“ ကျွန်တော်တို့ရဲ့ ကလေးတွေဟာ နေ့စဉ်နဲ့အမျှ အဆိပ် အတောက်တွေကို အစားအစာအဖြစ် စားသုံးနေရသလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ ကလေးတွေရဲ့ အနာဂါတ်က အလွန်ဝမ်းနည်းစရာပါ။”

သင့်ကလေးစားတဲ့မုန့်တွေ အန္တရာယ်ကင်းရဲ့လား (အင်တာဗျူး)

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ပြည်တွင်းဖြစ်မုန့်တွေနဲ့ ရပ်ကွက်ထဲက ထုတ်လုပ်တဲ့ အိမ်တွင်း ထုတ်မုန့်တွေ ပိုမိုများပြားလာပြီး မုန့်တွေအများစုဟာ ကလေးတွေအတွက် အာဟာရ မဖြစ်သလို ကျန်းမာရေး အတွက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများတယ်လို့ အာဟာရပညာရှင်နဲ့ ကလေးမိဘတွေက ပြောကြပါတယ်။ ဒီအ ကြောင်းအရာတွေနဲ့ပတ်သက်ပြီး အဟာရပညာရှင်တစ်ဦးကို မဏ္ဍိုင်သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့တာကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

မဏ္ဍိုင် – အောက်တိုဘာ ၁၇ ၊ ၂၀၂၅။

“ မင်္ဂလာပါခင်ဗျာ။ ဒီလိုအရေးကြီးတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး မေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်။ ကလေးသူငယ်များရဲ့ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ အာဟာရပြည့်ဝရေးဟာ နိုင်ငံတစ် နိုင်ငံရဲ့ အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ မေးထားတဲ့မေးခွန်းတွေကို တစ်ခုချင်းစီ ဖြေကြားပေးပါ့မယ်။ မေးခွန်းတွေကို မဖြေခင် ဒီအချက်လေးတွေကိုတော့ ကျွန်တော်အလေးပေးပြောချင်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို နားလည်ဖို့ဆိုရင် ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောရပါမယ်။ အခုမြင်တွေ့ နေရတာက နိုင်ငံတစ်နိုင်ငံလုံးရဲ့ ပြိုလဲပျက်စီးမှုပါပဲ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းမှာ လူ့အဖွဲ့ အစည်းရဲ့ အခြေခံအုတ်မြစ်တိုင်းဟာ စနစ်တကျဖျက်ဆီးခံခဲ့ရပြီး ပြည်သူတွေရဲ့ပေးဆပ်ခဲ့ရမှုက မတွေးဝံ့စရာပါပဲ။ ပထမဆုံးအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ဘယ်လောက်ကြီးမားလဲဆိုတာ ပြောချင်ပါတယ်။

ကြောက်ခမန်းလိလိ မြင့်မားနေတဲ့ အစားအစာမဖူလုံမှုကို ကြည့်မယ်ဆိုရင် လူဦးရေ ၁၃ သန်းလောက် (ဒါက နိုင်ငံ လူဦးရေရဲ့ လေးပုံတစ်ပုံနီးပါးပါ) ဟာ သူတို့ရဲ့ နောက်နေ့မှာ စားမယ့်အစားအစာအတွက် အာမခံချက် မရှိပါဘူး။ ဒါကသဘာဝဘေးကြောင့်ဖြစ်တဲ့ မိုးခေါင်ရေရှားမှုမျိုးမဟုတ်ပါဘူး။ ပဋိပက္ခတွေ၊ စီးပွားရေးပြိုလဲမှုတွေနဲ့ ကုန်စည် စီးဆင်းမှုတွေ လုံးဝပျက်စီးသွားတာရဲ့တိုက်ရိုက်အကျိုးဆက်ပါ။ ကလေးတွေမှာ မုန့်စားရဖို့နေနေသာသာ ပုံမှန် ထမင်းတောင်နပ်မှန်အောင်မစားရတဲ့ ကလေးတွေ အများကြီးပါပဲ။

တစ်ချိန်တည်းမှာပဲ၊ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရမှုတွေကြောင့် လူဦးရေ ၃ သန်းကျော်ဟာ သူတို့ရဲ့ နေအိမ် တွေကို စွန့်ခွာထွက်ပြေးခဲ့ရတယ်။ ဒါတွေက ကိန်းဂဏန်းတွေသက်သက် မဟုတ်ပါဘူး။ လေကြောင်းတိုက်ခိုက် မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကနေ အသက်လုပြီး ထွက်ပြေးနေရတဲ့ မိသားစုတွေ၊ လယ်သမားတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ကလေးတွေဖြစ်ပြီး ဘာမှ မရှိတဲ့ ယာယီစခန်းတွေမှာ နေထိုင်နေကြရတာပါ။

ဒါပေမဲ့ တကယ်ကြောက်စရာအကောင်းဆုံးကတော့ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးတွေအပေါ်မှာ ကျရောက်နေတဲ့ ရေရှည်ထိခိုက်ပျက်စီးမှုပါပဲ။ ပျောက်ဆုံးသွားသော မျိုးဆက်လို့ဆိုရမလားပါပဲ။ အာဟာရနဲ့ ပညာ ရေး အကျပ်အတည်းတွေက အဆိုးဆုံးပုံစံနဲ့ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေပါတယ်။

တစ်ဖက်မှာလည်း အာဟာရချို့တဲ့မှုဆိုတဲ့ တိတ်တဆိတ်ကပ်ရောဂါတစ်ခု ရှိနေတယ်။ ကလေး ၃ ယောက်မှာ ၁ ယောက်နီးပါးဟာ အရပ်ပုတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်။ ဒါက သူတို့ရဲ့ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်။ ဒီအချက်အလက်ဟာ ကိုဗစ်/ အာဏာသိမ်းမှုမတိုင်ခင်ကဖြစ်လို့ ခုဆိုရင် ဘယ်လောက်တောင် ဆိုးနေမလဲ မတွေးရဲပါဘူး။

နောက်တစ်ဖက်မှာကျတော့ ကလေးတစ်ယောက်က အာဟာရပြည့်ဝတယ်ထားဦး၊ သူတို့မှာ စာသင်ကြားဖို့ နေရာမရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ်ခန္ဓာပိုင်း ဖွံ့ဖြိုးမှုအားနည်းရုံတင်မကဘဲ သူတို့ရဲ့တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ ကျွမ်းကျင်မှုတွေပါ မရှိတော့မယ့် ‘ပျောက်ဆုံးသွားတဲ့မျိုးဆက်’ တစ်ခုကို မွေးထုတ်နေသလို ပါပဲ။

နောက်ဆုံးအနေနဲ့၊ ဒီလိုအာဟာရချို့တဲ့ပြီး နေရပ်စွန့်ခွာနေရတဲ့လူတွေ ဖျားနာတဲ့အခါ ဘာဖြစ်မလဲ။ ဝမ်းနည်း စရာကောင်းတာက ဘာအကူအညီမှ မရသလောက်ပါပဲ။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ လုံးဝပြိုလဲ သွားပါပြီ။ ဒါကြောင့် အခြေခံကာကွယ်ဆေးထိုးတာကနေ အရေး ပေါ်ဆေးကုသမှုအထိ အရာအားလုံးမှာ ကြီးမား တဲ့ ပြတ်တောက်မှုတွေ ဖြစ်နေပါတယ်။ ကာကွယ်လို့ရတဲ့ရောဂါတွေ ပြန်ဖြစ်လာနေတယ်။ ဒါဟာ အဆိုးဆုံး အခြေ အနေတွေ အားလုံးစုနေတဲ့ မုန်တိုင်းတစ်ခုပါပဲ။

ကျွန်တော်ပြောချင်တဲ့အခြေခံအချက်လေးတွေကို ပြောပြီးပြီဆိုတော့ မေးခွန်းလေးတွေကို တစ်ခုချင်းစီ ဖြေပေးပါ့မယ်။”

◽️ ကလေးတွေ စားသောက်နေရတဲ့မုန့်တွေ အရည်အသွေးရှိခြင်း၊ မရှိခြင်းက ကလေးတွေအတွက် ဘယ်လောက် အရေးကြီးလဲ။

“ ကလေးတွေစားသုံးနေတဲ့ အစားအစာတွေရဲ့ အရည်အသွေးဟာ အလွန်အမင်း အရေးကြီးပါတယ်။ ဒါက ကလေး တစ်ယောက်ရဲ့ဘဝတစ်လျှောက်လုံးရဲ့ ကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုကို အဆုံးအဖြတ်ပေးတဲ့ အခြေခံအုတ်မြစ်တစ်ခုပါပဲ။

ဘာကြောင့်လဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု (Physical Growth) – ကလေးဘဝဟာ အရိုး၊ ကြွက်သား၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ အရှိန်အဟုန်နဲ့ ကြီးထွားတဲ့အချိန်ပါ။ အရည်အသွေးပြည့်ဝတဲ့ အစားအစာတွေကရတဲ့ ပရိုတင်း၊ ကယ်လ်စီယမ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ဒီဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အရည်အသွေးမရှိတဲ့ “ကယ်လိုရီဗလာ” (empty calorie) မုန့်တွေဟာ ကြီးထွားမှုကို အဟန့်အတားဖြစ်စေပြီး အရပ်ပု၊ ကိုယ်အလေးချိန် မပြည့်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆိုလိုတာက အရေးကြီးတဲ့ အာဟာရဓါတ်တွေမပါပဲ အချို၊ သကြား၊ အငန်/ အရသာမှုန့်၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့အဆီတွေပဲ ပါဝင်နေတဲ့ အစားအစာ/ သွားရည်စာမုန့်မျိုးတွေဖြစ်ပါတယ်။

ဦးနှောက်ဖွံ့ဖြိုးမှု (Brain Development) – ကလေးရဲ့ ဦးနှောက်ဟာ အသက်ငယ်စဉ်မှာ အဓိကဖွံ့ဖြိုးပါတယ်။ အိုမီဂါ-၃၊ သံဓာတ်၊ အိုင်အိုဒင်းလို အာဟာရတွေဟာ မှတ်ဉာဏ်၊ သင်ယူနိုင်စွမ်းနဲ့ အာရုံစူးစိုက်မှုကို တိုက်ရိုက် အထောက်အကူပြုပါတယ်။ အရည်အသွေးနိမ့်တဲ့မုန့်တွေမှာ ဒီလိုအာဟာရဓာတ်တွေ မပါဝင်တဲ့အပြင်၊ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက ဦးနှောက်ရဲ့ ပုံမှန်လုပ်ဆောင်မှုကိုတောင် အနှောင့်အယှက်ပေးနိုင်ပါတယ်။

ကိုယ်ခံစွမ်းအား (Immune System) – အာဟာရပြည့်ဝမှ ကိုယ်ခံစွမ်းအားစနစ်က ကောင်းမွန်အလုပ်လုပ်နိုင်ပြီး ရောဂါဘာယတွေကို တိုက်ထုတ်နိုင်မှာပါ။ အရည်အသွေးမမီတဲ့ အစားအစာတွေကို စားသုံးတဲ့ကလေးတွေဟာ မကြာခဏ ဖျားနာခြင်း၊ အလွယ်တကူ ရောဂါကူးစက်ခံရခြင်းမျိုး ဖြစ်နိုင်ခြေများပါတယ်။

ရေရှည်ကျန်းမာရေး အလေ့အကျင့် (Long-term Health Habits) – ကလေးဘဝမှာ စတင်ခဲ့တဲ့ အစား အသောက် အလေ့အကျင့်ဟာ လူကြီးဘဝအထိ ပါသွားတတ်ပါတယ်။ အချို၊ အငန်၊ အဆီများတဲ့ မုန့်တွေကို ငယ်စဉ်ကတည်း က စွဲစွဲလမ်းလမ်း စားသုံးမိရင်၊ ကြီးလာတဲ့အခါ အဝလွန်ရောဂါ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေ ဖြစ်နိုင်ခြေ အလွန်များသွားပါတယ်။

ဒါကြောင့် ကလေးစားတဲ့မုန့်ရဲ့ အရည်အသွေးဆိုတာ ခဏတာ ဗိုက်ပြည့်ဖို့အတွက် မဟုတ်ဘဲ၊ သူတို့ရဲ့ ဘဝတစ် လျှောက်လုံးအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ ဘဝအရည်အသွေးကို ရင်းနှီးမြှုပ်နှံပေးတာနဲ့ အတူတူပါပဲ။”

◽️ လက်ရှိ မြန်မာနိုင်ငံက မုန့်ဆိုင်တွေ၊ ကျောင်းဈေးတန်းက မုန့်ဆိုင်တွေမှာ ရောင်းချနေတဲ့ တချို့မုန့်တွေဟာ အရည်အသွေး မမီဘူး၊ မစားသင့်ဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ ရောင်းနေကြတယ်၊ ကလေးတွေ စားနေကြ တယ်၊ အဲဒါတွေကို စားမိရင် ဘာဖြစ်နိုင်မလဲ၊ ဘယ်လိုအန္တရာယ် ရှိနိုင်လဲ။

“ အားလုံးသိတဲ့အတိုင်းပါပဲ မုန့်ဆိုင်တွေမှာ အများစုတွေ့ရတတ်တဲ့ မုန့်တွေက တော်တော်များများဟာ ကလေး တွေအတွက် မသင့်တော်ပါဘူး။ ဒီလိုအရည်အသွေးမမီတဲ့မုန့်တွေ စားသုံးမိရင် ဖြစ်နိုင်တဲ့အန္တရာယ်ကို (၂) ပိုင်းခွဲပြီး ပြောလို့ရပါတယ်။ ချက်ချင်းကြုံတွေ့နိုင်တဲ့အန္တရာယ် (Short-term Risks) နဲ့ ရေရှည်မှာကြုံတွေ့နိုင်တဲ့အန္တရာယ် (Long-term Risks) ဆိုပြီးတော့ပါ။

ချက်ချင်းကြုံတွေ့နိုင်တဲ့အန္တရာယ်တွေက အစားအသောက်အဆိပ်သင့်ခြင်း (Food Poisoning) ပါ။ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ထုတ်လုပ်မှု စံချိန်စံညွှန်း မရှိတဲ့အတွက် ဘက်တီးရီးယားတွေ (ဥပမာ- Salmonella, E. coli) ပေါက် ဖွားပြီး ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်းတွေ ချက်ချင်းဖြစ်စေနိုင်ပါတယ်။

ဓာတ်မတည့်ခြင်း (Allergic Reactions)- မုန့်ထဲမှာ ဘာတွေပါဝင်လဲဆိုတာ တိတိကျကျ ဖော်ပြထားတာ မရှိတဲ့ အတွက်မြေပဲ၊ နို့ထွက်ပစ္စည်း၊ ဂျုံစတာတွေနဲ့ ဓာတ်မတည့်တဲ့ ကလေးတွေအတွက် အသက်အန္တရာယ်အထိ ဖြစ်စေ နိုင်ပါတယ်။

ဓာတုပစ္စည်းများကြောင့်ဖြစ်သော ပြဿနာတွေဆိုရင် တရားမဝင်ဓာတုဆိုးဆေးတွေ၊ အရသာအတုတွေကြောင့် ကလေးတချို့မှာ အရေပြားယားယံတာ၊ အာရုံစူးစိုက်မှုပျက်ပြားတာ (hyperactivity) တွေ ဖြစ်နိုင်ပါတယ်။

ရေရှည်မှာကြုံတွေ့နိုင်တဲ့အန္တရာယ်တွေက အာဟာရချို့တဲ့ခြင်းနှင့် အဝလွန်ခြင်းတွေပါ။ ဒီမုန့်တွေမှာ အချို၊ အဆီ၊ ဆားဓာတ်တွေပဲ အလွန်အကျွံပါပြီး တကယ့်အာဟာရဓာတ်မပါပါဘူး။ ဒါကြောင့် ကလေးတွေဟာ ဗိုက်ပြည့် နေပေမယ့် ခန္ဓာကိုယ်က အာဟာရငတ်နေတဲ့ “အာဟာရချို့တဲ့သော အဝလွန်ခြင်း” (Malnourished Obesity) ဖြစ်နိုင်ပါတယ်။

ကလေးက ဝနေပေမယ့် ကျန်းမာရေးအတွက် အမှန်တကယ်လိုအပ်တဲ့ အာဟာရဓါတ် – အထူး သဖြင့် အနည်းလိုအာဟာရ/ အဏုအာဟာရဓါတ်တွေ ချို့တဲ့ပြီး မကြာခဏ နေမကောင်းဖြစ်တတ်ပါတယ်။

နာတာရှည်ရောဂါတွေဆိုရင် အလွန်အကျွံပါဝင်သော သကြားဓာတ်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သွားပိုးစားခြင်း၊ ဆီးချိုရောဂါဖြစ်နိုင်ခြေများခြင်း။ အလွန်အကျွံပါဝင်သော ဆားဓာတ်ကြောင့် ကလေးဘဝကတည်းက သွေးတိုး ရောဂါအခံ ဖြစ်လာနိုင်ခြင်း။ Trans Fats လို့ခေါ်တဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့အဆီတွေကြောင့် နှလုံးနဲ့သွေး ကြောဆိုင်ရာ ရောဂါတွေဖြစ်နိုင်ခြေ များလာခြင်း။

ဒါ့အပြင် တာရှည်ခံအောင်သုံးထားတဲ့ ဓာတုပစ္စည်းတွေ (Preservatives)၊ အရောင်လှအောင်သုံးတဲ့ ဆိုးဆေးတွေ၊ မသန့်ရှင်းတဲ့ကုန်ကြမ်းတွေကရတဲ့ အာဆင်းနစ်၊ ခဲလိုမျိုး သတ္တုအဆိပ်အတောက်တွေဟာ အသည်း၊ ကျောက်ကပ် လို အရေးကြီးတဲ့ကလီစာတွေကို ရေရှည်မှာ တဖြည်းဖြည်းချင်း ပျက်စီးစေနိုင်ပါတယ်။”

◽️ လက်ရှိ မြန်မာနိုင်ငံမှာ ကလေးတွေစားနေရတဲ့မုန့်တွေဟာ အာဟာရဖြစ်တယ်လို့ ဆရာမြင်လား၊ ဒါမှ မဟုတ် အန္တရာယ်ရှိပြီး ဘယ်လောက်အထိ စိုးရိမ်စရာကောင်းတယ်လို့ ဆရာမြင်ပါသလဲ။

“ဒီမေးခွန်းကို သေချာလေးဖြေရဖို့တော့ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ မှီငြမ်းလို့ရမယ့် ကိန်း ဂဏန်း အချက်အလက်တွေမရှိလို့ပါ။

ကျွန်တော့် တစ်သီးပုဂ္ဂလအမြင်ပြောရင်၊ ခြုံပြောရရင်တော့ အခြေအနေဟာ “အလွန်စိုးရိမ်စရာကောင်းတဲ့အဆင့်” မှာ ရှိနေတယ်လို့ မြင်ပါတယ်။ ဟုတ်ပါတယ်၊ ကောက်ညှင်းပေါင်း၊ ပဲပြုတ်၊ မုန့်လုံးရေပေါ်လို အာဟာရဖြစ်စေတဲ့ မြန်မာ့ရိုးရာမုန့်ကောင်းတွေ ရှိနေပါသေးတယ်။ လတ်ဆတ်တဲ့ ဒေသထွက် ရာသီပေါ် သစ်သီးဝလံတွေဟာလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သွားရည်စာတွေဖြစ်ပါတယ်။ သန့်ရှင်းရေးကိုတော့ အထူးဂရုပြုရမှာပေါ့။ စိတ် မကောင်းစရာကောင်းတာက ဒီလိုကျန်းမာရေးနဲ့ညီညွတ်တဲ့ ဒေသထွက် အစားအစာတွေဟာ ကျေးလက်ဒေသ တွေမှာတောင် ကလေးတွေကို ကျွေးတဲ့ဓလေ့ တဖြည်းဖြည်း နည်းပါးလာလာတာကို တွေ့နေရပါတယ်။

ဒီလိုကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဒေသထွက် သဘာဝ အစားအစားတွေနေရာကို အာဟာရပြည့်စုံမှုမရှိတဲ့ အသင့်စား မုန့်တွေက အရှိန်အဟုန်နဲ့ အစားထိုးဝင်ရောက်နေခဲ့တာ ကြာပါပြီ။ ဈေးကွက်ထဲမှာ အလွယ်တကူဝယ်လို့ရပြီး ကလေးတွေအကြိုက်ဆုံးဖြစ်နေတဲ့ မုန့်အများစုကတော့ အာဟာရမဖြစ်ပါဘူး။ အများစုဟာ သကြား၊ ဆား၊ အဆီ နဲ့ ဓာတုပစ္စည်းတွေရောစပ်ထားတဲ့ စက်ရုံထုတ်မုန့်တွေ ဖြစ်နေပါတယ်။

ဘယ်နိုင်ငံကဝင်လာမှန်းမသိ၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ ပါဝင်ပစ္စည်းစာရင်း မမှန်ကန်တဲ့ တန်ဖိုးနည်း မုန့်တွေဟာ ကျောင်းတွေရဲ့အနီးတဝိုက်မှာ ပလူပျံနေပါတယ်။ စိုးရိမ်စရာအကောင်းဆုံးကတော့ “အသိပညာပေးမှု အားနည်းခြင်း” နဲ့ “ထိန်းချုပ်မှုမရှိခြင်း” တို့ပေါင်းစပ်နေတာပါပဲ။ မိဘအများစုဟာ ဒီမုန့်တွေရဲ့အန္တရာယ်ကို သေချာမသိဘဲ ကလေးချစ်လို့၊ ကလေးဂျီကျလို့ အလွယ်တကူ ဝယ်ကျွေးနေကြတယ်။ ရောင်းချသူတွေကလည်း အမြတ်ရဖို့ပဲ ကြည့်ပြီး တာဝန်ယူမှုမရှိကြဘူး။ ရောင်းချတဲ့သူတွေရဲ့ အသိပညာမြှင့်တင်ပေးဖို့လည်းလိုပါတယ်။ ပြည်တွင်းအစားအစာထုတ်လုပ်သူတွေအနေနဲ့လည်း အာဟာရပြည့်ဝတဲ့ ကလေးသွားရည်စာတွေကို အစားထိုး ထုတ်လုပ်ပေးနိုင်မယ်ဆိုရင် သိပ်ကို အကျိုးများပါမယ်။

အစိုးရရဲ့ သက်ဆိုင်ရာဌာနတွေကလည်း ထိရောက်တဲ့ ကြပ်မတ်စစ်ဆေးမှုတွေ မလုပ်နိုင်တဲ့အခါမှာ၊ ကျွန်တော်တို့ ရဲ့ ကလေးတွေဟာ နေ့စဉ်နဲ့အမျှ အဆိပ်အတောက်တွေကို အစားအစာအဖြစ် စားသုံးနေရသလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ ကလေးတွေရဲ့ အနာဂါတ်က အလွန်ဝမ်းနည်းစရာပါ။”

◽️ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကလေးတွေ စားတဲ့မုန့်တွေ အရည်အသွေးမြင့်ဖို့၊ အာဟာရရှိဖို့ အစိုးရတွေက ဘယ်လို ထိန်းချုပ်ကြပ်မတ်တာမျိုးတွေ လုပ်လဲ။

“ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ဘက်ပေါင်းစုံကနေ တင်းတင်းကျပ်ကျပ်ထိန်းချုပ်ပါတယ်။ (အစားအသောက်ဥပဒေများ တင်းကြပ်ခြင်း) အမေရိကန်မှာ FDA (Food and Drug Administration)၊ ဥရောပမှာ EFSA (European Food Safety Authority) လို အဖွဲ့အစည်းတွေက အစားအစာတွေမှာ သုံးစွဲခွင့်ရှိတဲ့ ဓာတုပစ္စည်း၊ ဆိုးဆေး၊ တာရှည် ခံပစ္စည်းတွေကို အတိအကျ သတ်မှတ်ပေးထားပါတယ်။ ခွင့်မပြုတဲ့အရာ သုံးရင် အရေးယူပါတယ်။

တံဆိပ်အညွှန်းဆိုင်ရာ စည်းကမ်းများ (Mandatory Labeling) – အာဟာရဆိုင်ရာအချက်အလက် (Nutrition Facts): ကယ်လိုရီ၊ သကြား၊ ဆား၊ အဆီ ဘယ်လောက်ပါလဲဆိုတာ မဖြစ်မနေ ဖော်ပြရပါတယ်။ ပါဝင်ပစ္စည်းများ (Ingredients List): ဘာတွေနဲ့ပြုလုပ်ထားလဲ အကုန်ရေးရပါတယ်။ ဓာတ်မတည့်မှုသတိပေးချက် (Allergen Warnings): မြေပဲ၊ ဥ၊ နို့ စတာတွေပါရင် ထင်ထင်ရှားရှား ဖော်ပြရပါတယ်။

ကျောင်းတွင်းအစားအစာဆိုင်ရာ မူဝါဒ (School Food Policies): ကျောင်းတွေမှာ အချိုရည်၊ အာလူးကြော်လို ကျန်းမာရေးနဲ့မညီညွတ်တဲ့မုန့်တွေ ရောင်းချခွင့်ကို လုံးဝတားမြစ်ထားပါတယ်။ ကျောင်းကန်တင်းတွေမှာ အသီး အနှံ၊ ဒိန်ချဉ်လို ကျန်းမာတဲ့အစားအစာတွေပဲ ရောင်းချဖို့ မူဝါဒချမှတ်ထားပါတယ်။ ကြော်ငြာများအား ကန့်သတ် ခြင်း (Advertising Restrictions): ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာ တွေ ကြော်ငြာခွင့်ကို ဥပဒေနဲ့ တားမြစ်ထားပါတယ်။

ဒီလိုနည်းလမ်းတွေနဲ့ အစိုးရ၊ ထုတ်လုပ်သူ၊ စားသုံးသူအားလုံးကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် စနစ်တကျ ထိန်းကျောင်းပါတယ်။”

◽️ မြန်မာနိုင်ငံမှာရော ကလေးတွေစားတဲ့မုန့်တွေကို စနစ်တကျ စီစစ်ကြပ်မတ်ပေးနိုင်တာမျိုးရှိလား။ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲ။

“ မြန်မာနိုင်ငံမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ရှိပါတယ်။ ဥပဒေအရ လုပ်ပိုင်ခွင့်တွေ လည်း ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ စီစစ်ကြပ်မတ်မှုဟာ အလွန်အားနည်းနေတယ်လို့ ဝန်ခံရပါမယ်။ အဓိကက တော့ နိုင်ငံရေးမတည်ငြိမ်မှုလို့ ပြောရမလားပါပဲ။

အကြောင်းရင်းတွေကတော့ လူအင်အား၊ နည်းပညာနဲ့ ဘဏ္ဍာငွေ မလုံလောက်မှု – တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆေးဖို့ လိုအပ်တဲ့ဝန်ထမ်း၊ ခေတ်မီဓာတ်ခွဲခန်းနဲ့အရင်းအမြစ်တွေ နည်းပါးနေပါတယ်။

ဥပဒေအကောင်အထည် ဖော်မှုအားနည်းခြင်း – ရှိပြီးသားဥပဒေတွေကို ထိထိရောက်ရောက် အရေးယူမှု နည်းပါး တဲ့အခါမှာ၊ ထုတ်လုပ်သူနဲ့ ရောင်းချသူတွေက ဂရုမစိုက်ကြတော့ပါဘူး။

ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း – ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးကော်မတီတွေအကြားမှာ ပူးပေါင်းပြီး ကျောင်းဈေးတန်းတွေကို စစ်ဆေးကြပ်မတ်တာမျိုးတွေ ထိထိရောက်ရောက်မရှိပါဘူး။

တရားဝင်အစိုးရ တစ်ရပ်ပေါ်ပေါ်လာပြီဆိုရင် တိုင်းပြည်ပြန်လည်ထူထောင်ရေးနဲ့အတူ ဒီလိုလုပ်ငန်းတွေကို လုပ် ဆောင်သင့်ပါတယ်။

ဥပဒေစိုးမိုးရေး (Strengthen Enforcement)- FDA ရဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အဝအသုံးချပြီး စံချိန်မမီတဲ့ အစား အစာတွေကို ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချသူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူရပါမယ်။

ပြည်သူလူထု အသိပညာပေးခြင်း (Public Awareness Campaigns) – မီဒီယာတွေကနေတဆင့် မိဘတွေ၊ ကျောင်းဆရာတွေနဲ့ ကလေးတွေကိုယ်တိုင် ဒီမုန့်တွေရဲ့ အန္တရာယ်ကို သိရှိနားလည်လာအောင် ကျယ်ကျယ်ပြန့် ပြန့် ပညာပေးရပါမယ်။

ကျောင်းကျန်းမာရေးစီမံချက် (School Health Programs)- ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန် ကြီးဌာနတို့ ပူးပေါင်းပြီး “ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းဈေးတန်း” (Healthy School Canteen) စီမံချက် တွေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကောင်အထည်ဖော်သင့်ပါတယ်။

တင်သွင်းကုန်များကို တင်းကြပ်စွာစစ်ဆေးခြင်း (Strict Import Control) – အထူးသဖြင့် နယ်စပ်ကနေ တရား မဝင် ဝင်ရောက်လာတဲ့ အရည်အသွေးနိမ့် မုန့်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတားဆီးရပါမယ်။”

◽️ NLD အစိုးရလက်ထက်တုန်းကလည်း တရုတ်ကထုတ်တဲ့ ကလေးမုန့်တွေနဲ့ပတ်သက်ပြီး အန္တရာယ်ရှိတဲ့ အကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တာရှိတယ်။ အခု စစ်တပ်အာဏာသိမ်းပြီး တဲ့နောက်ပိုင်းမှာ အခြေ အနေတွေ ပိုဆိုးလာတယ်လို့ ဆရာ မြင်ပါသလား။ ဘယ်လို သုံးသပ်ချင်ပါသလဲ။

“ ဒီကိစ္စဟာ ယခင်အစိုးရလက်ထက်ကတည်းက ရှိနှင့်ပြီးသား ပြဿနာတစ်ခုဖြစ်တာ မှန်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ နောက်ပိုင်းမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာတယ်လို့ သုံးသပ်နိုင်တဲ့ အချက်တွေ အများကြီးရှိပါတယ်။

အုပ်ချုပ်ရေးယန္တရားများ အားနည်းသွားခြင်း – နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အစိုးရဌာနတွေရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေ၊ အထူးသဖြင့် ပြည်သူ့ကျန်းမာရေးနဲ့ စားသုံးသူကာကွယ်ရေးလို လုပ်ငန်းတွေမှာ အာရုံစိုက်မှုနဲ့ ထိရောက်မှု သိသိသာသာ ကျဆင်းသွားပါတယ်။

နယ်စပ်ကုန်သွယ်ရေး ထိန်းချုပ်မှု လျော့ရဲလာခြင်း- နယ်စပ်ဒေသတွေမှာ မတည်ငြိမ်မှုတွေနဲ့အတူ တရားဝင်စစ် ဆေးကြပ်မတ်မှုတွေ အားနည်းသွားပြီး အရည်အသွေးမမီတဲ့၊ ဘာအမှတ်တံဆိပ်မှန်းမသိတဲ့ အစားအသောက်တွေ အရင်ကထက်ပိုပြီး လွယ်လွယ်ကူကူ ဝင်ရောက်လာပါတယ်။ အမှန်တကယ်တော့ ဒီလို ဘာကလာမှန်း၊ ဘာတွေ ပါမှန်းမသိတဲ့ မုန့်တွေဝင်ရောက်နေတာဟာ ကြာပါပြီ။ နယ်စပ်ဒေသတွေမှာဆို ပိုတွေ့ရပါတယ်။

စီးပွားရေးကျဆင်းမှု – ပြည်သူလူထုရဲ့ စားဝတ်နေရေးခက်ခဲလာတဲ့အခါမှာ အရည်အသွေးထက် ဈေးနှုန်းကို ပိုဦး စားပေးလာကြပါတယ်။ ဒါကြောင့် ဈေးအသက်သာဆုံးဖြစ်တဲ့ အရည်အသွေးအညံ့ဆုံးမုန့်တွေက ဈေးကွက်ပိုရ လာပါတယ်။

မီဒီယာလွတ်လပ်ခွင့် ကျဆင်းခြင်း – ဒီလိုအန္တရာယ်တွေအကြောင်း ဖော်ထုတ်ရေးသားကြမယ့် သတင်းမီဒီယာတွေ အပေါ် ဖိအားတွေများလာတဲ့အတွက် ပြည်သူလူထုဆီကို သတင်းအချက်အလက်ရောက်ရှိမှု နည်းပါးသွားပါတယ်။

ဒါကြောင့် ယခင်ကတည်းက ရှိခဲ့တဲ့ပြဿနာဟာ အခုအခါမှာ အုပ်ချုပ်မှု၊ စီးပွားရေးနဲ့ သတင်းစီးဆင်းမှု အားနည်း ချက်တွေကြောင့် ပိုမိုကြီးထွားလာပြီး ပြည်သူ့ကျန်းမာရေးအတွက် “တိတ်တဆိတ်ခြိမ်းခြောက်နေတဲ့ အကျပ် အတည်း” (Silent Crisis) တစ်ခုအဖြစ် ပိုမိုနက်ရှိုင်းလာတယ်လို့ မြင်ပါတယ်။”

◽️ လက်ရှိမှာ ကလေးမိဘတွေအနေနဲ့ ကလေးတွေစားသောက်နေရတဲ့ မုန့်တွေနဲ့ပတ်သက်ပြီး ဘယ်လို သတိ ပြုပြီး ထိန်းကျောင်းပေးသင့်တယ်၊ ဘယ်လို ကျွေးသင့်တယ်လို့ ဆရာမြင်ပါသလဲ။

“ အစိုးရရဲ့ အားကိုးလို့မရတဲ့အခြေအနေမှာ မိဘတွေရဲ့အခန်းကဏ္ဍက အရေးကြီးဆုံးဖြစ်လာပါတယ်။ မိဘတွေ အနေနဲ့ အောက်ပါအချက်တွေကို ဂရုပြုသင့်ပါတယ်။

အိမ်မှာလုပ်ကျွေးပါ (Promote Homemade) – အချိန်ကုန်၊ လူပင်ပန်းပေမယ့် တတ်နိုင်သလောက် အိမ်မှာပဲ သန့်ရှင်းလတ်ဆတ်တဲ့မုန့်တွေ လုပ်ကျွေးတာက အကောင်းဆုံးနဲ့ အလုံခြုံဆုံးပါပဲ။ ဥပမာ- အသီးအတုံးလေးတွေ လှီးပေးတာ၊ အသီးဖျော်ရည်၊ ပြောင်းပြုတ်၊ အာလူးပြုတ်၊ ကန်စွန်းဥပြုတ်။

ရိုးရာမုန့်များကို ဦးစားပေးပါ (Choose Traditional Snacks) – ကောက်ညှင်းပေါင်း၊ မုန့်လက်ကောက်၊ မုန့်ပျား သလက်လို မြန်မာ့ရိုးရာမုန့်တွေဟာ စက်ရုံထုတ်မုန့်တွေထက် အာဟာရဖြစ်ပြီး ဓာတုပစ္စည်းကင်းစင်နိုင်ခြေပိုများ ပါတယ်။ သန့်ရှင်းတဲ့ဆိုင်ကနေ ရွေးချယ်ဝယ်ယူပါ။

အညွှန်းကိုဖတ်ပါ (Read the Label) – ဝယ်တော့မယ်ဆိုရင် ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ ပါဝင်ပစ္စည်းများနဲ့ FDA အသိအမှတ်ပြု တံဆိပ်ပါ၊ မပါ စစ်ဆေးပါ။ အညွှန်းမရေးထားရင်၊ ဘာသာစကားနားမလည်ရင် လုံးဝမဝယ်ပါ နဲ့။

မိဘကိုယ်တိုင် စံနမူနာပြပါ – မိဘတွေက ကိုယ်တိုင်က အချိုရည်တွေသောက်၊ အာလူးကြော်တွေစားပြနေရင် ကလေးကို တားဖို့ဆိုတာမလွယ်ပါဘူး။ မိသားစုလိုက်ကျန်းမာတဲ့အစားအစာကို ရွေးချယ်စားသုံးပြတာက အကောင်း ဆုံးသင်ကြားပေးခြင်းပါပဲ။

ကလေးကို ပညာပေးပါ – “ဒီမုန့်က အရောင်တွေနဲ့မို့လို့ ဗိုက်နာမယ်၊ ဟိုအသီးကတော့ သားသား/မီးမီးကို အားရှိ စေတယ်” ဆိုပြီး ကလေးနားလည်အောင် ရှင်းပြပါ။

“Treat” အဖြစ်သာ သတ်မှတ်ပါ – စက်ရုံထုတ်မုန့်တွေကို လုံးဝမကျွေးဘဲ တားမြစ်တာက ကလေးကို ပိုစားချင် အောင် တွန်းအားပေးသလို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားစရာအဖြစ်မဟုတ်ဘဲ တစ်ပတ်တစ်ခါလိုမျိုး အထူးအခါတွေမှာပဲကျွေးတဲ့ “Treat” အဖြစ် သတ်မှတ်ပါ။”

◽️ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောချင်တာများရှိရင်လည်း ပြောပေးပါဦး ခင်ဗျာ။

“ ဖြည့်စွက်ပြောချင်တာကတော့၊ ဒီပြဿနာဟာ ကလေးတစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာမဟုတ်ဘဲ၊ ကျွန် တော်တို့ နိုင်ငံရဲ့ အနာဂတ်မျိုးဆက်တစ်ခုလုံးရဲ့ အရည်အသွေးနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ အမျိုးသားရေး ပြဿနာတစ်ခုအဖြစ် အလေးအနက်ထားဖို့ လိုအပ်နေပြီဆိုတာပါပဲ။

အာဟာရမပြည့်ဝ၊ ဓာတုအဆိပ်အတောက်တွေနဲ့ ကြီးပြင်းလာရတဲ့ မျိုးဆက်တစ်ခုဟာ သင်ယူနိုင်စွမ်းကျဆင်းပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှာမဟုတ်ပါဘူး။ ကိုယ်ခံစွမ်းအားနည်းပြီး ကျန်းမာရေးချူချာနေမှာပါ။ ဒီလိုမျိုး ဆက်နဲ့ ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာ မေးခွန်းထုတ်ရပါမယ်။

ဒါကြောင့် ဒီကိစ္စကို အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရေးနယ်ပယ်၊ မီဒီယာနဲ့ မိဘပြည်သူတွေအားလုံးက “ငါတို့ရဲ့ တာဝန်” ဆိုတဲ့အသိနဲ့ ဘက်ပေါင်းစုံကနေ ဝိုင်းဝန်းဖြေရှင်းကြဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ် ခင်ဗျာ။”

Leave a Comment

ကျွန်တော်တို့၏ မဏ္ဍိုင် သတင်းဌာနသို့ လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်ပါသည်။

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing