ဣိထိယ တန်ဖိုး

မဏ္ဍိုင်၊ မေ ၁၆၊ ၂၀၂၅။

ဣိထိယ တနည်းအားဖြင့် အမျိုးသမီးတို့ရဲ့ တန်ဖိုးဆိုတာ ဘာကို ပြောတာပါလဲ။ ဘယ်သူတွေကရော သတ်မှတ်တာပါလဲ။ ဘယ်သူသတ်မှတ်တဲ့ စံနှုန်းက အတည်ဖြစ်ပါသလဲ။

ရှေးယခင်က ရှေးလူကြီးမိဘတွေလား၊ ဘာသာရေး ဆရာတွေလား အခုနောက်ပိုင်းခတ်စားလာတဲ့ ကျား၊ မတန်းတူညီမျှရေး ဆောင်ရွက်တဲ့သူတွေ (Feminists)လား။

တချိန်ကတော့ အမျိုးသမီးဆိုတာ ဗိုင်းကောင်းကျောက်ဖိ၊ အိမ်မှုသိမ်းထုတ် ချုပ်လုပ်သေချာ၊ မိန်းမတို့ အိန္ဒြေရွှေပေး၍မရ စသည်ဖြင့် အိမ်မှုကိစ္စနိုင်နင်းသူ၊ အိန္ဒြေသိက္ခာကြီးသူတို့ကို တန်ဖိုးရှိ အမျိုးသမီးလို့ သတ်မှတ်ခဲ့ကြတာပါ။ အသံကျယ်ကျယ်မှ မရယ်ရဲ၊ မရယ်ခဲ့ရတဲ့ ရှေးအမျိုးသမီးတွေပေါ့။

အခုခေတ် အမျိုးသမီး အနည်းဆုံး အသက် ၃၀ တစ်ပတ်လည် အမျိုးသမီးတွေကလည်း ဒီလိုသွန်သင်ဆုံးမမှုမျိုးနဲ့ ကြီးပြင်းလာကြတာပါ။ ဒါပေမဲ့လည်း ဒီသက်ရွယ်တန်းအမျိုးသမီးတွေဟာလည်း ရှေးစံနှုန်းသတ်မှတ်ချက်တွေကို လက်မခံကြဘဲ ပျက်ရယ်ပြုနေကြပါပြီ။ အသက် ၂၀ ကျော်နဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေဆို ရှေးယခင်က အမျိုးသမီးစံနှုန်းတွေကို လက်ခံသူတောင်ရှိပါသေးရဲ့လား တွေးမိပါတယ်။

အခုခေတ်လက်ခံလာတဲ့ အမျိုးသမီးစံနှုန်းက ဘာပါလဲ။ ကျွန်မကတော့ တန်းတူညီမျှရေးနဲ့ ရဲဝံ့မှုတို့ဟာ အခုခတ်ရဲ့ အမျိုးသမီးတွေ လက်ခံထားတဲ့ စံနှုန်းလို့ နားလည်ထားပါတယ်။

ရှေ့နေဖြစ်တဲ့ ညီမဝမ်းကွဲဖြစ်သူနဲ့ စကားစမြည်ပြောဖြစ်ချိန်မှာ မိန်းမဆိုတာ ဦးဆောင်နိုင်ရမယ်၊ ငွေရှာနိုင်ရမယ်၊ လှပထက်မြတ်ရမယ်။ ဒါဟာ မိန်းမစံနှုန်း တနည်းအားဖြင့် သူနားလည်လက်ခံထားတဲ့ ကျားမတန်းတူညီမျှရေးလို့ ဆိုတယ်။

ဒီဆွေးနွေးမှုကို ဦးတည်တာကတော့ အိမ်နေရင်း ကပိုကယိုနဲ့ သက်တောင့်သက်သာနေတတ်တဲ့ ကျွန်မရဲ့ အနေအထိုင်ကြောင့်ပါပဲ။ သူက အမျိုးသမီးဆိုတာ အလှမပြင်ရင်တောင် အိမ်နေရင်း သပ်သပ်ရပ်ရပ်နေရမယ်လို့ ဆိုတယ်။ ကျွန်မကတော့ အိမ်နေရင်းတောင် ကိုယ့်စိတ်တိုင်းကြ အဝတ်စုတ်နဲ့ဖြစ်စေ သက်တောင့်သက်သာမှ မနေရရင် ဘယ့်နှယ် လူဖြစ်ကျိုးနပ်မလဲလို့ စကားတုံ့ပြန်မိတယ်။

အဲ့ကနေ စလို့ ကျား၊ မ တန်းတူညီမျှမှု၊ မိန်းမတန်ဖိုး၊ ယနေ့ခေတ် စံနှုန်းတွေဘက်ကို စကားဦးလှည့် စကားနိုင် လုမိကြတော့တာပါပဲ။ ငွေမှ မရှာနိုင်ရင်၊ လှပထက်မြက်မှ မနေရင် ၊ အလှတရားကိုမှ အာရုံစိုက် မနေရင် အရည်အချင်းမရှိတဲ့ တန်ဖိုးမရှိတဲ့ မိန်းမတဲ့လား။ ကျွန်မဖြင့် လုံးလုံးကို လက်မခံနိုင်ပါဘူး။

အမျိုးသားရဲ့ ဝင်ငွေနဲ့ အိမ်ထောင်ထိန်းသိမ်းနေတဲ့၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ကလေးစောင့်ရှောက်နေတဲ့ မိန်းမတွေဟာ တန်ဖိုးမရှိတော့ဘူးတဲ့လား။ တချိန်က မိန်းမ တာဝန်တွေဟာ အခုအချိန်မှာ တန်ဖိုးမရှိ စံနှုန်းပြုစရာ မဟုတ်တဲ့ အရာတွေလား။

သူကတော့ အဲ့လိုအမျိုးသမီးတွေဟာ အမျိုးသားကို မှီခိုစရာမလိုအောင် ကိုယ်ဝင်ငွေနဲ့ ကိုယ်ရပ်တည်နိုင်အောင် တနည်းအားဖြင့် ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုတဲ့ အမျိုးသမီးတွေဖြစ်အောင် အချင်းချင်း တွန်းအားပေးသင့်၊ ထောက်ပံ့ပေးသင့်တယ်လို့ ဆိုတယ်။ သူ့စကားတွေက မှားမနေသလို မှန်လဲ မနေပါဘူး။ သူအထင်မကြီးတဲ့ အဲ့လိုအမျိုးသမီးတွေဟာ သူတို့ရဲ့ဘဝကို ကိုယ်တိုင် ကျေနပ်နှစ်သက်နေနိုင်ပါတယ်။ အဲ့ဒီအပေါ် ကျွန်မတို့က ဘာများ ဝေဖန်နေစရာရှိပါသလဲ။

ကျွန်မ သူငယ်ချင်းတွေထဲက တယောက်က သူ့အိမ်မက်ကို ဒီလိုအမြဲတမ်းပြောတယ်။ “ ငါက အခု မိဘလုပ်စားထိုင်စားနေတာ၊ ပြီးရင်ယောက်ျားလုပ်စာထိုင်စားမယ်၊ ပြီးရင်သားသမီးလုပ်စာ မြေးလုပ်စာ ထိုင်စားမယ်၊ ငါ့အိမ်မက်က အိမ်ထောင်ရှင်မကောင်း ဖြစ်ဖို့ပဲ။” သူအဲ့လိုပြောတိုင်း ကျွန်မတို့ သူငယ်ချင်း တသိုက်က ကဲ့ရဲ့ခြင်းမဟုတ်တဲ့ သဘောကျမှုမျိုးနဲ့ တဝါးဝါးရယ်ကြတယ်။ သူကလည်း ဂုဏ်ယူဝံ့ကြွားစွာနဲ့ပဲ သူ့အိမ်မက်ကို အမြဲထုတ်ဖော်တယ်။ ကျွန်မသူငယ်ချင်းက ယနေ့ခေတ်မိန်းမစံနှုန်းမကိုက်ညီလို့ တန်ဖိုး မရှိသူလား။ ကျွန်မတော့ အဲ့လိုမယူဆပါဘူး။

ကျွန်မတို့ဟာ လူတယောက်ရဲ့ ဝင်ငွေ၊ လှပမှု၊ ထက်မြက်မှုနဲ့ ဦးဆောင်နိုင်မှု စတာတွေကို စံနှုန်းထားပြီး လူ့တန်ဖိုး မဖြတ်သင့်ဘူးမလား။ လူတယောက်ဟာ သူ့ဘဝကို တာဝန်ကျေပွန်စွာနဲ့ ဘယ်လောက်ထိ ပြည့်ပြည့်ဝဝနေလဲ။ သူ့အိမ်မက်ဟာ ဘာလဲ၊ သူအိမ်မက်ကို အကောင်အထည် မဖော်နိုင်ခဲ့ရင်တောင် သူ့ဘဝကို အကောင်းမွန်ဆုံးဖြစ်အောင် ဘယ်လိုဖြတ်သန်းနေလဲဆိုတာနဲ့ပဲ ဆုံးဖြတ်သင့်တယ်မလား။

ဘဝကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတဲ့ အမျိုးသမီးဟာ တန်ဖိုးမရှိဘူးလား။ စိတ်လိုလက်ရရှိမှ အိမ်ကို ရှင်းလင်းရေးထလုပ်တဲ့ အမျိုးသမီးဟာ တန်ဖိုးမဲ့နေပါသလား။ ဒါဟာ သူလိုချင်တဲ့ဘဝဆိုရင်၊ ဘယ်သူ့ကိုမှ ထိခိုက်မနေဘူးဆိုရင် ဒါဟာ တန်ဖိုးရှိတဲ့ မိန်းမပါပဲ။

ဟင်းချက်ကောင်းပြီး အိမ်ထောင်မှုနိုင်နင်းတဲ့ အမျိုးသမီးဟာ တန်ဖိုးရှိသလို ငွေရှာနိုင်ပြီး ဟင်းချက် မတော်တဲ့အမျိုးသမီး၊ အိမ်သန့်ရှင်းရေး ပုံမှန်မလုပ်နိုင်တဲ့ အမျိုးသမီးဟာလည်း တန်ဖိုးရှိပါတယ်။

အလုပ်အားရက်မှာ ညနက်သန်းခေါင်ထိ ရုပ်ရှင်ကြည့် မနက်စာနဲ့ နေ့လယ်စာပေါင်းစားတဲ့ အမျိုးသမီး၊ ရှုပ်ပွနေတဲ့ အခန်းထဲမှာ သက်တောင့်သက်သာရှိစွာ နေနေတဲ့ အမျိုးသမီး ၊ ကလေးနဲ့ ယောက္ခမတွေကို ပြုစုစောင့်ရှောက်နေတဲ့ ဝင်ငွေမရှိတဲ့ အမျိုးသမီး အားလုံးဟာ သူ့တန်ဖိုးနဲ့ သူရှိပါတယ်။

အပြင်ထွက်ချိန် လှပတဲ့အဝတ်အစားထက် သက်တောင့်သက်သာရှိတဲ့ အဝတ်အစားကို ရွေးချယ်ဝတ်ဆင်တဲ့ အမျိုးသမီးဟာလည်း သူ့ရွေးချယ်မှုနဲ့ သူပါ။ လှပစွာ ဝတ်စားနေထိုင်တဲ့ အမျိုးသမီးကို ရှုတ်ချစရာမလိုသလို သက်တောင့်သက်သာ ဝတ်စုံနဲ့ လူကြားထဲသွားလာနေတဲ့ အမျိုးသမီးကိုလည်း ကဲ့ရဲ့စရာ မလိုပါဘူး။

ကျွန်မတို့ အမျိုးသမီးတွေအချင်းချင်း ဝေဖန်ရှုတ်ချနေတာထက် အသီးသီးမှာရှိတဲ့ တန်ဖိုးကို နားလည်လက်ခံ ပေးဖို့ပဲ လိုတာမလား။ ကျွန်မ နားလည်တဲ့ ဣထိယတန်ဖိုးကတော့ တပါးသူကို မထိခိုက်စေဘဲ သူ့ဘဝမှာ သူ့စိတ်တိုင်းကျ အပြည့်အဝ နေတဲ့အမျိုးသမီးတိုင်း တန်ဖိုးရှိတာပါပဲ။

Leave a Comment

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing