“ကျွန်တော်လည်း ရည်းစားမထားဘူး၊ အမေလည်း ကျွန်တော့်ကို တော်လှန်ရေးထဲက ဆွဲမထုတ်နဲ့”

Photo Essay

မဏ္ဍိုင် – ဇွန် ၂၁၊၂၀၂၅။

ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တပ်ဖွဲ့နဲ့ တခြားသော မဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဇွန်လ ၂ ရက်မှာ စတင်တိုက်ခဲ့ရာ ဇွန်လ ၁၉ ရက်မှာ စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ 96 Soldiers PDF – အညာတပ်ခွဲလည်း ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ စခန်းသိမ်း တိုက်ပွဲအပြီးမှာ 96 Soldiers PDF – အညာတပ်ခွဲမှ ရဲဘော် ၁ ဦးအပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ရဲဘော် ၅ ဦး ကျဆုံးခဲ့ပါတယ်။ 96 Soldiers PDF မှ ကျဆုံးသွားတဲ့ ရဲဘော်ဟာ အသက် ၁၈ နှစ်အရွယ် ရဲဘော် ငယ်ထွေးပါ။

ရဲဘော်ငယ်ထွေး(ခ)ယောက်လုံး၏ နာရေးဈာပနတွင် ဒေသခံပြည်သူလူထုက တက်ရောက်တရားနာကြားခဲ့ကြသည်။

96 Soldiers PDF ရဲ့ တပ်ဖွဲ့စည်းကမ်းအရ ရဲဘော်တွေကို အသက် ၁၈ နှစ်ပြည့်မှ ရှေ့တန်းထွက်ခွင့်ပေးတာဖြစ်ပါတယ်။ အခုကျဆုံးခဲ့တဲ့ ရဲဘော်ဟာ အသက် ၁၈ နှစ်ပြည့်လို့ ပထမဆုံး ထွက်ရတဲ့ ရှေ့တန်းစစ်ဆင်ရေးမှာ ကျဆုံးခဲ့တာပါ။ ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ 96 Soldiers PDF တပ်စိပ်က ဖြတ်တောက်ရေး တာဝန်အဖြစ် ပူးပေါင်းပါဝင်ပေးခဲ့ကြတာပါ။

ရဲဘော်ငယ်ထွေး(ခ)ယောက်လုံး၏ နာရေးဈာပနတွင် ဒေသခံပြည်သူလူထုက တက်ရောက်တရားနာကြားခဲ့ကြသည်။

ရဲဘော်ငယ်ထွေးပါတဲ့ အဲဒီတပ်စိပ်က စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းကို ဖြတ်တောက်ရေး တာဝန်ထမ်းဆောင် နေစဉ် ဇွန်လ ၁၉ ရက်မှာ Y12 လေယာဥ် ကြဲချခဲ့တဲ့ ဗုံးစထိမှန်ခဲ့တာဖြစ်ပါတယ်။ ဆေးရုံမှာ ခွဲစိတ်ကုသနေစဉ် မှာပဲ ရဲဘော်ငယ်ထွေးဟာ ဗုံးစထိမှန် ဒဏ်ရာနဲ့ အသက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

ကျဆုံးရဲဘော် ငယ်ထွေး(ခ)ယောက်လုံးကို သဂြိုလ်ရန် ရုပ်အလောင်းသယ်ယူလာကြသည်။

သူ့မှာ ညီအစ်ကို ၄ ယောက်ရှိပြီး သူကတော့ အငယ်ဆုံးသာဖြစ်လို့ ငယ်ထွေးလို့ မိခင်က နာမည်ပေးထားတာပါ။ ရဲဘော် ငယ်ထွေးအပါအဝင် ညီအစ်ကို ၃ ယောက်ဟာ 96 Soldiers PDF အညာတပ်ခွဲမှာ တာဝန်ထမ်းဆောင်နေ ပြီး အကိုလတ်ကတော့ ပကဖအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

ကျဆုံးရဲဘော် ငယ်ထွေး(ခ)ယောက်လုံးကို သဂြိုလ်ရန် ရုပ်အလောင်းသယ်ယူလာကြသည်။

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ သား ၄ ယောက်လုံးရဲ့ မိဘတွေကတော့ အညာဒေသမှာ တံငါလုပ်ငန်း လုပ်ကိုင်သူတွေဖြစ်ပါတယ်။

ရဲဘော်ငယ်ထွေး၏ ဈာပနအခမ်းအနားကို ရဲဘော် ရဲဘက်များ၊ မဟာမိတ်တပ်ဖွဲ့များနှင့် ဒေသခံပြည်သူလူထု ၁၀၀ကျော် လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ရဲဘော်ငယ်ထွေးဟာ 96 Soldiers PDF အညာတပ်ခွဲမှာ တော်လှန်ရေးအလုပ်တွေကို လုပ်ကိုင်လိုတဲ့အတွက် “ကျွန်တော်လည်း ရည်းစားမထားဘူး၊ အမေလည်းသူ့( ကျွန်တော့်)ကို တော်လှန်ရေးထဲက ဆွဲမထုတ်နဲ့” လို့ အမေ့ဆီက ခွင့်ပြုချက်ယူပြီး တော်လှန်အလုပ် လုပ်ခဲ့သူတစ်ယောက်ဖြစ်တယ်လို့ 96 Soldiers PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ရဲဘော်ငယ်ထွေး၏ ဈာပနအခမ်းအနားကို ရဲဘော် ရဲဘက်များ၊ မဟာမိတ်တပ်ဖွဲ့များနှင့် ဒေသခံပြည်သူလူထု ၁၀၀ကျော် လိုက်ပါပို့ဆောင်ခဲ့ကြသည်။

96 Soldiers PDF အညာတပ်ခွဲမှ ရဲဘော်ငယ်ထွေးရဲ့ စျာပနကို ဇွန်လ ၁၉ ရက်က ပြုလုပ်ခဲ့ပြီး နာရေးပို့ဆောင်သူ ၁၀၀ ကျော်က လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ရင်း ကျဆုံးသွာတဲ့ 96 Soldiers PDF အညာတပ်ခွဲမှ ရဲဘော်ငယ်ထွေးရဲ့ နာရေးမှတ်တမ်းတွေကို မဏ္ဍိုင်သတင်းဌာနက ဖော်ပြပေးလိုက်ပါတယ်။

ညီဖြစ်သူ ရဲဘော်ငယ်ထွေးရဲ့ နာရေးပုံကို ကိုင်ဆောင်ထားတဲ့ ပကဖအဖွဲ့ဝင် အကိုလတ်။
သေနတ်အောက်စိုက်ပြီး အလေးပြုနှုတ်ဆက်နေကြတဲ့ ရဲဘော်ငယ်ထွေး(ခ)ယောက်လုံး၏ ရဲဘော်ရဲဘက်များ။

သေနတ်ပစ်ဖောက် အလေးပြုနှုတ်ဆက်ရန်ပြင်ဆင်နေသော တပ်ဖွဲ့ဝင်များ။

သေနတ်ပစ်ဖောက် အလေးပြုနှုတ်ဆက်နေသော ရဲဘော်များနှင့် လိုက်ပါပို့ဆောင်ကြသော ဆွေမျိုးမိဘ ဒေသခံများ။
သားဖြစ်သူအလောင်းအား မီးသင်္ဂြုလ်ရန် ပြင်ဆင်နေချိန် ငိုကြွေးနေသော ရဲဘော်ငယ်ထွေး၏ မိခင်။

“ကျွန်တော်လည်း ရည်းစားမထားဘူး၊ အမေလည်း ကျွန်တော့်ကို တော်လှန်ရေးထဲက ဆွဲမထုတ်နဲ့” ဟု မိခင်နှင့်သဘောတူညီချက်ယူကာ လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်လာခဲ့ပုံကို မိခင်မှ ထပ်တလဲလဲ ပြောဆိုငိုကြွေးနေခဲ့သည်။
ရဲဘော်ငယ်ထွေး၏ ရုပ်အလောင်းအား မီးရှို့သင်္ဂြုလ်ရန် ပြင်ဆင်ထားသည်။
ရဲဘော်ငယ်ထွေးအား မီးသင်္ဂြုလ်ရန်ပြင်ဆင်ထားသော ထင်းပုံဘေးမှ လွမ်းသူ့ပန်းခွေ။
ရဲဘော်ငယ်ထွေး(ခ)ယောက်လုံး၏ ရုပ်အလောင်းကို မီးရှို့သဂြိုလ်ခဲ့ကြသည်။

စျာပနအခမ်းအနားတွင်တွေ့ရသော ရဲဘော်ငယ်ထွေး၏ မိခင်နှင့် ရပ်ဆွေရပ်မျိုးများ။
မီးသင်္ဂြုလ်ထားသော ရုပ်အလောင်းနှင့်အတူတွေ့ရသည့် ပကဖအဖွဲ့ဝင် အကိုလတ်။
ညီဖြစ်သူအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အကိုလတ် ဖြစ်သူမှ နောက်ဆုံးအကြိမ်သေနတ်ပစ်ဖောက် နှုတ်ဆက်အလေးပြုခဲ့သည်။
ရဲဘော်ငယ်ထွေး၏ ရုပ်အလောင်းအား မီးရှို့သင်္ဂြုလ်ထားသောထင်းမီးပုံနှင့် နှုတ်ဆက်ထွက်ခွာသွားကြသော ရဲဘော်များ။

Photo – Nyein Chan Suu Kyi

Leave a Comment

ကျွန်တော်တို့၏ မဏ္ဍိုင် သတင်းဌာနသို့ လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်ပါသည်။