FeatureNews Feature

ငလျင်ကယ်ဆယ်ရေးကို မျက်ကွယ်ပြုပြီး ဝေဟင်နဲ့ မြေပြင်မှာ ပြည်သူတွေကို ဆက်လက်တိုက်ခိုက်နေတဲ့ စစ်ကောင်စီ

မဏ္ဍိုင်၊ ဧပြီ  ၂ ၊ ၂၀၂၅။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ နေအိမ်အဆောက်အဦတွေ ပြိုကျပျက်စီးပြီး လူပေါင်းထောင်ချီသေဆုံးနေတဲ့အချိန် အာဏာသိမ်း စစ်တပ်က မြေငလျင်လှုပ်ခဲ့တဲ့အချိန်ကစလို့ ဒီနေ့အထိ မြန်မာပြည်အနှံ့ လေကြောင်းဗုံးကြဲမှုတွေကိုဆက်တိုက်ပြုလုပ်နေသလို တော်လှန်ရေးဒေသတွေမှာလည်း မြေပြင်ထိုးစစ်ဆင်တာ၊ စစ်အင်အားပြည့်တင်းတာတွေ ပြုလုပ်နေပါတယ်။

အဆောက်အဦအပျက်အစီးတွေကြားထဲ ပိတ်မိနေသူတွေအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက် ရမယ့်အချိန်၊ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို ရှင်းလင်းသင်္ဂြိုဟ်တာတွေ လုပ်ဆောင်ရမယ့်အချိန်၊ နေအိမ်အဆောက်အအုံပြိုကျမှုတွေကို ရှင်းလင်းဖယ်ရှားရမယ့်အချိန်မှာ စစ်ကောင်စီဟာ အခုလို စစ်ရေးတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ဘေးသင့်ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေဘက်က မိမိကိုယ်ကို ခုခံကာကွယ်စစ်ကလွဲပြီး ထိုးစစ်အားလုံးကို မတ်လ ၃၀ ရက်ကစပြီး နှစ်ပတ်ကြာရပ်နားထားမှာဖြစ်တယ်လို့ မတ်လ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် AA၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ကလည်း ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ ဧပြီ ၁ ရက်ကနေ၃၀ ရက်နေ့ထိ တလကြာ တဖက်သတ် အပစ်ခတ်ရပ်ဆဲကြောင်း ဧပြီ ၁ ရက် ညနေပိုင်းမှာ စာထုတ်ပြန်ခဲ့ပါတယ်။

အခုလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေက ထိုးစစ်ရပ်နားကြောင်း အသီးသီးထုတ်ပြန်ခဲ့ကြပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ နိုင်ငံရေးပြဿနာကို အကြမ်းဖက် နည်းလမ်းနဲ့ ဖြေရှင်းဖို့ ရွေးချယ်ခဲ့တဲ့အတွက် ချမှတ်ထားတဲ့လုပ်ငန်းစဥ်တွေအတိုင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဧပြီ၁ ရက်နေ့ကနေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကတိုက်ပွဲဖော်ဆောင်ခြင်းမရှိပေမယ့် စုဖွဲ့လေ့ကျင့် ပြင်ဆင်တာတွေ လုပ်ဆောင်နေပြီး အဲ့ဒီလိုလုပ်ဆောင်တာတွေဟာတိုက်ခိုက်ခြင်းဖြစ်တယ်လို့ယူဆရတဲ့ အတွက် လိုအပ်တဲ့ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပါတယ်။

ငလျင်ဘေးကြောင့် လူထောင်ချီသေဆုံးနေတဲ့ ဒေသတွေမှာကယ်ဆယ်ရေးအတွက် ရဟတ်ယာဥ်တွေ အသုံးမပြုခဲ့ပေမယ့် ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်ဖို့ မတ်လ ၂၈ ရက်ကနေဧပြီလ ၁ ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ခန့် ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီဟာ မြေငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ၂၈ ရက်ကနေ ဧပြီ ၁ ရက်အတွင်း ချောင်းဦး၊ ဘုတလင်၊ မုံရွာ၊ အင်းတော်၊ စလင်း၊ စဥ့်ကူး၊ ဗန်းမောက်၊ နောင်ချို၊ မဘိမ်း၊မင်းတပ်၊ ကန်ပက်လက်၊ မြောက်ဦး စတဲ့မြို့နယ်တွေကို ဂျက်ဖိုက်တာ၊ ဒရုန်း၊ စက်တပ် လေထီးတွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

ငလျင်လှုပ်ခတ်ပြီး နာရီပိုင်းအကြာ မတ်လ ၂၈ ရက်၊ မွန်းလွဲ ၃နာရီဝန်းကျင်မှာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ နောင်လင်ရွာကိုဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ဓနုတပ်ဖွဲ့ DPLAက အမျိုးသမီးရဲဘော် ၆ ဦးနဲ့ အမျိုးသားရဲဘော် ၁ ဦးစုစုပေါင်း ၇ ဦး သေဆုံးခဲ့ပါတယ်။

မတ်လ ၃၁ ရက် ညနေပိုင်းကလည်း ကချင်ပြည်နယ်၊ မိုးညှင်းဒေသမှာရှိတဲ့ KIA နယ်မြေတခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် သင်တန်းသား ၃၅ ယောက်ခန့်သေဆုံးခဲ့ပြီး ၂၀ နီးပါးဒဏ်ရာရခဲ့ပါ သေးတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မကွေးတိုင်း၊ စလင်းမြို့နယ်ထဲကကျေးရွာ ၅ ရွာခန့်ကိုလည်း မတ်လ ၃၁ ရက်က လေကြောင်းကနေ အကြိမ် ၂၀ နီးပါး ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ထားတယ်လို့ ဒေသခံတွေဆီက မဏ္ဍိုင်ကို ပြောပါတယ်။

ဧပြီ ၁ ရက် မနက် ၁၁ နာရီခန့်က နောင်ချိုမြို့နယ် တောင်လှရွာနဲ့ ဂေါ်ရခါးရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဂျက်ဖိုက်တာတွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ဦးထိမှန်ခဲ့တယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးPSLF/TNLA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ၂ ပတ်ကြာအပစ်ခတ်ရပ်ဆဲကြောင်း ကြေငြာပြီး ၃ ရက် အကြာ ဧပြီ ၁ရက်မှာ အင်းတော်မြို့ထဲက ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့နေရာတချို့ကို စစ်ကောင်စီက ထိုးစစ်ဆင်လာတာကြောင့် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြတယ်လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

“မနေ့ညထဲက ဖြစ်နေတာ၊ ဖြစ်နေတယ်ဆိုတာက တိုက်ပွဲတွေနားထားတဲ့အချိန် ဟိုဘက်ကပြန် ထိုးစစ်ဆင်ခဲ့ တာလေ၊ သိတယ်မို့လား ကိုယ်ရထားတဲ့ မြို့တွင်းထဲကို ပြန်ပြီးတော့ ထိုးစစ်ဆင်လာတာတွေ လုပ်လာတာ၊ အဲ့လိုကနေ စပြီးတော့ပွဲဖြစ်တာ။”

ဧပြီ ၁ ရက် နေ့လယ်ပိုင်းကစပြီး အင်းတော်မြို့မဘုန်းကြီးကျောင်းအနီး ဘုရားကုန်းတဝိုက်ကို လေကြောင်းနဲ့ ၁၂ ကြိမ်၊ ဗုံးအလုံးရေ ၃၀ ကျော် ကြဲချခဲ့တာကြောင့် ပြည်သူ ၂ ဦးသေဆုံးထားပြီး သံဃာ ၁ ပါးအပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးဆီက သိရပါတယ်။

စစ်ကောင်စီက ဝေဟင်နဲ့ မြေပြင်ထိုးစစ်တွေ ဆက်တိုက်လုပ်ဆောင်နေသလို စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ ဘုတလင်နဲ့ မကွေးတိုင်းထဲက ပခုက္ကူမြို့နယ်တို့မှာလည်း အင်အားဖြည့်တာတွေ လုပ်ဆောင်နေတယ်လို့ အဆိုပါ ဒေသအခြေစိုက်တပ်ဖွဲ့တွေဆီက သိရပါတယ်။

မုံရွာ-မန္တလေးလမ်းမကြီးက မုံရွာ-ချောင်းဦး-မြင်းမူလမ်းပိုင်းတလျှောက်မှာ စစ်ကောင်စီက မတ်လ ၃၁ ရက်ကနေ ဧပြီ ၁ ရက်အထိ ၂၄ နာရီအတွင်း အင်အားရာဂဏန်းတိုးထားတယ်လို့ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

“ပုံမှန်လုပ်တာက အနည်းအကျဥ်းပဲတိုးတာ၊ ခုဟာက ၂၄ နာရီအတွင်းကို အင်အားရာနဲ့ ချီတိုးတာမျိုးတွေ၊ လမ်းလုံခြုံရေးကိုအရင်ထပ်ပိုပြီး အင်အားများများချတာမျိုးတွေ လုပ်တယ်၊ နမခထဲကနေ ကားနဲ့ ထွက်လာ၊ နီးစပ်ရာစခန်းတခုမှချထားနောက်ကားနဲ့ လည်းထပ်ချ၊ နောက်ပြီး ခရီးသည်ကားတွေနဲ့ပတ်လိုက်တာမျိုး၊ လမ်းမှာချထားခဲ့ပြီး ညဘက်မှဝင်တာမျိုးတွေရှိတယ်။” လို့ သူက ရှင်းပြပါတယ်။

မြင်းမူနဲ့ ချောင်းဦးကြားမှာ မြောင်လမ်းခွဲ၊ ဝမ်းပြည့်နဲ့ နတ်ရေကန် စခန်း ၃ ခုရှိပြီး မုံရွာနဲ့ ချောင်းဦးကြားမှာတော့ စစ်ကောင်စီ စခန်း ၆ ခုခန့်ရှိပါတယ်။

အဆိုပါစခန်းတွေကို အင်အားတိုးချပြီးနောက် မတ်လ ၃၁ ရက် ည ၈ နာရီခန့်မှာတော့ မြောင်လမ်းခွဲ စစ်ကောင်စီ စခန်းကနေ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာကို လက်နက်ကြီးတွေပစ်ခတ် ဝင်ရောက်ခဲတာကြောင့် ပြည်သူ ၂ ဦး ပေါင်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ လူနေအိမ် တချို့လည်း မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၁ ရက်ကလည်း နတ်ရေကန်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချောင်းဦးမြို့နယ်ထဲက ငါးယှန်ရွာက လူနေအိမ်တွေကိုမီးရှို့ခဲ့ပါသေးတယ်။ ပျက်စီးမှုအခြေအနေတော့ မသိရသေးဘူးလို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ချောင်းဦးနယ်ဟာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း မတ်လ ၂၈ရက် ည ၇ နာရီခွဲခန့်မှာ စက်တပ်လေထီးနဲ့ လေကြောင်း ၂ကြိမ်၊ ဧပြီ ၁ ရက် ညပိုင်းက စက်တပ်လေထီးနဲ့လေကြောင်း ၅ ကြိမ် ကြဲခံခဲ့ရတာဖြစ်ပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာမှာလည်း  စစ်ကောင်စီတပ်တွေဘက်က မတ်လ ၃၁ ရက် ညပိုင်းမှာ အင်အားဖြည့်တာတွေ လုပ်ဆောင်ထားတယ်လို့ ပခုက္ကူအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် လူ ၁၀၀ နီးပါးသေဆုံးထားတဲ့ အင်းလေးဒေသမှာလည်း စစ်ကောင်စီရဲ့ ဝေဟင်တိုက်ခိုက်မှု တွေ ခံစားနေရပြီး အင်းလေးတောင်ခြမ်းက ဘုရားတောင်ရွာမှာ ဒရုန်းဗုံးကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ရှိနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့  ဧပြီ ၁ ရက် ထုတ်ပြန်ချက်အရ ငလျင်ဘေးကြောင့် သေဆုံးသူ ၂,၃၉၅ ဦး ရှိထားပြီးလူဦးရေ ၈ သန်းကျော် ငလျင်ဒဏ် ခံစားနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေက ကမ်းလှမ်းချက်တွေရှိထားပေမယ့် စစ်ကောင်စီဘက်ကတော့ တစုံတရာ အကြောင်းပြန်တာမျိုး မရှိခဲ့ပါဘူး။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ CDMဆေးကုသရေးအဖွဲ့က လုံခြုံရေးအာမခံချက်ပေးရင် မန္တလေးနဲ့ နေပြည်တော်ကို ကူညီပေးရေးသွားရောက်မယ်လို့ ပြောဆိုထားသလို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ကလည်း ငလျင်ဒဏ်သင့် ဒေသတွေကို သွားရောက်ကူညီပေးဖို့ လုပ်ဆောင်ခဲ့ပေမယ့် စစ်ကောင်စီဘက်ကလက်မခံခဲ့တာကြောင့် ဒေသတွင်းမှာပဲ အကူအညီပေးနိုင်ရေးတွေ အရန်သင့်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အကူညီပေးရေး ကမ်းလှမ်းချက်တချို့ကိုငြင်းပယ်ရုံသာမက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးမယ့်အဖွဲ့တွေကိုပါ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

ငလျင်ဘေးသင့် ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ တရုတ်ကြက်ခြေနီအသင်း ယာဥ်တန်း၉ စီးဟာ ဧပြီ ၁ ရက်နေ့ ညပိုင်းက နောင်ချိုမြို့၊ အုမ္မတီးရွာအရောက်မှာ စစ်ကောင်စီတပ်ရဲ့ စက်လက်နဲ့ ပစ်ခတ်တိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ယာဥ်တန်းဟာ မန္တလေးသွားရောက်မှာဖြစ်ပြီး စစ်ကောင်စီဘက်ကိုလည်း ကြိုတင်သတင်းပေးပို့ ထားခဲ့ပေမယ့်ပစ်ခတ်ခံခဲ့ရတာကြောင့် နောင်ချိုမြို့ကို ပြန်ဆုတ်ခွာခဲ့ရပြီးTNLA က လိုရာခရီးရောက်အောင် ဆက်လက်ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ပြန်လည်ရှင်းလင်းရာမှာတော့ တရုတ်ကြက်ခြေနီအသင်း ကူညီကယ်ဆယ်ရေးယာဉ်တန်းဟာ သက်ဆိုင်ရာ သံရုံးကို ကြိုတင် အကြောင်းကြားထားခြင်းမရှိကြောင်းနဲ့ သေနတ်မိုးပေါ်ထောင်ပြီး ၃ ချက်ဖောက်ခဲ့ခြင်းသာဖြစ်တယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီး တစ်ပတ်ခန့်ကြာလာတဲ့အထိကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ် ဆောင်နေကြရဆဲဖြစ်သလို ငလျင်ဒဏ်ခံပြည်သူတွေအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလည်း လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ပါတယ်။

ဒီလိုအချိန်မှာ စစ်ကောင်စီက ငလျင်ကူညီကယ်ဆယ်ရေးထက် ဝေဟင်၊ မြေပြင်ကနေ စစ်ရေးတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေမှုအပေါ်က ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ ရဲဘော်တစ်ဦးက အခုလိုမှတ်ချက် ပြုတယ်။

“စစ်ကောင်စီက သူတို့အာဏာတည်မြဲဖို့၊ သူတို့ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်ဘယ်လိုပဲဖြစ်နေပါစေ၊ ပြည်သူတွေ ဘယ်လိုပဲဖြစ်နေပါစေ (သတ်ဖြတ်တာတွေ)လုပ်နေမှာပဲ၊ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့ စိုးမိုးနယ်မြေက ပြည်သူတွေရော၊ ကျွန်တော်တို့ စိုးမိုးနိုင်ခြင်းမရှိသေးတဲ့နေရာက ပြည်သူတွေရော အစစအရာရာ ဂရုစိုက်ကြဖို့နဲ့ စစ်ကောင်စီကို ယုံကြည်မထားကြဖို့ အသိပေးလိုပါတယ်။”

YouTube – http://www.youtube.com/@ManDaing-mx7nf

Telegram – https://t.me/ManDaingNews

Email – mandaing.newsagency@gmail.com

Related posts
FeatureProfile Feature

အမ်းမြို့မှ လွတ်မြောက်လာသူတစ်ဦးပြောပြသည့် အမ်းမြို့ကျရှုံးခြင်း

မဏ္ဍိုင်၊ ဧပြီ ၉၊…
Read more
FeatureNews Feature

ကြိုတင် ရေးထားမိတဲ့ သတင်းတစ်ပုဒ် (သို့မဟုတ်) အင်းတော်မြို့ ကို သိမ်းပိုက်ခြင်း

ချယ်ရီ ရေးသည်။မဏ္ဍိုင်၊ ဧပြီ ၈၊…
Read more
FeatureNews Feature

ငလျင်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့ SAR ခွေးလေးတွေက ဘယ်လိုခွေးမျိုးတွေလဲ

ဟယ်ရီ ရေးသည်။မဏ္ဍိုင်၊ ဧပြီ ၃၊…
Read more
Newsletter
Become a Trendsetter
Sign up for Davenport’s Daily Digest and get the best of Davenport, tailored for you.

Leave a Reply

Your email address will not be published. Required fields are marked *