အမေဝေး၊ အိမ်ဝေး သားတွေ

မဏ္ဍိုင်၊ မေ ၁၁၊ ၂၀၂၅။

ပြီးခဲ့တဲ့ရက်က ကျဆုံးသွားတဲ့ PDF ရဲဘော် ‘ကိုလိုက်’ အတွက် ဝမ်းနည်းကြောင်းတင်ကြတဲ့ ပို့စ်တွေ ဖေ့ဘွတ်မှာ ဖတ်လိုက်ရတယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့ကာလကြီးမှာ PDF ရဲဘော်တွေကျဆုံးတဲ့သတင်းဟာ တကယ်တော့ မထူးဆန်းတော့သလိုဖြစ်နေပါပြီ။ ဒါပေမဲ့ အခုကျဆုံးတဲ့ ရဲဘော်အကြောင်းကို တင်တဲ့အခါ အမေနဲ့ သူ့ကြားမှာ အသက် မသေအောင်နေပေးဖို့၊ ကျန်းမာအောင် နေပေးဖို့ ကတိစကားတွေအပြန်အလှန်ထားခဲ့တဲ့ အကြောင်းလေးနဲ့ တင်ကြတယ်။

ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် ရဲဘော်’ကိုလိုက်’ မကျဆုံးခင်တုန်းက ကျနော်တို့ မဏ္ဍိုင်သတင်းဌာနက သတင်းထောက် ၂ ယောက်က ‘ကိုလိုက်’ ကို အင်တာဗျူးလုပ်ခဲ့ကြသေးတယ်။အဲဒီအချိန်တုန်းက ‘ကိုလိုက်’ ဟာ အမေနဲ့ တွေ့ဖို့ နေရာတစ်နေရာကို ရောက်နေတဲ့အချိန်။ အဲဒီအကြောင်းပြောပြတော့ အင်တာဗျူးလာတဲ့ သတင်းထောက်က ခင်ဗျား အမေတော့ ပျော်နေမှာပဲ လို့ မှတ်ချက်ပေးလိုက်သေးတယ်တဲ့။

အဲဒီလို မှတ်ချက်ပေးလိုက်တဲ့သတင်းထောက်ကိုယ်တိုင်ကလည်း အမေနဲ့ ဝေးနေတဲ့သား။ ကျန်တဲ့ သတင်းထောက်ကလည်း အမေ ဝေး၊ အိမ်နဲ့ ဝေးနေတဲ့သား။ ဘဝတူတွေ။

‘ကိုလိုက်’ တိုက်ပွဲကျသွားတယ်ဆိုတဲ့သတင်းကို ကြားရတော့ သတင်းထောက် ၂ ယောက်စလုံးက ‘ကိုလိုက်’ အတွက် စိတ်မကောင်းဖြစ်ရတဲ့အပြင် ကျန်ရစ်ခဲ့တဲ့အမေဖြစ်သူအတွက်ပါ ထပ်တိုး စိတ်မကောင်းဖြစ်နေကြ တယ်။ အမေ ဝေးသားတွေအချင်းချင်း ကိုယ်ချင်းစာ စကားတွေ ပြောကြတယ်။

သူတို့တွေ ပြောနေတာကို ကြည့်ပြီး ကျနော်ကိုယ်တိုင်လည်း ရင်ထဲမှာ ဝေဒနာတွေ ခံစားလာရတယ်။ အမေ့ကို သတိရတယ်။ အမေ့ကို တွေ့ချင်မိတယ်။

နေ့စဉ် ဗုံးတွေ၊ ဒရုန်းတွေကြဲခံရလို့ လူတွေသေနေကြတဲ့သတင်းတွေဖတ်ပြီး၊ ကိုယ့်ထက်ဆိုးတဲ့သူတွေရဲ့ အကြောင်းအရာတွေကို ကြည့်ပြီး ဘာမှ မဟုတ်တဲ့ ကိုယ့်ရဲ့အမှတ်ရစရာတွေ၊ အမှတ်တရတွေ၊ လွမ်းစရာ၊ သတိရစရာတွေကို မေ့ထားမိတယ်။

တကယ်တော့ ကျနော်လည်း အိမ် ပြန်ချင်တယ်။ ကိုယ့်အရပ်၊ ကိုယ့်ဒေသ၊ ကိုယ်ကြီးပြင်းခဲ့ရာအရပ်ကို ပြန်ပြေးချင်တယ်။ ကိုယ့်အရပ်၊ ကိုယ့်ဒေသရဲ့ တောတောင်ရင်ခွင်ထဲကို တိုးဝှေ့ခိုလှုံလိုက်ချင်တယ်။ ကိုယ်ခင်မင်ရတဲ့သူတွေကို ပြုံးပြရင် စကားတွေ ပြောချင်တယ်။ လက်ဖက်ရည်ဆိုင် ထိုင်ပြီး မိတ်ဆွေတွေနဲ့ စကားဖောင်ဖွဲ့ ပစ်လိုက်ချင်တယ်။ ဆိုင်ကယ်ကို ဆီအပြည့်ဖြည့်ပြီး ရောက်ချင်ရာ ရောက်သွားပစ်လိုက်ချင်တယ်။

အဲဒီအိမ်လွမ်းဝေဒနာ၊ ဒေသလွမ်းဝေဒနာတွေထက် အမေ့ကို လွမ်းတဲ့ဝေဒနာကလည်း အတော်ပဲ ဖိစီးတယ်။ တခါတလေ အမေ့ဆီကို တအားတွေ့ချင်တယ်။ အမေ့ရဲ့ ပေါင်ကို ခေါင်းအုံးပြီး အိပ်ပစ်လိုက်ချင်တယ်။ အသားရည်တွန့် နေပြီဖြစ်တဲ့ အမေ့ရဲ့လက်ကို ပါးမှာ အပ်ထားလိုက်ချင်တယ်။ ပြီးတော့ အမေချက်တဲ့ ဟင်းတွေလည်း တဝ စားပစ်လိုက်ချင်တယ်။

မိသားစုတွေစုံတဲ့အခါ ကျနော်တို့အိမ်မှာက လက်ဖက်သုပ်တွေ သုပ်စားတတ်တယ်။ အမဲခြောက်ကို မီးဖုတ်၊ ဆီစိမ်ပြီး ရေနွေးကြမ်းနဲ့ စားတတ်ကြတယ်။ ပြီးရင် ရောက်တက်ရာရာစကားတွေ ပြောတတ်ကြတယ်။

အခုလည်း အမေသုပ်ပေးတဲ့ လက်ဖက်သုပ်စား၊ ရေနွေးကြမ်းသောက်ရင်း ငယ်ငယ်က အကြောင်းတွေ ပြန်ပြောချင်တယ်၊ ရယ်စရာ အမှတ်တရတွေကို ပြန်ပြောရင်း အမေနဲ့အတူ တဟားဟား ရယ်မော ပစ်လိုက်ချင်တယ်။ အဲဒီအခိုက်အတန့်လေးတွေဟာ ကျနော့်အတွက်တော့ အဖိုးတန်အချိန်လေးတွေပဲ။ တခါတလေမှာ ကျနော် တောင်းတမိတယ်။ အဲဒီအချိန်တွေ ပြန်ရနိုင်ပါ့မလားဆိုတဲ့အတွေးနဲ့ ဝမ်းနည်း စိတ်တွေဖြစ်မိတာ အကြိမ်ကြိမ်။ ဒါကြောင့်လည်း အိမ်ကိုလွမ်းတဲ့စိတ်၊ အမေကို သတိရတဲ့စိတ်တွေကို မျိုချထားရတယ်။

အခုတော့ အမေ့ကို သတိရရုံမျှသာပါ။ ညဘက်အိပ်တဲ့အခါ ဖုန်းကို မပိတ်ရဲဘူး၊ အင်တာနက်လိုင်းကို မပိတ်ရဲဘူး၊ အမေ့ဆီက ကျန်းမာရေးသတင်းများကြားရမလား၊ အမေဆုံးပြီဆိုတဲ့သတင်းများ အချိန် မတော်ရောက်လာလေ မလားဆိုတဲ့ အတွေးနဲ့ ဖုန်းကို မပိတ်ရဲဘူး။

ဘယ်လိုသတင်းစကားပဲရောက်လာပါစေ ခံနိုင်ရည်ရှိအောင် ကြိုးစားထားတယ်။ ဖြစ်လာသမျှကို ရင်ဆိုင်ဖို့ စိတ်သတ္တိတွေလည်း မွေးထားတယ်။ ကျနော်တို့ဟာ အဖြစ်ချင်ဆုံးစိတ်ဆန္ဒတွေကို မျိုသိပ်ထားရင်း၊ မေ့လျော့ ထားရင်း အမေနဲ့ အဝေးရာ၊ အိမ်နဲ့ ဝေးရာကို ရောက်နေရတယ်။

ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး၊ ကိုယ်ထက်ဆိုးတဲ့သူတွေ ဒုနဲ့ဒေးဆိုတဲ့အသိနဲ့ အားတင်းထားတယ်။ စစ်တပ်အာဏာသိမ်းပြီးကတည်းက သားတွေ၊ သမီးတွေ ပျောက်ဆုံးသွားတဲ့ မိခင်တွေ၊ နေအိမ်ပျက်စီး ပျောက်ဆုံးသွားသူတွေ၊ မိဘမဲ့သွားကြတဲ့သူတွေ၊ မိသားစုဘဝတွေ ပျက်စီးသွားကြသူတွေဟာ မြန်မာပြည်အနှံ့ပဲ။

အဲဒီလို ခါးသီးတဲ့အတွေ့အကြုံတွေနဲ့ ရင်ဆိုင်ရသူတွေဟာ မြန်မာပြည်မှာ နေ့စဉ်လိုလိုပဲ။ ဒီလိုနေ့မျိုး ကိုယ့်အလှည့်ဘယ်တော့ရောက်လာမလဲဆိုတဲ့အတွေးက မိသားစုတွေပြန်ဆုံရဖို့ထက် ပိုသေချာတဲ့ အခြေအနေမှာ ရှိနေတယ်။ အနာဂတ်တွေက ဘာမှ ရေရာမနေဘူး။ ဘာမှ မသေချာဘူး။

ကျွန်တော်နဲ့လုပ်ဖော်ကိုင်ဖက်တွေထဲမှာ အမေ့ကို မျှော်နေတဲ့သူ၊ အိမ်ကို လွမ်းနေတဲ့သူတွေရှိကြတယ်။ သူတို့တွေမှာလည်း အမေနဲ့ဝေး၊ အိမ်နဲ့ဝေးနေရတဲ့အတွက် ကျွန်တော့်လို ကိုယ်စီခံစားချက်တွေရှိကြမယ်ဆိုတာ နားလည်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် အိမ်နဲ့ခွဲခွာနေရတဲ့သူတွေ၊ မိသားစုနဲ့ ဝေးကွာနေရတဲ့သူတွေ၊ အမေ့ဆီကို ပြန်မရောက်နိုင်ကြသေးတဲ့သားသမီးတွေအားလုံး တနေ့မှာ ကိုယ်စီဆန္ဒတွေ ပြည့်ဝကြပါစေလို့ ကျွန်တော် ဆန္ဒပြုမိပါတယ်။ မိသားစုတွေ ပြန်ဆုံနိုင်ကြပါစေ၊ အမေနဲ့ သားသမီးတွေ ပြန်ဆုံခွင့်ရကြပါစေ။

Leave a Comment

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing