မဏ္ဍိုင်၊ မေ ၂၈၊၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်ကွင်းကျေးရွာက စာသင်ကျောင်းကို မေလ ၁၂ ရက်မှာ စစ်ကောင်စီက လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ဟာ ပြည်သူလူထုအကြား အံ့ဩထိတ်လန့်တုန်လှုပ် ဝမ်းနည်းစရာ ဖြစ်ခဲ့ရပါတယ်။
စစ်ရေးလှုပ်ရှားမှုမရှိဘဲ စာသင်ကျောင်းကို ဗုံးကြဲခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူ ၁၀၂ ဦးထိရှိကာ ဆရာမတွေအပါအဝင် ကျောင်းသားကလေးငယ် ၂၄ ဦးအထိ အစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ သေဆုံးခဲ့တဲ့ကလေးတွေရဲ့ ပြန့်ကြဲနေ တဲ့ ရုပ်အလောင်းအပိုင်းအစတွေဟာ မြင်ရသူအပေါင်း စိတ်နှလုံးကြေကွဲစရာဖြစ်ခဲ့ရပါတယ်။
ဒီလိုလေကြောင်းကနေ လူတွေ အစုလိုက်အပြုံလိုက် သေဆုံးအောင် စစ်ကောင်စီက တိုက်ခိုက်နေတာဟာ အခုမှ မဟုတ်ပါ ဘူး။ စစ်ကောင်စီဟာ မြေပြင်စစ်ဆင်ရေးတွေ ဆုံးရှုံးတာ၊ နယ်မြေစိုးမိုးမှုတွေ လက်လွှတ်လိုက်ရတာတွေကြောင့် ဝေဟင် ကနေ တိုက်ခိုက်တာတွေကို ပိုမိုလုပ်ဆောင်လာနေတာပါ။
တော်လှန်ရေးကာလ ၄ နှစ်ကြာလာတဲ့အခါ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းရဲ့ မြို့နယ်အများစုဟာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးထားနိုင်တဲ့အခြေအနေဖြစ်သလို ပြည်နယ်အသီးသီးက တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း စစ်ကောင်စီရဲ့လက်အောက်က အလုံးစုံလွတ်မြောက်ဖို့ ကြိုးစားနေကြဆဲပါ။ ရခိုင်ပြည်ဆိုရင် တစ်ပြည်နယ်လုံးနီးပါး လွတ် မြောက်ထားတဲ့အခြေအနေတစ်ခုပါ။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီလိုနယ်မြေတွေ စိုးမိုးထားနိုင်ပြီဆိုပေမယ့်လည်း လေကြောင်းရန်ကိုတော့ စိုးရိမ် နေကြရပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်ကာကွယ် နိုင်ဖို့ဟာ တော်လှန်ရေး အင်အားစုတွေအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်လာပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်တာကို မကြာခဏဆိုသလိုခံစားနေရတဲ့ အညာဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ မြင်းခြံခရိုင်တပ်ရင်း ၇ (Zero ပြောက်ကျားတပ်မဟာ)မှ တပ်ရင်းမှူး ဗိုလ်သက်ကြီးက လေကြောင်းတိုက်ခိုက်မှုကို မဟန့် တားနိုင်ရင် ပြည်သူတွေရဲ့ အသက်တင်မက အိုးအိမ်စည်းစိမ်တွေပါ ဆုံးရှုံးနိုင်ကြောင်းကို အခုလိုပြောပါတယ်။
“အခုနောက်ပိုင်းမှာ ကြဲချတဲ့လေယာဉ်တွေရဲ့ ဗုံးတွေက မီးလောင်ဗုံးတွေပါတယ်။ မီးတွေလောင်တယ်။ ပြီးတော့ ကလပ်စတာလိုဗုံးတွေ ကြဲတဲ့အခါကျတော့ တော်တော်များများကြဲတဲ့နေရာတွေမှာက အသက်အိုးအိမ်စည်းစိမ်တွေပါ ဆုံးရှုံးရမယ့်အနေအထားမျိုးဖြစ်နေတယ်။”
ဥာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၄ ဒီဇင်ဘာလ အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း လေးထောင်ကျော် (၄,၁၅၇) ရှိခဲ့ပြီး အရပ်သားပြည်သူ နှစ် ထောင်ကျော် (၂,၂၂၄) သေဆုံးကာ သုံးထောင်ကျော် (၃,၄၆၆) ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာတယ်လို့ ဥာဏ်လင်းသစ်သုတေသနအဖွဲ့က ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ မြေငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်ပိုင်း ဧပြီ ၂ ရက်မှာ စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီလိုအပစ်ရပ်စဲကြောင်း ထုတ်ပြန်ထားပေမယ့် ဥာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ဖော်ပြခဲ့တဲ့စာရင်း တွေအရ ဧပြီ ၁ ရက်မှ မေ ၂၂ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေဟာ ၄၈၀ ခန့်ရှိခဲ့ပြီး သေဆုံးသူ ၃၅၀ ကျော်ရှိကာ ဒဏ်ရာရရှိ သူမှာ ၇၀၀ အထိရှိခဲ့တာကို တွေ့ရပါတယ်။
စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ ဒရုန်းတွေအပြင် စက်တပ် လေထီးတွေကိုပါ အင်အားဖြည့်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်လာပါတယ်။
NUG ရဲ့ လေယာဉ်ပစ်လက်နက်
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တုန့်ပြန်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၂၂ ခုနှစ်မှာ Project DragonFly ဆိုတဲ့ ရန်ပုံငွေရှာဖွေရေးစီမံချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒီစီမံချက်ဟာ လေကြောင်းရန်ကာကွယ်ဖို့နဲ့ တန်ပြန်လေကြောင်း တိုက်ခိုက်ရေးအတွက် အဓိက ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီစီမံချက်ကနေ စုစုပေါင်း ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းရရှိခဲ့ပါတယ်။
၂၀၂၂ အောက်တိုဘာ ၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှာ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က NUG မှာ လေယာဉ်ပစ်သေနတ်မဟုတ်သည့်တိုင် ရဟတ်ယာဉ်ပစ်ချနိုင်တဲ့ လက်နက်ပိုင် ဆိုင်ထားတဲ့အကြောင်း အရိပ်အမြွတ်ပြောကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ Project DragonFly နဲ့ပတ်သက်ပြီး အသိပေးထုတ် ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ ရရှိထားတဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းအနက် အမေရိ ကန် ဒေါ်လာ ၁ ဒသမ ၄ သန်းကို လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက်အသုံးပြုပြီး ကျန်ရှိတဲ့ အမေရိကန်ဒေါ်လာ ၈ သိန်းကို တန်ပြန်လေကြောင်းတိုက်ခိုက်ရေးကဏ္ဍအတွက် အသုံးပြုဖို့လျာထားခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာ Fundraiser တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ ရန်ပံငွေရှာဖွေရေးစီမံချက်တွေကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ စနစ်တကျစီမံခန့်ခွဲနေပြီး အလေအလွင့်မရှိ လက်ခံရရှိခဲ့ကြောင်းကိုလည်း အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Project DragonFly ကနေ ရရှိခဲ့တဲ့ ရန်ပုံငွေတွေနဲ့ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအောင်မြင်မှုတွေကို လုံခြုံရေးအရသင့်တော်တဲ့ အချိန်မှာ ထုတ်ပြန်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Project DragonFly ကနေ ရရှိထားတဲ့ရန်ပုံငွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို မဏ္ဍိုင်သတင်းဌာနက အခုနှစ်ဧပြီလထဲမှာ ဆက်သွယ်မေးမြန်းရာမှာ NUG က ရရှိတဲ့ ရန်ပုံငွေထဲက ၉၄ ရာခိုင်နှုန်းကို စစ်ရေးမှာ အသုံးပြုနေပြီး စစ်လက်နက်ဝယ်ယူရာမှာလည်း ဘဏ္ဍာငွေရှိရင်တောင် ဝယ်လို့ မလွယ်ကူတာ၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ခက်ခဲ တာစတဲ့ ပြဿနာတွေကြုံတွေ့နေရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
“လေကြောင်းရန်ကိုကာကွယ်မယ့် စစ်လက်နက်ပစ္စည်းတွေကို နေရာစုံမှာ တပ်ဆင်ထားနိုင်တဲ့အခြေအနေမျိုးတော့ မရှိနေ သေးပေမယ့် အချို့သော နေရာတွေမှာတော့ ရှိနေပါပြီ။ ဒါပေမဲ့ လက်ရှိဖြစ်ပျက်နေတာတွေက အများပြည်သူရှိတဲ့နေရာ တွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့်၊ အဲ့လိုနေရာတွေမှာတော့ လေယာဉ်ပစ် စစ်လက်နက် ပစ္စည်းတွေ ရှိမနေဘဲ လေကြောင်းရန်ကာကွယ်ရေးကိုပဲ အထူးပြုပြီး လုပ်ကိုင်ဆောင်ရွက်နေပါတယ်။” လို့ သူက ဆိုပါ တယ်။
၂၀၂၂ တုန်းက NUG မှာ လေယာဉ်ပစ်လက်နက်ပိုင်ဆိုင်ထားတဲ့အကြောင်း အရိပ်အမြွတ်ပြောကြားခဲ့တဲ့ သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးကျော်ဇော်ကလည်း အခုနှစ် ဧပြီ ၂၂ ရက် မဇ္ဈိမသတင်းဌာနနဲ့လုပ်တဲ့ အင်တာဗျူးမှာ NUG အစိုးရ အနေနဲ့ လေယာဉ်ပစ်သေနတ်ကို ပိုင်ဆိုင်ထားပေမယ့် စစ်ကောင်စီရဲ့ လေယာဉ်တွေဟာ တစ်နိုင်ငံလုံး လှည့်ပတ်ပျံသန်းနေတာ ကြောင့် လက်နက်ကို တစ်နေရာကနေ တစ်နေရာ ရွေ့ပြောင်းဖို့ မဖြစ်နိုင်တဲ့အကြောင်း ဖြေကြားသွားပါသေးတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က ထုတ်ပြန်တဲ့ ဗျူဟာ ၂၅ ကွက်ကဲမှုအောက်ရှိ ပဲခူးခရိုင်အမှတ် ၂ တပ်ရင်း (P2-3702) ရဲ့ ရှေ့တန်းစစ်ဆင်ရေး ပုံရိပ်များဆိုတဲ့ ထုတ်ပြန်ချက်မှာ တော့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ပွိုင့်ဖိုက်လက်နက် ပစ်ခတ်နေတဲ့ပုံကို ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
လေယာဉ်ပစ်လက်နက်ဆိုတာဘာလဲ
မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့မှ ကိုနောင်ရိုးကတော့ လေယာဉ်ပစ် လက်နက်လို့ ဆိုရာမှာ စစ်ကောင်စီရဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေဟာ ခေတ်မီ ရဟတ်ယာဉ်တွေ ဖြစ်တဲ့အတွက် တန်ပြန်ချိန်း ခြောက်ဖို့၊ တိုက်ခိုက်ဖို့ အနိမ့်ဆုံးအဆင့် မီတာ ၁,၅၀၀ကျော်(ပေ ၅,၀၀၀ ခန့်)ထိ ပစ်အားရှိတဲ့ စက်လက်နက်တွေ ပိုင်ဆိုင်မှသာ ချိန်းခြောက်မှု ပြုလုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေမှာ အများစုပိုင်ဆိုင်နိုင်တဲ့ 12.7mm ပွိုင့်ဖိုက်စက်လက်နက်၊ Type 54 စက်သေနတ်တွေဟာ မီတာ ၁,၅၀၀ ထိ ပစ်အားရှိပေမယ့် ရဟတ်ယာဉ်တွေ အနိမ့်မှာ အနှေးပျံသန်းချိန်၊ မြေပြင်ကိုဆင်းသက်ခါနီး အချိန်တွေကို စောင့်ဆိုင်းပြီး ပိုင်ပိုင်နိုင်နိုင်ပစ်နိုင်မှသာ အတိုင်းတာတစ်ခုထိ ခြိမ်းခြောက်နိုင်တဲ့အနေထား ရှိနိုင်မှာလို့ သူက ဆက်ပြော ပါတယ်။
အဲဒီလိုပစ်ခတ်ဖို့ကလည်း လေယာဉ်ရဲ့ အတက်အဆင်း ပျံသန်းပုံ၊ လှုပ်ရှားပုံတွေကို သေချာလေ့လာပြီး ကြိုတင် ပြင်ဆင်တာ၊ လက်နက်အသုံးပြုသူရဲ့ တိကျကျွမ်းကျင်မှု၊ အသုံးပြုရာဒေသရဲ့ နယ်မြေပိုင်ဆိုင်တည်ငြိမ်မှုတွေနဲ့ ချိန်ဆပြီးမှသာ ပစ်ခတ် နိုင်မှာဖြစ်ပြီး မြေပြန့်ဒေသမှာတော့ နယ်မြေစိုးမိုးမှု အတိုင်းအတာတခုထိရှိနေပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းကို ကြီးကြီးမားမားချိန်းခြောက်ဖို့က ခက်ခဲနေဆဲဖြစ်တယ်လို့ ကိုနောင်ရိုးက မှတ်ချက်ပြုပါတယ်။
“ဗန်းမော်မှာ ပစ်သွားတာဆိုရင် (ရဟတ်ယာဉ်) သူ ဆင်းမယ့်နေရာကို သေချာစောင့်ကြည့်ထားတယ်၊ အနေအထားတွေကို လေ့လာထားတယ်၊ ပြီးတော့ ကိုယ်က ဘယ်နားမှာ လက်နက်ကြီးနဲ့ ဘယ်လိုနေရာယူ မလဲဆိုတာ ကြိုတင်ပြင်ဆင်ထား တယ်၊ ဒီလက်နက်တွေကို သုံးစွဲတဲ့သူကလည်း ကျွမ်းကျင်ပိုင်နိုင်စွာ သုံးစွဲနိုင်တယ်၊ အခြေအနေအချိန်ခါ နယ်မြေကလည်း စိုးမိုးထားတယ်၊ ဒါတွေပေါင်းစပ်နိုင်ရင် ပျက်ကျနိုင်တာ ပစ်နိုင်တာပေါ့နော်။” သူက ရှင်းပြပါတယ်။
စစ်လက်နက်တွေအကြောင်း လေ့လာရေးသားဖော်ပြနေတဲ့ Tactical Raptor ကတော့ လေယာဉ်ပစ်လက်နက်လို့ ဆိုရာမှာ ပွိုင့်ဖိုက်အပါအဝင် စစ်ကောင်စီဆီက သိမ်းဆည်းရမိထားတဲ့ စက်သေနတ်ကြီးတွေကို လေယာဉ်ပစ်လက်နက်လို့ ခေါ်ဆိုနေ ကြပေမယ့် အဲ့ဒီလက်နက်တွေဟာ လေယာဉ်တွေကို ထိရောက်တဲ့ တိုက်ခိုက်မှု လုပ်နိုင်စွမ်း နည်းပါးပြီး ရဟတ်ယာဉ် အတက် အဆင်းလုပ်နေချိန်မျိုးနဲ့ ကြုံမှသာ ပစ်ချနိုင်မယ့် အခြေနေဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အတိုင်းတာတစ်ခုထိ တန်ပြန်ခြိမ်းခြောက်နိုင်ဖို့က မီတာ ၁၅၀၀နဲ့အထက် ပစ်ခတ်နိုင်တဲ့ 12.7mm (heavy machine gun)၊ 14.5mm (ZPU 1၊ 2၊ 4 heavy machine gun)၊ 14.5mm (Type 75 Anti-aircraft Gun)၊ Type-87 25mm (Anti-aircraft twin Gun)၊ 37mm (Anti-aircraft gun)စတဲ့ စက်လက်နက် အမျိုးအစားတွေလိုအပ်ပြီး၊ ထိထိရောက်နဲ့ တန်ပြန်တိုက်ခိုက်နိုင်ဖို့အတွက်ဆိုရင်တော့ ပခုံးထမ်းဒုံး Manpadsတွေ လိုအပ်ပါတယ်။ ဒါပေမယ့် ဝယ်ယူရရှိနိုင်ဖို့ကတော့ ရာခိုင်နှုန်း နည်းလွန်းလှပါတယ်။
အဲ့ဒီလို ဝယ်ယူရခက်ခဲပေမယ့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDF-PDF ရဲ့ မတ္တရာမြို့တွင်းစခန်းသိမ်းတိုက်ပွဲ သတင်းဓာတ်ပုံမှာတော့ စစ်ကောင်စီစခန်းကုန်းကနေ သိမ်းပိုက်ရရှိထားတဲ့ 37 mm AAG (Anti-aircraft Gun) လေယာဉ်ပစ်စက်အမြှောက် ၂စီးကို တွေ့ရပါတယ်။
FN-6 လို့ခေါ်တဲ့ ပခုံးထမ်း လေယာဉ်ပစ်လက်နက်အမျိုးအစားကိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့မှာ တွေ့မြင် နေရပါတယ်။ ၂၀၂၄ ဇန်နဝါရီ ၃ ရက်က ကချင်ပြည်နယ် လိုင်ဇာအနီးက နာဖော့စစ်တပ်စခန်းဆီ ရိက္ခာလာပို့တဲ့ စစ်တပ် ထောက်ပို့ရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချခဲ့ရာမှာ လေယာဉ်ပစ် လက် နက်အမျိုးအစားဖြစ်တဲ့ FN-6 ပခုံးထမ်းဒုံးနဲ့ ပစ်ချခဲ့တာလို့ KIA ရဲ့ တာဝန်ရှိသူတွေက မီဒီယာတွေကို အတည်ပြုပြော ဆိုခဲ့ပါတယ်။
အလားတူ KNLA လက်အောက်ခံ ကော်ဘရာစစ်ကြောင်းမှ ဗိုလ်ဒါဘောနဲ့ ဗိုလ်စောကောတို့ကလည်း ၂၀၂၄ နှစ်ဆန်းပိုင်းမှာ ပခုံးထမ်းလေယာဉ်ပစ် MANPADS လက်နက် ၂ လက်ကို ထုတ်ပြခဲ့ပါတယ်။ အဲဒီလက်နက်တွေဟာ အပူနောက်လိုက်၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တွေဖြစ်တယ်လို့ စစ်လက်နက်တွေအကြောင်းရေးသားဖော်ပြနေတဲ့ Tactical Raptor မှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တန်ပြန်ခြိမ်းခြောက်နိုင်ရန်မှာ KIA က အသုံးပြုသွားတဲ့ လေယာဉ်ပစ် လက်နက်အမျိုးအစားဖြစ်တဲ့ FN-6 ပခုံးထမ်းဒုံးတော့ အနည်းဆုံးရှိနေမှ စဉ်းစားလို့ရနိုင်လောက်တယ်လို့ Tactical Raptor က အကြံပြုပါတယ်။
“NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်အဖွဲ့တွေထဲမှာ ဒီလို လက်နက်မျိုး မရှိလောက်သေးဘူးလို့ ယူဆရတယ်။ သူတို့ပြောတဲ့ လေယာဉ်ပစ်လက်နက်ဆိုတာ ပွိုင့်ဖိုက် စက်သေနတ်ကြီးတွေကိုပဲ ပြောတာလို့ ယူဆရပါတယ်။” လို့ သူက ဆိုပါတယ်။
လေယာဉ်တွေကို ထိရောက်တဲ့ တန်ပြန်တိုက်ခိုက်မှုတွေလုပ်နိုင်ဖို့က အနိမ့်ဆုံးအဆင့် ပွိုင့်ဖိုက်စက်လက်နက်၊ MANPADS လို့ ခေါ်တဲ့ ပခုံးထမ်းဒုံးတွေ၊ လူမျိုးစုလက်ကိုင်အဖွဲ့တစ်ချို့ ထုတ်ပြလာတဲ့ FN6 လို အပူနောက်လိုက် ဒုံးတွေ ရှိထားသင့်တယ်လို့ ကိုနောင်ရိုးက ဆိုပါတယ်။
FN6 ရဲ့ တရားဝင်ဈေးဟာ ဒေါ်လာ ၁ သောင်းခွဲကနေ ၃ သောင်းကြားရှိပြီး မှောင်ခိုဈေးကွက်မှာတော့ ဒေါ်လာ ၇ သောင်းခွဲ ကနေ ဒေါ်လာ တစ်သိန်းကျော်ထိရှိနိုင်တယ်လို့ ဆိုပါတယ်။ ပွိုင့်ဖိုက်လက်နက်တွေကတော့ ဝယ်လိုအားပေါ်မူတည်ပြီး ဈေးအတက်အကျရှိတာကြောင့် ဈေးနှုန်းအတိအကျ မပြောနိုင်ဘူးလို့ သူကဆက်ပြောပါတယ်။
အထက်ပါဈေးနူန်းအတွေအရဆိုရင် NUG ရဲ့ Project DragonFly ကနေ ရရှိခဲ့တဲ့ ရန်ပုံငွေ ဒေါ်လာ ၂ ဒသမ ၂ သန်းဟာ FN-6 အမျိုးအစား ပခုံးထမ်း လေယာဉ်ပစ်လက်နက်တွေ ဝယ်ယူနိုင်တဲ့အခြေအနေရှိတာကို တွေ့ရပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် တပ်ရင်းတစ်ခုရဲ့ ရဲဘော်ကတော့ NUG ရဲ့ DragonFly ပရောဂျက်ကို အခုလို ထောက်ပြပါတယ်။
“လေကြောင်းက တောက်လျှောက် ခပ်စိပ်စိပ် လုပ်လာတဲ့ အနေအထားမှာ ကျွန်တော်တို့ဘက်ကနေ ပါရာမိုတာကိုတောင် ပစ်မချနိုင်ဘူးဗျာ၊ အဲ့တော့ သူတို့ DragonFly လို Project တွေက ဘယ်နေရာတွေမှာ သုံးနေလဲဆိုတဲ့ အနေထားကိုတော့ မေးစရာရှိတယ်။”
ပခုံးထမ်းဒုံးတွေဟာ အရပ်ဘက်လေကြောင်းလိုင်းတွေကို ချိန်းခြောက်မှုအန္တရာယ်ရှိလာနိုင်တဲ့အတွက် အမေရိကန် အစိုးရကနေပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်းမှာ MANPADS တွေ ရောင်းချတဲ့ မှောင်ခိုဈေးကွက်တွေကို လိုက်လံ ဖျက်သိမ်းခဲ့ တာကြောင့် အမေရိကန်ထုတ် MANPADS တွေ၊ ရုရှားထုတ် MANPADS တွေဟာ ရရှိဖို့ ခက်ခဲလာခဲ့ပါတယ်လို့ ကိုနောင်ရိုးက ဆိုပါတယ်။
ဒါပေမဲ့ တရုတ်ထုတ် MANPADS တွေကတော့ သူ့ဈေးကွက်နဲ့သူရှိနေဆဲ ဖြစ်ပါတယ်။ ၂၀၁၉ တုန်းက TNLAရဲ့ လက်နက် ဂိုထောင်တစ်ခုကို စစ်ကောင်စီ ဖမ်းဆီးရမိချိန် FN6 တစ်လက်ကို သိမ်းဆည်းနိုင်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
တိုင်းရင်းသားဒေသတွေမှာ လေကြောင်းရန်ကို ဘယ်လိုတွန်းလှန်နေသလဲ
စစ်ကောင်စီရဲ့ လေကြောင်းရန်ကို တန်ပြန်နိုင်ဖို့ ရန်ပုံငွေရှာဖွေရေးတွေပြုလုပ်ပြီး လေယာဉ်ပစ်လက်နက်တွေရှိနေပြီလို့ ထုတ်ပြောခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက် နိုင် တာမျိုးမရှိပေမယ့် တိုင်းရင်းသားဒေသတွေမှာတော့ စစ်တပ်အာဏာသိမ်းချိန်ကနေစလို့ ဒီနေ့အထိ ပစ်ချခဲ့ကြောင်း သက်သေနဲ့တကွဖော်ပြနိုင်တဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ် စုစုပေါင်းဟာ ၆ စီးအထိ ရှိနေပါပြီ။
သက်သေမပြနိုင်ဘဲ ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တဲ့ ရဟတ်ယာဉ်သုံးစီးပါ ရေတွက်မယ်ဆိုရင် စစ်တပ်အာဏာသိမ်း ချိန်ကစလို့ ဒီနေ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ချနိုင်ခဲ့တဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ်စုစုပေါင်းဟာ ၉ စီးအထိရှိနေပါပြီ။
အထက်ပါ လေယာဉ်၊ ရဟတ်ယာဉ်တွေထဲမှာ KIA က အများဆုံးပစ်ချထားတာဖြစ်ပြီး ၂၀၂၁ မေလ ၃ ရက်မှာ Mi 35 ၁ စီး၊ ၂၀၂၃ ဇန်နဝါရီ ၃ ရက်မှာ Mi 17 ရဟတ်ယာဉ် ၁ စီး၊ ၂၀၂၄ ဇန်နဝါရီ ၁၆ ရက်မှာ FTC 2000 G ဂျက်လေယာဉ် ၁ စီး နဲ့ ၂၀၂၅ မေ ၂၀ ရက်မှာ Mi 17 ရဟတ်ယာဉ် ၁ စီး စုစုပေါင်း ၄ စီးပစ်ချထားတာဖြစ်ပါတယ်။
အလားတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီတပ်မတော်(KA) တို့ကလည်း ကရင်နီပြည်မှာ ၂၀၂၃ နိုဝင်ဘာ ၁၁ ရက်မှာ K8W အပေါ့စားတိုက်လေယာဉ် ၁ စီးကို ပစ်ချခဲ့ပါတယ်။
ကရင်ပြည်မှာလည်း ၂၀၂၄ ဇန်နဝါရီ ၂၉ ရက်က KNLA နဲ့ PDF ပူးပေါင်းစစ်ကြောင်းက မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မှာ Eurocopter AS 365 Dauphin အမျိုးအစား ရဟတ်ယာဉ် ၁ စီးကို ပစ်ချနိုင်ခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကနေ ရဟတ်ယာဉ်ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပေမယ့် သက်သေမပြနိုင်တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၃ စီးကတော့ ၂၀၂၃ ဖေဖော်ဝါရီ ၃ ရက်က စစ်ကိုင်းတိုင်း၊ ရွှေပြည်အေးမြို့ တိုက်ပွဲမှာ PDF တွေက ပစ်ချခဲ့တယ်ဆိုတဲ့ NUG(MOD)က ထုတ်ပြန်ခဲ့တဲ့ အမျိုးအမည်မသိရဟတ်ယာဉ် ၁ စီး၊ ၂၀၂၃ ဇွန်လ ၃၀ ရက်က ကရင်နီပြည်၊ ရွာသစ်မြို့မှာ ကရင်နီပူးပေါင်းတပ်တွေပစ်ချခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး(ကလလတ)က အတည်ပြုခဲ့တဲ့ K-8W အပေါ့စားတိုက်လေယာဉ် နဲ့ ၂၀၂၅ မေလ ၂၀ ရက်က KIA ရဲ့ ပစ်ခတ်ခံရပြီး ရွှေကူမြို့ကို အရေးပေါ်ဆင်းသက်သွားတဲ့ Mi 17 ၁ စီးကို မေ ၂၁ ရက်မှာ သွားရောက်တိုက်ခိုက်ဖျက်စီးခဲ့တယ်ဆိုတဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေပဲ ဖြစ်ပါတယ်။
၂၀၂၅ ဧပြီ ၂၃ ရက်မှာ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းမှာ Burma Revolution Rangers တပ်ဖွဲ့က စစ်ကောင်စီရဲ့ စက်တပ်လေထီး ၁ စီးကို မီးရှို့ဖျက်စီးခဲ့ပါသေးတယ်။ အဲဒီစက်တပ်လေထီးဟာ စက်ချွတ်ယွင်းလို့ မြေပြင်ဆင်းသက်ခဲ့ရတာ လို့ဆိုသလို Burma Revolution Rangers တပ်ဖွဲ့က ရဲဘော်တွေရဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် မြေပြင်ဆင်းသက် ခဲ့ရတာလို့လည်း တွေ့ရှိရပါတယ်။
လေကြောင်းရန်ကို ဘယ်လိုကာကွယ်နိုင်မလဲ
လေယာဥ်ပစ်လက်နက်တွေကို ပိုင်ဆိုင်ထားသည့်တိုင် အရပ်သားပြည်သူတွေကို အဓိက ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကာကွယ်ဖို့ ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေကတော့ လိုအပ်နေဆဲဖြစ်ပါတယ်။
CDM စစ်သားတွေစုဖွဲ့ထားတဲ့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ကနေ မေလ ၂၅ ရက်မှာ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများနဲ့ အကြံပြုချက်ဆိုတဲ့ သုံးသပ်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ လေကြောင်းရန် ကြိုတင်သတိပေးတဲ့စနစ် တည်ဆောက်ဖို့၊ လေကြောင်းရန် ကာကွယ်ရေးနဲ့ အသိပညာပေးတာတွေ လုပ်ဆောင်ဖို့၊ လေကြောင်းရန် တန်ပြန်အစီအမံတွေ လုပ်ဆောင်ဖို့ဆိုတဲ့ အချက် ၃ ချက် ပါဝင် ပါတယ်။
လေကြောင်းရန် ကြိုတင်သတိပေးတဲ့စနစ်အနေနဲ့ လေကြောင်းစောင့်ကြည့်ရေးအဖွဲ့တွေ ထားရှိတာ၊ အင်တာနက်၊ စကားပြောစက်တွေက တစ်ဆင့်လေကြောင်းသတင်း ဖြန့်ဝေတာ၊ လော်စပီကာနဲ့ လေကြောင်းသတင်း သတိပေးတာ၊ သံချောင်းခေါက်တာ၊ ဥဩဆွဲတာ စတဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်လို့ရနိုင်ပြီး တော်လှန်ရေးနယ်မြေထဲက ဒေသတော်တော်များများမှာတော့ အဆိုပါနည်းလမ်းတွေကို ကျင့်သုံးနေကြတာကိုလည်း မြင်တွေ့ရပါတယ်။
လေကြောင်းရန် ကာကွယ်ရေးနဲ့ အသိပညာပေးရေးဆိုတဲ့ ဒုတိယနည်းလမ်းမှာတော့ ဗုံးခိုကျင်းတွေအလုံ အလောက်တူးတာ၊ အသိပညာပေးပွဲတွေ ပြုလုပ်တာ၊ အကြိုဇာတ်တိုက်လေ့ကျင့်မှုတွေလုပ်တာ စတဲ့အချက်တွေပါဝင်ပါတယ်။
တတိယနည်းလမ်းဖြစ်တဲ့ လေကြောင်းရန် တန်ပြန်အစီအမံတွေလို့ဆိုရာမှာ စာသင်ကျောင်း၊ စစ်ရှောင်စခန်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ အဆောက်အအုံတွေကို လေကြောင်းကနေ အလွယ်တကူထောက်လှမ်းလို့ မရအောင် ပုံဖျက်ဖုံးကွယ်တာ၊ ပုံစံတူအဆောက်အအုံတွေဆောက်လုပ်ပြီး ပစ်မှတ်အတု ဖန်တီးထားတာတွေကို ဆိုလိုတာပါ။
အဆောက်အအုံတွေကို ပုံဖျက်ရာမှာ မိမိပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်တဲ့ ငါးဖမ်းပိုက်ကွန်၊ ပလစ်စတစ်ကွန်၊ စစ် ဘက်သုံးပိုက်ကွန်တွေပေါ်မှာ သဘာဝပတ်ဝန်းအရောင်နဲ့ ကိုက်ညီတဲ့ စက္ကူ၊ အဝတ်စ၊ မြက်၊ သစ်သား စတာတွေကို တပ်ဆင်ပြီး ဖုံးကွယ်ချင်တဲ့ ပစ္စည်းတွေပေါ်မှာ အုပ်မိုးကာကွယ်ထားလို့ရတယ်လို့ ဆိုပါတယ်။
ပစ်မှတ်တုဖန်တီးရာမှာတော့ လေကြောင်းတိုက်ခိုက်မှုရဲ့ ပစ်မှတ်ဖြစ်နိုင်ခြေများတဲ့ ဆေးရုံ၊ ကျောင်း၊ စစ်ရှောင်စခန်းစတဲ့ အဆောက်အအုံတွေနဲ့ မီတာ ၅၀ ဝန်းကျင်ဝေးတဲ့နေရာမှာ ပုံစံတူ အဆောက်အအုံတွေဆောက်လုပ်ပြီး ပုံရိပ်ယောင် ဖန်တီးတဲ့ နည်းလမ်းဖြစ်ပါတယ်။
အညာဒေသက တပ်ရင်း၊ တပ်ဖွဲ့တွေအနေနဲ့ ပျံသန်းနေတဲ့လေယာဉ်ကို တိုက်ခိုက်ရန်မှာ ခက်ခဲတဲ့အတွက် ကလုတ်ကျင်း၊ ဗုံးခိုကျင်းတူးတာ၊ လေကြောင်းဆိုင်ရာ သတင်းအချက်လက်ဖြန့်ဝေမှုတွေလုပ်ပြီး လေကြောင်းသတိပေးကာကွယ်တာတွေ လုပ်နေရတယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၇ (Zero ပြောက်ကျားတပ်မဟာ)မှ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ဆိုပါတယ်။
“တချို့ရွာတွေမှာ သံချောင်းခေါက်တာ၊ အသံချဲ့စက်နဲ့ သတိပေးတာမျိုးတွေ လုပ်လာကြတယ်။” လို့ သူက အညာဒေသ မြေပြင်အခြေအနေကို ပြောပြပါတယ်။
လေယာဉ်ပစ်သေနတ် ဝယ်ယူရန်မှာ ခက်ခဲသလို အခုအချိန်မှာ ပုံမှန်အလှူငွေနဲ့လည်း ဝယ်ယူဖို့က မလွယ်တော့တာကြောင့် အဖြစ်နိုင် “ကျနော်တို့ကတော့ ရှိသလို၊ ရှိတဲ့လက်နက်နဲ့ ကြုံးရတော့မှာပဲ။” လို့ ဗိုလ်သက်ကြီးက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကိုယ်တိုင်ကလည်း စစ်ကောင်စီလေယာဉ်တွေကိုတိုက်ခိုက်တာမျိုးတွေ မလုပ်နိုင်ပေမယ့် လေကြောင်းရန် ကာကွယ်ရေးလုပ်ငန်းတချို့ကိုတော့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ -CRPH ရဲ့ ၊ မတ်လ ၂၂ ရက်မှာ ထုတ်ပြန်ချက်အရ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ ဗုံးခိုကျင်းတည် ဆောက်ရေးကဏ္ဍအပါအဝင် ကဏ္ဍ ၄ ခုအတွက် မြန်မာကျပ်ငွေ ၁၈ ဒသမ ၂ ဘီလီယံ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
အထက်ပါငွေကြေးသုံးစွဲခဲ့တဲ့ ကဏ္ဍ ၄ ခုဟာ နံပါတ် ၁ နေရပ်စွန့်ခွာသူတွေနဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးတာ၊ နံပါတ် ၂ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူတွေအတွက် ထောက်ပံ့ ကူညီတာ၊ နံပါတ် ၃ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတွေနဲ့ ကျန်ရစ်သူ မိသားစုဝင်တွေ၊ နိုင်ကျဉ်းတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေ၊ ထိခိုက်လွယ်ပြည်သူတွေ (မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ)နဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေ၊ အရန်ဆန် သိုလှောင်မှု အစီအစဉ်တွေ၊ နံပါတ် ၄ ဗုံးခိုကျင်း တည်ဆောက်ပေးတာနဲ့ အသိပညာပေးတာ တွေအတွက် လိုအပ်တဲ့ နည်းပညာနဲ့ ငွေကြေးအပြင် လူသားစာနာကဏ္ဍလိုအပ်ချက်အတွက် ထောက်ပံ့ကူညီရေး လုပ်ငန်းတွေမှာ သုံးစွဲခဲ့တာဖြစ်ပါတယ်။
အဆိုပါ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန- MOHADM ကို မေးမြန်းကြည့်ရာမှာတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီ တိုင်းနဲ့ ကချင်ပြည်နယ်ထဲက မြို့နယ် ၃၆ မြို့နယ်မှာ ဗုံးခိုကျင်း ၁,၃၆၄ ကျင်း တူးဖော်နိုင်ရေးအတွက် ကျပ်သန်း ၂၀၀ ကျော် ပံ့ပိုးထားပြီး စာသင်ကျောင်းတွေနဲ့ စစ်ဘေးရှောင် အများစုရှိတဲ့နေရာတွေမှာ တူးဖော်ပေးထားတယ်လို့ ဆိုပါတယ်။ ကျပ် ၁၈ ဒသမ ၂ ဘီလီယံထဲက ဗုံးခိုကျင်းအတွက် ကျပ်သန်း ၂၀၀ ကျော်သုံးစွဲခဲ့တာဖြစ်ပါတယ်။
ယင်းမာပင်မြို့နယ်အခြေစိုက်တပ်ရင်းတစ်ခုရဲ့ အဖွဲ့ဝင်ရဲဘော်တစ်ဦးကတော့ အိမ်တိုင်းစေ့ ဗုံးခိုကျင်းတူးပေးနိုင်ဖို့ ဘတ်ဂျက်လိုအပ်ချက် များစွာရှိနေတာကြောင့် လေကြောင်း မကြာခဏ တိုက်ခိုက်ခံနေရတဲ့ဒေသတွေမှာ ဗုံးခိုကျင်း၊ ကတုတ်ကျင်းတွေ တူးဖော်ကြဖို့ လူထုကို စည်းရုံးတိုက်တွန်းတာ၊ လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးတာတွေ လုပ်ဆောင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းအတွင်း ကျေးရွာတချို့က စာသင်ကျောင်းတွေမှာတော့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ ဗုံးခိုကျင်းတူးပေးတာတွေရှိပေမယ့် ချထားပေးတဲ့ ဘက်ဂျက်ပမာဏနဲ့ မြေပြင်မှာရှိတဲ့ ကျောင်းသားဦးရေက မလောက်ငတာကြောင့် ကိုယ်ထူကိုယ်ထပဲ တူးကြရတယ်လို့ ယင်းမာပင်အခြေစိုက် ကာကွယ်ရေးရဲဘော်တစ်ဦးက မဏ္ဍိုင်ကို ပြောပြပါတယ်။
“ချပေးတဲ့ငွေနဲ့ စာသင်ကျောင်းတွေအတွက်လုပ်ရတဲ့ ဗုံးခိုကျင်းတွေက ပမာဏအားဖြင့် နှိုင်းဆလို့ မရဘူး၊ ဘာလို့လဲဆို တော့ စာသင်ကျောင်းတစ်ကျောင်းမှာရှိတဲ့ ကလေးတွေက ရာချီရှိတာကို၊ အဲ့ကလေးတွေအားလုံးဆံ့ဖို့ရာအတွက်က တူးရတဲ့ အနေအထား၊ အပေါ်က ဖုံးရတဲ့ သစ်လုံးတွေ၊ သဲအိတ်တွေက ငွေကုန်ကြေးကျ အရမ်းများတယ်၊ အဲတာကြောင့် များသောအားဖြင့် ကိုယ်ထူကိုယ်ထတွေ များပါတယ်။” လို့ သူက ဆက်ရှင်းပြပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်နဲ့ ချောင်းဦးမြို့နယ်က ဒေသခံတွေကို ဗုံးခိုကျင်းအတွက် ထောက်ပံ့ပေး တာမျိုးရှိလားဆိုတာ မဏ္ဍိုင်သတင်းဌာနက မေးမြန်းစုံစမ်းကြည့်တဲ့အခါ ပြည်သူအများစုကတော့ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ် ကာကွယ်ဖို့ ဗုံးခိုကျင်းတွေကို ကိုယ်ထူကိုယ်ထသာ တူးနေရတယ်လို့ ဆိုပါတယ်။
ဗုံးခိုကျင်း တစ်ကျင်းတည်ဆောက်ရာမှာ ထန်းပင် ပင်စည်နဲ့ သဲအိတ်တွေကို အကာအရံအဖြစ်အသုံးပြုပြီး တည်ဆောက်တာ၊ သစ်သား၊ ကျောက်စရစ်အိတ်နဲ့ သဲအိတ်တွေအသုံးပြုပြီး တည်ဆောက်တာ၊ ဘိလပ်မြေနဲ့ ကွန်ကရစ်တွေအသုံးပြုပြီး တည် ဆောက်တာ စသဖြင့် အသုံးပြုတဲ့ပစ္စည်းအပေါ်မှုတည်ပြီး ဈေးအမျိုးမျိုး ကွာခြားမှုရှိတယ်လို့ ဆိုပါတယ်။
ပထမ ပုံစံ ၂ မျိုးနဲ့ ဆောက်လုပ်ပါက မိသားစုတစ်စုသုံးဖြစ်တဲ့ ၈ ပေပတ်လည် ဗုံးခိုကျင်း တစ်ကျင်းအတွက် ကျင်းတူးခ၊ ကျင်းပေါ်မှာတင်တဲ့ ထန်းပင်၊ သစ်သား စတာတွေ ခုတ်ယူစရိတ်၊ သဲနဲ့ ကျောက်စရစ် ဝယ်ယူစရိတ်၊ အလုပ်သမားငှားရမ်းခ၊ စက်ယန္တရားငှားရမ်းခတွေအပါအဝင် ဗုံးခိုကျင်းတစ်ကျင်းကို ကျပ် ၃ သိန်းကနေ ကျပ် ၅ သိန်းကြား ကုန်ကျပါတယ်။
တတိယနည်းလမ်းဖြစ်တဲ့ ကွန်ကရစ်နဲ့ ဆောက်လုပ်ပါက ဘိလပ်မြေဝယ်ယူစရိတ်၊ ကျောက်စရစ်နဲ့ သဲဝယ်ယူစရိတ်၊ အလုပ် သမားငှားခတွေကြောင့် ဗုံးခိုကျင်းတစ်ကျင်းကို ကျပ် ၁၀ သိန်းကနေ ကျပ် ၁၅ သိန်းကြား ကုန်ကျစရိတ်ရှိတယ် လို့ ယင်းမာပင် ဒေသခံတစ်ဦးက ဆိုပါတယ်။
ဗုံးခိုကျင်းမှာ အကာအရံတွေ မပါဝင်ဘဲ ကျင်းသီးသန့် တူးခ ကျပ် ၅ သောင်းဝန်းကျင် ပေါက်ဈေးရှိပါတယ်။ တော်လှန်ရေး စိုးမိုးနယ်မြေတွေထဲက ကျေးရွာတချို့မှာတော့ ရဲဘော်တွေက လုပ်အားပေးအဖြစ် ကျင်းလိုက်တူးပေးတာတွေလည်း ရှိပေမယ့် အားလုံးနီးပါးက ကိုယ်ထူကိုယ်ထသာ လုပ်ကြရတယ်လို့ သူက ဆက်ပြောပြပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန- MOHR ကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံး မှုတွေ လျော့ပါးသွားဖို့ စစ်ကောင်စီထံ စီးဆင်းနေတဲ့ လေယာဉ်ဆီတွေ၊ လက်နက်ခဲယမ်းတွေ ရပ်တန့်အောင်ကြိုးပမ်းတာ၊ စစ်ကောင်စီရဲ့ နိုင်ငံတကာရာဇဝတ်မှုမြောက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး ကနေ စုံစမ်းနိုင်ဖို့ လမ်းကြောင်းရှာဖွေတာ၊ လုံခြုံရေးကောင်စီက လွှဲပြောင်းနိုင်ဖို့ တောင်းဆိုတာ၊ နိုင်ငံအလိုက် တရားစွဲဆိုမှုတွေ အရေးယူဆောင်ရွက်မှုတွေ လုပ်နိုင်အောင် ကြိုးပမ်းတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ စစ်ကောင်စီဟာ ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအပေါ်ကို သူတို့အားသာတဲ့ လေကြောင်း ကနေ တိုက်ခိုက်သတ်ဖြတ်နေဆဲပါပဲ။
အညာဒေသမှာ စခန်းသိမ်းတိုက်ပွဲတွေကို မကြာခဏဆင်နွှဲနေတဲ့ မြင်းခြံခရိုင်တပ်ရင်း ၇ (Zero ပြောက်ကျားတပ်မဟာ)မှ တပ်ရင်းမှူး ဗိုလ်သက်ကြီးကတော့ ဘယ်လိုပင် လေ့ကျင့်ထားတဲ့ စစ်တပ်အဖွဲ့အစည်းဖြစ်ပါစေ လေကြောင်းတိုက်ခိုက်မှုသာ မပါရင် အပြတ်ချေမှုန်းတိုက်ခိုက်နိုင်ကြောင်း အခုလို ပြောပြပါတယ်။
“သူတို့ဘက်က လေကြောင်းမပါဘူးဆိုရင် ကျနော်တို့ဘက် စစ်ရေးအခြေအနေကတော့ ကျနော်တို့ အလုံးစုံအသာစီးနဲ့ ယှဉ်ပြိုင်နိုင်တယ်”
#လေကြောင်းတိုက်ခိုက်#အိုးတိန်ကွင်း#ProjectDragonFly#ဗုံးခိုကျင်း#ဗုံးကြဲ
(မဏ္ဍိုင်သတင်းဌာနသည် တိကျမှန်ကန်ပြီး ဘက်မလိုက်သည့် ဆောင်းပါးများကို ပရိသတ်ထံတင်ဆက်လျက်ရှိပါသည်။ ပြည်သူများအားထားရသည့် သတင်းမီဒီယာအဖြစ် ကျွန်ုပ်တို့ မှန်မှန်ကန်ကန်ရပ်တည်သွားမည်ဖြစ်သည်။ စာဖတ်ပရိ သတ်ကြီးအနေဖြင့်လည်း ကျွန်ုပ်တို့ မဏ္ဍိုင်သတင်းဌာနရေရှည်ရပ်တည်နိုင်စေရန် အောက်ပါ Link မှတစ်ဆင့် ကူညီ ပံ့ပိုးနိုင်ပါသည်။)