ငလျင်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့ SAR ခွေးလေးတွေက ဘယ်လိုခွေးမျိုးတွေလဲ

ဟယ်ရီ ရေးသည်။

မဏ္ဍိုင်၊ ဧပြီ ၃၊ ၂၀၂၅။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့တာကြောင့်မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ နေအိမ် အဆောက်အအုံတွေ ပြိုကျပျက်စီးပြီး လူပေါင်းထောင်ချီသေဆုံးခဲ့ပါတယ်။

ငလျင်လှုပ်ပြီးနောက်ပိုင်းမှာတော့ ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်တဲ့အခါ ခွေးလေးတွေလည်း ပါဝင်ကယ်ဆယ်နေကြပုံတွေကို တွေ့မြင်နေကြရပါတယ်။ ဒီလိုခွေးလေးတွေဟာ ဘယ်လိုအမျိုးအစားတွေပါလဲ။ လူတွေကို ကူညီကယ်ဆယ်ဖို့ ဘယ်လိုလေ့ကျင့် သင်ကြားခံခဲ့ရပါသလဲ။ သူတို့ရဲ့ကယ်ဆယ်မှုကြောင့် လူတွေ ဘယ်လောက်ထိ အသက်ချမ်းသာရာရခဲ့ပါသလဲ။

Search and rescue (SAR) dogs လို့ ခေါ်တဲ့ ရှာဖွေကယ်ဆယ်ရေးခွေးတွေဟာ လူပျောက်ရှာဖို့ အထူးလေ့ကျင့်သင်ကြားပေးခံထားရတဲ့ ခွေးတွေပါ။ ဒီအတွက် ပြိုင်စံရှား ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားကြပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်နိုင်တဲ့ SAR ခွေးအမျိုးအစား အကြမ်းဖျင်း ၁၀ မျိုးလောက်ရှိပါတယ်။ တစ်မျိုးချင်းစီမှာ ဗီဇနဲ့ စွမ်းဆောင်ရည် ကွဲပြားကြပါတယ်။ ဘုံတူညီတာကတော့ သူတို့က အနံ့ခံနိုင်စွမ်းနဲ့ လေ့ကျင့်သင်ယူနိုင်စွမ်း ကောင်းကြတာပါ။

သူတို့ရဲ့ ဗီဇနဲ့ လုပ်ဆောင်ရမယ့် တာဝန်ပေါ်မူတည်ပြီး သူတို့ကို သီးခြားလေ့ကျင့်ပေးရပါတယ်။ Border Collie ဆိုတဲ့ ခွေးက ဥာဏ်ရည်မြင့်ပြီး သင်လို့လွယ်တယ်လို့ နာမည်ကြီးပါတယ်။ British တွေက သူ့ကို သိုးကျောင်းတဲ့နေရာမှာ အသုံးချလို့ သိုးကျောင်းခွေးဆိုပြီးတော့လည်း လူသိများကြပါတယ်။

Border Collie

အယ်လ်ဇေးရှင်း (Alsatian ) လို့ ခေါ်ကြတဲ့ ဒေါက်မြင့်မြင့် German ခွေးအမျိုးအစားကို မြေငလျင်ဘေးသင့်တဲ့ နေရာတွေ၊ အဆောက်အအုံအပျက်အစီးပုံတွေကြားထဲမှာ ပိတ်မိနေသူတွေကို ရှာဖွေဖို့ အသုံးများကြပါတယ်။

Alsatian

တောတောင်ထဲမှာ ပျောက်နေသူတွေကို ရှာတဲ့နေရာမှာတော့ အမဲလိုက်ခွေး (Bloodhound )ဆိုတဲ့ ခွေးအမျိုးအစားက ကျွမ်းကျင်ပါတယ်။ သူက ပျောက်သွားတဲ့လူရဲ့အနံ့ကို ရက်အတော်ကြာတဲ့အထိ အာရုံခံနိုင်စွမ်းရှိပါတယ်။ နားရွက်ကတော်တော်ရှည်ပြီး သူ့နှာခေါင်းက အမြဲတမ်းလိုလိုမော့ရင်း အဝေးကလာတဲ့ အနံ့တစ်ခုခုကို အာရုံခံ ခွဲခြားနေသလိုပါပဲ။

Bloodhound

Newfoundland ဆိုတဲ့ အကောင်ကြီးကြီး အမွေးဖွားဖွားနဲ့ ခွေးအမျိုးအစားဆိုရင် ရေကူးကျွမ်းပြီး ရေထဲမျောပါသွားသူတွေကို လိုက်ရှာတဲ့အခါမှာ သူ့ကို သုံးကြပါတယ်။ ရေဘေးဖြစ်တဲ့အခါ ကယ်ဆယ်ရေးအဖွဲ့တွေက သူ့ကို ခေါ်သွားတတ်ကြပါတယ်။

သူတို့ကို လေ့ကျင့်ပေးတဲ့အခါမှာ အဆင့်ဆင့်ရှိပါတယ်။ အခြေခံအဆင့်အနေနဲ့ ထိုင်ဆို ထိုင်၊ ထဆို ထ၊ သွားဆို သွား စသဖြင့် အမိန့်နာခံတတ်အောင် အရင် သင်ပေးရပါတယ်။

Newfoundland

အဲဒီနောက် အနံ့မှတ်သားတတ်အောင် သင်ပေးရပါတယ်။ ခွေးတွေက လူတွေထက် အနံ့ခံနိုင်စွမ်းရည် အဆပေါင်း တစ်သောင်းကနေ တစ်သိန်းအထိ ပိုပါတယ်။ SAR ရှာဖွေကယ်ဆယ်ရေးခွေးတွေကတော့ အနံ့တွေကို အချိန်အတိုအတွင်းမှာ ခွဲခြားမှတ်နိုင်ပါတယ်။ ပျောက်နေတဲ့လူရဲ့အဝတ်ကို ပေးလိုက်တာနဲ့ သူတို့က အဲဒီအနံ့ကို မှတ်ထားပြီးတော့ အဲဒီအနံ့ကို မတွေ့မချင်းရှာပါလိမ့်မယ်။

ဒီအဆင့်တွေကို အကြိမ်ပေါင်းများစွာ လေ့ကျင့်သင်ကြားပေးခံရတဲ့ ခွေးတွေဟာ ရှာဖွေကယ်ဆယ်ရေး သမားတွေနဲ့အတူ အဖွဲ့ကျကျ မြေပြင်ဆင်း ပူးပေါင်းဆောင်ရွက်တတ်သွားပါပြီ။

ပျောက်နေတဲ့လူကို ရှာတွေ့ပြီဆိုရင် သူတို့က အဲဒီနားမှာ အမြီးလှုပ်ပြတာ၊ ထိုင်နေတာ၊ ရပ်နေတာ၊ တူးဆွပြတာလိုမျိုး ပုံစံအမျိုးအမျိုးနဲ့ အချက်ပြတတ်ကြပါတယ်။

SAR ခွေးတွေနဲ့ ခွေးထိန်းသူတွေကြားက ဆက်ဆံရေးဟာ အင်မတန်အရေးကြီးပါတယ်။ ခွေးထိန်းတွေဟာ သူတို့ခွေးတွေရဲ့ အပြုအမူနဲ့ ဆက်သွယ်ပြောဆိုမှုကို သေချာသဘောပေါက်နားလည်ဖို့လိုပါတယ်။

‌ဘေးအန္တရာယ်ကြီးတဲ့အခြေအနေမှာ ခွေးထိန်းဟာ သူ့ခွေးအတွက် လုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားရ ပါတယ်။ ရှာဖွေရေးလုပ်ရင်းနဲ့လည်း တစ်ခါတလေမှာ SAR ခွေးတွေဟာ အခက်အခဲတွေ ကြုံရတတ်ပါတယ်။

ရာသီဥတုအခြေအနေကြောင့်ဖြစ်ဖြစ်၊ ကြမ်းတမ်းတဲ့ မြေမျက်နှာသွင်ပြင်ကြောင့်ဖြစ်ဖြစ်၊ အချိန်အတိုအတွင်းမှာ အမြန်လုပ်ရလို့ ဖြစ်ဖြစ် SAR ခွေးတွေဟာ အားအင်ကုန်ပြီး ခြေကုန်လက်ပန်းကြတတ်ကြပါတယ်။

ဒီလိုအခြေအနေမျိုးဖြစ်သွားပြီးဆိုရင် ခွေးထိန်းက ကျကျနနပြုစုပေးရပါတယ်။ ကောင်းကောင်းအနား ပေးပြီး အားပြန်ပြည့်အောင် ကျွေးထားရတာမျိုးပေါ့။ ကျန်းမာရေးစစ်ဆေးချက်တွေလည်း သူတို့ကိုပုံမှန်လုပ်ပေးရပါတယ်။

သူတို့အားပြန်ပြည့်လာပြီဆိုရင်တော့ လေ့ကျင့်သင်ကြားမှု ပြန်စရပါတယ်။ SAR ခွေးတွေအတွက်က အဆက်မပြတ်လေ့ကျင့်သင့်ကြားဖို့ အရမ်းအရေးကြီးပါတယ်။ ဒါမှသာ သူတို့ရဲ့ ကျွမ်းကျင်မှုစွမ်းရည် လျော့မသွားမှာပါ။

နိုင်ငံအသီးသီက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဆီမှာ နာမည်ကြီး SAR ခွေးတွေရှိကြ ပါတယ်။

မက္ကစီကို ရေတပ်မှာ SAR ခွေးအဖြစ်တာဝန်ထမ်းဆောင်တဲ့ Frida ဆိုတဲ့ ခွေးမလေးဟာဆိုရင် ဟေတီမြေငလျင်၊ မက္ကစီကိုမြေငလျင်၊ ဓာတ်ငွေ့ယိုစိမ့်ပေါက်ကွဲမှုနဲ့ မြေပြိုမှုတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ရင်း နာမည်ကြီးလာခဲ့သူပါ။

မှတ်တမ်းတွေအရ သူဟာ စုစုပေါင်း လူ ၅၂ ယောက်ကို အသက်ကယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အစွမ်းထက်တဲ့ Frida နဲ့ သူ့ကိုထရိန်းတဲ့ ရေတပ်အရာရှိတို့ဟာ သူတို့ရဲ့ ပြောင်မြောက်မှုအတွက် ဂုဏ်ပြုဆုပေးအပ်ခံခဲ့ရပါတယ်။

Frida

Frida တာဝန်ကအနားယူပြီး မသေခင်အထိလည်း ဂျူနီယာ SAR ခွေးတွေကို လေ့ကျင့်ရာမှာ ကူညီပေးခဲ့ပါတယ်။ ၂၀၂၂ အသက် ၁၃ အရွယ်မှာ သေသွားတဲ့ Frida ရဲ့ အမှတ်အသားပုံရိပ်တွေကတော့ မက္ကစီကိုမှာ ဒီနေ့ထိကျန်ရစ်နေဆဲဖြစ်ပါတယ်။

Leave a Comment

4 comments

77viplogin December 22, 2025 - 10:42 pm

Alright, finally got my 77viplogin sorted. Let’s see what all the fuss is about now. Happy gaming!. Check it out 77viplogin.

Reply
binance January 6, 2026 - 2:14 pm

Your point of view caught my eye and was very interesting. Thanks. I have a question for you.

Reply
phtaya11 January 14, 2026 - 3:34 pm Reply
taya777login January 14, 2026 - 6:46 pm Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing