ကြိုတင် ရေးထားမိတဲ့ သတင်းတစ်ပုဒ် (သို့မဟုတ်) အင်းတော်မြို့ ကို သိမ်းပိုက်ခြင်း

ချယ်ရီ ရေးသည်။

မဏ္ဍိုင်၊ ဧပြီ ၈၊ ၂၀၂၅။

တမာမြေ အညာဒေသက တိုက်ပွဲသတင်းတွေ၊ မြို့သိမ်း၊ စခန်းသိမ်းသတင်းတွေကို ပုံမှန်ရေးသားလေ့ရှိတဲ့ စာရေးသူဟာ မြို့တစ်မြို့ရဲ့ အောင်ပွဲ၊ မြို့သိမ်းသတင်းကိုတော့ ရလဒ်မသေချာခင် ထိုးစစ်တွေ ပြင်းထန်နေဆဲဖြစ်တဲ့ ဇန်နဝါရီလကတည်းက ကြိုတင်ရေးဖြစ်ခဲ့ပါတယ်။

စာရေးသူ ကြိုရေးထားတဲ့ သတင်းထဲမှာ မြို့ကို ရရှိခဲ့တဲ့ ရက်စွဲတစ်ခုသာ ချန်ထားပြီး ဘယ်ကာလက မြို့သိမ်း တိုက်ပွဲစတယ်၊ ဘယ်သူတွေ ပါဝင်တယ်၊ ဘယ်လိုမြို့လေးဖြစ်တယ်ဆိုတာတွေ အကုန်ချရေးထားဖြစ်တယ်။

အခုလို ကြိုတင်ရေးဖြစ်ခဲ့တာကလည်း အဲဒီမြို့သိမ်းတိုက်ပွဲမှာပါတဲ့ ရဲဘော်တွေအပေါ် ယုံကြည်တာ၊ မြို့မှာရှိတဲ့ အသိမိတ်ဆွေတွေအပေါ် ယုံကြည်တာ၊ ပြီးတော့ စာရေးသူကိုယ်တိုင်ကလည်း တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ကို သိမ်းနိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်တွေ ပြည့်ဝနေလို့ပဲဖြစ်ပါတယ်။

အခုတော့ အဲဒီမြို့သိမ်းသတင်းကို စာရေးသူ ရေးသားခွင့်ရခဲ့ပါပြီ။ တရားဝင် သတင်းရေးခွင့်ရဖို့ ရက်ပေါင်း ၇၂ ရက် စောင့်ပြီးနောက် စာရေးသူရဲ့ ဆန္ဒပြည့်ဝခဲ့ပါပြီ။

အဲဒီမြို့လေးကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်မှာရှိတဲ့ အင်းတော်မြို့ပါ။ အင်းတော်မြို့ကို ရခဲ့ပြီလို့ သတင်းကြားကြားချင်း စာရေးသူ ပထမဆုံး စလုပ်မိတာကတော့ Laptop ထဲမှာ ကြိုရေးထားခဲ့တဲ့ သတင်းကို ဖွင့်ကြည့်မိတာပါပဲ။ အဲဒီမြို့လေးကို စာရေးသူ မရောက်ဖူးပေမယ့် အမှတ်တရများစွာရှိတယ်လို့ ဆိုရပါမယ်။

စာရေးသူ သတင်းထောက်ဘဝကို စတင်လျှောက်လှမ်းချိန် ပထမဆုံး ရေးဖြစ်ခဲ့တဲ့ “နဘားဘူတာအိုရဲ့ တမ်းချင်း”ဆိုတဲ့ ဆောင်းပါးက အဲဒီမြို့လေးကို အခြေခံထားတာပါ။

သတင်းထောက်ဘဝနဲ့ ပထမဆုံးရေးသားဖူးတဲ့ သတင်းတွေထဲမှာ အင်းတော်မြို့ အကြောင်းက အများစုပါ တယ်လို့ ပြောရပါမယ်။ အင်းတော်ဒေသမှာ ဖြစ်ပျက်နေတဲ့ကောင်းသတင်းတွေ၊ အဖွဲ့အစည်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကိုလည်း ထောက်ပြဖော်ပြခွင့် ရခဲ့ပါတယ်။

အင်းတော်မြို့ မသိမ်းနိုင်ခင် အရောက်သွားပြီး မြေပြင်သတင်းယူချင်တာက စာရေးသူအတွက် ဆန္ဒတစ်ခုဖြစ်ခဲ့ ပေမယ့် အခုတော့ အကောင်ထည်ဖော်ခွင့် မရတော့ပါဘူး။

အင်းတော်မြို့သိမ်းတိုက်ပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသား တပ်မတော် ABSDF ၊ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ အမှတ် ( ၁ ) အထူးတပ်ရင်း SR-1 နဲ့ တပ်ရင်း တပ်ဖွဲ့တွေ ပူးပေါင်းပြီး ၂၀၂၄ ဩဂုတ်လ ၁၆ ရက်ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။

အင်းတော်မြို့ဟာ မန္တလေးကနေ ရထားလမ်းအတိုင်းဆို ၂ဝ၆ မိုင်၊ ကားလမ်းအတိုင်းဆို ၁၆၀ မိုင်ခန့် ကွာဝေးပြီး မန္တလေး-မြစ်ကြီးနား မီးရထားလမ်း၊  ရွှေဘို-မြစ်ကြီးနား ကားလမ်းတွေပေါ်မှာ တည်ရှိတာကြောင့် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျလှတဲ့ မြို့ပါ။

အင်းတော်မြို့ရဲ့ အရှေ့ဘက်မှာ ကသာ၊ တောင်ဘက်မှာ ထီးချိုင့်၊ အနောက်ဘက်မှာ ဝန်းသိုနဲ့ ဗန်းမောက်မြို့နယ် တွေရှိပြီး၊ မြောက်ဘက်မှာတော့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေကာ ၂၀၁၄ သန်းခေါင် စာရင်းအရ လူဦးရေ ၁ သိန်းကျော် နေထိုင်ပါတယ်။

အင်းတော်မြို့သိမ်း တိုက်ပွဲမစတင်ခင်က စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်းတော်မြို့နဲ့ တောလမ်းအတိုင်းဆို ၂ မိုင်၊ ကားလမ်းအတိုင်းဆို ၆ မိုင်ခန့်ဝေးတဲ့ နဘားလမ်းဆုံမှာ ဂိတ်စခန်းချထားသလို၊  နဘားရွာအဝင်၊ နဘားရွာ ဘုန်းကြီးကျောင်း၊ ရဲစခန်းနဲ့ ဂျပန်လှိုဏ်ဂူလို့ ခေါ်တဲ့ စစ်တပ်ကုန်းရှိရာ တောင်ကုန်းတကျောပေါ်က နေရာတစ်လျှောက်မှာ တပ်စွဲခဲ့ကြတာပါ။

မြို့သိမ်းတိုက်ပွဲ စတင်ခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်မှာ နဘားလမ်းဆုံက စစ်ကောင်စီစခန်းနဲ့ နဘားရွာအဝင်က ဂိတ်စခန်းတို့ကို သိမ်းပိုက်ခဲ့ပြီး၊ ဩဂုတ်လ ၁၇ ရက်မှာ နဘားဘုန်းကြီးကျောင်းက စစ်ကောင်စီစခန်း၊  ဩဂုတ်လ ၂၄ ရက်မှာ မြို့မရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီတပ်တွေဟာ ဂျပန်လှိုဏ်ဂူလို့ခေါ်တဲ့ စစ်တပ်ကုန်းရှိရာ တောင်ကုန်းပေါ်ကို ဆုတ်ခွာသွား ကြပြီး ဘုရားကုန်း၊ မြို့မဘုန်းကြီးကျောင်းနဲ့ ကျေးရွာတချို့မှာ အခိုင်အမာ ခံစစ်ပြင်ခဲ့ကြပါတယ်။ စစ်တပ်ကုန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နောက်ဆုံးလက်ကျန် ခံစစ်ကုန်းလည်း ဖြစ်ပါတယ်။

အဲဒီစစ်တပ်ကုန်းရှိရာ ဂျပန်လှိုဏ်ဂူဟာ ဒုတိယကမ္ဘာစစ်ကာလက မြေအောက်ဆေးရုံအဖြစ် ထားရှိခဲ့ကြတဲ့ နေရာတစ်ခုဖြစ်တာကြောင့် မြေအောက် လှိုဏ်ခေါင်းတွေပေါများသလို ကုန်းမြင့်ပေါ်မှာ တည်ရှိတာကြောင့် တော်လှန်ရေးတပ်တွေအတွက် ထိုးစစ်ဆင်ရခက်ခဲခဲ့တဲ့ စခန်းကုန်းတစ်ခုပါ။

အင်းတော်မြို့ကို မသိမ်းနိုင်ခင် မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ ငလျင်လှုပ်ခတ်ခဲ့ပြီး လူထောင်ချီသေဆုံးခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေတဲ့ အိမ်၊ အဆောက်အဦနဲ့ လုပ်ငန်းခွင်တွေမှာ  ပိတ်မိနေသူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ ငလျင်ဘေးသင့် ဒေသတွေမှာ ခုခံစစ်ကလွဲပြီး ၂ ပတ်ကြာ  အပစ်ခတ်ရပ်စဲကြောင်း မတ်လ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို ကြေငြာချက်ထုတ်ပြန်ပြီး ၃ ရက်အကြာ ဧပြီ ၁ ရက်မှာ အင်းတော် စစ်တပ်ကုန်းမှာရှိတဲ့ စစ်ကောင်စီ တပ်တွေက လှုပ်ရှားမှုတချို့  လုပ်လာတာကြောင့် ပစ်ခတ်မှုတွေ ပြန်စတင်ခဲ့ရပါတယ်။

တိုက်ပွဲရပ်နားလိုက်၊ ပြန်စလိုက်နဲ့ မြို့သိမ်းတိုက်ပွဲ ၄ ကြိမ်ထက် မနည်း ဆင်နွှဲပြီးနောက် ၈ လအကြာ ၂၀၂၅၊ ဧပြီလ ၇ ရက် ညပိုင်းမှာတော့ တစ်မြို့လုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါပြီ။

အဲဒီအပြီးသတ်တိုက်ပွဲအတွင်း စစ်သုံ့ပန်း ဆယ်ဂဏန်းဝန်းကျင် ဖမ်းမိခဲ့သလို ဟောင်ဝှစ်ဇာ အပါအဝင် လက်နက်အများအပြားလည်း သိမ်းဆည်းရမိခဲ့ပေမယ့် အချက်အလက်အတိအကျကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက် ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

အင်းတော်မြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ။

မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ၈ လတာအတွင်း ၂ ဖက် ကျဆုံး ထိခိုက်မှုတွေလည်း ရှိခဲ့ပြီး အရပ်သားပြည်သူ ၁၀ ဦး ထက်မနည်းလည်း သေဆုံးခဲ့ရပါတယ်။

အင်းတော်မြို့ သိမ်းပိုက်နိုင်တာကို ဝမ်းသာမိသလို၊ စစ်ကောင်စီရဲ့  ရှုံးမဲမဲပြီး ဖျက်ဆီးတတ်တဲ့  အကျင့်ကြောင့် လေကြောင်းအန္တရာယ်တွေကိုလည်း စိတ်ပူမိပါတယ်။ တဆက်တည်းမှာပဲ မြို့သိမ်းတိုက်ပွဲအတွင်း အသက်ပေး ဆပ်ခဲ့တဲ့ ရဲဘော်တွေကိုလည်း လေးစားဂုဏ်ပြုရင်း ၃ လကြာ ကြိုရေးဖြစ်ခဲ့တဲ့ သတင်းတပုဒ်ကို အဆုံးသတ်နိုင် ခဲ့ပါပြီ။

Leave a Comment

3 comments

Daftar Binance US December 2, 2025 - 11:42 pm

Thanks for sharing. I read many of your blog posts, cool, your blog is very good. https://www.binance.com/ar-BH/register?ref=UT2YTZSU

Reply
netwincasino December 22, 2025 - 10:41 pm

Stumbled upon Netwincasino while browsing. Interface is clean and easy to navigate. Has a modern slickness to it. I’d say give Netwincasino a shot!: netwincasino

Reply
taya777login January 14, 2026 - 11:48 pm Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing