ။

Rental Family ထဲမှာတော့ သူဟာ Phillip ဆိုတဲ့ အမေရိကန်သားသရုပ်ဆောင်တစ်ယောက်။ အမေရိကန်မှာ သရုပ်ဆောင် အလုပ်တွေ သူ့အတွက်ရှားပါးလာလို့ ဂျပန်ကို ပြောင်းပြီး သရုပ်ဆောင်လာလုပ်နေတာ ၇ နှစ်ရှိပြီ။ သူကအခန်းကျဉ်းလေးထဲ တစ်ယောက်တည်းနေရင်း သရုပ်ဆောင်အလုပ်ရတာလေးတွေ လုပ်နေတာ။ သရုပ် ဆောင်အလုပ်လည်း ပီပီပြင်ပြင်လုပ်ရတယ် မရှိသေးဘူး။ ကြော်ငြာလေးတွေရိုက် ၊ ကြိုကြား ကြိုကြား အလုပ် လေးတွေလုပ်ပေါ့။

ဒီလိုနေရင်း သူ့ဘ၀ကို အလှည့်အပြောင်းဖြစ်မယ့် တစ်နေ့ကို ရောက်လာတယ်။ “အငှားမိသားစု” လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုက သူ့ကို သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းတာပါ။

ဒီအလုပ်က ရိုက်ကွင်းပေါ်မှာ ကင်မရာတွေရှေ့ သရုပ်ဆောင်ရတာမျိုး မဟုတ်ဘူး။ ဌားတဲ့သူတွေရဲ့ မိသားစု ဝင်အဖြစ်၊ သူငယ်ချင်းအဖြစ်၊ ချစ်သူအဖြစ် တကယ်ဟန်ဆောင်ပေးရတဲ့အလုပ်ပါ။ Phillip တစ်ယောက် ဒီအလုပ်ကို အစပိုင်းမှာ အင်တင်တင်ဖြစ်နေပေမယ့် သရုပ်ဆောင်အလုပ်တွေကလည်း ပါးနေတော့ မတတ်သာဘဲ လက်ခံ လိုက်ရတယ်။

Phillip ရဲ့ပထမဆုံးအလုပ်ကတော့ ကနေဒါသားလူဖြူသတို့သားအဖြစ် ဟန်ဆောင်ရတာပါ။ သူ့ကိုအလုပ်အပ်တဲ့ ကောင်မလေးက လိင်တူချစ်သူတစ်ယောက်။ သူတို့က လက်ထပ်ထားတာ။ ပြဿနာက ရှေးရိုးဆန်ပြီး စည်းကမ်း တင်းကျပ်တဲ့ သူ့မိဘတွေကို ဖွင့်မပြောရဲဘူး။
ဒါကြောင့် Phillip ကို သူ့ရဲ့ သတို့သား အဖြစ်ဟန်ဆောင်လက်ထပ်ခိုင်းတာ။ ပြီးရင် သူက ကနေဒါကို အပြီးလိုက် သွားမယ်ဆိုပြီး ဇာတ်လမ်းဆင်ခိုင်းတာပါ။ Phillip တစ်ယောက် အလုပ်လက်ခံပြီးတော့ တကယ့်ပွဲနေ့မှာ ဇောချွေးတွေ ပြန်လာတယ်။ မင်္ဂလာခန်းမထဲ မဝင်ရဲလို့ အိမ်သာထဲမှာ ပုန်းနေသေးတယ်။

မင်္ဂလာပွဲကနီးနေပြီ၊ သတို့သားပျောက်နေတော့ ကုမ္ပဏီကလူတွေအသည်းအသန် သူ့ကိုလိုက်ရှာတာပေါ့။ နောက် တော့ အိမ်သာထဲက သူ့ကိုတွေ့သွားပြီး ဒီပွဲပျက်သွားရင် ဖြစ်လာမယ့် ဆိုးကျိုးတွေ သူတို့ကို အလုပ်အပ်ထားတဲ့ ကောင်မလေး အနာဂတ်ကို ဖျက်ဆီးသလိုဖြစ်သွားမှာကို ပြောလိုက်မှ မင်္ဂလာခန်းမထဲကို သူဝင်လိုက်တော့ တယ်။

အဲဒီအခါမှ ကောင်မလေးမိဘတွေရဲ့ စိတ်ချမ်းသာနေတာကိုတွေ့ရ၊ သတို့သမီးရဲ့ စိတ်အေးသွားတဲ့ မျက်နှာကို မြင်ပြီးနောက်မှာတော့ Phillip က သူ့ရဲ့ထူးခြားတဲ့ သရုပ်ဆောင်အလုပ် အပေါ် စပြီး ခင်တွယ်လာခဲ့တယ်။ နောက်တော့ ကာရာအိုကေဆိုတဲ့လူတွေကို လက်ခုပ်လက်ဝါးတီးပြီး အားပေးတဲ့သူဖြစ်လိုက်၊ သူငယ်ချင်းမရှိတဲ့ တစ်ကောင်ကြွက် ဂိမ်းဝါသနာအိုးအတွက် ဂိမ်းအတူဆော့ပေးဖော်ဖြစ်လိုက်နဲ့ သရုပ်ဆောင်အလုပ်တွေ ဆက် တိုက် သူလုပ်ရတော့တယ်။

တစ်နေ့တော့ Single Mother တစ်ယောက်က သူ့သမီး ဂျပန်ဘိုကပြားမလေးအတွက် အဖေအဖြစ်ဟန်ဆောင် ပေးဖို့ လာငှားတယ်။ ပုဂ္ဂလိကကျောင်းတစ်ခုမှာ ဝင်ခွင့်အတွက် မိဘတွေက အင်တာဗျူးဖြေဖို့ သူက သရုပ်ဆောင်ပေးရမှာပါ။

ထူးခြားတာက ကလေးမလေးက သူ့အဖေကို တစ်ခါမှမမြင်ဖူးတာပါ။ အမေဖြစ်သူကလည်း ကျောင်းဝင်ခွင့် အင်တာဗျူးနဲ့ သူ့သမီးဖြစ်သူ Mia ရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် အဖေအရင်းလို ဟန်ဆောင်ခိုင်းတာပါ။ Mia ရှေ့မှာ တကယ့်အဖေရင်းအတိုင်း ပြုမူပြောဆိုပြီး အယုံသွင်းပေးဖို့ တောင်းဆိုလာတယ်။ ဒီတော့ သားသမီး မရှိတဲ့ Phillip ဟာ ကလေးမလေးရဲ့ အဖေအရင်းအဖြစ်သရုပ်ဆောင်ပေးရပါတယ်။


ဒီလို သရုပ်ဆောင်နေရင်း နောက်ထပ်အလုပ်တစ်ခုကိုလည်းလက်ခံထားတယ်။ အသိဉာဏ်ချို့ယွင်းစပြုလာတဲ့ Kikuo ဆိုသူ ဂျပန်ဝါရင့်သရုပ်ဆောင်ကြီးတစ်ယောက်ရဲ့ သမီးဖြစ်သူက လူတွေမေ့လာကြပြီး အထီးကျန်နေတဲ့ သူ့အဖေအတွက် သတင်းထောက်အဖြစ် ဟန်ဆောင်ကာ အင်တာလာဗျူးခိုင်းတာပါ။

ဒီတော့ Phillip ဟာ အပတ်စဉ် Kikou ရဲ့ ဘဝအကြောင်းကို အင်တာဗျူးပေးပြီး စကားစမြည်ပြောရတယ်။ အချိန် ကြာလာတော့ Phillip ဟာ Mia လေးကို သံယောဇဉ်တွယ်လာသလို မင်းသားကြီး Kikou ကိုလည်း သနားစိတ်ပို လာတယ်။ ဒီအလုပ်က ရုပ်ရှင်ဇာတ်ကွင်းမှာလို သရုပ်ဆောင်ပြီး ကတ်လို့အော်တာနဲ့ပြီးသွားတာ မဟုတ်ဘူး။

အငှားမိသားစုတွေရဲ့ ဘ၀ထဲကို တရင်းတနှီးဝင်ရတာလေ။ Mia လေးကလည်း သူ့ကို အဖေအဖြစ် လက်ခံလာပြီး သံယောဇဉ်တွယ်လာတယ်။ Miaလေးက သရုပ်ဆောင်ချိန် ပြင်ပတွေမှာပါ Phillip ကို ဖုန်းဆက်တာ မက်ဆေ့ပို့တာတွေ လုပ်လာတယ်။ သူကလည်း လိုလိုလားလား Mia လေးအတွက် အဖေအဖြစ် လုပ်ပေးနေခဲ့ ပါတယ်။

တဖြည်းဖြည်းအလုပ်နဲ့ သံယောဇဉ်ကြား Phillip တစ်ယောက် အကျပ်ရိုက်လာတော့တယ်။ ဒါဟာ ဇာတ်ရဲ့တန်ပိုကို ဆွဲတင်မယ့် အခင်းဇက်ကွက်တွေ၊ ဇာတ်လမ်းသဘောတရားမှာ အခင်း၊ အခက်၊ အဖြေ ဆိုတဲ့ ဇာတ်ညွှန်းသဘော တရားအရ အတက်ဆုံးပိုင်းကို လာပါပြီ။
Mia ရဲ့မိခင်ဖြစ်သူဟာ Phillip ကို သူ့သမီးလေးက အချိန်မရွေး ဆက်သွယ်ပြီး မက်ဆေ့တွေပို့နေတာကို မလို လားတော့ဘူး။ ဒါကြောင့် ကျောင်းဝင်ခွင့် စာမေးပွဲဖြေပြီးတာနဲ့ အလုပ်ကို ရပ်ဖို့ပြောလာတယ်။ Mia ကိုလည်း သူဟာ အမေရိကန်ကို အပြီးပြန်တော့မှာမို့ နူတ်ဆက်ဖို့ပြောခိုင်းတယ်။

တစ်ဖက်မှာလည်း ဂျပန်မင်းသားကြီးက သူ့ဇာတ်ကြောင်းကိုရေးမယ်ဆိုရင် သူ့မွေးရပ်မြေကို မြင်ရမှ ပြည့်စုံမယ်လို့ ဆိုကာ လိုက်ပို့ခိုင်းတယ်။ အထီးကျန်ပြီး မှတ်ညဏ်ချို့ယွင်းစပြုနေတဲ့ သူ့အတွက် အတိတ်ဟာ အချိန်မရွေး ပျောက်ကွယ်သွားနိုင်တာကိုလည်း Phillip ကသိနေတယ်။ ဒါကြောင့် သူ့ဆန္ဒကို ဖြည့်ဆည်းပေးချင် တယ်။ ဒါပေမဲ့ ကျန်းမာရေးမကောင်းတဲ့ မင်းသားကြီးနဲ့ မိုင်ပေါင်းများစွာ ခရီးသွားရမှာက သူ့အတွက် စိန်ခေါ်မှုဖြစ်နေတယ်။ သူ့သမီးဖြစ်သူကလည်း လက်ခံမှာ မဟုတ်ဘူး။

ဇာတ်ညွှန်းသဘောမှာ အဆင့်မြင့်ဆုံးဖြစ်တဲ့ Inner Conflict (ကိုယ့်စိတ်နဲ့ကိုယ် ပြန်တိုက်ရတဲ့အခြေအနေ)ကို Phillip တစ်ယောက် ရင်ဆိုင်နေရပြီ။ လူသားဆန်မှုအရ Mia လေးနဲ့ ဂျပန်မင်းသားကြီး ဆန္ဒကို ဖြည့်ပေးချင်တယ်။ အလုပ်သဘောအရ သရုပ်ဆောင်ငှားထားတဲ့ ဖောက်သည်တွေရဲ့ ဘ၀တွေကို သူက ဝင်စွက်ဖက်လို့ မရပြန်ဘူး။


Phillip ဘယ်လိုဆုံးဖြတ်ပါသလဲ။ သူလူသားဆန်လိုက်တယ်။ မင်းသားကြီးကို သူ့အိမ်ကနေ ခိုးထုတ်ပြီး မွေးရပ် မြေကို သူလိုက်ပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ Mia လေး ဝင်ခွင့်စာမေးပွဲကိုလည်း သူ့အမေက ဘာမှဝင်မပြောဖို့ မှာထားပေမယ့် ကလေးအတွက် သူက ခံစားချက်အပြည့်နဲ့ အင်တာဗျူးဖြေပေးခဲ့တယ်။ ပြီးတာနဲ့ ကားတစ်တန် သင်္ဘောတစ်တန် တောင်အသွယ်သွယ်ဖြတ်လို့ မင်းသားကြီးကို သူ့မွေးရပ်မြေအိမ်လေးဆီ လိုက်ပို့ပါတော့တယ်။

မင်းသားကြီးဟာ ခရီးလမ်းတစ်လျောက် လူငယ်လေးလို ရွှင်မြူးနေတယ်။ သူ့မွေးရပ်ရွာကလေးဟာ ခြုံနွယ် ပိတ် ပေါင်းတွေနဲ့ သူ့အိမ်ကလေးဟာလည်း ဟောင်းနွမ်းပြိုပျက်နေပါပြီ။ အဲဒီအချိန် တစ်ဖက်မှာလည်း Mia လေးက သူ တီဗီကြော်ငြာတစ်ခုမှာ သရုပ်ဆောင်နေတာတွေ့သွားခဲ့ပြီး သူ့ကို အဖေအဖြစ် လိမ်လည်ခဲ့တာကို သိသွားပါတော့တယ်။

သူ့အမေကိုလည်း စကားမပြောတော့ဘူး။ သူတစ်ခါမှ မမြင်ဖူးတဲ့အဖေဟာ သူ့ရှေ့ရုတ်တရက်ပေါ်လာကာ နွေး ထွေးမှုတွေပေးပြီးနောက် အဖေအစစ်မဟုတ်မှန်း သိလိုက်ရတဲ့အခါ စိတ်ထိခိုက်သွားရှာတယ်။ သူအလိမ်ခံလိုက်ရတယ်ဆိုတဲ့ ခံစားချက်က နဂိုစိတ်ဒဏ်ရာထဲကို ဒဏ်ရာအသစ်ထပ်ထည့်ခံလိုက်သလိုပါပဲ။ အဲဒီ ဇာတ်ကွက်ပြီးတော့ ခရီးထွက်နေတဲ့ မင်းသားကြီးဆီ ပြန်ပြတယ်။

မင်းသားကြီးက သူ့မွေးရပ်မြေကို သူ့အကြောင်းရေးရရုံလာတာမဟုတ်ဘူး။ သူ့အတိတ်ကို ပြန်တူးဆွဖို့ပါ။ အဲဒီ အိမ်အိုလေးမှာ တစ်ညအိပ်ပြီး မနက်နိုးတဲ့အခါ မင်းသားကြီးက အပင်ကြီးတစ်ပင်အောက်ကို တူးဆွလိုက်တဲ့ အခါ သူ့အမှတ်တရတွေ ထည့်ထားတဲ့ ဘူးလေးပေါ်လာတော့တယ်။ ဘူးထဲမှာ သူ့ဇနီးနဲ့သူနဲ့ တွဲရိုက်ထားတဲ့ ပုံလေးတွေ ၊ အမှတ်တရပစ္စည်းလေးတွေ မြင်လိုက်ရပြီး ရှိုက်ကြီးတငင် ငိုကြွေးပါတော့တယ်။ သူ့စိတ်ကလည်း အလွမ်းပြေ သွားတယ်။

အဲဒီကနေ သူတို့ပြန်ထွက်လာခဲ့တယ်။ အဲအချိန်ပြဿနာက တက်နေပါပြီ။ Phillip ကို သူ့ကုမ္ပဏီက ဖုန်းဆက်ပြီး မင်းသားကြီးကို ခေါ်သွားတဲ့အတွက် ပြဿနာတက်နေပြီ။ မိသားစုကလည်း အမှုဖွင့်ထားပြီ။ သူဖုန်းပြောနေတဲ့ အချိန်မှာ မင်းသားကြီးဟာ ရုတ်တရက် လဲကျသွားပါတော့တယ်။

ဇာတ်ရဲ့တန်ပိုအမြင့်ဆုံးအချိန်ပါပဲ။ မိသားစုကို အသိမပေးဘဲ မင်းသားကြီးခေါ်သွားတဲ့အတွက် သူအမှု ဘယ်လို ရင်ဆိုင်မလဲ။ Mia လေးရဲ့ စိတ်ဒဏ်ရာတွေကရော ဘယ်လိုပြေပျောက်နိုင်မှာလဲ။ ဒီလို အဖက်ဖက်က အကျပ် အတည်းတွေကို မွန်းကျပ်စရာပြပြီး ဇာတ်သိမ်းပိုင်းကို ဖြေချသွားပုံဟာ အရမ်းကို သပ်ရပ်ပြီး ပြည့်စုံတယ်ဆိုတဲ့ ခံစားချက်ကို ရလိုက်တယ်။ ဇာတ်သိမ်းကိုတော့ ကျွန်တော် ဒီမှာ မပြောပြတော့ပါဘူး။ မိတ်ဆွေတို့ပဲ ဆက်ကြည့်လိုက်ကြပါ။ စကားလုံးနဲ့ ပြောပြတာထက် ကိုယ်တိုင်ကြည့်ပြီးမှ ကျေနပ်နှစ်သိမ့်မှုကို ရတာက ပိုပြည့်စုံလို့ပါ။

ဇာတ်လမ်းပြီးတော့ ရင်ထဲမှာ တွေးစရာတွေကျန်ခဲ့တယ်။ ကျွန်တော်ဒီဆောင်းပါးကိုလည်း ရုပ်ရှင်ပြီးတာနဲ့ အစပျိုးတာကို စရေးဖြစ်လိုက်တယ်။ ရုပ်ရှင်ပြီးချိန်ဟာ ညတစ်နာရီ ထိုးနေပါပြီ။ အိပ်လိုက်ပြီး မနက်မှ ထစဉ်းစားရေး မယ်ဆိုရင် ခံစားချက်တွေပေါ့သွားမှာ စိုးလို့ပါ။

ဒါဟာ ရုပ်ရှင်သက်သက်မဟုတ်ဘူး။ အာရှဒေသက ဘောင်ခတ်သလိုဖြစ်နေတဲ့ လူနေမှုစံနူန်းတွေကို လှလှပပ မီးမောင်းထိုးပြသွားတာ။
ဒီရုပ်ရှင်မှာ အာရှသားတွေရဲ့ အကြောက်တရားနဲ့ချည်နှောင်ထားတဲ့ လူမှုဆက်ဆံရေးတွေကို မြင်လိုက်ရတယ်။ ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ချစ်သူတွေကို ကျွန်တော်တို့ ရင်ဆိုင်ရမှာ၊ အမှန်တရားကို ရင်ဖွင့် ပြောရမှာကို ဘာလို့ကြောက်နေကြတာလဲ။ ဘာကြောင့် ကိုယ်ဖြစ်ချင်တာတွေကို ထုတ်မပြောရဲကြတာပါသလဲ။

ငယ်စဉ်ကတည်းက မိဘစကား၊ လူကြီးသူမစကားတွေကို မြေဝယ်မကျနားထောင်ပြီး သူတို့အလိုကျ ကိုယ့်ဘ၀ကို ဖြတ်သန်းနေရတာတွေ၊ ကိုယ့်ဘ၀ကို ကိုယ့်ပုံစံအတိုင်း ရဲရဲဝံ့ဝံ့ မလျှောက်လှမ်းတာတွေ၊ လူလိမ္မာလေးဖြစ်ဖို့ပဲ ကြိုးစားနေကြတာတွေဟာ ကျွန်တော်တို့ ဘ၀အတွက် တကယ်အကျိုးရှိရဲ့လား စတာတွေကို မေးခွန်းထုတ်ပြ သွားပါတယ်။

ကျွန်တော်တို့မိသားစုတွေဟာ သွေးချင်းသာနီးပြီး စိတ်ချင်းနီးစပ်ဖို့ ဘာကြောင့် ဒီလောက်ခက်ခဲနေကြသလဲ။ အပြင်ပန်းမှာ စည်ကားနွေးထွေးသယောင်ဖြစ်နေပေမယ့် တစ်ယောက်တည်း အထီးကျန်နေရတာတွေဟာ စည်း လေးတစ်ခုကို ရဲရဲဝံ့ဝံ့ကျော်လွှားလိုက်တာနဲ့ ပြေလည်သွားနိုင်တာပါ။
ဒီရုပ်ရှင်ဟာ အဲဒီမေးခွန်းတွေအတွက် အဖြေတစ်ခုကို ပေးသွားတယ်လို့ ကျွန်တော်ခံစားမိလိုက်ပါတယ်။ မိတ်ဆွေတို့လည်း အားလပ်ချိန်လေးရရင် ဒီရုပ်ရှင်လေးကို ကြည့်ဖို့ ကျွန်တော် အကြံပေးချင်ပါတယ်။ ဆောင်းပါး အဆုံးသတ်ကိုလည်း ဒီရုပ်ရှင်ထဲက ဒိုင်ယာလော့လေးတစ်ခုနဲ့ ကျွန်တော် အဆုံးသတ်လိုက်ပါတော့မယ်။ ရုပ်ရှင်ရဲ့ အစလေးမှာ ပြောခဲ့တဲ့ စကားလေးပါ။

အဲဒီစကားကတော့ “တစ်ခါတစ်ရံ ကျွန်မတို့ လိုအပ်တာက ကျွန်မတို့ကို မျက်လုံးချင်းဆုံကြည့်ပြီး “မင်းတို့ ရှိနေတယ်” လို့ ပြောပြနိုင်မယ့် လူတစ်ယောက်ပါပဲ။” တဲ့။

Leave a Comment

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing