OpinionOpinion Feature

ဘုန်းကြီးလား ကတုံးကြီးလား


မဏ္ဍိုင် ၊ မတ် ၂၈ ၊ ၂၀၂၂။

ဝါဝါမြင်တိုင်း ရွှေလို့ မထင်လိုက်ပါနဲ့။ သင်္ကန်းဝတ်ပြီး ကတုံး(ခေါင်းတုံး) တုံးထားတိုင်းလည်း ဘုန်းကြီးလို့ မထင်လိုက်ပါနဲ့။ တချို့က ကတုံးသာသာပါ။ ကတုံးများအကြောင်း မပြောခင် ဝိနည်းသိက္ခာတွေနဲ့အညီ တရားကျင့်ကြံအားထုတ် သာသနာပြုနေကြတဲ့ သံဃာအစစ်အမှန် ဘုန်းတော်ကြီးတွေကို ရှေးဦးစွာ ဦးထိပ်ထားကန်တော့အပ်ပါတယ်။ အသက် ရှည်ကျန်းမာစွာနဲ့ သာသာနာအကျိုးကို ထမ်းဆောင်နိုင်ပါစေလို့လည်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

စာရေးသူဟာ ယေဘုယျအားဖြင့် သံဃာကိုမြင်ရင် အရိုအသေပေးပြီး ကြည်ညိုစိတ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်နဲ့ ဆက်စပ် ပတ်သက်လာမယ်၊ စကားပြောရမယ်ဆိုရင်တော့ ဒီသံဃာဟာ ဝိနည်းသက္ခာပုဒ်တွေနဲ့ ကြည်ညိုစရာကောင်းတဲ့ သံဃာ လား၊ သင်္ကန်းရုံထားလို့ ကိုယ့်ကိုယ်ကိုယ် လူတတ်ကြီးလုပ်ပြီး ငါ့စကားနွားရပြောတတ်တဲ့သူလားဆိုတာ ကိုယ့်စိတ်ထဲမှာ အရင်ဆုံးအကဲဖြတ်တယ်။ ပြီးမှ ကြည်ညိုစရာရှိတာကို ကြည်ညိုကိုးကွယ်တယ်။ အဲဒီလိုပြောလို့ ကြည်ညိုစရာ မကောင်းတဲ့ သံဃာကိုလည်း မစော်ကားဘူး၊ မပြစ်မှားဘူး မကြည်ညိုရုံသပ်သပ်ပဲ။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ သံဃာတွေအပေါ်မှာ စာရေးသူရှုမြင်တဲ့အမြင်တွေ ပြောင်းလဲ သွားတယ်။ လောကမှာ အမှား၊ အမှန်ရှိတယ်၊ ဓမ္မနဲ့ အဓမ္မဆိုတာရှိတယ်။ တရားတာ၊ မတရားတာရှိမယ်။ ကြားဆိုတာ မရှိဘူး။ ကောင်းတာကို မလုပ်တာလည်း မကောင်းတာလုပ်တာဘဲ။ တနည်းအားဖြင့် အဓမ္မဖြစ်တာပဲ။

ဒါကြောင့် စာရေးသူဟာ အခုနောက်ပိုင်း သံဃာတွေကို မြင်တဲ့အခါ တရားနည်းလမ်းကျ နှစ်ချက်ပဲရှုမြင်တယ်။ ဘုန်းကြီး လား၊ ကတုံးကြီးလားပဲ။
စာရေးသူနေတဲ့မြို့ဟာ မြို့ငယ်ပေမယ့် ဘုန်းကြီးကျောင်းတွေ၊ စာသင်တိုက်တွေဟာ မနည်းလှဘူး။ ဘုန်းကြီးကျောင်း တွေ၊ ကျောင်းထိုင်ဘုန်းကြီးတွေအပေါ်မူတည်ပြီးတော့ တစ်ကျောင်းနဲ့တစ်ကျောင်းဟာ ပုံစံတွေမတူကြဘူး။ ဘုန်းကြီး ကျောင်းအများစုက ရပ်ကွက်တွေက ကိုးကွယ်ထားလို့ ဘာသာရေးသီးသန့်လုပ်ပြီး သံဃာနည်းနည်းနဲ့ အေးအေးဆေးဆေး နေတဲ့ကျောင်းတွေပါ။

တချို့ကတော့ ဘာသာရေးပွဲတော်တွေ၊ တရားစခန်းတွေ၊ သာသနာပြန့်ပွားရေး၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်း စောင့်ရှောက်တဲ့ လှုပ်ရှားမှုတွေလုပ်တယ်။ တရားနည်းလမ်းကျ အများလက်ခံနိုင်အောင်လုပ်တယ်။ အရပ်စကားနဲ့ ပြောရရင် လူပိန်းကြိုက်မလုပ်ဘူး။ ဒီလိုကျောင်းတိုက်ကို မြို့လူထုကလည်း ကြည်ညိုတယ်။ ဒါက တကယ့်ဘုန်းကြီးတွေ နေတဲ့ ဘုန်းကြီးကျောင်းတွေ။
နောက်တစ်မျိုးကတော့ ဘာသာ၊သာသနာပြန့်ပွားရေးနဲ့ မဆိုင်တဲ့ ဘာသာရေးအကြောင်းပြ ပျော်ပွဲရွှင်ပွဲတွေလုပ်တယ်၊ ပွဲကြိုက်ခင်ကြီးတွေပေါ့။

အမျိုးဘာသာသာသနာထိန်းသိမ်းစောင့်ရှောက်ရေးဆိုတာကို လူမိုက်ဂိုဏ်းဆန်ဆန်လုပ်ကြတယ်၊ မြို့ပေါ်မှာ ထင့်ကနဲုဆိုတာနဲ့ ဒီဘုန်းကြီးတွေ ထိပ်ဆုံးကပါပြီးသား။ ရောဂါအဘယတွေဖြစ်တယ် ဘုန်းကြီးတွေဟာ ကျန်း မာရေး လုပ်သားတွေ ဖြစ်သွားကြတယ်။ ရေဘေး၊ လေဘေး၊ မီးဘေးဖြစ်တယ် လူကယ်ပြန်အလုပ်ဝင်လုပ်ကြတယ်။

ဒါပေမဲ့ သူတို့မလုပ်တာတစ်ခုက တကယ့်အနှစ်သာရရှိတဲ့ဘာသာရေးပဲ။ မြို့ပေါ်မှာ နာမည်ကြီးတဲ့ ပရိယတ္တိကျောင်း တိုက်ကြီးဟာ အရင်က စာသင်သားသံဃာ ၁၀၀ လောက်နဲ့စည်စည်ကားကားရှိပြီး မြို့ရဲ့အကြည်ညိုခံ ကျောင်းတိုက်ကြီး ပါ။

ဒါပေမဲ့ အခုတော့ ဘုန်းကြီးကျောင်းဟာ ခြောက်ကပ်ပြီးတော့ သံဃာတောင် ၁၀ ပါးမပြည့်ပါဘူး။ ကျောင်းထိုင်ဘုန်းကြီး ကိုယ်တိုင်လည်း ကျောင်းမှာမနေဘဲသူပိုင်တဲ့ တခြားကျောင်းတွေ(ဒကာ၊ဒကာမတွေလှူဒါန်းထားတဲ့ကျောင်း)မှာ လှည့် ပတ်နေတယ်။

မြို့မှာတော့ သူ့ကို ပရဟိတဘုန်းကြီးလို့ ခေါ်ကြတယ်။ သူလှူဒါန်းသမျှ၊ ပရဟိတလုပ်သမျှဟာ မြို့မှာအလှူခံတယ်။ မြို့ခံတွေကလည်း မနေသာတော့ လှူကြ၊ တန်းကြတယ်။ ဘုန်းကြီးအလှူ ရွာသားကောင်းမှုဆိုတာရှိပေမယ့် ဒီဘုန်းကြီးက တော့ သူ့ကောင်းမှုလို့ပဲ နာမည်တပ်တယ်။

မတော်တာတွေ့လို့ထောက်ပြရင် “ဒီလောက်လုပ်ပေးနေတာတောင် လူတွေကဝေဖန်ကြသေးတယ်။ မင်းတို့လုပ်ကြ ငါ မလုပ်ဘူး” ဆိုပြီး မျက်ရည်ခံထိုးရင် “ဘယ်သူမှဂရုမစိုက်ပါနဲ့ ဘုန်းဘုန်း၊ ဘုန်းဘုန်းကိုပဲအားကိုးပါတယ်”၊ “အဲကောင်ကို ခေါ်ပြီး ဆုံးမလိုက်ပါဘုန်းဘုန်း”၊ “ဘုန်းဘုန်းကို မစော်ကားနဲ့ မင်းဘာကောင်လဲငါနဲ့တွေ့မယ်”၊ “မင်းဗုဒ္ဓဘာသာ မဟုတ် ဘူးလား” စသဖြင့် ဘုန်းကြီးဘက်က အခမဲ့ဝိုင်း ‘အာ’ ပေးမယ့်သူတွေရှိလေတော့ တော်ရုံဘယ်သူမှ မဝေဖန်ရဲ့ဘဲ ရွံကြောက်ကြီးသဘောမျိုးနဲ့ လစ်လှူရှုထားလိုက်ကြတယ်။
သူတို့လုပ်တာမှ အမှန်။ သူတို့ကိုမဝေဖန်နဲ့။ သာမန်မြို့ခံလူမပြောနဲ့ မြို့အုပ်ချုပ်တဲ့ အစိုးရဝန်ထမ်းတွေဝေဖန်ရင်တောင် အဲဒီဝေဖန်တဲ့လူ လာတောင်းပန်အောင် နည်းမျိုးစုံနဲ့ပြသာနာရှာတယ်။ အဲတော့ သူဘာလုပ်လုပ်၊ ဘာပြောပြော ငြိမ်လို့သာ ခံလိုက်ကြတော့တယ်။

အစိုးရကိုတောင် ဝေဖန်ရဲတယ်ဆိုတော့ သူကြောက်တာ မရှိတော့ဘူးလားလို့ မေးစရာရှိတယ်။ သူကြောက်တာ တစ်မျိုး တော့ ရှိတယ်။ အဲဒါက စစ်သားပါ။ စစ်သားအလိုကျ၊ စစ်တပ်အလိုကျ ခိုင်းသမျှ အကုန်လုပ်ပေးတယ်။ အားလုံးဒုက္ခတွင်း နက်နေတဲ့အချိန် စစ်တပ်နဲ့ပေါင်းပြီး ပျော်ပွဲရွှင်ပွဲတွေလုပ်ကြတယ်။ တိုင်းပြည်ကြီးသာယာနေကြောင်းကိုပြဖို့ သူတို့ဟာ စစ်တပ်ရဲ့အသုံးတော်ခံကြတယ်။

ပရဟိတတွေလုပ်တယ်၊ လူ့သဘာဝ အတ္တ၊ လောဘအရ ငါလုပ်ချင်သလိုလုပ်မယ်ဆိုတာမျိုးအထိ စာရေးသူလက်ခံလို့ ရပါသေးတယ်။ ဒါပေမဲ့ တိုင်းပြည်အာဏာကို အတင်းအဓမ္မ၊ မတရားလိမ်လည်အာဏာသိမ်းတဲ့စစ်တပ်၊ ကိုယ့်ကိုကျွေးမွေး လှူဒါန်းဆည်းကပ်နေတဲ့ ဒါယကာ၊ ဒါယကာမတွေကို ဖမ်းဆီး၊ ညှင်းပန်းနှိပ်စက်၊ သတ်ဖြတ်နေတဲ့ စစ်တပ်ကို စိတ်ရော၊ ကိုယ်ပါ ထောက်ခံအားပေးနေတဲ့ ဘုန်းကြီးမျိုးကိုတော့ကိုတော့ တော်တော်ကိုရွံရှာမိတယ်။
ဒီလိုသံဃာမျိုးကိုတာ့ ဘုန်းကြီးလို့မမြင်နိုင်ဘူး။ ဓမ္မကို ဓမ္မလို့မြင်တယ်၊ အဓမ္မကို အဓမ္မလို့ မြင်တယ်။ ဘုန်းကြီးကို ဘုန်းကြီးလို့ မြင်ပြီး၊ ကတုံးကြီးကိုတော့ ကတုံးကြီးလို့ပဲ မှတ်ယူလိုက်တော့တယ်။ သင်္ကန်းရုံထားပြီး တရားဓမ္မမရှိတဲ့ ကတုံးပေါ့။ အခုစာရေးသူပြောတာဟာ တောမြို့လေးရဲ့ တောကတုံးအကြောင်းပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ကြီးပြကြီးမှာလည်း မြို့ကတုံး၊ ဂလိုဘယ်ကတုံးတွေ မှိုလိုပေါက်လာကြတယ်။

တကယ်တော့ အတင်းအဓမ္မလိမ်လည်ပြီး အာဏာသိမ်းတယ်၊ လူတွေကို နှိပ်စက်ဖမ်းဆီးသတ်ဖြတ်တယ်။ ဒီလိုရက်စက် ဆိုးသွမ်းတဲ့ လူတွေနဲ့အပေါင်းအပါးလုပ်တယ်။ ဒီလူတွေကိုထောက်ခံတယ်ဆိုတာ ဒီလူတွေလုပ်တဲ့အလုပ်ကို အားပေး အားမြှောက်လုပ်တာပဲ။ မကောင်းမှုမှာ ကိုယ်တိုင်ပါဝင်တာပဲ။ တနည်းအားဖြင့် လူသတ်မှု၊ လူတွေကို နှိပ်စက်ဖမ်း ဆီးမှု တွေကို ကိုယ်ကိုယ်တိုင် ကျူးလွန်နေတာပဲလို့ ယူဆရမယ်။

အဲဒီလို ကျူးလွန်နေတဲ့နေရာမှာ သာမန်လူမဟုတ်ဘဲ ဘုန်းကြီးတွေဖြစ်နေတာက အတော်လေးစဉ်းစားစရာဖြစ်တယ်။ အထူးသဖြင့် နိုင်ငံကျော်၊ ကမ္ဘာသိတဲ့ သီတဂူလိုဘုန်းကြီးတွေပါနေတာကို မြင်ရတော့ စာရေးသူ အထူးအံ့သြမိတယ်။

ဒီနေရာမှာ အမှန်အတိုင်းဝန်ခံရရင် သီတဂူဘုန်းကြီးကို ကြည်ညိုစိတ်မဖြစ်တာကတော့ ဟိုးတရင်ကတည်းကပဲ။ အလှူငွေ သိန်းရာချီရမှ တရားပွဲလိုက်မယ်ဆိုတာမျိုးတွေ၊ စကားပြောတဲ့အခါ မောက်မောက်မာမာပြောတာမျိုးတွေရှိတယ်ဆိုတာ ကြားဖူးလေတော့ ကြည်ညိုစိတ်ဟာ အရင်ကတည်းက မရှိခဲ့ပါဘူး။

ဒါကြောင့် လူသတ်သမားစစ်အာဏာရှင်နဲ့ ပခုံးဖက်ပြီး တတွဲတွဲလုပ်နေတာကိုလည်း သိပ်ထူးဆန်းတယ်လို့ မထင်ခဲ့မိဘူး။ ဘာကြောင့်လဲဆိုတော့ ဓာတ်ပုံတွေသာမြင်ရပြီး ဘုန်းကြီးရဲ့အတွင်းစိတ်မှာ ဘယ်လိုရှိနေတယ်ဆိုတာ အတိအကျ သက်သေနဲ့တကွခိုင်ခိုင်မာမာမရှိလို့ပါ။ ဒါကြောင့်လည်း ဘုန်းကြီးကို သိပ်မပြစ်မှားရဲဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက အင်းစိန်ရွာမဆရာတော်ကြီးကို စစ်အစိုးရက ပေးတဲ့ဘွဲ့တံဆိပ်အပ်နှင်းပွဲမှာ အမှာစကားပြောတဲ့ သီတဂူဆရာတော်ရဲ့ ဗီဒီယိုရုပ်သံကို နားထောင်လိုက်ရတဲ့အခါမှာတော့ သီတဂူဟာလည်း ဘုန်းကြီးမဟုတ်ဘဲ ကတုံးကြီး ပါလားလို့ အတိအကျသိလိုက်ရတယ်။

ဒီလောက် ကလေး၊ လူကြီး၊ လူငယ်၊ အိုကြီး၊ အိုမ မကျန် မြင်ရာအကုန်သတ်ဖြတ်၊ ရွာတွေ မီးရှို့နေတဲ့အကြမ်းဖက် လူသတ်အဖွဲ့ရဲ့ခေါင်းဆောင် မင်းအောင်လှိုင်ကို မင်းကောင်းမင်းမြတ်၊ သဒ္ဓါတရားအားကောင်းတဲ့ မင်းလို့ ချီးကျူးလိုက် တာဟာ တော်တော်ကို အကျည်းတန်ရုပ်ဆိုးတယ်လို့ ဆိုရမယ်။ သာမာန်လူမဟုတ်ဘဲ နိုင်ငံကျော်၊ ကမ္ဘာသိဘုန်းကြီးက အခုလိုပြောတော့ ပိုလို့တောင်အံ့သြရတယ်။ သူ့လိုဘုန်းကြီးတစ်ယောက်က ပေါက်လွှတ်ပဲစားပြောလို့ မရဘူးဆိုတာ သိသင့်တယ်။

တခြားသူတွေတော့ မပြောတတ်လေဘူး။ စာရေးသူကတော့ သီတဂူဘုန်းကြီးရဲ့ ဗီဒီယိုရုပ်သံဖိုင်ကို ကြည့်နေရင်း သီတဂူ ဘုန်းကြီးရဲ့မျက်နှာဟာ ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးတစ်ကောင်လိုသာမြင်လာတော့တယ်။ ဟိုယိမ်းဒီထိမ်းနဲ့ တတ်လည်း တတ်နိင်တဲ့ အကုသိုလ်ကောင်ကြီးပါလားလို့ တွေးမိလိုက်တယ်။

အရင်အစိုးရခေါင်းဆောင်တွေ သူ့ကိုကိုးကွယ်ဆည်းကပ်ခဲ့တုန်းကလည်း သူဟာ ကျေကျေနပ်နပ်ကြီး လက်ခံခဲ့တယ်။ အဲတုန်းကလည်း ဆရာ၊ ဒကာတွေ ဟီးဟီးဟားဟားလုပ်ခဲ့ကြတာပဲ။ အခု မလိုတဲ့အခါကျတော့လည်း သဒ္ဓါတရားနည်းတဲ့ မင်းတွေလို့တောင်ပြောလိုက်သေးတယ်။ ကျွေးမွေးလှူဒါန်းပေးအပ်ထားတဲ့ ဘွဲ့တံဆိပ်မျက်နှာတွေတောင် မထောက်ထား နိုင်တော့ဘဲ အဲဒီမင်းတွေလက်ထက်မှာ သာသနာပဲကွယ်ပျောက်တော့မယောင် ဆိုလိုက်သေးတယ်။

ဘာလို့ ဒီလိုပြောပါလိမ့်။ အားမနာတမ်းပြောရရင် အသက်ကြီး သေခါနီးမှ သူဟာ ဘာတွေပူပန်ပြီး အခုလို ပြောရပါလိမ့်လို့ တွေးမိတယ်။ ဒီရာထူးလေးတစ်ခုပေးအပ်လိ်ုက်တာ၊ ဘွဲ့တံဆိပ်လေးတစ်ခု ပေးအပ်လိုက်တာဟာ ဘယ်လောက်ကြီး ကြီးကျယ်သွားလို့လဲ။ ဘုန်းကြီးဟာ ရုပ်ဝထ္ထုတွေပေါ်မှာ တဏှာအားကြီးနေရော့သလာပဲ။ စစ်အာဏာရှင်လက်ထက်မှာ ဒီလိုခမ်းခမ်းနားနားကြီးချီးမြှောက်ခံရတာ၊ ဂုဏ်ပြုခံရတာတွေအပေါ်သာယာသွားတာလား။

မြန်မာပြည် ဒီမိုကရေစီရတဲ့အခါ သူလိုဘုန်းကြီးကို လူရာမသွင်းမှာ ကြောက်လို့ လူသတ်ကောင်အာဏာရှင်ကို မင်းဆရာ မြှောက်ဟန်တူပါတယ်လေ။ လူတစ်ကိုယ်လုံးဘွဲ့တံဆိပ်တွေ ကပ်ထားတဲ့ မင်းအောင်လှိုင်လိုလူနဲ့တော့ ဆရာတပည့် ပီသ ပါတယ်လို့ပဲ ဆိုရပါတော့မယ်။

သီတဂူဘုန်းကြီးအနေနဲ့ ဒီလိုပြောလိုက်တာဟာ မင်းအောင်လှိုင် ကျူးလွန်နေတဲ့ မကောင်းမှုအားလုံးကို ကာကွယ်ပေးရာ ရောက်သွားတယ်။ နိုင်ငံအနှံ့က လူသတ်မှု၊ ကျေးရွာမီးရှို့မှုတွေမှာ သီတဂူဘုန်းကြီးကိုယ်တိုင်ကပါ ကြံရာပါဖြစ်နေတယ်လို့ မှတ်တမ်းတင်ရတော့မယ်။

တကယ်တော့ ဒီအခမ်းအနားမှာ ဘုန်းကြီးအနေနဲ့ တခြားသော တရားနည်းလမ်းကျကျပြောလို့ရမယ့်စကားတွေအများ ကြီးပါ။ ဟိုအဖွဲ့အစည်း၊ ဒီအဖွဲ့အစည်း၊ ဟိုပါတီ၊ ဒီပါတီတွေက ဘယ်လိုပဲ ချဉ်းကပ်၊ ချည်းကပ် ကိုယ့်တရားဓမ္မ အထိုင် ပေါ်ကပဲ ခိုင်ခိုင်မာမာရပ်တည်နေလို့ရပါလျက်နဲ့။

ဘာသာအကျိုး၊ သာသနာအကျိုး၊ ကိုယ့်ရဲ့ဒါကာ၊ ဒါယကာမအကျိုး၊ လူသတ္တဝါတွေအားလုံး သံသရာဝဋ်ဆင်းရဲက လွတ် မြောက်ဖို့အကျိုးကိုပဲ ရှေ့ရှုပြီး မေတ္တာတရားထားရင်ရပါလျက်နဲ့။ အခုတော့ ကိုယ့်အကျိုးကိုကြည့်ပြီး သာရာပါ၊ ဘယ်ညာ ယိမ်းပြီး ပုဆိုးအောက်ဝင်လိုက်၊ ထမိန်အောက်ဝင်လိုက်၊ ဘောင်ဘီအောက်တိုးလိုက်နဲ့။ မြန်မာပြည်မှာ ဒီလိုဘုန်ကြီးမျိုး ထပ်မပေါ်ပါစေနဲ့လို့ စာရေးသူ ဆုတောင်းတယ်။

အဲတော့ သင်ခန်းစာယူစရာအဖြစ်ကတော့ မြန်မာပြည်အာဏာရှင်တော်လှန်ရေးမှာ ကျွဲကူးရေပါအနေနဲ့ အနာဂတ်သာ သနာသန့်ရှင်းရေးအတွက် ကတုံးတော်လှန်ရေးကိုပါ ဆင်နွှဲရတော့မယ်ဆိုတာ သီတဂူဘုန်းကြီးက နေမင်းကြီး၊ လမင်းကြီး ထွန်းလင်းတောက်ပသလို သတိပေးလိုက်တယ်လို့သာ မှတ်ယူကြပေတော့။

Related posts
OpinionOpinion Feature

ဘန်ကောက်မြို့ပေါ် ဖွတ်တက်ခြင်း

မဏ္ဍိုင် ဧပြီ ၄၊…
Read more
OpinionOpinion Feature

စစ်တပ်ရှိနေသ၍ တိုင်းပြည်ဆက်၍ နာလိမ့်ဦးမည်

မဏ္ဍိုင်၊ မတ် ၃၀၊…
Read more
OpinionOpinion Feature

ငလျင်ဘေးမှာ ပျောက်ဆုံးသွားတဲ့ လူငယ်တွေရဲ့ အားအင်တွေ

မဏ္ဍိုင်၊ မတ် ၃၀ ၊…
Read more
Newsletter
Become a Trendsetter
Sign up for Davenport’s Daily Digest and get the best of Davenport, tailored for you.

Leave a Reply

Your email address will not be published. Required fields are marked *