ဒစ်ဂျစ်တယ်လုံခြုံရေးကို ချိုးဖောက်ကာ ပြည်သူကို အချိန်မရွေး စောင့်ကြည့်၊ ဖမ်းဆီးနိုင်တဲ့ PSMS နည်းပညာထောင်ချောက်

ဟယ်ရီ ရေးသည်။

မဏ္ဍိုင် – ဩဂုတ် ၂၉ ၊ ၂၀၂၅။

ပန်ပန်*ဟာ ဖမ်းဝရမ်းထုတ် ကြေညာခံထားရသူမဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်လလောက်က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ ထွက်ပြေးသွားခဲ့ရပါတယ်။

ဒီနှစ်ထဲမှာ မထင်မှတ်ဘဲ သူ့မိတ်ဆွေနှစ်ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းသွားတာဟာ သူ့အတွက် အဖမ်းခံရနိုင်တဲ့ အန္တရာယ်ရှိနေပြီလို့ တွက်ဆမိတာကြောင့်လို့ သူကပြောပါတယ်။

၂၀၂၁ စစ်အာဏာစသိမ်းတဲ့ အစောပိုင်းကာလမှာ သူ့မိတ်ဆွေတွေဟာ အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားခဲ့ဖူးပေမဲ့ နောက်ပိုင်းမှာ သာမန်နေထိုင်သွားလာလှုပ်ရှားနေကြသူတွေသာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

တစ်ဦးက ၂၀၂၅ မတ်မှာ ခရီးသွားနေတုန်း စစ်ဆေးရေးဂိတ်မှာ အဖမ်းခံခဲ့ရပြီး နောက်တစ်ဦးကတော့ ဇွန်မှာ တည်းခိုခန်း တည်းပြီးနောက် အဖမ်းခံခဲ့ရတာလို့ သူကပြောပါတယ်။

ဒီမိတ်ဆွေနှစ်ဦးအဖမ်းခံရတာဟာ စစ်တပ်ရဲ့ Digital Surveillance Ecosystem ထဲက တစ်ခုဖြစ်တဲ့ PSMS နည်းပညာ ကြောင့်လို့ သူက ယူဆပါတယ်။

“ သူတို့က နောက်ပိုင်းမှာ ငြိမ်လိုက်ပြီးတော့ တခြားမြို့မှာနေနေတာ ကြာပြီ။ သာမန်လူလိုပဲနေတာ ဘာမှတောင် တော်လှန်ရေးထဲ မလုပ်တော့တဲ့အခြေအနေကျတော့မှ PSMS ကြောင့် အဖမ်းခံလိုက်ရတာ။” လို့ သူကပြောပါတယ်။

PSMS (Person Scrutinization and Monitoring System)ဆိုတာဟာ ဉာဏ်ရည်တုနည်းပညာ(AI)၊ မျက်နှာသွင်ပြင် မှတ်သားခြင်းနည်းပညာ (Facial Recognition) ၊ စီစီတီဗီ (CCTV) စောင့်ကြည့်ရေးနည်းပညာတို့နဲ့ နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားတဲ့ National Database တို့ ချိတ်ဆက်ထားတဲ့စနစ်လို့ Myanmar Internet Project. က ဆိုပါတယ်။ ပြောရရင် နိုင်ငံသားတွေရဲ့ လှုပ်ရှားမှုမှန်သမျှကို စစ်တပ်က ထိန်းချုပ်စောင့်ကြည့်ပြီး အချိန်မရွေး ဖမ်းဆီးနိုင်တဲ့စနစ်ပါ။

Myanmar Internet Project ဟာ မြန်မာဒစ်ဂျစ်တယ်နယ်ပယ်က ဖွံ့ဖြိုးတိုးတက်မှုတွေကို နှစ်ချီစောင့်ကြည့်နေတဲ့ သုတေသနသမားတွေ၊ နည်းပညာတတ်ကျွမ်းနားလည်သူတွေနဲ့ ရှေ့နေတွေ ပူးပေါင်းပြီး ၂၀၂၂ မှ စတင်တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့စာရင်းအရ ၂၀၂၅ မတ်လကနေ မေလအထိ PSMS Software ကြောင့် အဖမ်းခံရသူ ၁,၆၀၀ ကျော်ရှိကြောင်း ပြည်တွင်းအခြေစိုက် Eleven သတင်းဌာနက မေ ၂၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ပန်ပန်ကိုယ်တိုင်လည်း ၂၀၂၁ အတွင်း CDM လှုပ်ရှားမှုတွေကို ထောက်ပံ့ဖို့ ရန်ပုံငွေကောက်ခံနေတုန်း ဘဏ်အကောင့် အပိတ်ခံရတာ၊ အိမ်လိပ်စာကို ရဲတွေလာရှာတာနဲ့ နိုင်ငံကူးလက်မှတ်အသိမ်းခံလိုက်ရတာတွေ ကြုံခဲ့ဖူးတာကြောင့် အခုအခါ စစ်တပ်ရဲ့ PSMS Software နဲ့ စစ်ဆေးခံရရင် အလိုရှိသူစာရင်းထဲမှာ သူ့နာမည်လည်းပေါ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။ ဒါကြောင့်လည်း သူထွက်ပြေးခဲ့တာပါ။

၂၀၂၁ စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်ကာလအတွင်းမှာ စစ်တပ်ရဲ့ Digital Surveillance Ecosystem အရှိန်အဟုန်နဲ့ တွင်ကျယ်လာပြီး ဒီလိုလုပ်နိုင်ဖို့ စစ်တပ်က နည်းပညာပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာနဲ့ မြေပြင် အကောင်အထည်ဖော်မှုတွေကို ဆက်တိုက်လုပ်နေခဲ့တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။ သူတို့ကို အဓိက နည်းပညာ အကူညီပေးနေတာက တရုတ်ပါ။

PSMS ကို Person Scrutinization and Monitoring System လို့ နည်းပညာနယ်ပယ်မှာ သုံးနှုန်းကြပြီး မြန်မာစစ်တပ်ကတော့ ဒီနည်းပညာကို People Surveillance and Management System လို့ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်တွေဟာ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကို ဦးတည်နေပြီး Gorge Orwell ရဲ့ နာမည်ကျော် Nigh teen Eighty Four (1984) ဝတ္ထုထဲကလို ဖြစ်လာပြီလို့ ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားနေတဲ့ သတင်းရင်းမြစ်တွေက ခိုင်းနှိုင်းပါတယ်။ အဲဒီ၀ထ္ထုဟာ အစိုးရက ပြည်သူတွေကို လွတ်လပ်ခွင့်မပေးဘဲ မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ အခြေအနေကို ရေးသားထားတာပါ။

“Literature (စာပေ)အရ အင်မတန်ထင်ရှားတဲ့ Big Brother is Watching You လိုဟာမျိုးက အခုမြန်မာပြည်မှာ သေချာပေါက်ကို ဒီအခြေအနေမျိုးကိုဖြစ်နေတာ။” လို့ Myanmar Internet Project က မီဒီယာဆက်ဆံရေးတာဝန်ခံ ကိုသစ်ဥာဏ်ကပြောပါတယ်။

အာဏာသိမ်းပြီးနောက် ပိတ်ပင်ခံလိုက်ရတဲ့ ဒီဂျစ်တယ်လွတ်လပ်ခွင့်

၂၀၂၁ စစ်အာဏာသိမ်းတဲ့ ဖေ‌ဖော်ဝါရီ ၁ ရက်မှာ စစ်တပ်ရဲ့ ပထမဆုံးစီးနင်းခံရတဲ့ အစိုးရဌာနတွေထဲမှာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထိပ်ဆုံးကပါဝင်ပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းတွေအရ ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေကို လုံးဝပိတ်ဖို့ စစ်တပ်က အမိန့်ပေးတာမှာ ဝန်ထမ်းတွေက မနာခံတာကြောင့် ကေဘယ်လ်တွေကို စစ်တပ်က အင်အားသုံးပြီး ဖြတ်ပစ်လိုက်ပါတယ်။ အဲဒီနောက် စစ်ဘက်အရာရှိတချို့ရောက်လာပြီး ဖုန်းလိုင်းတွေကို ကြားဖြတ်နားထောင်ဖို့နဲ့ အစီရင်ခံဖို့ ညွှန်ကြားခဲ့ပါတယ်။

Myanmar Internet Project ရဲ့ အစီရင်ခံစာအရ ၂၀၂၁ စစ်အာဏာသိမ်းပြီး မကြာခင်မှာပဲ ဖုန်းပြောစဉ် အာဏာသိမ်းမှုဆန့်ကျင်ရေး စကားလုံးတွေပါတာနဲ့ အလိုလျောက်မှတ်တမ်းယူတဲ့ ကြားဖြတ်နည်းပညာကို Operator လေးခုရှိတဲ့အနက် စစ်တပ်ပိုင် Mytel နဲ့ MPT မှာ တပ်ထားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီကာလက SIM ကတ်တွေဟာ အမှန်တကယ်သုံးတဲ့သူအမည်ပေါက် မှတ်ပုံတင်ထားတာမဟုတ်ဘဲ တခြား အမည်တွေနဲ့ မှတ်ပုံတင်ပြီးသား SIM ကတ်တွေကိုပါ အသုံးပြုနေကြတာပါ။ အလိုလျောက် မှတ်တမ်းယူတဲ့ ကြားဖြတ် နည်းပညာကို အသုံးပြုလာပြီးနောက် စစ်ကောင်စီက ဆင်းကတ်တွေကို မဖြစ်မနေ မှတ်ပုံတင်ခိုင်းခဲ့ပါတယ်။

နောက်ပိုင်းမှာ သုံးစွဲသူတွေရဲ့အချက်အလက်တွေကို စစ်တပ်ထံလွှဲပြောင်းပေးဖို့ Operator တွေကို အကြိမ်ကြိမ် ဖိအား ပေးခဲ့ပြီးနောက် ပစ်မှတ်ထားဖမ်းဆီးမှုတွေ ပိုများလာတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးမှာ ထင်ရှားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ကိုဂျင်မီ (ခ) ကိုကျော်မင်းယုဟာဆိုရင် နော်ဝေကုမ္ပဏီ Telenor က မြန်မာနိုင်ငံကမထွက်ခွာခင် သုံးစွဲသူတွေရဲ့ အချက်အလက်တွေ စစ်တပ်ထံလွှဲပြီး အချိန်တိုအတွင်းမှာ အဖမ်းခံခဲ့ရတာလို့ Audun Aagre , Former leader of the Norwegian Burmakomité က Panorama သတင်းဌာန မှာ ဩဂုတ် ၂၀ ရက်မှာ ရေးသားဖော်ပြပါတယ်။

“ဒေသတွင်းဝန်ထမ်းတွေ အထက်ကို တင်ပြတဲ့ ပေးစာတစောင်မှာတော့ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဖွင့်မချဖို့နဲ့ မြန်မာနိုင်ငံထဲမှာ အချက်အလက်တွေမထားခဲ့ဖို့ တောင်းဆိုထားပေမဲ့လည်း ဝန်ထမ်းတွေ ဘေးကင်းရေး ဆောင်ရွက်ခဲ့ရတာလို့ တယ်လီနောက ပြောပါတယ်။ ဖြစ်လာမယ့်အကျိုးဆက်တွေကို သူတို့ (တယ်လီနောက) နားမလည်ခဲ့ဘူးဆိုတာ ယုံဖို့ခက်ပါတယ်။” လို့ အဲဒီဆောင်းပါးက ဆိုပါတယ်။

Telenor က သုံးစွဲသူ ၁၈ သန်းရဲ့ အချက်အလက်တွေ မြန်မာစစ်တပ်ထံလွှဲပြီးနောက် ၂၀၂၁ ဇူလိုင်မှာ မြန်မာနိုင်ငံကနေ ထွက်သွားခဲ့ပါတယ်။ သူ့နေရာမှာ ATOM ဆိုတဲ့ အမည်နဲ့ ပြည်တွင်းကုမ္ပဏီ ရွှေဗျိုင်းဖြူက ဆက်ခံခဲ့ပါတယ်။ ဒီလို လွှဲပြောင်းပြီးနောက် စောင့်ကြည့်နိုင်မှု စွမ်းရည်ပိုလာခဲ့ရုံသာမက သွားလာလှုပ်ရှားမှုတွေကိုစောင့်ကြည့်ဖို့ CCTV Server တွေကိုပါ စစ်တပ်က အဆင့်မြှင့်တင်ခဲ့ပါတယ်။

လူတစ်ဦးချင်းစီကို သရုပ်ခွဲနိုင်တဲ့ AI နဲ့ Facial Recognition နည်းပညာကို CCTV Network တွေမှာ အဆင့်မြှင့်တင်ခဲ့ ပြီး ၂၀၂၁ စစ်အာဏာမသိမ်းခင်က ရှိနှင့်နေပြီးသား Smart City စီမံကိန်း Server တွေနဲ့ Database တွေကို အသုံးချ ခဲ့တာလို့ ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

Smart City စီမံကိန်းကို NLD အစိုးရလက်ထက်မှာ ASEAN Smart City Network အဖြစ် နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန်မြို့တို့မှာ အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး တရုတ် Huawei ကုမ္ပဏီက နည်းပညာပိုင်း ထောက်ပံ့ပေးခဲ့ ပါတယ်။

“ဒီဟာကို နည်းပညာနယ်ပယ်မှာ Dual-use technology လို့ခေါ်တယ်။ အစွန်းနှစ်ဖက်ပါတဲ့ ဓားလိုပဲ။ လုပ်တဲ့ဟာက လုံခြုံရေးအတွက်ဆိုပြီး ဖြစ်ကောင်းဖြစ်နိုင်တယ်။ အခုအနေအထားမှာကျ တလွဲအသုံးချဖို့ဖြစ်သွားတာ။” လို့ Spring Security Clinic က ကိုဗောက်က ပြောပါတယ်။

PSMS ကြောင့် အဖမ်းခံရသူ ၂,၀၀၀ နီးပါးဖြစ်လာ

ဒီနှစ် ဩဂုတ်လထဲ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ညွှန်ကြားစာအရ People Surveillance and Management System- PSMS စနစ်ကို အသုံးပြုပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ မြို့အဝင်အထွက်၊ ကားဂိတ်၊ စစ်တပ်ဂိတ်တွေမှာ စစ်ဆေးဖို့ ၂၀၂၅ ဩဂုတ် ၄ ရက်စွဲနဲ့ အမိန့်စာထုတ်ထားပါတယ်။

စစ်တပ်ရဲ့ PSMS Software က လိုအပ်သလို Customization လုပ်ထားတာလို့ ခန့်မှန်းရပြီး လုပ်ဆောင်ပုံ သဘော သဘာဝကတော့ ခြေရာခံဖမ်းဆီးဖို့သာဖြစ်တယ်လို့ ကိုသစ်ဥာဏ်က ပြောပါတယ်။ Myanmar Internet Project ရဲ့ စောင့်ကြည့်စာရင်း ပြုစုမှုအရ PSMS ကြောင့် အဖမ်းခံရသူ ၂၀၂၁ ကစပြီး ဒီနှစ်ဩဂုတ်လအထိ အယောက် ၁,၇၀၀ နီးပါးရှိနေပါပြီ။

စစ်တပ်က ဖုန်းခေါ်ဆိုမှု၊ SMS ၊ Mobile Banking ၊ Facial Recognition CCTV၊ Social Media Network အားလုံး ကို ခြေရာခံနိုင်တဲ့ အခြေအနေမှာရှိနေပြီး “ဘက်စုံစောင့်ကြည့်မှုအနေအထားလို့ မှတ်ယူနိုင်တယ်။” လို့ ဒစ်ဂျစ်တယ် လုံခြုံရေးဆိုင်ရာ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတဲ့ Spring Security Clinic က ကိုဗောက်က ပြောပါတယ်။

၂၀၂၅ ဇန်နဝါရီ ၁ ရက်က ပြဌာန်းခဲ့ပြီး ဇူလိုင် ၃၀ ရက်မှာ စတင်ကျင့်သုံးလိုက်တဲ့ မြန်မာစစ်တပ်ရဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေအရ လည်း ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်ကို သုံးနှစ်ကြာ တဲ့အထိ သိမ်းထားရမှာဖြစ်ပြီး အာဏာပိုင်တွေကတောင်းတဲ့အခါ တိုက်ရိုက်ပေးရမှာဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူလူထုဟာ Website တွေဝင်ကြည့်တာဖြစ်ဖြစ်၊ Delivery ကနေ ပစ္စည်းမှာတဲ့အခါမှာဖြစ်ဖြစ်၊ ကား ငှားစီးတဲ့အခါမှာဖြစ်ဖြစ်၊ Mobile Banking ကနေ ငွေလွှဲတဲ့အခါဖြစ်ဖြစ် စစ်တပ်ရဲ့ စောင့်ကြည့်ခြင်းကို ခံနေရနိုင်တယ် လို့ Myanmar Internet Project က ကိုသစ်ဉာဏ်က ဆိုပါတယ်။

ဒီလိုစောင့်ကြည့်ခြေရာခံနိုင်ဖို့ စစ်တပ်က e-government စီမံကိန်းအဖြစ် နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်တွေကို ဒစ်ဂျစ်တယ်စနစ်ပြောင်းတဲ့ e-ID ကို သိမ်းဖို့ ၂၀၂၂ မှာ စပြီးလုပ်နေခဲ့တာပါ။ အရင်ဆုံး မှတ်ပုံမတင်ရသေးတဲ့ SIM ကတ် တွေကို မှတ်ပုံတင်ခိုင်းစေခဲ့ပြီး သတ်မှတ်အချိန်အတွင်း မှတ်ပုံမတင်တဲ့ SIM ကတ်တွေအားလုံးကို ပိတ်ပစ်ခဲ့ပါတယ်။

တပြိုင်နက်တည်းမှာပဲ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက အိမ်ထောင်စုစာရင်း ၁၃ သန်းကျော်ကို မြို့ နယ် လဝကရုံးအသီးသီးမှာ ဒစ်ဂျစ်တယ်စနစ်ပြောင်းပြီး စတင်သိမ်းယူခဲ့ပါတယ်။

အဲဒီနောက် အိမ်ထောင်စုအလိုက် လူတစ်ဦးချင်းစီရဲ့ မျက်နှာတည်ဆောက်ပုံ၊ မျက်လုံးသူငယ်အိမ်နဲ့ လက်ဗွေရာစတဲ့ Biometric Data တွေ စတင်ကောက်ယူပြီး ဖုန်းနံပါတ်တွေနဲ့ တွဲချိတ်ကာ လူဦးရေ ၅၂ သန်းကျော်ရဲ့ ကိုယ်ရေးအချက် အလက်တွေသိမ်းနိုင်တဲ့ National Database မှာ ထည့်ထားလိုက်ပါတယ်။

“လဝကရုံးတွေမှာ မနားမနေ လုပ်ကြရတာ။ လူတွေပြုံနေတာပဲ။ ဝန်ထမ်းတွေလည်း မနိုင်မနင်းတွေဖြစ်ကုန်ကြတယ်။ Pilot Project အနေနဲ့ အစိုးရဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ အရင်ထည့်တာ။ နောက်တော့ ရပ်ကွက် အလိုက် ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးတွေပါ လိုက်လာပြီး အရပ်သားတွေရဲ့ အချက်အလက်တွေထည့်ကြတာ။” လို့ ဒီလုပ်ငန်းစဉ်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အဲဒီ Biometric Data တွေကို အပြင်လူတွေဝင်ကြည့်လို့ မရပါဘူး။ အစိုးရဌာနတွေမှာ သီးသန့်သုံးဖို့ ချပေးထားတဲ့ VPN (Virtual Private Network) ကို သုံးမှသာ Database Server တွေထဲကို ဝင်လို့ရတာဖြစ်ပါတယ်။ တရုတ်က နည်းပညာ ရှင်တွေနဲ့ Database တွေကို အခိုင်အမာတည်ဆောက်ထားတာလို့ သူက ဆိုပါတယ်။

e-ID စနစ်နဲ့ CCTV ထောင်ခြောက်

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ Smart City စီမံကိန်းတိုးချဲ့တဲ့အနေနဲ့ CCTV ကွန်ရက်ဖြန့်ကျက်တဲ့ လုပ်ငန်းစဉ်တွေ ချဲ့ထွင်ခဲ့ပြီး မော်လမြိုင်၊ ထားဝယ်၊ တောင်ကြီး၊ ဘားအံနဲ့ မြစ်ကြီးနားမြို့တို့မှာပါ ဖော်ဆောင်ခဲ့တယ်လို့ Myanmar Internet Project က ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၂ က စတင်ခဲ့တဲ့ e-ID စနစ်ဟာ ၂၀၂၃ ဇူလိုင်လလောက်မှာ ရုပ်လုံးပေါ်လာပြီး လဝက ကနေ Smart Card ခေါ် ဂဏန်း ၁၀ လုံးပါ Unique ID Card ကို QR Code နဲ့ ပေါင်းစပ်ကာ စက္ကူကို ပလပ်စတစ်လောင်းထားတဲ့ ယာယီကဒ်ပြားတွေ စတင်ထုတ်ပေးခဲ့ပါတယ်။

Smart Card ရှိမှသာ ခရီးသွားခွင့်၊ နယ်စပ်ဖြတ်ကျော်ခွင့်၊ နိုင်ငံကူးလက်မှတ်လုပ်ခွင့်နဲ့ ပင်စင်လစာထုတ်ခွင့်ပေးတာ တို့ကို စစ်တပ်က တင်းကျပ်လာခဲ့ပါတယ်။ မလုပ်ရသေး သူတွေကိုလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကနေတဆင့် ဖိအားပေးပြီးလုပ်ခိုင်းခဲ့ပါတယ်။

“အစက သူတို့ကို (စစ်တပ်ကို) မယုံလို့ သွားမလုပ်ခဲ့ဘူး။ နောက်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အိမ်တွေအထိ လိုက် ပြောတော့ တော်တော်များများက သွားလုပ်ကြတယ်။ နောက်ဆုံးကျမှ ကိုယ်တစ်ယောက်တည်း အထင်အရှား ကျန်နေ သလို ဖြစ်နေလို့ သွားလုပ်လိုက်ရတယ်။” လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ ဧရာဝတီတိုင်းက ဒေသခံတစ်ဦးက ပြောပါတယ်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၂၄ အောက်တိုဘာမှာ ကောက်ရာမှာလည်း CAPI (Computer-Assisted Personal Interviewing) နည်းပညာကို အသုံးပြုခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုကောက်ယူမှတ်တမ်းတင်ခြင်းအားဖြင့် စစ်မှုထမ်းနိုင်တဲ့ အသက်အပိုင်းအခြားရှိ လူငယ်အရေအတွက်၊ CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေ၊ ပြည်ပရောက်နေသူတွေနဲ့ တော်လှန်ရေးအင်အားစုတွေ အစရှိသဖြင့် ခွဲခြားစာရင်း ပြုစုနိုင်တယ်လို့ Myanmar Internet Project က ဆိုပါတယ်။

လူ့အခွင့်အရေးအဖွဲ့ Fortify Rights ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးတာဝန်ခံ မချစ်ဆိုင်းက အာဏာသိမ်း စစ်တပ် လက်ထဲမှာ နည်းပညာဆိုတာ လူထုကိုဝန်ဆောင်မှုပေးဖို့ထက် ထိန်းချုပ်ဖို့ လက်နက်တစ်ခုသာဖြစ်ပြီး နိုင်ငံတကာ အစိုးရတွေနဲ့ ကုမ္ပဏီတွေကလည်း ဒီစနစ်ကို မထောက်ပံ့သင့်ဘူးလို့ သူကပြောပါတယ်။

“မြန်မာပြည်သူတွေဟာ လက်ရှိမှာ ငါတော့စောင့်ကြည့်ခံနေရပြီးလား၊ ဖမ်းဆီးခံရတော့မလား၊ ပြစ်ဒဏ်ပေးခံရတော့ မလားဆိုတဲ့ ကြောက်ရွံ့မှုတွေနဲ့နေနေရပါတယ်။ စစ်အုပ်ချုပ်ရေးအောက်က ဒီလိုကြောက်ရွံ့မှုတွေဟာ နည်းပညာ အသစ်တွေက ရနိုင်တဲ့ အကျိုးကျေးဇူးအနည်းငယ်နဲ့ ဘယ်လိုမှ မနှိုင်းယှဉ်အပ်ပါဘူး။” လို့ သူကဆိုပါတယ်။

ပန်ပန်ကလည်း ဒီလို စောင့်ကြည့်မှုတွေကြောင့် နိုင်ငံသားတွေရဲ့ နေ့စဉ်ဘ၀ဟာ “လမ်းမှာ အချိန်မရွေး အဖမ်းခံရနိုင်တယ်။ freedom of movement (လွတ်လပ်စွာသွားလာခွင့်) က လုံးဝပျောက်သွားပြီး သားရဲတွင်းကြီးထဲ ရောက်နေသလိုမျိုး ဖြစ်နေတယ်။” လို့ ဆိုပါတယ်။

*လုံခြုံရေးအရ အမည်လွှဲ

Leave a Comment

12 comments

legendlinkph September 2, 2025 - 2:20 pm

Roulette’s allure is the perceived control, isn’t it? Interesting to see platforms like legend link ph legit embracing both classic games and modern payment options like GCash – smart for the PH market! It’s all about accessibility.

Reply
2jl September 3, 2025 - 4:23 am

Responsible gaming is key, folks! It’s easy to get carried away. Exploring options like the convenience of a platform with a quick 2jl link can be fun, but set limits first! The app download sounds handy for on-the-go play too.

Reply
binance tavsiye November 28, 2025 - 1:15 pm

Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?

Reply
Binance美国注册 December 11, 2025 - 5:06 pm

Your point of view caught my eye and was very interesting. Thanks. I have a question for you.

Reply
8daywar December 22, 2025 - 10:34 pm

8daywar?! Intense! Hope the payouts are worth the battle. Let’s go to WAR! 8daywar

Reply
Tworzenie konta na Binance January 11, 2026 - 9:59 am

Your article helped me a lot, is there any more related content? Thanks! https://accounts.binance.info/es-MX/register?ref=GJY4VW8W

Reply
skapa ett binance-konto January 14, 2026 - 4:43 am

I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://accounts.binance.info/register-person?ref=IXBIAFVY

Reply
pin77 app January 14, 2026 - 9:42 pm Reply
9betcassino January 16, 2026 - 4:54 am

9betcassino, eh? Gave it a spin and the casino games are pretty legit. Good selection and seemed fair. Might be my new go-to. 9betcassino

Reply
33win8bet January 16, 2026 - 4:55 am

33win8bet… hmm, checked it out. Not bad! Sports betting section seems pretty comprehensive. Worth a look if you’re into that. 33win8bet

Reply
88aarita January 16, 2026 - 4:55 am

Alright, 88aarita… took a peek. Gotta say, the site design is appealing. Smooth and professional. 88aarita

Reply
nustar online January 25, 2026 - 2:52 am Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing