နေခြည်မှာ ရွှေရည်လောင်းတဲ့ ငါတို့စာသင်ကျောင်း ပဲ့ကိုင်ရှင်

မဏ္ဍိုင်၊ မေ ၃၀၊ ၂၀၂၄။

ခုရက်ပိုင်း အနော်အိပ်လို့မရ။ အိပ်လိုက်တာနဲ့ လုပ်ဖော်ကိုင်ဖက်ရဲဘော်တွေက ရောက်ရောက်လာကြတယ်။ သူတို့က အနော့် ကို လှောင်ပြောင်နေကြသလို ခံစားနေရတယ်။ သူတို့အနားကိုလည်း အနော်သွားလို့မရဘူး။ သူတို့အချင်းချင်း ပြုံးပျော်နေ ကြပေမယ့် အနော်ရောက်သွားရင် အဖက်မတန်သလို ဆက်ဆံကြတယ်။

“ သူတို့တွေက တချို့ဆိုရင် ကိုယ့်ခေါင်းလေးကို ပိုက်ထားတယ်။ တချို့တွေဆိုရင် ခြေတွေလက်တွေမရှိဘူး။ တချို့တွေဆိုရင် ခန္ဓာကိုယ် ထက်ပိုင်းပြတ်တွေ။”

သူတို့က အနော်နေတဲ့ အခန်းထဲမှာ လူးလာခေါက်တုံ့ သွားလာနေကြတယ်။ အချင်းချင်းလည်း စလိုက်နောက်လိုက်နဲ့။ အနော် က သူတို့အနားမှာ မရှိနေသလို အနော့်ခန္ဓာကိုယ်ထဲကနေ ဖြတ်သန်းသွားလာနေကြတာ။ သူတို့ဆီသွားပြီး စကားပြောဖို့ ကြိုး စားရင်လည်း သူတို့ပြောတာက ငါတို့ဆီနင်လာလို့မရဘူး။ နင်နဲ့ ငါနဲ့ဘ၀မတူတော့ဘူး။ အဲ့လိုစကားတွေ ပြောကြတယ်။

“ အရမ်းကို တာဝန်ကျေသွားပြီဆိုတဲ့မျက်နှာတွေ၊ သူတို့ ပြုံးပျော်နေကြတယ်။ အချင်းချင်းတွန်းထိုးပြီးတော့ စနောက်နေကြ တယ်။ ဒါပေမဲ့ အနော်ကတော့ သူတို့ထဲမှာ အရာမဝင်တဲ့ပုံစံမျိုးပေါ့။ ပြောရမယ်ဆိုရင် သူတို့ရဲ့ ပါးစပ်က ထုတ်မပြောသော် လည်းပဲ နင်တာဝန်မကျေသေးဘူး။ ငါတို့က တာဝန်ကျေသွားပြီ။ နင်နဲ့ ငါတို့နဲ့ ဘ၀မတူတော့ဘူး။ အဆင့်အတန်းခြင်း မတူဘူး ဆိုပြီး ပြောနေသလိုပဲ ခံစားရတယ်။”

ထပ်ဆိုးလာတော့ အနော်အိပ်နေရင်းတင် မကတော့ဘူး။ နိုးနေရင်လည်း ရဲဘော်တွေကို မြင်နေရတော့တယ်။ အနော်လည်း စိတ်ဓါတ်တွေကျလာတယ်။ သူတစ်ယောက်တည်း ကျန်ခဲ့ပြီး သူ့ရဲဘော်တွေ ကျဆုံးသွားခဲ့တာက သူ့ကိုယ်သူ တာဝန်မကျေ သလိုခံစားလာရတယ်။ ဒါကြောင့် သူ့ရဲဘော်တွေနောက်ကို လိုက်ဖို့ ကြိုးစားခဲ့သေးတယ်။

“အနော့်ကို တစ်ယောက်တည်းထားခဲ့တယ်လို့ ခံစားရတယ်။ အဲ့ဒီအချိန်တုန်းကဆိုရင် သုံးလဆက်တိုက် အိပ်လို့မပျော်တော့ ဘူး။ ဘာမှလည်း မစားဖြစ်တော့ဘူး။” လို့အနော်က သူခံစားခဲ့ရတာတွေ ပြန်ပြောပြတယ်။

အဲဒီအချိန်တုန်းက အနော်က တော်လှန်ရေးမှာ မြို့ပြ UG အဖွဲ့တစ်ခုမှာ ပါဝင်နေတာ။ ၂၀၂၁ နှစ်ကုန်လောက်မှာ ကရင် ပြည်နယ်က လေးကေ့ကော်မြို့သစ်ကို တာဝန်တစ်ခုနဲ့ အနော်ထွက်လာရတယ်။ လေ့ကေ့ကော်မှာ တစ်နှစ်လောက်နေပြီး တိုက်ပွဲဖြစ်လာတော့ ထိုင်းမြန်မာနယ်စပ်ဒေသတစ်ခုကို ထပ်ရောက်လာခဲ့ရတယ်။ အဲ့ဒီနှစ်မှာပဲ မြို့ပြမှာ ကျန်ခဲ့တဲ့ ရဲဘော်တွေ ဖမ်းဆီးခံလိုက်ရတယ်။ ချေမူန်းခံလိုက်ရတယ်။

သူ့တာဝန်ထဲ ရဲဘော်တွေရဲ့ မှတ်တမ်းတွေ ထိန်းသိမ်းရတာလည်း ပါတယ်။ ဒီတော့ ကျဆုံးရဲဘော်တွေအကြောင်း ဓါတ်ပုံတွေ တွေ့ရပြီး စိတ်ထိခိုက်ရတယ်။ ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေအတွက် ယူကြုံးမရဖြစ်ရသလို သူကိုယ်တိုင်လည်း တာဝန် မကျေသလို ခံစားခဲ့ရတာပါ။

လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်အောင်ခံစားခဲ့ရတဲ့ဝေဒနာတွေကို နော်ဖရိုင်းဒေးလို့ခေါ်တဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ အနော်က အခုချိန်မှာ အေးဆေးထိုင်ပြောပြနေတာပါ။ ဒီလိုထိုင်ပြော ပြနိုင်ဖို့လည်း သူက အများ ကြီး ကျော်ဖြတ်ခဲ့ရတယ်။ အဲ့ဒီထဲမှာ သူ့ကိုယ်သူ ပြန်ရှာတွေ့နိုင်ခဲ့တဲ့ အလုပ်တစ်ခုကြောင့်လည်း အခုထိရပ်တည်နိုင်တာ။ အဲ့ဒါက ‘ငါတို့စာသင်ကျောင်း’ ဆိုတဲ့ ကျောင်းတစ်ခုတည်ထောင်ကာ မြန်မာရွှေ့ပြောင်းလုပ်သားနဲ့ စစ်ဘေးရှောင်တွေရဲ့ ကလေးငယ်တွေကို စာသင်ပေးခဲ့တာပါ။

“သူတို့တွေနဲ့မတွေ့ခဲ့ရင် အနော်ကသေလူပဲ။ အနော်သေသွားခဲ့ပြီ။ သူတို့တွေကြောင့် အနော်အသက်ရှင်နေရာတာ အဓိပ္ပါယ် ရှိ တယ်။ သူတို့တွေကြောင့်မို့ပဲ ဆက်ပြီးတော့ ငါအသက်ရှင်နေရဦးမယ်ဆိုတဲ့ ခံစားချက်ကို ရခဲ့တာပေါ့။” လို့အနော်ကဆိုတယ်။

ကျောင်းစတင်ဖြစ်ခဲ့တာလည်း မထင်မှတ်ဘဲ စတင်ခဲ့တဲ့သဘောပါပဲ။ တော်လှန်ရေးမတိုင်ခင်က အနော်က NGO တစ်ခုမှာ လုပ်ကိုင်ဖူးတော့ သူသွားရတဲ့ ဒေသတွေမှာ ကလေးတွေကို စာသင်ပြဖူးတာလုပ်ခဲ့ဖူးတယ်။ ဒီမှာတော့ အဲ့လို စိတ်ကူးမရှိဘဲ ရုတ်တရက် စတင်ဖြစ်သွားတာ။

အထက်မှာ ဖော်ပြခဲ့သလို အနော်စိတ်ကျန်းမာရေး ခံစားနေရတဲ့အချိန်မှာပဲ အဆက်အသွယ်ပြတ်တောက်နေတဲ့ အနော်ရဲ့ ရဲဘော်တစ်ချို့ ပြန်ဆက်သွယ်လာတာ ကြုံရတယ်။ အဲ့ဒါကြောင့် အနော်လည်း အလုပ်လုပ်ရမယ့် တာဝန်တွေ ရှိသေးပါလား ဆိုပြီး အသိဝင်လာခဲ့တယ်။ ဒါကြောင့် စိတ်ကျန်းမာရေး ကုသဖို့ မိတ်ဆွေတစ်ဦးဆီ အကူညီတောင်းခဲ့တယ်။ အနော် ဆေးရုံ တစ်လကျော်တက်လိုက်ပြီး ဆေးသောက်တာတွေ၊ နှစ်သိမ့်ဆွေးနွေးမှုခံယူတာတွေနဲ့ ကုသမှုခံယူခဲ့တယ်။

ပြီးတော့ စိတ်ပြေလက်ပျောက် မဲဆောက်မြို့ပေါ်က မိတ်ဆွေတွေဆီသွားလည်ရင်း ဒီစာသင်ကျောင်းလေးကို စတင်ဖို့ဖြစ်လာ ခဲ့တယ်။ အဲ့အချိန်အထိ အနော်ရဲ့စိတ်က ပုံမှန်မဟုတ်သေးဘူး။ ဆေးတွေသောက်နေရတုန်းပါပဲ။ ကုသမှုခံယူပြီးပေမယ့် စိတ် က လေလွင့်နေတုန်းပဲလို့ အနော်ကဆိုတယ်။

“ဆေးရုံတက်ပြီးတဲ့နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့တည်ဆောက်တယ်ပေါ့နော်။ အဲ့ဒီအချိန်မှာ ဘာလုပ်လို့ လုပ်ရ မှန်းလဲ မသိဘူးဖြစ်နေတာပေါ့။ ဘ၀ရှင်သန်ရတဲ့အဓိပ္ပါယ်ပျောက်ပြီးတော့ လမ်းပျောက်နေတာပေါ့နော်။ လမ်းပျောက်ပြီး တော့ အသက်ရှင်ချင်စိတ်မရှိတော့ဘူး ဖြစ်နေတဲ့အချိန်မှာ ဒီကလေးတွေနဲ့ စပြီးတော့တွေ့တယ်။” လို့ အနော်က ဆိုတယ်။

အနော်နေတဲ့ ထိုင်းနယ်စပ်တစ်နေရာကနေ မဲဆောက်ကိုရောက်တော့ မြန်မာစစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ ရပ်ကွက် တစ်ခုနားကို ရောက်ခဲ့တယ်။ အဲ့ဒီမှာ မြန်မာတစ်ဦး ရောင်းတဲ့ တုတ်တိုးဆိုင်လေးမှာထိုင်နေရင်း ဆိုင်က ကလေးငယ်တွေရဲ့ အပြုအမူတစ်ခုကို သတိပြုမိသွားတယ်။ အဲဒီဆိုင်က မိဘကိုကူနေတဲ့ကလေးနှစ်ယောက်က ထိုင်းကကလေးတွေ ကျောင်း ဆင်းတာကို ငေးကြည့်နေတာပါ။ သူတို့ဟာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကြောင့် ကျောင်းမတက်နိုင်ကြပါဘူး။

“ သူတို့မျက်လုံးတွေထဲမှာ အနော်တစ်ခုတွေ့လိုက်တယ်ပေါ့နော်။ အမှတ်တမဲ့ပါပဲ။ သူတို့တွေရဲ့ သိမ်ငယ်မှုတွေ ပုံမှန်အတိုင်းပဲ တခြားကလေးတွေလိုပဲ စာသင်ခန်းထဲမှာရှိနေရမယ့်အချိန်မှာ စာသင်ခန်းထဲမှာ ရှိမနေနိုင်ဘဲ မိဘတွေနဲ့အတူတူ ဒုက္ခတွေ ကြားထဲမှာနေနေရတယ်ပေါ့နော်။ သူတို့ကျောင်းတက်ချင်တယ်။ သူတို့လိုအပ်ချက်လေးတွေကို သူတို့မျက်လုံးထဲမှာ ဖတ် လိုက်ရတယ်။ အဲ့အချိန်မှာ အနော့်ဘ၀မှာ ဘာဆက်လုပ်ရမလဲဆိုတာ ရုတ်တရက် ရင်ထဲမှာအလင်းပွင့်သွားတာပေါ့နော်။” လို့ သူခံစားလိုက်ရတာကို အနော်က ပြန်ရှင်းပြတယ်။

ကလေးတွေနဲ့လည်း အနော်စကားပြောကြည့်တော့ သူတို့ရဲ့ကျောင်းတက်ချင်စိတ်ကို သိလိုက်ရတယ်။ ဒါနဲ့ အနော်လည်း ကလေးမိဘတွေကို ဆက်ပြီး စကားပြောကြည့်တယ်။ သူတို့ကို မေးတယ်။ အနော့်ဆီက ဘာလိုချင်လဲပေါ့။ ဘာရချင်လဲပေါ့။ ကလေးမိဘတွေကတော့ ဒီကလေးတွေကို ဆရာမ အခုလိုစာလာသင်မယ်ဆိုတော့ ကောင်းတာပေါ့တဲ့။ ကျနော်တို့မှာ ကျောင်း လည်း မထားနိုင်ဘူး။ စာလာသင်ပေးမယ်ဆိုကျေးဇူးတင်တာပေါ့။ ကျနော်တို့အတွက် ဘာမှမလိုဘူးဆိုပြီး အနော့်ကို ပြောပါ တယ်။

အဲဒီနားမှာ နေကြတာက စစ်ရှောင်မိသားစုတွေများပါတယ်။ ယခင်မြန်မာဘက်မှာ စိုက်ပျိုးရေးလုပ်ကိုင်သူတွေက တိုက်ပွဲတွေ ဖြစ်လာတော့ ဒီဘက်ရှောင်လာကြပြီး ကြုံရာလုပ်ကိုင်စားနေကြရတာပါ။ အဲ့ဒီနေရာမှာ တဲလေးကိုးလုံးရှိတော့ အနော်က ကိုးအိမ်စုလို့ နာမည်ပေးခဲ့တယ်။

၂၀၂၂ ဒီဇင်ဘာမှာတော့ ကိုးအိမ်စုမှာ ကလေး ၁၃ ယောက်နဲ့ ကျောင်းကို အနော်တစ်ယောက်တည်း စတင်ခဲ့တယ်။ နောက် တော့ ရင်ဘတ်တူ သူတွေ စုလာပြီး စာသင်ပေးမယ့် ဆရာတွေ ၊ ကျောင်းအတွက်လိုအပ်တဲ့ စာအုပ် ခဲတံတွေနဲ့ စာသင်ခုံတွေပါ လာကူကြတယ်။ အဲ့ဒီမှာ ကလေးတွေအတွက် တစ်ကယ့်စာသင်ကျောင်းလို ခံစားရအောင် မနက် ၉ ကနေ ညနေ ငါးထိ ဆရာအင်အား လေးငါးခြောက်ယောက်နဲ့ သင်နိုင်ခဲ့တယ်။

ကျောင်းနာမည်ကိုလည်း ကလေးတွေကိုပဲ ၀ိုင်းဝန်းစဉ်းစားရွေးချယ်စေတယ်။ ကျောင်းစာအုပ်ကဗျာထဲက နေခြည်မှာရွှေရည် လောင်း ငါတို့စာသင်ကျောင်းဆိုတဲ့ စာသားအတိုင်း ကလေးတွေကိုယ်တိုင်က ‘ငါတို့စာသင်ကျောင်း’ ဆိုတဲ့အမည်လေးပေးခဲ့ တယ်။

ခြောက်လအတွင်းမှာတော့ ကလေးတွေ ထပ်တိုးလာပြီး ၅၀ လောက်အထိဖြစ်လာတယ်။ ဒါ့အပြင် လူကြီးတွေအတွက်လည်း ည ကျောင်းလေးဖွင့်ဖြစ်တယ်။ ဖွင့်ဖြစ်ရတဲ့ရည်ရွယ်ချက်က ကလေးမိဘတွေက တောင်းဆိုလာတာကြောင့်ပါ။ ဒီဘက်မှာ နေ ထိုင်ရတာ ထိုင်းစကားမတတ်တဲ့အတွက် သူတို့မှာ အခက်အခဲဖြစ်ရတယ်လို့ဆိုတယ်။ ဒါကြောင့် အနော်လည်း ထိုင်းစကား မတတ်ပေမယ့် သူကိုယ်တိုင် သင်တန်းတက်ပြီး သူတက်သမျှကို တစ်နေ့စာတစ်နေ့ ည ၇ ကနေ ၉ အထိ ပြန်သင်ပေးဖြစ်ခဲ့ တယ်။ ဒါ့အပြင် မြန်မာစာ အရေးအသား၊ အတွက်အချက်မရသူတွေကိုလည်း သင်ပေးဖြစ်တယ်။

“ ဆရာမရယ် ထိုင်းစကားမတတ်လို့အနှိမ်ခံရတယ်။ ထိုင်းစကားတတ်ချင်တယ်ပေါ့။ အနော်လည်းမတတ်ဘူး။ ဒါပေမယ့် လေ့ လာမယ်ပေါ့။ အနော်တစ်နေ့စာတစ်နေ့ လေ့လာမယ်။ အနော်လေ့လာသလောက်လည်း Sharing လုပ်မယ်ဆိုပြီးတော့မှ နေ့ တိုင်း ထိုင်းစာသင်တန်းတက်ပြီးလေ့လာတယ်။” လို့ အနော်က ဆိုတယ်။

ကျောင်းဖွင့်တာ ငါးလကျော်အကြာမှာပဲ နောက်ထပ် ကျောင်းခွဲတစ်ခု ထပ်ဖွင့်ရဖို့ကြုံလာတယ်။ ကိုးအိမ်စုနဲ့ မိနစ် ၂၀ လောက် သွားရတဲ့နေရာမှာ ထိုင်းလူမျိုးပိုင် ကြံခင်း၊ ပြောင်းခင်းတွေမှာ လာပြီးအလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းလုပ်သားကလေးတွေ က လည်း စာသင်ချင်ကြတာပါ။ အနော်က အဲ့ဒီရွှေ့ပြောင်းလုပ်သားတွေနဲ့ သွားရောက် စကားပြောဖြစ်ခဲ့တယ်။

သူတို့က ဒီဘက်ရောက်တာ ၁၀ စုနှစ်တစ်ခုကျော်ရှိပြီ။ ပြောရရင် ဦးသိန်းစိန်အစိုးရမတက်ခင် ၂၀၁၀ လောက်တည်းက ရွှေ့ ပြောင်း အလုပ်လာလုပ်ခဲ့ကြတာ။ ပြောင်းချိုး၊ကြံစိုက်၊ကြံခုတ်နဲ့ ခြံအလုပ်တွေကို အလုပ်သမားအဖြစ်လုပ်ကိုင်ကြတယ်။ တစ် နေ့ကို ဘတ် ၁၅၀ ၊ ၂၀၀ လောက် (မြန်မာငွေ တစ်သောင်းကျော်ခန့်)နေ့စားခရကြတယ်။

ဒါပေမဲ့ အလုပ်ကနေ့တိုင်းမရှိဘူး။ အလုပ်ရှိတဲ့ရက်ဆို လုပ်ခရပြီး အလုပ်မရှိတဲ့ရက်ဆို ချွေတာစားသောက်နေကြရတယ်လို့ သူတို့ကဆိုတယ်။ ဒါကြောင့် တစ်နေ့စာ တစ်နေ့စားဖို့တောင်ရုန်းကန်နေရတဲ့အထဲ ကလေးတွေကို ကျောင်းမလွှတ်နိုင်ဘူး။ ဒီမှာ ကျောင်းထားရင်လည်း ကျောင်းစာရိတ်က လစဉ်ပေးရတာရှိတယ်။ ဒါကြောင့် ကလေးတွေက ကျောင်းမတက်နိုင်ကြဘဲ မိဘအလုပ်တွေမှာ နိုင်သလောက် ဝင်ကူကြရတယ်။

အနော်က ကျောင်းလာဖွင့်ပြီး စာသင်ပေးမယ်ဆိုတော့ ဝမ်းပန်းတသာ လက်ခံကြတယ်။ အနော်စကားပြောကြည့်တော့ သူတို့ မှာ ဘာမှပေးစရာမရှိဘူးလို့ ဆိုတယ်။ အနော်က ဘာမှပေးဖို့မလိုဘဲ လိုအပ်တဲ့ စာအုပ်ခဲတံတွေပါ ယူလာသင်ပေးမယ်ဆိုပြီး ‘ငါတို့စာသင်ကျောင်း’ ၂ ကို ဖွင့်ခဲ့ပါတယ်။ အနော်ကတော့ ကျောင်းနှစ်ကျောင်းကို ဟိုဘက် ဒီဘက် သွားလာ သင်ရတယ်။

‘ငါတို့စာသင်ကျောင်း’ ၂ စစခြင်းမှာတော့ ကလေး ၂၃ ယောက်လောက်နဲ့ စခဲ့တာ အခုဆိုရင် ကလေး ၄၈ ယောက်အထိရှိ နေပါပြီ။ ‘ငါတို့စာသင်ကျောင်း’ ၂ ဖွင့်ပြီးမကြာပါဘူး။ ပထမ ကိုးအိမ်စုက စာသင်ကျောင်းကို ပိတ်ရဖို့ကြုံလာတယ်။ ထိုင်း လူမျိုး တစ်ယောက်နဲ့ ပြဿနာဖြစ်တော့ အတိုင်ခံရပြီး အနော်တို့ကျောင်းနေရာက ဆက်ဖွင့်ဖို့ မဖြစ်နိုင်တော့တဲ့အထိ ဖြစ်လာ တယ် ။

အစကတည်းက မြေပိုင်ရှင် ထိုင်းသူဌေးကို နားလည်မှုယူပြီး ဖွင့်ထားတာဖြစ်တဲ့အပြင် တချို့လာသင်တဲ့ ဆရာ၊ဆရာမတွေ ကလည်း အထောက်အထားတွေ မပြည့်စုံတဲ့အခါ ဆက်သင်ဖို့ အခက်အခဲဖြစ်လာတယ်။ ဒါကြောင့် လူကြီးတွေအတွက် ဖွင့်တဲ့ ညကျောင်းကိုပိတ်ပြီး နေ့ ကျောင်းပဲ ထိုင်းသူဌေးကို နားလည်မှုနဲ့ပြောပြီး ထားရတော့တယ်။ နေ့တောင်မှ မနက်တစ်ပိုင်းပဲ ဖွင့်ရပြီး ဆရာတစ်ယောက် ကနေ တာဝန်ယူသင်ပေးနေတယ်။ လက်ရှိမှာ အဲဒီကျောင်းမှာ ကျောင်းသားဦးရေ ၁၈ ဦးလောက်ပဲ ကျန်ပါတော့တယ်။

အနော်ကတော့ ‘ငါတို့စာသင်ကျောင်း’ ၂ မှာ ညနေပိုင်း လက်ရှိ ကလေး ၄၈ ယောက်ကို စာသင်နေပါတယ်။ ကျောင်းဆို ပေမယ့် ခန့်ခန့်ထည်ထည် ဆောက်လုပ်ထားတဲ့ အဆောက်အဦးတော့ မဟုတ်ပါဘူး။ ဓနိမိုး၊ ထရံကာ လူနေတဲ့ တဲအိမ်နံဘေး မှာ အဖီလေးဆွဲထုတ်ထားတာပါ။ နေရာအနေအထားက ကလေး ၃၀ လောက်သာဆန့်ပေမယ့် ၄၈ ယောက်လောက် ကျပ်ကျပ် တည်းတည်း သင်ကြရတယ်။

ကလေးတွေက အသက်အရွယ်စုံပဲ။ လေးနှစ်ကနေ ၁၅ နှစ်အထိရှိကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ပညာအရည်အချင်းကတော့ တန်းတူတွေပါပဲ။ စာရေး ၊ စာဖတ်တာကို အခုမှ စတင်သင်ကြားနေရတုန်းပါ။ အခုဆို တစ်နှစ်ကျော်လာတော့ ကလေးတွေ စာဖတ်တတ်လာပြီ။ ရေးတတ် ၊ တွက်တတ်လာကြပြီ ။

အနော်နဲ့ အတူသင်ပေးတဲ့ ဆရာတစ်ယောက်ကလည်း “ အဂ်လိပ်စာဆိုရင် မေးထူးခေါ်ပြော ပြောနိုင်တယ်။ တော်တော် တိုးတက်လာတယ်။ ဒီကလေးတွေ ။ ကျနော်တို့ဆို မြင်နေရတယ်။ အခြေခံပညာရေးသင်တာတော့ မဟုတ်ဘူး။ ကျောင်းဆို တာထက် တစ်ခုခုရသွားအောင် ကလေးတွေ။ အများကြီး တိုးတက်လာတယ်။ အရင်ကစာမဖတ်တတ်ဘူး။” လို့ ဆိုပါတယ်။

ဆရာက အသက် ၃၀ ကျော် လူငယ်ပဲဖြစ်ပြီး ကလေးတွေကို အခြေခံ ပန်းချီနဲ့ဂီတ သင်ပေးတာပါ။ သူအပါဆို လက်ရှိ ကျောင်း နှစ်ကျောင်းမှာ ဆရာသုံးဦးက လက်ရှိ သင်ကြားပေးနေပါတယ်။

အဓိကက ကျောင်းမှာ အနော်သင်တာက အစိုးရ စာသင်ကျောင်းတွေနဲ့ ပုံစံကွဲပါတယ်။ မြန်မာစာ၊အဂ်လိပ်စာ၊ သင်္ချာ စတဲ့ အခြေခံ အရေး အဖတ် အတွက်အချက်တွေအပြင် သဘာ၀ပတ်ဝန်းကျင် ၊ပထဝီ ၊ သမိုင်း အခြေခံတွေရအောင်တော့ သူတို့ကို သင်ပေးတယ်။ ပြီးတော့ ကလေးတွေကို လူ့အခွင့်အရေးကို နားလည်စေဖို့ ကိုယ့်အခွင့်အရေး ကိုယ်သိဖို့နဲ့ လွတ်လပ်စွာ ပညာ သင်ကြားခွင့်၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် စတာတွေကို နားလည်စေဖို့ အဓိကထား သင်ပေးတယ်။

အနော်ရဲ့ သင်ရိုးစနစ်က ဘောင်တွေခတ်မထားဘဲ လွတ်လပ်စွာ သင်ကြားတဲ့ စနစ်ဖြစ်တယ်။ အခြေခံဘာသာရပ်တွေအပြင် ကလေးငယ်တွေကို စာပေအပြင် ဂီတ၊ ပန်းချီစတဲ့အရာတွေကိုပါ သင်ပေးပါတယ်။ ပြီးတော့ တစ်ကိုယ်ရေသန့်ရှင်းရေး ကိစ္စ တွေ ၊ မိမိကိုယ်ကိုယ် ကျန်းမာသန့်ရှင်းအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာတွေပါ သင်ကြားပေးတယ်။

ကလေးတွေအတွက် သာမကပါဘူး။ ကလေးမိဘ ရွှေ့ပြောင်းလုပ်သားတွေအတွက်ပါ အိမ်သာဆောက်ပေးတာ၊ ရေသန့်စင် စနစ်တွေလုပ်ပေးတာနဲ့ ကျန်းမာရေးပညာပေး ကိစ္စတွေပါ တစ်ပါတည်း ကူညီပေးနေပါသေးတယ်။

လက်ရှိမှာတော့ အနော်က ကျောင်းအတွက် သင်ရိုးညွှန်းတမ်းတွေ ပြင်ဆင်ဖို့ ကြိုးစားနေတယ်။ ပညာရေးဘက်က မိတ်ဆွေ တွေကလည်း အကြံပြုတာတွေရှိတယ်။ နိုင်ငံတကာပညာရေးကို လက်လှမ်းမီအောင် သင်ရိုးတစ်ခုဆွဲထားပြီး ကိုယ့်ရဲ့ ကလေး တွေ အရည်အချင်းမီတယ်ဆို နိုင်ငံတကာကလုပ်တဲ့ စာမေးပွဲတွေမှာ ဝင်ရောက်ဖြေနိုင် ဆက်တက်နိုင်ဖို့ပါ။

“ အနော်က ဘယ်လောက်ထိရည်ရွယ်ထားသလဲဆိုရင် GED ပညာရေး အစရှိသဖြင့်ပေါ့။ နိုင်ငံတကာ ပညာရေးကို ဆက်သွားနိုင်တဲ့ အထိပေါ့ ဖြည်းဖြည်းခြင်းခေါ်သွားမယ်လို့ စဉ်းစားထားတယ်။” လို့ ရည်မှန်းချက်ကို ရှင်းပြပါတယ်။

လတ်တလောမှာတော့ ငွေကြေးအနေအထားအရရော ကျောင်းသားဦးရေ များလာတာရောကြောင့် ထင်သလောက် ခရီးတော့ မပေါက်သေးပါဘူး။ အနော်စတင်ကတည်းက ဘယ်သူ့ဆီကမှ ရန်ပုံငွေယူပြီး စခဲ့တာ မဟုတ်ဘဲ ကိုယ်တတ်နိုင်တဲ့ ဝင်ငွေနဲ့ပဲ ရပ်တည်နေတာဖြစ်တဲ့အတွက်ဖြေးဖြေး မှန်မှန်ပဲ သွားနေရတယ်။

ကျောင်းစတင်တုန်းကဆို စာအုပ်တွေ မဝယ်နိုင်လို့ စာရွက်ကလေးတွေနဲ့ စသင်ရတယ်။ နောက်တော့မှ သိလာတဲ့ အလှူရှင် တွေက ကူကြသလို အနော်ကလည်း ညဘက် ဘားတွေမှာ သီချင်းဆိုတယ်။ မဲဆောက်မှာ မုန့်လေးတွေရောင်းတဲ့ ဆိုင်ကလေး တစ်ခု တည်ထားတယ်။ အဲဒီကရတဲ့အမြတ်ရယ် သီချင်းဆိုတာက ရတဲ့ဝင်ငွေတွေနဲ့ ကျောင်းအတွက် လိုအပ်တာတွေ ဖြည့် ဆည်းတယ်။

အနော့်ကို ကူကြတဲ့သူတွေလည်း ရှိတယ်။ ကျောက်သင်ပုန်းတွေ ၊ စာအုပ် ၊ ခဲတံတွေနဲ့ ကလေးတွေ စာသင်နိုင်ဖို့ စာသင်ခုံ လေးတွေ စသဖြင့် ကူကြတဲ့သူတွေရှိတယ်။ ဒါပေမဲ့ အခုထိတော့ ဖတ်စာအုပ်တွေ မထုတ်နိုင်သေးဘူး။ ဖုန်းထဲက စာတွေကို ကျောက်သင်ပုန်းမှာ ကူးရေးပြီး သင်ပေးရတယ်။

ဒီလိုရပ်တည်ရင်း အနော် စိတ်ဓါတ်ကျရတဲ့ အချိန်တွေလည်း ကြုံရတယ်။ ကလေးတွေ စာအုပ်၊ခဲတံ ကုန်တဲ့အချိန်ပါ။ ဝယ် ပေးဖို့လည်း အဆင်မပြေသေး။ စာအုပ်တွေလည်း ကုန်နေပြီဆို အနော်ခေါင်းပူရပြီ။

“ တစ်ခါတစ်လေကျရင် စာအုပ်တွေက ကုန်သွားပြီ။ သူတို့လည်း စာအုပ်က နောက်ဆုံးစာမျက်နှာကို ရောက်နေကြပြီ။ သုံး လေးယောက်က အဲ့လိုကျရင်ရင်တွေပူရတာပေါ့နော်။” လို့ အနော်ကဆိုတယ်။

ဒါပေမဲ့ ကလေးတွေက သိတတ်လွန်းတယ်လို့ အနော်ကဆိုတယ်။ စာအုပ် ခဲတံတွေဆိုလည်း ရိုရိုသေသေ သုံးကြတယ်။ ခံတံဆို တော်တော်လေး တိုတဲ့အထိ သုံးပေးတယ်လို့ အနော်ကဆိုတယ်။ အနော်လည်း ဝင်ငွေလည်း ရသလောက်နဲ့ စာအုပ် ၊ ခဲတံ ၊ ကျောပိုးအိတ်ဆိုလည်း အလှည့်ကျဝယ်ပေးတာမျိုးတွေ လုပ်ပေးပါတယ်။

“ ဒီကလေးတွေကို တစ်ခါမှ မရိုက်ခဲ့ဘူး။ တစ်ခါမှ ကြမ်းကြမ်းတမ်းတမ်းဆူရတာမျိုး မရှိခဲ့ဘူး။ ဒါပေမဲ့ သူတို့တွေ လိမ္မာကြ တယ်။ သူတို့ဟာသူတို့ ပြောစရာမလိုဘူး အနော့်ကို ချစ်ကြတယ်။ ဒါအနော်ပေးတဲ့ မေတ္တာကြောင့်လို့တော့ထင်တယ်။ အဲ့ဒီ မေတ္တာကလည်း အနော်ကတော့ အမေမရှိခဲ့ဘူးပေါ့နော်။ အနော်ပေးနေတဲ့မေတ္တာက အနော့်အမေသာရှိနေမယ် ဆိုရင်တော့ အမေက ပေးတဲ့မေတ္တာနဲ့ အတူတူပဲထင်ပါတယ်။” လို့ အနော်ကဆိုတယ်။

ရေရှည်အတွက်တော့ လစဉ်ပဒေသာပင် ရန်ပုံငွေထည့်တဲ့ပုံစံမျိုးနဲ့ ဆက်သွားမယ်လို့ အနော်က စဉ်းစားထားတယ်။ ဘာလို့ လဲဆိုတော့ ကျောင်းသားကလည်း များလာပြီး လိုအပ်ချက်တွေကလည်း ပိုလိုလာတဲ့အခါ အနော်တစ်ယောက်တည်း ရုန်းကန် ရှာဖွေရတာလည်း လွယ်ကူမနေပါဘူး။ အခုဆို ကျောင်းတက်ရက်ကို တစ်ပတ်လေးရက် ညနေပိုင်းစာသင်နေပါတယ်။ ကျန်တဲ့ သုံးရက်ကတော့ ကျောင်းအတွက် အနော် အလုပ်လုပ်ရပါတယ်။

“အခုကကျောင်းသားများလာတော့ ဒီထက်ပိုပြီးတော့ စီးပွားရေး လိုလာတယ်ပေါ့နော်။ သူတို့လိုအပ်ချက်တွေများလာတယ်။ စာအုပ်ခဲတံ ကုန်တာ မြန်တယ်ပေါ့နော်။” လို့ အနော်က ဆိုတယ်။

အနော့်ရည်ရွယ်ချက်ကတော့ ကလေးတွေကို နောက်ထပ် ပညာရေးတွေ လက်လှမ်းမီနိုင်တဲ့အထိ ဆောင်ရွက်ပေးဖို့ စဉ်းစား ထားပါတယ်။ ဒါပေမဲ့ သူဒီလိုလုပ်နေတာတွေက အပေးသက်သက်ကြီးမဟုတ်ဘဲ သူ့အတွက်လည်း ရှင်သန်ရှာ ဘ၀ အဓိ ပ္ပါယ်ကို ရှာဖွေနေရတာပဲလို့ ပွင့်ပွင့်လင်းလင်းဆိုတယ်။

“ အမြင်အရတော့လာပေးတဲ့သူ ဖြစ်ရင်ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ အနော်က လာပေးတာမဟုတ်ဘူး။ လာယူနေတာ။ အနော် သူတို့ဆီက ဘာတွေယူလဲဆိုရင် အနော့်မှာ ဆုံးရှုံးသွားတဲ့နွေးထွေးမှုတွေ ၊ အနော့်မှာ မရှိတော့တဲ့ အနော့်ဘ၀ရှင်သန်မှု အဓိ ပ္ပါယ်တွေ သူတို့ဆီက အနော်နေ့တိုင်းရတယ်။ အချိန်တိုင်းမှာရတယ်။ အနော်ရတာက မျက်လုံးနဲ့မမြင်ရပေမယ့် အနော့် အသက်နဲ့ထပ်တူ တန်ဖိုးရှိတဲ့အရာတွေ” လို့ အနော်ကပြောတယ်။

တော်လှန်ရေး အလွန်ကာလမှာရော ဘယ်လိုတွေ စဉ်းစားထားလဲလို့ အနော့်ကိုမေးကြည့်တယ်။ သူကတော့ တော်လှန်ရေး အောင်မြင်တဲ့အခါ သူ့နေရပ်ကို ခဏ အလွမ်းပြေပြန်မယ်လို့ဆိုတယ်။ ပြီးရင်တော့ ဒီကလေးတွေဆီပဲ ပြန်လာပြီး သူတို့နဲ့ အတူ ဆက်နေထိုင် ရုန်းကန်မယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ကလေးတွေကို စာသင်နေရင်း တော်လှန်ရေးအတွက်လည်း လုပ်ကိုင်နေတယ်။

အခုတော့ အနော်က ကျန်းမာရေးလည်း ကောင်းစပြုနေပါပြီ။ ဒါပေမဲ့ ကျောင်းအတွက် အခက်အခဲဖြစ်လာတဲ့အခါ စိတ်ညစ် တာတွေ ပင်ပန်းရတာတွေ ဖြစ်နေရတုန်းပဲ။ ကျနော်သူ့ကို အင်တာဗျူးတဲ့ အခါမှာလည်း သူ့ရဲ့အကြောင်းတွေ ပြန်ပြောပြရ တာမို့ စိတ်အဆင်မပြေဖြစ်လာတာကြောင့် ခဏလောက် အင်တာဗျူးတာ ရပ်ပေးဖို့ ဆိုတယ်။ သူ့စိတ်ငြိမ်တဲ့အခါ ပြန်ပြီး ဆက် ပြောကြတယ်။

အနော်ကတော့ လက်ရှိနေနေရတဲ့ ဘ၀ကိုကျေနပ်နေပါတယ်။ သူတို့နဲ့နေရတာဟာ “သိုက်သိုက်ဝန်းဝန်းနဲ့ ငါတို့အကုန်လုံး အတူ ရုန်းကြမယ်ဆိုတဲ့အင်အားတွေရတယ်။ သူတို့လည်း အနော်ရှိနေတဲ့အတွက် အားရှိတယ်ပေါ့နော် …. အနော့်အတွက် ကတော့ အရာရာပါပဲ။” လို့ အနော်က ဆိုပါတော့တယ်။

Leave a Comment

8 comments

最佳Binance推荐代码 December 12, 2025 - 6:52 am

Thanks for sharing. I read many of your blog posts, cool, your blog is very good.

Reply
bmw555login December 22, 2025 - 10:47 pm

Alright mate, just clocked bmw555login. Seems decent enough for a quick spin. Fingers crossed for some luck though. Check it out yourself bmw555login.

Reply
jl10 casino January 12, 2026 - 11:10 am

https://www.jl10-casino.net I am thanksful for this post!

Reply
okbet15 January 14, 2026 - 3:39 pm Reply
pesomaxfun January 14, 2026 - 8:36 pm Reply
w88linkbogata January 26, 2026 - 4:04 am

Yo, been hearing buzz about w88linkbogata! Gave it a peek and it appears to be a solid option for accessing W88. Worth checking out if you’re looking for a reliable link: w88linkbogata

Reply
jili7loginregistration January 26, 2026 - 4:05 am

What’s up playas! Jumped on jili7loginregistration. Seems like a simple spot to get registered and playing. Worth checking out if you’re new to Jili7: jili7loginregistration

Reply
mb6666 January 26, 2026 - 4:05 am

Alright, what’s the buzz around mb6666? Is it the next hot thing? Got my eye on those potential wins! Peeking into mb6666 now!

Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing