လက်သွေး ရေးသည်။
မဏ္ဍိုင်၊ နိုဝင်ဘာ ၁၆၊ ၂၀၂၅။
ကိုဖိုးဇော်*တို့ သူငယ်ချင်းလေးယောက် ကိုးရီးယားရဲ့အေးမြလှတဲ့ ရာသီဥတုအောက်မှာ မနက်လေးနာရီလောက် ဟိုတယ်ကနေ ထလာခဲ့ကြပြီး နိုင်ငံသားတိုင်း ပြုလုပ်လေ့ရှိကြတဲ့ တာဝန်တစ်ခုကို ဆောင်ရွက်ဖို့ မြန်မာသံရုံးရှေ့ ကို ထွက်လာခဲ့ကြတယ်။
စောချင်လို့ လေးနာရီ ထလာပေမယ့် သူတို့ရှေ့မှာ လူတစ်ရာလောက် ကြိုရောက်နေတယ်။ မနေ့ကလည်း လူတွေ တအားများလို့ သူတို့မဲမပေးလိုက်ရဘူး။ ဒါကြောင့် သံရုံးနားမှာရှိတဲ့ ဟိုတယ်မှာ တစ်ညတည်းပြီး ဒီမနက် အစော ထလာခဲ့တာ။ အချိန်က ၂၀၂၀ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့ ။
ဒီနေ့တော့ ရှေ့က လူတစ်ရာလောက်ကို စောင့်ပြီးနောက် သူတို့မဲပေးလိုက်ရတယ်။ စိတ်ထဲမှာလည်း ဝမ်းသာနေ တယ်။ ဘာလို့လဲဆို ၂၀၁၅ ကနေ ၂၀၂၀ ထိ ငါးနှစ်အတွင်း သူချစ်တဲ့ မြန်မာပြည်ကြီး တိုးတက်ပြောင်းလဲလာ တာတွေကို မြင်တွေ့ထားရတာကိုး။ နောက်ငါးနှစ်ဆိုရင် ထိုင်းကိုမကျော်ရင်တောင် တန်းတူလောက်ရောက်နိုင် မယ်လို့ ကိုဖိုးဇော်က တွက်ဆထားတယ်။
ဒါ့အပြင် သူ့မှာ ရည်မှန်းချက်တစ်ခုလည်း ရှိသေးတယ်။ ၂၀၂၃ လောက်ကျရင် တိုးတက်နေတဲ့မြန်မာနိုင်ငံပြန်မယ်။ ကိုရီးယားမှာ သူပင်ပင်ပန်းပန်းလုပ်ခဲ့၊ ရှာခဲ့တာတွေနဲ့ စီးပွားရေးတစ်ခုလုပ်ပြီး အေးအေးချမ်းချမ်းနေမယ်။ အိမ် ထောင်လည်းပြုမယ်ပေါ့။ ဒါပေမဲ့ သူ့မျှော်လင့်ချက်တွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စု က ခြေနဲ့နင်းခြေ ရိုက်ချိုး ဖျက်ဆီးပစ်လိုက်တယ်။
သူတို့ ကြိုးစားပြီး ပေးခဲ့ရတဲ့မဲတွေကို လိမ်တယ်၊ခိုးတယ်လို့ စွပ်စွဲပြီးပယ်ချလိုက်တယ်။ ဖွံ့ဖြိုးတိုးတက်စ ပြုနေတဲ့ နိုင်ငံဟာ တဖန်ပြန်ပြီး ဆင်းရဲမွဲတေမှုထဲကို ရောက်ရှိသွားတော့တယ်။ ကိုဖိုးဇော်တို့လို မြန်မာ အလုပ်သမားတွေရဲ့ ပြည်တော်ပြန်မယ့် အိပ်မက်တွေဟာလည်း တစ်စစီပျက်စီးခဲ့ရတယ်။
ဒါကြောင့်လည်း သူတို့အိပ်မက်တွေကို နင်းခြေဖျက်ဆီး အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီကို နာကျည်းနေသလို သူတို့လုပ်တဲ့ ရွေးကောက်ပွဲကိုလည်း အယုံအကြည် မရှိတော့ပါဘူး။
“ ရလဒ်ကြီးက သိနေပြီးသား၊ စိတ်ဝင်စားဖို့လည်း မကောင်းဘူး။ အယုံအကြည်လည်း မရှိဘူး။ အတုအယောင် ရွေး ကောက်ပွဲ၊ ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးတဲ့ရွေးကောက်ပွဲ ဒါပဲ။”
ကိုဖိုးဇော်လိုပဲ ပြည်ပရောက်မဲဆန္ဒရှင်တွေဟာ စစ်ကောင်စီက ပြုလုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲကို စိတ်မဝင်စား တဲ့အတွက် မဲပေးဖို့ သတ်မှတ်ရက်ကျော်ချိန်အထိ စာရင်းလည်းမသွင်းခဲ့သလို မဲလည်းမပေးခဲ့ကြဘူးလို့ မဏ္ဍိုင်ကို ပြောကြပါတယ်။ ၂၀၂၀ တုန်းကတော့ ကိုယ့်နာမည် မဲစာရင်းမှာ မပါရင်တောင် သံရုံးမှာ ပြဿနာတွေတက်၊ လူတွေ ရာထောင်ချီ တန်းစီမဲပေးခဲ့ကြသူတွေဟာ အခုရွေးကောက်ပွဲမှာ ကွယ်ပျောက်သွားခဲ့ပါပြီ။
ဘာကြောင့်လဲဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြု အတင်းအဓမ္မ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ လက်အောက်မှာ တိုင်းပြည်ဟာ အဘက်ဘက်ကနိမ့်ကျခဲ့ရသလို စစ်ကောင်စီဟာ အပြစ်မဲ့အရပ်သား ပြည်သူ ပေါင်းများစွာကိုလည်း နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ဖြတ်ခဲ့တာပါ။ ဒါကြောင့် သူတို့လုပ်တဲ့ ဒီရွေးကောက်ပွဲကို ပြည်သူ တွေက မယုံကြည်တော့တာပါ။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကတော့ “ ဒီရွေးကောက်ပွဲ တွေဟာ အတုအယောင်ဖြစ်တယ်ဆိုတာ ကျွန်တော်တတ်နိုင်သလောက် ထင်ရှားအောင် ပြောပြခဲ့ပြီးပါပြီ။ ဒါတွေ ဟာ လိမ်လည်မှုတစ်ခုပါပဲ။ ဆန့်ကျင်ဘက်နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီး၊ ထိန်းသိမ်း၊ ထောင်ချ၊ နှိပ်စက် နေတဲ့အခါမှာတော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုပြုလုပ်ဖို့ မဖြစ်နိုင်ပါဘူး။”လို့ ယခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရွေးကောက်ပွဲကို ဘာလို့ စိတ်မဝင်စားခဲ့ကြတာလဲ
ပြည်ပကနေ မဲထည့်ဖို့ဆိုရင် အရင်ဆုံးမဲပေးနိုင်တဲ့ မဲဆန္ဒရှင်တွေကို စာရင်းပြုစုရပါတယ်။ အဲ့ဒီစာရင်းတွေရဖို့ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးတွေက ပုံစံ (၁၅) နဲ့ ကောက်ခံပါတယ်။ ပြီးရင် မဲပေးခွင့်ရှိသူ စာရင်းတွေကို ထုတ်ပြန်ပြီး မြန်မာသံရုံးကိုသွားရောက် မဲပေးကြရတာပါ။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းတွေအရဆိုရင် ပြည်ပမှာ ရွေ့ပြောင်းလုပ်သားအဖြစ်နဲ့ လုပ်ကိုင် နေတဲ့ မြန်မာနိုင်ငံသား ငါးသန်းလောက်ရှိတယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက် ပြည်ပ ထွက် ခွာ သူတွေဟာ အလွှာစုံရှိနေတာကြောင့် ဒီထက်ပိုများနိုင်ပါတယ်။
၂၀၁၅ မှာ ပြည်ပကနေ မဲပေးသူ သုံးသောင်းကျော်ရှိခဲ့ပြီး ၂၀၂၀ မှာတော့ သုံးဆတက်လာကာ တစ်သိန်းဝန်းကျင် အထိရှိခဲ့တယ်လို့ လွတ်လပ်သောရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေးဆိုင်ရာ အာရှကွန်ယက် (ANFREL) ရဲ့ ရွေးကောက်ပွဲ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၅ မှာတော့ စာရင်းအတိအကျကို မသိရသေးပါဘူး။ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲပေးဖို့ ပြည်ပ ရောက် မဲဆန္ဒရှင်တွေကို စက်တင်ဘာလကနေ အောက်တိုဘာလအထိ အကြိမ်ကြိမ်ရက်တွေ တိုးမြှင့်ကြော်ငြာခဲ့ တာပါ။ ဒါပေမယ့် လာရောက်သူ မရှိသလောက် နည်းပါးခဲ့ပြီး အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ မဲပေးနိုင်တဲ့ ရက် ကျော်လွန်ခဲ့ပါပြီ။
ထိုင်းနိုင်ငံကို ၁၉၉၈ ခုနှစ်ကတည်းက ရွှေ့ပြောင်းလုပ်သားအနေနဲ့ ရောက်ရှိလာပြီး မြန်မာအလုပ်သမားတွေ အရေးကို နှစ်ပေါင်း ၂၀ ကျော်ကြာ ဆောင်ရွက်နေတဲ့ ဦးအောင်ကျော်ကတော့ စစ်ကောင်စီလုပ်တဲ့ ရွေးကောက်ပွဲကို မဲထည့်ဖို့မပြောနဲ့ ဒီရွေးကောက်ပွဲဟာ လုပ်ကိုမလုပ်သင့်တဲ့ ရွေးကောက်ပွဲလို့ ဆိုပါတယ်။
ဘာကြောင့်လည်းဆိုတော့ ခေတ်အဆက်ဆက် လူထုထောက်ခံမှု တခဲနက်ရထားပြီး ၂၀၂၀မှာ အနိုင်ရခဲ့တဲ့ NLD ပါတီကိုဖျက်သိမ်း ၊ နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးပြီး သူတို့ဘာသာအနိုင်ရအောင် ဖန်တီးထားတဲ့ရွေးကောက်ပွဲ မို့ သူကိုယ်တိုင်လည်း စိတ်မဝင်စားသလို အလုပ်သမားတွေကလည်း စိတ်မဝင်စားခဲ့ကြဘူးလို့ သူကဆိုပါတယ်။
“ဘယ်ရွှေ့ပြောင်းအလုပ်သမား တစ်ဦးတစ်ယောက်မှ စိတ်ဝင်စားမှုမရှိဘူးခင်ဗျ။ ကျွန်တော်တို့အနေနဲ့ရော ဒီမှာ ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ရော ကျွန်တော်ရဲရဲကြီး ပြောရဲတယ်။” လို့ သူကပြန်ပြောပြပါတယ်။
ထိုင်းမှာရှိတဲ့ အလုပ်သမားတွေလိုပဲ ကိုရီးယားမှာရှိတဲ့ မြန်မာအလုပ်သမားတွေလည်း စစ်ကောင်စီလုပ်မယ့် ရွေး ကောက်ပွဲကို ဘယ်သူမှ စိတ်မဝင်စားခဲ့ကြပါဘူး။ ဒါကြောင့်လည်း မဲထည့်ချိန် မတိုင်မီကဆို ကိုရီးယားမှာရှိတဲ့ မြန်မာသံရုံးရဲ့ Facebook စာမျက်နှာမှာ မဲထည့်ဖို့ ဖောင်တွေလာယူဖို့ သုံးခါလောက် ကြော်ငြာထားတာကို တွေ့ရ ပါတယ်။
ကိုဖိုးဇော်ကတော့ စကစလုပ်တဲ့ရွေးကောက်ပွဲဟာ ပြည်သူ့အတွက် တစ်ကယ်အကျိုးပြုလုပ်ကိုင်နိုင်မယ့်သူတွေ ကို ထောင်ထဲထည့်ထားပြီး ပြိုင်တဲ့ပါတီတွေကလည်း စစ်တပ်လက်အောက်ခံပါတီတွေပဲ ဖြစ်တာကြောင့် မဲပေး လည်း ဘာမှအကျိုးမထူးဘူးလို့ ဆိုပါတယ်။
စင်ကာပူမှာ အလုပ်လုပ်ပြီးနေထိုင်တာ ၁၀ နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ မသီတာ*ကလည်း စစ်ကောင်စီကလုပ်တဲ့ ရွေး ကောက်ပွဲကို မဲမထည့်ပါဘူး။ စစ်ကောင်စီလုပ်တဲ့ အရာမှန်သမျှကိုလည်း ဘယ်တော့မှမယုံသလို အထင်လည်း မကြီးပါဘူးလို့ ဆိုတယ်။
“စစ်အာဏာရှင်ကို ဘယ်တုန်းမှ အားမပေးပါဘူး။ ပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရလေ စစ်အာဏာရှင်ကို ပိုပြီး ရွံလေပါပဲ။” လို့ မသီတာကဆိုတယ်။
မသီတာက ၂၀၁၅ တုန်းက မြန်မာနိုင်ငံမှာ မဲထည့်ခဲ့ဖူးပါတယ်။ ၂၀၂၀ မှာတော့ အလုပ်ကိစ္စ အခက်အခဲကြောင့် ပြည်ပကနေ မဲမထည့်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ၂၀၂၀ တုန်းက စင်ကာပူရောက် မြန်မာလုပ်သားတွေ တခဲနက် ကြိုးစားပမ်းစား မဲပေးခဲ့တာတွေကို သူမြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကို နာကျည်းနေတဲ့ ပြည်ပရောက်အလုပ်သမားထု
၂၀၂၀ ရွေးကောက်ပွဲဟာ ထိုင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပထမဆုံးမဲထည့်ရတဲ့ ရွေးကောက်ပွဲလို့ ဦး အောင်ကျော်က ပြောပါတယ်။ ၂၀၁၅တုန်းက အလုပ်သမားတွေကိုမဲထည့်ရမယ်လို့ ဘယ်သူကမှ အကြောင်း မ ကြားခဲ့ပါဘူး။ မဲထည့်ခဲ့ရသူတွေကလည်း ပညာသင်နေတဲ့ကျောင်းသားလူနည်းစုပဲလို့ ဦးအောင်ကျော်က ဆိုတယ်။
၂၀၂၀ မှာတော့ NLD အစိုးရက ပြည်ပရောက် မဲဆန္ဒရှင်တွေ အလုပ်သမားတွေပါ မဲထည့်နိုင်ဖို့ စီစဉ်ညွှန်ကြားခဲ့ ပါတယ်။ အဲဒီအချိန်မှာ ဦးအောင်ကျော်တို့နဲ့ အလုပ်သမားတွေဟာ ပထမဆုံး မဲထည့်ရမယ်ဆိုတော့ မျှော်လင့်ချက် တွေနဲ့ အပျော်ကြီးပျော်ခဲ့ရပါတယ်။
အဲဒီအချိန်က ဦးအောင်ကျော်ဆိုရင် နေ့မအား ညမအားပါပဲ။ မြန်မာအလုပ်သမားတွေဟာ မဲထည့်ချင်လွန်းတာ ကြောင့် သူ့ထံကို ဆက်သွယ်လာကြပြီး နေ့မအိပ် ညမအိပ်တဲ့အထိ ဘယ်လို မဲထည့်ရမယ်၊ ဖောင်ဖြည့်ရမယ်ဆို တာတွေကို သူက ရှင်းပြပေးခဲ့ပါတယ်။
အင်တာဗျူးနေရင်း အဲဒီကာလက အကြောင်းကို သူပြန်ပြောရတော့ “ရင်ခုန်သံလေးတောင်မြန်လာပြီ။” လို့ တောင် ဦးအောင်ကျော်က ဆိုတယ်။
ဒါပေမဲ့ သူတို့တွေ အင်တိုက်အားတိုက် ကြိုးစားပန်းစား ပေးခဲ့တဲ့ မဲတွေကို မဲလိမ်တယ်ဆိုပြီး စစ်တပ်က အာဏာ သိမ်းလိုက်တဲ့အချိန်မှာတော့ တော်တော်ခံပြင်း၊ ဒေါသထွက် ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းလိုက်တာကို ကြားလိုက်ရတဲ့အချိန်မှာ “ကျွန်တော်တို့ထိုင်းမှာရှိတဲ့ (မြန်မာ) ပြည်သူပြည်သားတွေ တော်တော် ဝမ်းနည်းပက်လက် ဖြစ်သွားတယ်ဗျာ။” လို့ သူက မချိတင်ကဲနဲ့ ဆိုတယ်။
ထိုင်းရောက် မြန်မာအလုပ်သမားတွေနည်းတူ ကိုရီးယားရောက် မြန်မာအလုပ်သမားတွေရဲ့ မျှော်လင့်ချက်တွေဟာ လည်းသဲထဲရေသွန်ပါပဲ။ ၂၀၂၀ ရွေးကောက်ပွဲပြီးလို့ သူတို့အနိုင်ရစေချင်တဲ့ NLDပါတီ အနိုင်ရကြောင်း မဲရလဒ်တွေ ထွက်လာတဲ့အချိန် ပျော်ပွဲရွှင်ပွဲတွေလုပ်ကြ၊ အိမ်ပြန်ဖို့နီးလာပြီဆိုပြီး ပျော်ခဲ့ကြတာတွေဟာ ခဏလေးပါပဲ။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ “ အရင်ဆုံးဝင်လာတာက ငါတို့တိုင်း ပြည်ပျက်စီးပြီ။ ငါတို့ တိုင်းပြည်သွားပြီ။ ငါတို့တိုင်းပြည် လုံး၀အဖတ်ဆယ်လို့ မရတော့ဘူးဆိုတာပဲ။ တော်တော် လေးကို ဝမ်းနည်းတယ်။ ပေါက်လည်းပေါက်ကွဲတယ်။” လို့ ကိုဖိုးဇော်က သူခံစားခဲ့ရတာကို ပြန်ပြောပြတယ်။ အခု အဲဒီအကြောင်းတွေ ပြန်ပြောနေရင်းလည်း ဒေါသတွေပြန်ထွက်လာတယ်လို့ သူကဆိုတယ်။
၂၀၂၀ ကာလတွေတုန်းက တိုင်းပြည်ဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ တာဆူနေတာပါ။ ပြည်ပရောက် အလုပ် သမားတွေလည်း ပြန်လာကြတော့မယ်။ ဒါ့အပြင် ပြည်ပမှာလည်း ဘယ်နိုင်ငံသွားသွား မြန်မာဆိုရင် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကြောင့် ရင်ကော့ ခေါင်းမော့လို့ သွားနိုင်ခဲ့ကြတယ်။
အရင် ၁၉၉၈ ခုနှစ်တွေတုန်းက ထိုင်းမှာဆိုရင် မြန်မာလုပ်သားတွေဟာ နောက်ကနေ ကာကွယ်ပေးတဲ့ အရပ်သား အစိုးရမရှိတာကြောင့် လုပ်အားခေါင်းပုံဖြတ်ခံရ၊ အနှိမ်ခံရ၊ နှိပ်စက်ခံရတာတွေဟာ ၂၀၁၂ နောက်ပိုင်းနဲ့ ၂၀၁၅ နောက်ပိုင်းမှာ ပြောင်းလဲသွားခဲ့တာပါ။ အလုပ်သမားအဖွဲ့အစည်းတွေပေါ်လာတာနဲ့အတူ NLD အစိုးရရဲ့ ပြည်ပ ရောက် အလုပ်သမားတွေအပေါ် ဂရုတစိုက်ရှိမှုတွေက မြန်မာလုပ်သားတွေအတွက် အဆင်ပြေစေခဲ့တာပါ။
ဒါပေမဲ့ ၂၀၂၁ အာဏာသိမ်းပြီးတဲ့အခါမှာတော့ အလုပ်သမားတွေရဲ့ အခြေအနေတွေဟာ ၁၉၉၈ ဝန်းကျင်ကာလကို ပြန်ရောက်သွားသလိုပဲလို့ ဦးအောင်ကျော်က ဝမ်းပန်းတနည်းဆိုပါတယ်။
ကန့်ကွက်မှုတွေရှိနေတဲ့ ရွေးကောက်ပွဲ
စစ်ကောင်စီက ယခုနှစ် ဇူလိုင် ၃၁ ရက်မှာ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ရွေးကောက် ပွဲကိုလည်း ‘ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်’ (Mixed Member Proportional) စနစ်ကို ကျင့်သုံး မယ်လို့ဆိုပါတယ်။
စစ်အုပ်စုက PR စနစ်ကို ကိုယ်စားပြုမှု ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ရန် ပေါင်းစပ်အသုံးပြုမယ်လို့ ဆို ထားသော် လည်း နိုင်ငံရေးလေ့လာသူတွေကတော့ မဲဆန္ဒနယ်များတွင် ကွက်ကျား ရွေးကောက်ပွဲအနည်းငယ်လုပ်ပြီး USDP ပါတီ အသာစီးရဖို့သာ လုပ်ထားတာဖြစ်တယ်လို့ ဆိုကြပါတယ်။
ရွေးကောက်ပွဲကိုလည်း ၂၀၂၅ ဒီဇင်ဘာမှာ တကြိမ်၊ ၂၀၂၆ ဇန်နဝါရီ တကြိမ် နှစ်ပိုင်းခွဲကျင်းပမယ်လို့ ကြေညာထား ပါတယ်။ ရွေးကောက်ပွဲအပိုင်းတစ်ကိုတော့ လာမယ့် ဒီဇင်ဘာ၂၈ မှာ မြို့နယ် ၁၀၂ မြို့နယ်မှာ စတင် ကျင်းပမှာ ဖြစ်ပါတယ်။ အပိုင်းနှစ်ကိုတော့ ၂၀၂၆၊ ဇန်နဝါရီ ၁၁ မှာ မြို့နယ် ၁၀၀ မှာ ပြုလုပ်မှာဖြစ်ပြီး အပိုင်းသုံးကိုတော့ အပိုင်းနှစ် ကျင်းပပြီး နှစ်ပတ်အကြာမှာ ကျင်းပသွားမယ်လို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။
စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၅၇ ပါတီနဲ့တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၉၅ ဦး စုစုပေါင်းကိုယ်စားလှယ်လောင်း ငါးထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ ရွေး ကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေကိုလည်း ကြေညာထားပြီး အဲဒီအထဲမှာ တိုင်းနဲ့ပြည်နယ်ရှစ်ခုက မြို့နယ်ပေါင်း ၅၆ မြို့နယ် ပါဝင်ပါတယ်။ တစ်တိုင်းပြည်လုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး မြို့နယ် ၆၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားတဲ့အခြေအနေမှာ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲက ဟန်ပြသာ ဖြစ်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။
မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ “ပဋိပက္ခလည်းဖြစ်နေတဲ့အချိန် ပါဝင်ရွေး ကောက်ခံနိုင်ဖို့လည်း လွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေမှာရှိမနေဘူး။ ရှိမနေတဲ့အတွက်ကြောင့်မို့လို့ ဒီရွေး ကောက်ပွဲရလဒ်က လွတ်လပ်ပြီးတော့တရားမျှတတဲ့ ဒီမိုကရေစီနည်းလမ်းတကျ ပြည်သူ့သဘောထားကို ထင်ဟပ် စေတဲ့ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောလို့ရစရာရှိမနေဘူး။” လို့ ဆိုပါတယ်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကလည်း ရွေးကောက်ပွဲလုပ်ရုံနဲ့ ပြေလည်စရာမရှိဘဲ အခြေအနေတွေ ပိုရှုပ် ထွေး သွားနိုင်တယ်လို့ သူ့အမြင်ကို ပြောပြတယ်။
လတ်တလောမှာတော့ ကုလသမဂ္ဂ၊ နယူးဇီလန်နဲ့ အာဆီယံထဲက နိုင်ငံအချို့က စစ်ကောင်စီရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုထားကြပါတယ်။
နိုင်ငံပေါင်း ၁၈၃ နိုင်ငံပါဝင်တဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကလည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြည် ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ-CRPHကိုပဲ ဆက်လက်အသိအမှတ်ပြုတယ်လို့ အောက်တိုဘာ ၂၃ က ကျင်းပခဲ့တဲ့ နိုင်ငံတကာပါလီမန်များညီလာခံ အမှုဆောင်ကောင်စီအစည်းအဝေးမှာ ကြေငြာခဲ့ပါတယ်။
အာဆီယံကလည်း စစ်ကောင်စီရွေးကောက်ပွဲအတွက် အာဆီယံအနေနဲ့ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ သံတမန်ရင်းမြစ်တွေက AFP သတင်းဌာနကို ပြောထားပါတယ်။
လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်ကတော့ စစ်ကောင်စီကို ချက်ချင်းအပစ်ခတ်ရပ်စဲဖို့ တောင်းဆိုထားပြီး အာဆီယံခေါင်းဆောင်တွေဟာလည်း မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ကြောင်း အောက်တိုဘာ ၂၆ ရက်က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။
NLD ပါတီကလည်း ရွေးကောက်ခံအစိုးရထံမှ စစ်အုပ်စုက မတရားအာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ကျူးလွန်နေတဲ့ စစ်အုပ်စုကကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီစံနူန်းများနှင့် ကိုက်ညီမှုမရှိ တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်ကြောင်းနဲ့ အသိအမှတ်မပြုကြောင်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ရွေးကောက်ပွဲလားရာ
ဒီလိုစစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပက ကန့်ကွက်မှုတွေရှိနေပေမယ့် စစ်ကောင်စီ ကတော့ သူတို့အစီအစဉ်အတိုင်း ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်ဖို့ တာဆူနေပါတယ်။ သူတို့အတင်းအကျပ် အတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေကိုပဲ ဆွဲထုတ်လာကာ ဒီခြေဥအရ အာဏာသိမ်းတယ်၊ ဒီခြေဥအရပဲ ရွေး ကောက်ပွဲလုပ်ရတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုပါတယ်။
“နိုင်ငံတော်တော်များများရဲ့ ဆက်ဆံရေးတန့်နေတယ်။ တရားဝင်အစိုးရအဖြစ် အသိမှတ်ပြုမခံရဘူး။ အဲ့လိုအနေ အထားမျိုးမှာ ရွေးကောက်ပွဲအားဖြင့် သူ(စကစ)အနိုင်ရလာတယ်။ ပြီးရင် အစိုးရတစ်ရပ်ပေါ်လာအောင်လုပ်မယ်။ ရွေးကောက်ပွဲကနေ အစိုးရတစ်ရပ်ရှိလာမယ်။ ကမ္ဘာမှာရှိတဲ့ အင်အားသိပ်မရှိတဲ့နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ ဒီရွေးကောက်ပွဲကနေရမယ်လို့ ယူဆထားပုံရတယ်။” လို့ သူ့အမြင်ကို ပြောပြတယ်။
စစ်ကောင်စီဘက်မှာလည်း တရုတ်၊ ရုရှားနဲ့အိန္ဒိယလို အင်အားကြီးနိုင်ငံတွေက ကူညီထောက်ပံ့နေပြီး တရုတ်နိုင်ငံ ဆိုရင် မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတာပါ။ ဒါကြောင့်လည်း တရုတ်လွှမ်းမိုးမှုအားဖြင့် တော် လှန်ရေး အစုအဖွဲ့တွေကြားထဲမှာ ရွေးကောက်ပွဲအပေါ် အမြင်ပြောင်းသွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
“အိမ်နီးခြင်းနိုင်ငံတွေရဲ့ဖိအားကြောင့် ကိုယ့်ရဲ့အစုအဖွဲ့ရပ်တည်ဖို့ ရွေးချယ်လိုက်ရတဲ့ နည်းလမ်းတွေအပေါ်မှာ မူတည်ပြီးတော့ အချင်းချင်းတွေကြားမှာ သံသယတွေ၊ အဲဒါထက် ပဋိပက္ခနယ်မြေအားဖြင့် အပွန်းအတိုက်တွေ ရှိ လာနိုင်တယ်။” လို့ သူကသုံးသပ်ပါတယ်။
တရုတ်ရဲ့ဖိအားက ပြည်တွင်းမှာတင် မကပါဘူး။ ဒေသတွင်းနိုင်ငံတွေအပေါ်မှာလည်း သက်ရောက်မှုရှိနေတာပါ။ ဥပမာအားဖြင့် အာဆီယံတွင်းဆို စစ်အုပ်စုနဲ့မပတ်သက်ဖို့ ရွေးကောက်ပွဲကို မထောက်ခံဖို့ ပေါ်ပေါ်တင်ပြောနိုင်တဲ့ နိုင်ငံတွေဆိုရင် မလေးရှားနဲ့အင်ဒိုနီးရှားက ထင်ရှားပါတယ်။ ဒါပေမယ့် တရုတ်နဲ့နိုင်ငံရေးအရသော် လည်းကောင်း စီးပွားရေးအရသော်လည်းကောင်း ဆက်နွယ်နေတဲ့ နိုင်ငံတွေအနေနဲ့က စစ်ကောင်စီကို ပြတ်ပြတ်သားသား မဆန့် ကျင်နိုင်သေးဘူးလို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆိုပါတယ်။
အဲလိုအချိန်မှာ ဒီမိုကရေစီဆန်တာတွေ တရားဝင်တာတွေ မဝင်တာတွေထက် ရွေးကောက်ပွဲကနေ အစိုးရဆိုပြီး တက်လာရင် “တော်ရုံတန်ရုံ ဆက်ဆံဖို့ မဝံ့မရဲဖြစ်နေတဲ့ နိုင်ငံတွေအနေနဲ့ ဆက်ဆံလို့ရနိုင်တဲ့ အခြေအနေ တစ်ခု တော့ စစ်တပ်ဘက်မှာရှိသွားလိမ့်မယ်။” လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
ဒါကြောင့်လည်း စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူအများစုက ကန့် ကွက် နေကြ ၊ မဲမပေးကြဖို့နဲ့ မထောက်ခံကြဖို့ကို နည်းမျိုးစုံနဲ့ ဆန့်ကျင် ဆန္ဒပြတာတွေကို ပြုလုပ်နေကြတာပါ။
စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို နှောက်ယှက်လို့ဆိုကာ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့ အောက်တို ဘာ ၃၁ အထိ သုံးလတာအတွင်း အမျိုးသား၊အမျိုးသမီး စုစုပေါင်း လူတစ်ရာနီးပါးကိုဖမ်းဆီးထားပြီးပါပြီ။
ပြည်တွင်းမှာ နေထိုင်သူတွေအနေနဲ့ကတော့ စစ်ကောင်စီရဲ့ အတင်းအကျပ်ဖိအားတွေကြောင့် မဲပေးရနိုင်ပြီး မပေး ရင်လည်း စစ်ကောင်စီက ပစ်မှတ်ထားဖိနှိပ်မှာကို စိုးရိမ်နေကြပါတယ်။ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ အနေ နဲ့ကတော့ စစ်ကောင်စီရွေးကောက်ပွဲကို မဲမပေးခြင်းဖြင့် သူတို့ဆန္ဒကို ထုတ်ဖော်ခဲ့ပြီးပါပြီ။
ဒါပေမယ့်လည်း နိုင်ငံရေးအခြေအနေကြောင့် အိမ်မပြန်ဖြစ်ဘဲ ပြည်ပမှာ အနေကြာလာတဲ့ မြန်မာအလုပ်သမား တွေကတော့ ကိုယ့်နိုင်ငံကို ပြန်ချင်နေကြပြီလို့ ဆိုကြပါတယ် ။ ကိုဖိုးဇော်လည်း သူချစ်တဲ့ မြန်မာနိုင်ငံကို လွမ်း ဆွတ်နေပြီး လက်ရှိကာလ သူ့စိတ်ထဲ ခံစားနေရတဲ့ ခံစားချက်ကိုလည်း အခုလို ရင်ဖွင့်ပါတယ်။
“ ဒီမှာနေရတာလည်း မနေချင်တော့ဘူး။ အိမ်နဲ့တအားဝေးနေပြီ။ ၁၁ နှစ်ရှိသွားပြီ။ အိမ်ကိုတအားပြန်ချင်နေပြီ။”
(* ပြထားသော နာမည်များက လုံခြုံရေးအရ နာမည်လွှဲထားတာ ဖြစ်ပါတယ်။)
3 comments
WinonaCasinoOnline es mi lugar favorito para relajarse y ganar dinero al mismo tiempo. La interfaz es amigable y los juegos nunca aburren. I recommend here. winonacasinoonline
pin77 app https://www.pin77.tech
777perya Online Casino Philippines: Easy Login, Register & App Download for the Best Slot Games. Join 777perya Online Casino Philippines! Experience easy 777perya login, fast register, and the official app download for top-tier slot games. Play and win today! visit: 777perya