တော်လှန်ရေးကို အမြန်ဆုံးပြီးစေမယ့် အချက်

အတွေးအမြင်

လင်းဇေ ရေးသည်။

မဏ္ဍိုင်၊ ဇွန် ၁၃ ၊ ၂၀၂၅။

တော်လှန်ရေးဘယ်တော့ပြီးမလဲဆိုတဲ့ မေးခွန်း မေးလာတဲ့အခါ အမေးခံရတဲ့သူဟာ အတော်ပဲ အဖြေရခက်ပါ လိမ့်မယ်။ တချို့ကလည်း မင်းဘယ်လောက် ပါဝင်သလဲဆိုတဲ့ မေးခွန်းမျိုး ပြန်မေးပြီး ပြန်ဖြေတတ်ကြတယ်။ ဟုတ်သလိုလိုရှိပေမယ့် ဝေဝါးတာကို တွေ့ရတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့  လေးနှစ်ပြည့် အစီရင်ခံစာကို ဖတ်ပြီးတဲ့နောက် စာရေးသူမှာ တွေးစရာတွေ တလှေကြီးဖြစ်ခဲ့ရတယ်။ အစီရင်ခံစာကို ငါးခေါက်လောက်ဖတ်ပြီး တစ်ခုခုလိုနေသလို ခံစားနေမိတယ်။ အဲဒီခံစားချက်ဖြစ်နေတဲ့ တချိန်တည်းမှာပဲ တစ်နိုင်ငံလုံး လေကြောင်းက ဗုံးကြဲခံနေရတဲ့ကိစ္စ၊ လေယာဉ်ပစ် သေနတ်ဆွေးနွေးငြင်းခုံမှု၊ ပြီးတော့ မြင်းခြံခရိုင်တပ်ရင်း ၇ ၊ Zero ပြောက်ကျား တပ်ဖွဲ့က တပ်ရင်းမှူး ဗိုလ်သက်ကြီးရဲ့ ငြီးတွားမှု၊ တခါ ပုလဲမြို့နယ်မှာ စစ်ကောင်စီတိုက်လေယာဉ် ပျက်ကျမှုအပေါ် တော်လှန်ရေး တပ်ဖွဲ့တွေ၊ ပြည်သူတွေရဲ့  ပျော်ရွှင်မှု ဒါတွေကို ပေါင်းစပ်ပြီးတဲ့အခါ တော်လှန်ရေးဘယ်တော့ ပြီးမလဲဆိုတဲ့ အဖြေ စာရေးသူခေါင်းထဲ ထွက်လာတယ်။

အာဏာသိမ်းစစ်တပ်ဟာ မြေပြင်စစ်ဆင်ရေးတွေမှာ စစ်ရေး အရေးနိမ့်လာတဲ့အခါ လေကြောင်းတိုက်ခိုက်မှု တွေကို အားစိုက်လုပ်လာကြတယ်ဆိုတာ အားလုံးအသိပါ။ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ကစလို့ လေးနှစ်ကျော် ကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်းဟာ ၂,၅၀၀ ကျော်နေ ပါပြီ။ မြန်မာပြည်အနှံ့က တိုင်းနဲ့ပြည်နယ်တွေမှာ နယ်မြေစိုးမိုးမှု၊ နယ်မြေထိန်းသိမ်းထားနိုင်မှု ဘယ်လိုပင်ရှိရှိ အဲဒီနယ်မြေတွေမှာ နေထိုင်ကြသူတွေဟာ လေကြောင်းရန်ကိုတော့ အထူးစိုးရိမ်ထိတ်လန့်နေရဆဲပါ။

ဒါကြောင့် စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကာကွယ်ဖို့ ပြည်သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လေယာဉ်ပစ် သေနတ် တောင်းဆိုဝေဖန်မှု၊ လေကြောင်းရန် ကာကွယ်ဖို့ NUG ကို ထောက်ပြဝေဖန်မှုတွေဟာ လွန်ရာကျ မယ်လို့ မထင်ပါဘူး။

ဒါကိုပဲ NUG ရဲ့ သယံဇာတဝန်ကြီး ဒေါက်တာ တူးခေါင်က ဒီလိုဝေဖန်ထောက်ပြသူတွေကို စစ်ကောင်စီနဲ့ အတိုင်အဖောက်ညီညီလုပ်နေတဲ့ ဒလန်လိုလို စွပ်စွဲခဲ့သေးတယ်။

ဇွန် ၄ ရက်မှာ NUG၊ MOD လက်အောက်ခံတပ်ရင်းတစ်ခုဖြစ်တဲ့  မြင်းခြံခရိုင်တပ်ရင်း ၇ ၊ Zero ပြောက်ကျား တပ်ဖွဲ့က တပ်ရင်းမှူး ဗိုလ်သက်ကြီးက တော်လှန်ရေး ဆိုတဲ့ ပို့စ်တစ်ခုတင်တယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ မှာ ဓား၊ လောက်လေးဂွ၊ ဂက်စ်ဂန်းတွေနဲ့ တော်လှန်ရေးစခဲ့တဲ့အကြောင်း၊ ၂၀၂၂ မှာ သိပ်မထူးခြားပေမယ့် သေနတ်အစစ်တွေရလာလို့ နယ်လှည့်တိုက်ခဲ့တဲ့အကြောင်း၊ ၂၀၂၃ မှာလည်း ပျော်ပျော်ကြီးတိုက်ခဲ့ရတဲ့အကြောင်း၊ ဒါပေမဲ့ ၂၀၂၄ မှာ နိုင်ရမယ်အသိနဲ့ ဆက်ချခဲ့ပေမယ့် ထောက်ပံ့မှုတွေ နည်းလာ၊ ကြဲလာ၊ ကျပ်တည်းလာလို့ စိတ်ကြိုက်လှုပ်ရှားခွင့် မရတော့တဲ့အကြောင်း ရေးတင်ခဲ့တယ်။

တဆက်တည်းမှာပဲ သူက –

“ဒါပေမဲ့ သစ္စာမပျက် လိုအပ်တာ တောင်းခံတာလုပ်ပေးရင်း ရှေ့ဆက်နေတာဘဲ၊ အ တဲ့လူတွေသေကုန်တဲ့ ခေတ်မှာ သိနေတာတွေ မသိဟန်ဆောင်၊ နုတ်ပိတ်နေခဲ့တာအများကြီး၊ လူမွေး လူရွေး လူယုံထား လာကြရင်း ပေါ်ပေါ်ထင်ထင်ပိုကြပ်လာတယ်၊ ဒါပေမဲ့ အေးဆေးပါဘဲ၊ ရင်လေးတာက တော်လှန်ရေးအတွက်ပါ။ ကောင်းကောင်းစိုးမိုးချင်ရင် ကောင်းကောင်းထောက်ပံ့လိုက် ရှင်းပါတယ်၊ အဂတိမရှိ အပိုလိုမရှိလုပ်နိုင်တယ်။ နေ့တိုင်းတောင်ထိုင်ရှစ်ခိုးနိုင်သေးတယ်၊ ပြည်သူ့အတွက်မို့ ကျုပ်ရှိတဲ့မာန ခဝါချနိုင်တယ်။ ခုဟာက ဘယ်သူ့ရှိခိုးရမယ်မသိ၊ ဘယ်သူ့အားကိုးရမယ်မသိ။ ဘယ်သူက တန်ခိုးရှိတယ်မသိ၊ အချိန်တန် ပြည်သူပါဘဲ။ သီးခံရင်း ရုန်းကန်ရင်း အားတင်းရင်း တော်လှန်ရေးအသိ တော်လှန်ရေးစိတ်နဲ့ရှေ့ဆက်နေရဦးမှာပါဘဲဗျာ။ ရဲဘော်များစွာအတွက် စားစရိတ်တင် တစ်လဘယ်လောက်ရှိတယ်၊ ရှာရတယ်ဆိုတာ မသိတော့ မရှိလောက် ပါဘူး။ အပေးအယူဘဲကောင်းပါလိမ့်မယ်။ မျှော်လင့်ပါတယ် ။( မိရိုးဖလာ အစဉ်လာတွေတော့ဖြောက်ကြပါဦး )“ လို့ ရေးသားခဲ့တယ်။

အညာဒေသ မြေပြင်မှာ တကယ်လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေရတဲ့ ဗိုလ်သက်ကြီးဟာ သူ့တပ်ရင်းက ရဲဘော်တွေ ရပ်တည်ရေးကျပ်တည်းလာတဲ့အကြောင်း ပို့စ်တင်ထားတာပါ။ စစ်ရေးကိစ္စတွေမပါဘဲ သူ့တပ်ရင်းရဲ့ တစ်လကုန်ကျစရိတ်အတွက် ရုန်းကန်နေရတာပါ။

Zero ပြောက်ကျားခေါင်းဆောင် ဗိုလ်သက်ကြီးရဲ့ စာကိုဖတ်ရတော့ NUG ရဲ့ လေးနှစ်ပြည့် အစီရင်ခံစာက ကိန်းဂဏန်းတွေ အာရုံထဲပေါ်လာတယ်။ NUG ဟာ သူ့ရဲ့ လေးနှစ်ပြည့်အစီရင်ခံစာ အစပိုင်းမှာ မဟာဗျူဟာ မျှော်မှန်းချက်၊ မဟာဗျူဟာဦးတည်ချက် ၆ ချက်၊ မဟာဗျူဟာနည်းလမ်း ၆ ရပ်ကို ဦးစွာဖော်ပြတယ်။

မဟာဗျူဟာနည်းလမ်း ၆ ရပ်မှာ နိုင်ငံရေးနည်းလမ်းက ထိပ်ဆုံးက၊ ဒုတိယနေရာမှာ နိုင်ငံခြားရေးနည်းလမ်း၊ တတိယနေရာမှာ စစ်ရေးနည်းလမ်း၊ ပြီးတော့ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ လူထုဆက်ဆံရေးစတဲ့ နည်းလမ်း ၆ ရပ်က အစီအစဉ်လိုက် ဖော်ပြထားတယ်။

အဲဒီနည်းလမ်း ၆ ရပ်ကို လေးနှစ်ကာလအတွင်း အကောင်အထည်ဖော်အောင်မြင်ခဲ့တဲ့ တိုးတက်မှုတွေကို ဖတ်ရတာဟာ အာဏာရှင်သန်းရွှေလက်ထက် ကြေးမုံ၊ မြန်မာ့အလင်းမှာ တွေ့ရတဲ့ ဒီနှစ်ဘဏ္ဍာနှစ်မှာ ရထားလမ်းမိုင် ဘယ်လောက်ဖောက်လုပ်ခဲ့ပြီ၊ တံတားကြီးဘယ်နှစင်း တည်ဆောက်နိုင်ခဲ့ပြီ၊ တက္ကသိုလ်ကျောင်း ဘယ်လောက်ဖွင့်လှစ်ကာ ဘွဲ့ရဘယ်နှယောက်မွေးထုတ်ပေးခဲ့ပြီဆိုတာကို သွားသတိရတယ်။

အစီရင်ခံစာရဲ့ အစပိုင်းမှာ NUG ဟာ ရရှိတဲ့ဘဏ္ဍာငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာ အသုံးပြုတယ်လို့ ဆိုထားပေမယ့် ဘယ်လောက်ဆိုတာ မဖော်ပြထားဘူး။ ဒါက စစ်ရေး၊ လုံခြုံရေးလို့ ဆိုနိုင်တဲ့အတွက် ထားတော့။

တခြားဖော်ပြထားတဲ့အသုံးစရိတ်တွေကို လိုက်ကြည့်တဲ့အခါ ၂၀၂၄ ခုနှစ်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် ၇ ဒသမ ၇ ဘီလီယံကျပ် လှူဒါန်းခဲ့တယ်။

ကဏ္ဍအလိုက်ထောက်ပံ့မှုအရ နေရပ်စွန့်ခွာသူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျပ်သန်း ၅၀၇၂ သန်း၊ CDM ပြည်သူ့ဝန်ထမ်းတွေအတွက် ကျပ်သန်း ၈၀ ကျော်၊ ထိခိုက်ကျဆုံးပြည်သူတွေနဲ့ မိသားစုတွေအတွက် ကျပ် ၄၄၅ သန်း၊ အထွေထွေ လူသားချင်းစာနာမှု အကူအညီအတွက် ကျပ် ၆၉၁ သန်း၊ ပြည်သူ့စားနပ်ရိက္ခာ ကြိုတင်စီစဉ်မှုအတွက် ကျပ်သန်း ၃၀၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေအတွက် ကျပ် ၄၆ သန်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူတွေအတွက် ကျပ် ၁၂၉၅ သန်းနဲ့ ထိခိုက်လွယ် ပြည်သူတွေနဲ့ မိသားစုတွေအတွက် ကျပ် ၄ ဒသမ ၅ သန်း ဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနစတင်ဖွဲ့စည်းချိန်ကနေ ၂၀၂၄ ဒီဇင်ဘာအထိ လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် ငွေကျပ် ၁၈ ဒသမ ၂ ဘီလီယံသုံးစွဲခဲ့တယ်လို့ ဖော်ပြထားတယ်။ ဘယ်လောက်အထိရတယ်၊ ဘာအထောက်အပံ့တွေရတယ်ဆိုတာကတော့ ကာယကံရှင်တွေ အသိဆုံးဖြစ်မှာပါ။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကလည်း ၂၀၂၁ မှ ၂၀၂၄ အထိ လေးနှစ်တာကာကအတွင်း လျှပ်စစ်ကဏ္ဍက အတွက် ငွေကျပ်သန်း ၆၀၀ ကျော်၊ ဆောက်လုပ်ရေးကဏ္ဍအတွက် ကျပ်သန်း ၄၀၀ ကျော် သုံးစွဲခဲ့ပါတယ်။ 

ပညာရေးဝန်ကြီးဌာနကလည်း ၂၀၂၄ ခုနှစ်အတွက် ဘတ်ဂျတ်အသုံးစရိတ် ကျပ်သန်းပေါင်း ၅,၅၂၇ သန်းသုံးစွဲ ခဲ့တယ်။

ကျန်းမာရေးမှာလည်း တစ်နှစ်ထက် တစ်နှစ် တိုးတက်လာတဲ့အကြောင်း ကိန်းဂဏန်းတွေနဲ့‌ ဖော်ပြထားတာ တွေ့ရတယ်။ ကျန်းမာရေးအသုံးစရိတ်ကို ဖော်ပြထားရာမှာ လေးနှစ်တာကာလအတွင်း အရပ်ဘက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျပ် ၁၈ ဘီလီယံကျော်၊ တော်လှန်ရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အတွက် ကျပ် ၃ ဘီလီယံကျော်သုံးစွဲခဲ့ပါတယ်။  

CDM ထောက်ပံ့မှုကဏ္ဍနဲ့ပတ်သက်ပြီးတော့လည်း ဖော်ပြထားတာတွေ့ရပါသေးတယ်။ အဲဒီလိုဖော်ပြထားရာမှာ ကျပ် ၁ ဘီလီယံကျော်တစ်ကြိမ်၊ ကျပ် ၆၈ သန်းကျော် တစ်ကြိမ်၊ ကျပ်သိန်း ၃ သောင်းခန့် တစ်ကြိမ်၊ ကျပ် ၅၆ သန်းကျော်တစ်ကြိမ် ထောက်ပံ့ထားကြောင်းဖော်ပြထားတယ်။ ဝင်ငွေဖော်ဆောင်ပေးရေးလုပ်ငန်းအဖွဲ့အနေနဲ့ SME ချေးငွေလုပ်ငန်းအတွက်လည်း လုပ်ငန်းလည်ပတ်ငွေ ကျပ် ၅၆ သန်းကျော်နဲ့လည်ပတ်နေကြောင်းလည်း‌ ပါရှိပါသေးတယ်။

ပြည်သူ့ရင်ခွင်ဝင်ရောက်လာတဲ့ တပ်၊ ရဲ၊ CDM နဲ့ သူတို့ရဲ့ မိသားစုတွေအတွက် လစဉ်ထောက်ပံ့မှုကလည်း ထိုင်းဘတ်ငွေ သန်း ၁၀၀ ကျော်ထောက်ပံ့ပေးခဲ့တယ်လို့ဆိုတယ်။

ဒါ့အပြင် အရေးပေါ်ထောက်ပံ့မှုတွေ၊ CDM ဝန်ထမ်းတွေရဲ့ စစ်ဘေး၊ ရေဘေးသင့်၊ ကျန်းမာရေး၊ နာရေး၊ အရေးပေါ်တို့အတွက် ထောက်ပံ့ပေးတာ၊ စစ်ဘေးရှောင် ကလေးတွေနဲ့ ပြည်သူတွေ အာဟာရကျွေးမွေး လှူဒါန်းခြင်းစတဲ့ ကဏ္ဍအလိုက်ထောက်ပံ့မှုမှာ ဝန်ကြီးဌာနစတင်ဖွဲ့စည်းချိန်မှစပြီး အစီရင်ခံစာတင်ပြချိန်အထိ CDM ထောက်ပံ့မှုပမာဏ ကျပ်သန်း ၁၃၀၊ လူသားချင်းစာနာထောက်ထားမှုပမာဏ ကျပ် ၇၅ သန်း၊ အရေးပေါ် ထောက်ပံ့မှုပမာဏ ကျပ် ၁၁၅ သန်း၊ MSME လုပ်ငန်းတွေ၊ တပိုင်တနိုင်လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန် MSME Grant Lone တွေအတွက် ကျပ် ၃၃၈ သန်း၊ စစ်ရှောင်ကလေးငယ်တွေ အာဟာရကျွေးမွေးမှုပမာဏအတွက် ကျပ် ၁၉ သန်း၊ အခြေခံစားသောက်ကုန် ထောက်ပံ့မှုအတွက် ကျပ် ၂ သန်း၊ စုစုပေါင်း ကျပ်သန်းပေါင်း ၆၇၉ သန်း ပံ့ပိုးပေးခဲ့တယ်လို့ ဆိုတယ်။

အထက်ပါ CDM ထောက်ပံ့မှုငွေကြေးတွေဟာ NUG ရဲ့ ဝန်ကြီးဌာနအလိုက်ဖြစ်စေ၊ ရန်ပုံငွေရှာဖွေရေး အဖွဲ့တွေက ဖြစ်စေ၊ အလှူရှင်တွေရဲ့ လှူဒါန်းမှုကဖြစ်စေ ရရှိတဲ့ ငွေကြေးတွေနဲ့ ထောက်ပံ့ခဲ့တဲ့ပမာဏတွေကို ဖော်ပြထားတာပါ။

အစိုးရတစ်ရပ်လို ရပ်တည်နေတဲ့ NUG ဟာ အထက်ပါ ဘဏ္ဍာရေးသုံးစွဲမှုတွေအပြင် အစီရင်ခံစာမှာ ဖော်ပြ ထားတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆက်သွယ်ရေး၊ ပြန်ကြားရေးလို ကဏ္ဍတွေအတွက်လည်း ဘဏ္ဍာရေးသုံးစွဲမှု တွေရှိမှာပဲ။ ဒါ့အပြင် ဒီတာဝန်တွေကို ထမ်းဆောင်နေတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဝန်လေးနဲ့ ရုံးဝန်ထမ်းတွေရဲ့ လုပ်ခလစာ အသုံးစရိတ်တွေကိုလည်း သုံးစွဲရမှာပဲ။

NUG အစိုးရအနေနဲ့ အကောက်အခွန်ကရတဲ့ငွေ၊ ဒဏ်ကြေးငွေ၊ သစ်တောနဲ့ တွင်းထွက်သယံဇာတကရတဲ့ငွေ စတဲ့ ကျပ်ဘီလီယံနဲ့ချီတဲ့ငွေကြေးတွေ၊ မင်းအောင်လှိုင်ရဲ့ ပိုင်ဆိုင်မှုအပါအဝင် စစ်တပ်ပိုင်ဆိုင်တဲ့မြေနေရာတွေ လေလံရောင်းချခြင်းက ရရှိတဲ့ ဒေါ်လာ သန်းချီရခဲ့တဲ့ ငွေကြေးတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါသေး တယ်။

ဒီနေရာမှာ အလျင်းသင့်လို့ NUG ရဲ့ ငွေကြေးရရှိမှုကို ဖြည့်စွက်ပြောရမယ်ဆိုရင် အခုဇွန်လပထမအပတ်ထဲမှာ NUG က စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်ထဲက ပြည်ထောင်စုအထူးသယံဇာတ အဖွဲ့ကို အလွဲသုံးစားမှုနဲ့ ဖမ်းဆီးခဲ့ပါသေးတယ်။ ဗန်းမောက်မြို့နယ်က ထွက်တဲ့ သယံဇာတတွေကို စီမံခန့်ခွဲဖို့ အဲဒီအဖွဲ့ကို NUG က ပြီးခဲ့တဲ့မတ်လထဲမှာ ဖွဲ့ပေးခဲ့တာပါ။ အဲဒီအဖွဲ့ကို ဖမ်းဆီးရာမှာ ကျပ်သိန်း တစ်သောင်းကျော်နဲ့ ရွှေချောင်း တချို့သိမ်းဆည်းရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါသေးတယ်။

စာရေးသူ တွေးမိတာက စစ်အာဏာရှင်ကို အမြစ်ဖြတ်နေတဲ့ တော်လှန်ရေးဟာ နိုင်ငံရေးစီးချင်း ထိုးတောင်းဆိုနေတာ မဟုတ်ဘူး၊ ရွေးကောက်ပွဲဝင်ဖို့ ပြည်သူကို စည်းရုံးရေးဆင်းနေရတာ မဟုတ်ဘူး၊ စစ်ရေး စီးချင်းထိုး တိုက်နေတာ။ စစ်ရေးအရ စီးချင်းထိုးနေတဲ့တော်လှန်ရေးမှာ စစ်အောင်နိုင်ဖို့သာ အရေးကြီးဆုံး။ အကြောင်းပြချက်မျိုးစုံ ပေးနေလို့ မရဘူး။ ဝေဝါးနေလို့ မဖြစ်ဘူး။

ပြည်သူတွေရဲ့ ထောက်ခံအားပေးမှု၊ ထောက်ပို့မှုဆိုတာ အကန့်အသတ်ပဲဖြစ်တယ်ဆိုတာ သတိပြုဖို့လိုတယ်။ တော်လှန်ပြည်သူတွေရဲ့ စွန့်လွှတ်စွန့်စားလိုစိတ်တွေဟာ အတိုင်းအတာတစ်ခုထိပဲရှိတယ်ဆိုတာ သဘောပေါက် ဖို့လိုတယ်။ ဒါကြောင့် အချိန်တွေ၊ ငွေတွေဟာ အချည်းအနှီးဖြစ်လို့ မရဘူး။ အဖျားရှုးသွားလို့ မရဘူး။

အသက်တွေရင်းနှီးပြီး တော်လှန်နေတဲ့ စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာ လမ်းတံတားတွေ တည်ဆောက် နေတာ၊ လျှပ်စစ်မီးရဖို့ ကြိုးပမ်းနေတာထက် ကျည်ဆန်တွေ၊ ကျည်ကာတွေကသာ အဖိုးတန်ဆုံး။ စစ်ဖြစ်နေတဲ့ အချိန် စာသင်ကျောင်းဆောက်ဖို့ ကြိုးပမ်းနေတာ၊ ပညာရေးအသုံးစရိတ်အတွက် လုံးပန်းနေတာထက် ညှပ်ဖိနပ် စီးနေရတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် စစ်ဖိနပ်ဝတ်ဆင်ပေးလိုက်ရတာက ပိုပြီး လက်တွေ့ကျတယ်။

စစ်ရေးအတွက် NUG ရဲ့ အသုံးစရိတ်ဟာ ၉၄ ရာခိုင်နှုန်းအသုံးပြုထားတယ်ဆိုပေမယ့် အညာဒေသမှာ လက်နက် ခဲယမ်းအသာထား လစဉ်တပ်ရင်းရိက္ခာရဖို့ကိုတောင် အာပေါက်အောင် အလှူခံနေရတဲ့ တော်လှန်ရေး ရဲဘော်တွေက ဒု နဲ့ ဒေးပါ။

ကမ္ဘာပတ်ပြီး ခြေညောင်းအောင် သွား၊ အားပေါက်အောင် ပြောပြီး ရလာနိုးနိုး မျှော်နေရတာထက် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပျက်ကျသွားတဲ့ လေယာဉ်က တော်လှန်ရေးအောင်နိုင်ဖို့ ပိုပြီးနီးစပ်တယ်။ လက်တွေ့ကျတယ်။ တော်လှန်ပြည်သူတွေ၊ တော်လှန်ရေးရေးသမားတွေအတွက် ကျေနပ်မှုရစေတယ်၊ ပျော်ရွှင်ရတယ်။ အားတက်ရ တယ်။

အဲဒီတိုက်လေယာဉ်ကို ပစ်ချတယ် ပြောပြော၊ ပျက်ကျတယ်ဆိုဆို အငြင်းပွားနေတာထက် ပြည်သူ့လွတ် မြောက်ရေးတပ်မတော် (PLA) တပ်ရင်းအတွက် အထွေထွေရိက္ခာ ကျပ်သိန်း ၁,၅၀၀ ကမ်ပိန်း အောင်မြင်ဖို့က အရေးအကြီးဆုံးလို့ စာရေးသူ မြင်မိတယ်။

ဒါက အာဏာသိမ်းစစ်တပ်ပြုတ်ကျသွားအောင် ရှေ့ဆက်တိုက်ပွဲဝင်ဖို့ အရေးကြီးဆုံးအချက်ပဲ။ ဘယ်သူလုပ် တယ်၊ မလုပ်တယ် အငြင်းပွား မနေသင့်ဘူး၊ ကိုယ့်အဖွဲ့၊ သူ့အဖွဲ့ ခွဲမနေသင့်ဘူး၊ အောင်မြင်မှုအတွက် ဂုဏ်ယူရမယ်၊ ဂုဏ်ပြုရမယ်။ အောင်မြင်မှုကို ဆုတ်ကိုင်းပြီး စစ်ရေးသည်သာ ပထမ၊ စစ်ရေးသည်သာ ဒုတိယ၊ စစ်ရေးသည်သာ တတိယဆိုတဲ့ တစ်ချောင်းတည်းသော ရပ်တည်ချက်နဲ့ ရှေ့ဆက်နိုင်မှသာလျှင် တော်လှန်ရေး အမြန်ပြီးနိုင်မယ်လို့ ဆိုချင်တယ်။   

Leave a Comment

2 comments

luckyno1 December 22, 2025 - 10:38 pm

Tried luckyno1 and had a great day! I played slots for a while and end up winning a big score! Check it out here: luckyno1

Reply
pin77 January 26, 2026 - 10:53 pm

Pin77 Philippines: Official Login, Register & App Download. Experience Top Pin77 Slot Games and Secure Link Alternatif. Join Pin77 Philippines for the official pin77 login and pin77 register. Play premium pin77 slot games, get the pin77 download app, and access secure pin77 link alternatif today. visit: pin77

Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing