မဏ္ဍိုင်၊ ဇွန် ၅၊ ၂၀၂၅။
ပြီးခဲ့တဲ့ မေလ မနက်ခင်းတစ်ခုမှာ အသက် ၄၅ နှစ်အရွယ် ဒေါ်ဝင်းမြင့် (အမည်လွဲ) တစ်ယောက် သူတို့နေထိုင်တဲ့ ယာခင်းထဲက သရက်ပင်အောက်မှာ သရက်သီးတွေကို လိုက်ကောက်ပြီး စုပုံနေပါတယ်။ လူငယ်လေးတစ်ဦးက သရက်သီးတွေကို ခူးချပေးနေတာပါ။ သရက်သီးကောက်နေရင်း နောက်ထပ်သရက်သီးတွေကို ခူးချနိုင်ဖို့ အသီးတွေ စုပြုံနေတဲ့ အကိုင်းရှိရာကို မော့ကြည့်ပြီး လူငယ်လေးကို ညွှန်ပြလိုက်တယ်။
အဲအချိန်မှာပဲ သူရဲ့ ဘယ်ဘက်ခြေထောက်၊ ခြေကျင်းဝတ်အထက်နားတဝိုက်မှာ စူးကနဲ နာကျဉ်သွားပါတယ်။ ဒေါ်ဝင်းမြင့် အောက်ကိုကြည့်လိုက်တဲ့အခါမှာတော့ အရှည် ၁ပေခွဲအကျော်ကျော် အညိုရောင်ကိုယ်ထည်ပေါ်မှာ စက်ဝိုင်းပုံ အနက်ရောင် အစက်ကွင်းတွေရှိနေတဲ့ ခပ်ထွားထွား မြွေပွေးတစ်ကောင်ကို တွေ့လိုက်ရပါတော့တယ်။
အဲဒီမြွေဟာ ဒေါ်ဝင်းမြင့်ရဲ့ဘယ်ဘက်ခြေထောက် ခြေကျင်းဝတ် အထက်အနား တဝိုက်ကိုပဲ ငါးကြိမ်၊ ခြောက်ကြိမ်ခန့် ထပ်ဆင့်ကိုက်ခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ မြေပြင်ပေါ်ကို ပုံရက်သားလဲကျသွားပြီး “အမယ်လေး.. မြွေကိုက်ခံရတယ်၊ ကယ်ကြပါအုံး” လို့ အော်ဟစ်ငြီးတွားရင်း ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းလိုက်ပါတယ်။
ဒေါ်ဝင်းမြင့်ရဲ့ ထိတ်လန့်တကြား အော်ဟစ်အကူအညီတောင်းခံသံကို ကြားတာနဲ့တပြိုင်တည်း သရက်ပင်ပေါ်က သရက်သီးခူးနေတဲ့လူငယ်နဲ့ အနီးအနားမှာရှိတဲ့ မိသားစုဝင်အကုန်လုံးနီးပါးဟာ သူရှိရာသို့ အမြန်ဆုံး စုဝေးရောက်ရှိလာပါတယ်။ အဲ့အချိန်မှာတော့ ဒေါ်ဝင်းမြင့်က သတိရတချက်၊ မရတချက်ဖြစ်နေပါပြီ။

မြွေပေါက်ခံရတဲ့အကြိမ်ရေ များတာက တကြောင်း၊ မြွေရဲ့အရွယ်အစားကြီးတာကို မြင်ရတဲ့အတွက် ထိတ်လန့် သွားတာကတကြောင်း၊ နောက်ပိုင်းမှာ ဒေါ်ဝင်းမြင့်ဟာ လုံးဝသတိလစ်သွားတယ်လို့ သူ့ရဲ့တူမတော်စပ်သူ မသဲသဲဇော် (အမည်လွှဲ)က မဏ္ဍိုင်ကို ရှင်းပြပါတယ်။
ဒေါ်ဝင်းမြင့်တို့ဟာ ဝက်လက်မြို့နယ်ထဲက ရွာကြီးတစ်ရွာကဖြစ်ပြီး ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ လေကြောင်း ဗုံးကြဲခံရတဲ့ မေလ ၁၂ ရက်နောက်ပိုင်းမှာ လေကြောင်းရန်ကို ကြောက်ရွံ့တာကြောင့် ဘေးလွတ်ရာ ယာခင်း တစ်ခုဆီမှာ မိသားစုဝင်တွေနဲ့အတူ စစ်ရှောင်နေကြသူတွေဖြစ်ပါတယ်။
မြွေကိုက်ခံရတဲ့ မေလ ၁၃ ရက်၊ မနက် ၇ နာရီက ဒေါ်ဝင်းမြင့်ဟာ သူတို့နေထိုင်တဲ့ယာခင်းထဲမှာ မြွေပွေးတစ်ကောင်ကို တွေ့ခဲ့ပါသေးတယ်။ အမှိုက်နဲ့ ခြုံနွယ်တွေရှင်းလင်းနေစဉ် တွေ့ခဲ့တာဖြစ်ပြီး အန္တရာယ်ရှိတာကြောင့် အဲဒီမြွေကို ရိုက်သတ်ခဲ့ကြတယ်။
အဲဒီမနက် ၈ နာရီခန့်မှာပဲ သန့်ရှင်းရေးလုပ်ပြီးသွားတဲ့အတွက် သူ့ယာခင်းနဲ့ မလှမ်းမကမ်းက သရက်ပင်ကြီးအောက်မှာ သရက်သီးကောက်နေတဲ့အချိန်မှာ ဒေါ်ဝင်းမြင့်ဟာ အခုလို မြွေကိုက်ခံလိုက်ရတာပါ။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ခါးစည်းခံနေရတဲ့ အညာဒေသက ပြည်သူတွေဟာ ဝေဟင်က လေကြောင်းရန်အပြင် ငလျင်လှုပ်ပြီးနောက်ပိုင်း ပေါများလာတဲ့ မြေပြင်က မြွေအန္တရာယ်ကိုပါ ကြောက်လန့်နေ ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအခြေစိုက် S & C မီးဘေး စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က “စစ်ရှောင်ဒေသတွေမှာ ငလျင်လှုပ်ပြီးနောက်ပိုင်း ဒီ ပိုးကောင်(မြွေ)တွေက ပိုထွက်လာတယ်။ ဒါ့ကြောင့် မြွေကိုက် တာလည်း များလာတယ်” လို့ မဏ္ဍိုင်ကို အတည်ပြုပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးခန်းမှတ်တမ်းတွေအရ မြေငလျင်ကြီး မလှုပ်ခတ်မီအချိန်က မြွေကိုက်လို့ ဆေးခန်းကိုရောက်လာတဲ့လူနာဟာ ပျှမ်းမျှ တစ်လမှာ ၄ ဦးခန့်သာရှိပေမယ့် ငလျင်လှုပ်ပြီး နောက်ပိုင်းမှာတော့ ၁လမှာ ဆေးခန်းကို မြွေကိုက်ခံရတဲ့ လူနာ ၈ဦးခန့် ပုံမှန်ရောက်လာတယ်လို့ ဆိုပါတယ်။

S & C အဖွဲ့ဟာ စစ်ကိုင်းနဲ့ မန္တလေးတိုင်းအတွင်းက စစ်ဘေးရှောင်တွေကို နေအိမ်၊ လူသုံးကုန်ပစ္စည်း၊ အဝတ်အထည်၊ ဆန်၊ ဆီအပါအဝင် စားနပ်ရိက္ခာ၊ မြွေဆိပ်ဖြေဆေးတွေကို ထောက်ပံ့ကူညီပေးနေတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပေးနေတဲ့ မြေပြင်ကအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
ငလျင်ဒဏ်ခံခဲ့ရတဲ့ မန္တလေးနဲ့ စစ်ကိုင်း ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီပေးနေသူတစ်ဦးလည်းဖြစ်၊ မြွေမင်းသမီးလို့လည်း လူသိများတဲ့ မရွှေလဲ့ကလည်း “ငလျင်လှုပ်တဲ့အခါ သူတို့(မြွေ)ရဲ့ အသိုက်အမြုံတွေ ပြိုပျက်ရ တာလေးတွေ ရှိတဲ့အခါကြတော့ သူတို့တွေလည်း ထိခိုက်တာတွေဖြစ်တယ်။ နောက် သူတို့တွေအနေနဲ့လည်း အသိုက်ရွှေ့ပြောင်းတာ၊ နေရာပြောင်းတာမျိုးတွေ ရှိတတ်လို့ ပြည်သူတွေ သတိထားဖို့လိုပါတယ်” လို့ သတိပေးပါတယ်။
မရွှေလဲ့ဟာ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်အခြေစိုက် ရွှေမေတ္တာလူမှုကူညီရေးအသင်းရဲ့ ကယ်ဆယ်ရေးတာဝန်ခံ ဖြစ်ပါတယ်။ လူအများနေထိုင်ရာ နေရာတွေမှာ မြွေတွေတွေ့လို့ ဖယ်ရှားပေးရန် အကူအညီတောင်းခံလာတဲ့အခါ မြွေကို ဖမ်းဆီးပြီး ဘေးလွတ်ရာ သဘာဝတော တစ်နေရာမှာ ပြန်လည်လွှတ်ပေးလေ့ရှိပါတယ်။
မြွေတွေဟာ ငလျင်ကို အာရုံခံတုံ့ပြန်နိုင်မှု အရှိဆုံးဖြစ်
မြွေအပါအဝင် တွင်းအောင်း တိရစ္ဆာန်တွေဟာ မြေငလျင်မဖြစ်မီနဲ့ ငလျင်ဖြစ်စဉ်အတွင်းမှာ သူတို့နေထိုင်ရာ တွင်းတွေ၊ ဂူတွေအတွင်းကနေ ထွက်ခွာကြတဲ့အပြုအမှုမျိုး ပြုလုပ်လေ့ရှိတယ်လို့ နိုင်ငံတကာ သုတေသနစာတမ်းတွေက ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံ၊ ဂွမ်ရှီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်နန်နင်းမြို့ရှိ မြေငလျင်ဌာနရဲ့ ဒါရိုက်တာဖြစ်သူ ဂျီယန်ဝေဆွောင်း (Jiang Weisong)က ထိုင်ဝမ်နိုင်ငံမှာ မြေငလျင် နှစ်ကြိမ် ဆက်တိုက်လှုပ်သွားပြီး နှစ်ရက်အကြာ ၂၀၀၇၊ သြဂုတ်လ ၉ ရက်မှာ တရုတ်အစိုးရ မီဒီယာတွေကို သတင်းထုတ်ပြန်ထားတာတစ်ခုရှိခဲ့ပါတယ်။
ဒါကတော့ တရုတ်နိုင်ငံဟာ မြေငလျင်ကြိုတင်ခန့်မှန်းနိုင်တဲ့စနစ်တစ်ခုကို ဖန်တီးခဲ့ပြီး၊ ဒီစနစ်ဟာ မြွေတွေရဲ့ အပြုအမူကို အခြေခံထားတယ်လို့ နိုင်ငံတကာမီဒီယာကြီးတစ်ခုဖြစ်တဲ့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
“ကမ္ဘာပေါ်က သတ္တဝါအားလုံးထဲမှာ မြွေတွေဟာ ငလျင်ကို အာရုံခံတုံ့ပြန်နိုင်မှု အရှိဆုံး ဖြစ်တယ်” လို့ ဂျီယန်က မှတ်ချက်ပေးခဲ့ပါတယ်။
မြွေတွေဟာ ငလျင်မလှုပ်မီ ၃ ရက်မှ ၅ ရက်အလို၊ ကီလိုမီတာ ၁၂၀ (မိုင် ၇၄) အကွာကနေ ငလျင်လှုပ်မယ့် အကြောင်းကို သိရှိနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ မြွေသုတေသီ တစ်ဦးဖြစ်သူ မစိုးသန္တာအောင်ကတော့ ငလျင်ဖြစ်ပြီးနောက်ပိုင်းမှာ ငလျင်ရဲ့တုန်ခါမှုကြောင့် မြေလွှာတွေ အက်ကွဲသွားရာမှ မြွေအပါအဝင် တွင်းအောင်းသတ္တဝါတွေဟာ မြေမျက်နှာပြင်ပေါ်ကို ငလျင်မလှုပ်မီအခြေအနေထက် ပိုပြီးထွက်လာတတ်တယ်လို့ သုံးသပ်ထားပါတယ်။
“မြွေတွေက မြေကြီးရဲ့တုန်ခါတဲ့အခါမှာ လန့်ပြီး ထွက်လာပြီး နောက်ထပ်ခိုအောင်းနိုင်မယ့်နေရာတစ်ခုကိုရှာမှာ ဖြစ်ပါတယ်။ ခိုအောင်းနိုင်တဲ့နေရာတွေက ငလျင်ဒဏ်သင့်ထားတဲ့ နေအိမ်တွေနဲ့ ငလျင်ဒဏ်ကြောင့် ပြိုကျထားတဲ့ နေအိမ်တွေပဲဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ဒါကြောင့် ငလျင်အန္တရာယ်နဲ့ ကြုံတွေ့ပြီးတဲ့အခါမှာ မြွေအန္တရာယ်ကိုပါ ပြည်သူတွေ အထူးဂရုစိုက်သင့်တယ်လို့ မစိုးသန္တာအောင်က အကြံပြုပါတယ်။
သူဟာ ဖေ့ဘုတ်ပေါ်မှာ မြွေနဲ့ဆိုင်တဲ့ အသိပညာပေး အစီအစဉ်တွေကို ဆောင်ရွက်ပေးဖို့ အုပ်စုဖွဲ့ထားတဲ့ Snake of Myanmar (SOM) အဖွဲ့ရဲ့ အုပ်ချုပ်သူတစ်ဦးဖြစ်ပါတယ်။
SOM ဟာ မြန်မာနိုင်ငံအနှံ့က ပြည်သူတွေလာမေးတဲ့ မြွေရဲ့အမျိုးအစားကို ခွဲခြားပေးတာ၊ အကူအညီတောင်းတဲ့ မေးခွန်းတွေအရ မြွေရဲ့မျိုးစိတ်နဲ့ မျိုးကွဲတွေကို မှန်ကန်စွာဖြေပေးတာ၊ မြွေအန္တရာယ်ကို ဘယ်လိုမျိုးကာကွယ်ရမလဲ၊ အဆိပ်ရှိမြွေတွေကို ဘယ်လိုမျိုးရှောင်ရှားရမလဲ၊ မြွေနဲ့ လူနဲ့ ပဋိက္ခတွေ မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်ရမလဲ စတဲ့အသိပညာတွေကို မျှဝေပေးလျက်ရှိပါတယ်။
ဒါ့အပြင် ငလျင်ဘေးကြုံတွေ့နေရတဲ့ ဒေသတွေမှာ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ငလျင်ဘေးသင့်ပြည်သူတွေကို အစားအသောက်၊ ငွေကြေး၊ ဆေးဝါးနဲ့ လိုအပ်တဲ့အိမ်ဆောက်တဲ့ပစ္စည်းတွေကို လှူဒါန်းပေးနေတဲ့ Native Species Conservation & Identification (NSCI)ကို တည်ထောင်သူ ကိုဝင်းပိုင်ဦးကလည်း ငလျင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာ မြေပြင်ပေါ်ကို မြွေထွက်လာတဲ့ နှုန်းကတော့ အရင်ကအခြေအနေထက် နည်းနည်းလေးပိုများလာတယ်လို့ မှတ်ချက်ပေးပါတယ်။
“ကျွန်တော်တို့ရဲ့ ဂရုထဲမှာ မိမိတို့နေထိုင်ရာအနီးအနားမှာ မြွေတွေ့ ရတဲ့ဖြစ်စဉ်တွေ ပိုပြီး ပို့စ်လာတင်ကြလို့ ပိုပြီးထွက်တယ်လို့ တွေးစရာရှိနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
NSCI အဖွဲ့ဟာ မတ်လ ၂၈ ရက်၊ စစ်ကိုင်းနဲ့ မန္တလေးမှာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ပြီးနောက် မတ်လ ၂၉ ရက်ကနေ စတင်ပြီး ဒီငလျင်နဲ့ပတ်သက်တဲ့ မြွေအသိပညာပေးတဲ့ အကြောင်းအရာတွေကို ဂရုထဲမှာ ပြည်သူတွေကိုဖြန့်ဝေခဲ့တယ်လို့ ကိုဝင်းပိုင်ဦးက ရှင်းပြပါတယ်။
မြေပြင်မှာ ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ NSCI အဖွဲ့က သူတို့နဲ့ ပူးပေါင်းတဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေဟာ ငလျင်ဖြစ်ပြီးနောက် မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာ ပြည်သူတွေ အကူအညီတောင်းလို့ မြွေဖမ်းပေးတဲ့အကြိမ်ရေဟာ ရက်သတ္တပတ်နှစ်ပတ်အတွင်း ၅၀ ဝန်းကျင်ခန့် ရှိခဲ့တယ်လို့ မဏ္ဍိုင်ကို အတည်ပြုပါတယ်။

“ဒါက ခန့်မှန်းခြေပဲပေါ့နော်။ ကျွန်တော်တို့နဲ့မသိတဲ့ အခြားကူညီပေးနေတဲ့အဖွဲ့တွေ၊ ကျွန်တော်တို့ လက်လှမ်းမမီတဲ့အဖွဲ့တွေက ဖမ်းပေးတာတွေလည်း ရှိနိုင်ပါတယ်” လို့ ကိုဝင်းပိုင်ဦးက ပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ မန္တလေးပြည်သူ့ ဆေးရုံကြီးနဲ့ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးတွေကို ငလျင်ပြီးတဲ့နောက် မြွေကိုက်ခံရတဲ့လူနာအခြေအနေကိုသိရဖို့ မဏ္ဍိုင်သတင်းဌာနအနေနဲ့ ကြိုးစားချိတ်ဆက်ခဲ့ပေမယ့် တာဝန်ရှိသူတွေက လုံးဝ ပြန်လည်တုံ့ပြန်တာ မရှိပါဘူး။ ဒါကြောင့် ငလျင်ပြီးတဲ့နောက် မြွေကိုက်ခံရတဲ့အရေအတွက် တိုးလာသလားဆိုတာ စစ်ကောင်စီထံက အတည်ပြုချက် မရရှိခဲ့ပါဘူး။
တစ်ပူပေါ်နှစ်ပူဆင့်ရတဲ့ မြွေဘေး
မတ်လ ၂၈ ရက်မှာ မန္တလေးနဲ့ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုတဲ့ ပြင်းအား ၇ ဒသမ ၇ အဆင့် ငလျင်ကြီးလှုပ်ခတ်ပြီးခဲ့ပေမယ့် ငလျင်ပြင်းအား ၅ နဲ့အထက် လှုပ်နေတဲ့ နောက်ဆက်တွဲ ငလျင်တွေကတော့ နိုင်ငံအနှံ့မှာ ထပ်မံလှုပ်နေဆဲ ဖြစ်တာကြောင့် ပြည်သူတွေကတော့ စိုးရိမ်ပူပန်နေကြဆဲပါ။
အထူးသဖြင့် ငလျင်ဘေးကို ပြင်းထန်စွာခံစားရတဲ့ မန္တလေးနဲ့ စစ်ကိုင်းမြို့ပေါ်က ငလျင်ဘေးသင့် ပြည်သူတွေဟာ ငလျင်ကြောင့် ပြိုပျက်ခဲ့တဲ့ အဆောက်အအုံတွေကို သက်ဆိုင်ရာ မြို့တော်စည်ပင်က ရှင်းလင်းရေးလုပ်တာ မနိုင်မနင်း ဖြစ်ပြီး ကြန့်ကြာနေတဲ့အတွက် တစ်ချို့သော ငလျင်ဘေးသင့် ပြည်သူတွေဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက စီစဉ်ပေးတဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ရသလို အများစုကတော့ မိမိတို့ရဲ့ နေအိမ်အရှေ့ မြေကွက်လပ် မှာ နေထိုင်ကြရပါတယ်။ ဒါ့ကြောင့် မန္တလေးနဲ့ စစ်ကိုင်းမြို့ ပေါ်မှာ နေထိုင်တဲ့ဒေသခံတွေ အနေနဲ့ မြွေအန္တရာယ်ကို စိုးရိမ်ရတာတွေရှိပါတယ်။
“အခုလို ငလျင်လှုပ်တာ ကြုံလိုက်ပြီဆိုရင် နေအိမ်ပေါ်ကို တော်တော်နဲ့ ပြန်မတက်ရဲတော့ဘူး။ အိမ်အရှေ့က မြေကွက်လပ်မှာပဲ ထွက်အိပ်တာများတယ်။ အဲအခါ ငလျင်ကြောင့်တွင်းထဲက မြွေတွေထွက်လာနိုင်တော့ မြွေကိုက်ခံရမှာကို စိုးရိမ်နေရတယ်” လို့ မန္တလေးမြို့ပေါ်က ဒေသခံတစ်ဦး ဖြစ်သူ အသက် ၂၅ နှစ်အရွယ် မငြိမ်းချမ်းသူ*က ဆိုပါတယ်။
ဒီလိုစိုးရိမ်နေရတာဟာ “တစ်ပူပေါ် နှစ်ပူဆင့်တာပဲ” လို့ သူက ငြီးတွားပါတယ်။
အမရပူရမြို့နယ်ထဲက ငလျင်ဘေးသင့်ပြည်သူတွေအတွက် စီစဉ်ထားတဲ့ ငလျင်ယာယီကယ်ဆယ်ရေးစခန်းတွေကို ကြီးကြပ်နေတဲ့ အမည်မဖော်လိုသူ စစ်ဆေးရေးတာဝန်ရှိသူတစ်ဦးက ဧပြီလဆန်းပိုင်းအချိန် အောင်ချမ်းသာ ကယ်ဆယ်ရေးစခန်းမှာ ကလေးငယ်တစ်ဦး မြွေကိုက်ခံရသလို သင်္ကြန်အပြီး သာလီစွကယ်ဆယ်ရေးစခန်းမှာလည်း လူငယ်တစ်ဦး မြွေကိုက်ခံရတာရှိခဲ့တယ်လို့ မဏ္ဍိုင်ကို အတည်ပြုပါတယ်။
ဒါပေမဲ့ ကိုက်တဲ့မြွေဟာ အဆိပ်မရှိတဲ့ လင်းမြွေဖြစ်တာကြောင့် ၂ဦးစလုံး အသက်အန္တရာယ်မဖြစ်ခဲ့ပါဘူး။
“Camp တွေအများစုက လယ်ကွင်းထဲမှာဦးတည်ပြီး နေရာအဆင်ပြေရေးအတွက် တည်ဆောက်မှုလုပ်ထားရတာဆိုတော့ အဲဒီပြဿနာတော့ရှိတယ်” လို့ သူက ပြောပါတယ်။
ဒါ့ကြောင့်လည်း ကယ်ဆယ်ရေးစခန်းတွေမှာ ညဘက်သွားလာကြတဲ့အခါ မီးအလင်းရောင်နဲ့သွားလာနိုင်ရန် လမ်းမီးတိုင်တွေ တပ်ဆင်ပေးဖို့ စီစဉ်နေတယ်လို့ သူက ဆိုပါတယ်။
မြွေမင်းသမီး မရွှေလဲ့ကတော့ ငလျင်ပြင်းထန်စွာ လှုပ်ခတ်မှုကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးတဲ့အခါ အဲဒီအဆောက်အအုံ အပြိုအပျက်တွေအကြား၊ အဟတွေနဲ့ မြေပြင်ချိုင့်ခွက်တွေမှာ မြွေတွေရဲ့ သားကောင် ကြွက်တွေ ခိုအောင်းနိုင်တဲ့အတွက် မြွေတွေရောက်ရှိလာကာ အသိုက်အမြုံတွေ ဆောက်နိုင်တယ်လို့ သတိပေးပါတယ်။
ပြင်းထန်တဲ့ ငလျင်ဒဏ်ကိုခံရတဲ့ မြို့ပေါ်ဒေသရဲ့ ယာယီစခန်းတွေမှာ ခေတ္တရွှေ့ပြောင်းနေထိုင်ရတဲ့ ဒေသခံတွေပဲ မြွေအန္တရာယ်ကို ကြုံတွေ့ရတာ မဟုတ်ပါဘူး၊ နေအိမ်ထဲမှာ နေထိုင်ရင်း မထင်မှတ်ဘဲ မြွေကိုက်ခံရတဲ့ သူတွေလည်း ရှိနေပါတယ်။
ပခုက္ကူမြို့၊ အမှတ် (၁၄) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၉ နှစ် အရွယ် ကိုသူရထက်*ဟာ မေလ ၈ ရက်၊ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ နေအိမ်အောက်ထပ် ဧည့်ခန်းကနေ သူ့ရဲ့အိပ်ခန်းထဲကိုအဝင်မှာ မြွေကိုက်တာခံလိုက်ရပါတယ်။
ကိုသူရထက်က ခြေထောက်ကိုချက်ချင်းခါယမ်းလိုက်တဲ့အခါမှာတော့ မြွေက ထွက်ပြေးသွားတဲ့အတွက် မဖမ်းမိလိုက်သလို ဘာမြွေဖြစ်တယ်ဆိုတာကို သဲသဲကွဲကွဲ မတွေ့လိုက်ရပါဘူး။
မြွေကိုက်ခံရပြီး မိနစ် ၂၀ လောက်အကြာမှာတော့ ကိုသူရထက်ဟာ ပခုက္ကူပြည်သူ့ဆေးရုံကြီးကို ရောက်ရှိခဲ့ပါတယ်။ ကိုက်သွားတဲ့ မြွေအမျိုးအစားဟာ ဘာမြွေအမျိုးအစားဖြစ်တယ်ဆိုတာကို သေချာမသိတဲ့အတွက် သေချာစောင့်ကြည့်ဖို့ ဆေးရုံမှာ တစ်ရက်နေလိုက်ရပါတယ်။ သူနာပြုဆရာမတွေကတော့ သွေးဖောက်စစ်တာတို့၊ ဆီးကိုစစ်ဆေး တာတို့လုပ်ပေးပါတယ်။
မြွေဆိပ်တက်တဲ့ လက္ခဏာမပြတဲ့အတွက် ဆရာဝန်ကြီးက အဆိပ်မရှိတဲ့မြွေ ကိုက်ခံရတာလို့ သတ်မှတ်ခဲ့ပြီး နောက်တစ်နေ့ နေ့လယ်မှာ ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့ပါတယ်။ ကိုသူရထက် ဆေးရုံရောက်နေတဲ့အချိန်မှာပဲ သူ့လို မြွေကိုက်ခံရလို့ ဆေးရုံကို ရောက်လာတဲ့ အမျိုးသားလူနာ ၃ဦးကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီအထဲမှာ မေလ ၈ ရက်၊ ညပိုင်းမှာ မြွေဟောက် အကိုက်ခံရတယ်လို့ယူဆရတဲ့ အသက် ၅၀ နှစ် အရွယ် အမျိုးသားကြီးတစ်ဦးကတော့ အဆိုးဆုံး အခြေအနေရှိတယ်လို့ ပြောပါတယ်။ အဲဒီအမျိုးသားဟာ အိမ်အထဲမှာ အိပ်နေရာက ရာသီဥတုပူပြင်းတဲ့အတွက် မြေကွက်လပ်မှာ ဖျာခင်းအိပ်နေစဉ် ညာဘက်လက်ဖျံနားမှာ မြွေကိုက်ခံရတာပါ။
မြွေအကိုက်ခံရတဲ့လက်ဟာ ယောင်ကိုင်းနေသလို လူနာကလည်း မြွေရဲ့အဆိပ်ကြောင့် မျက်စိတွေ မဖွင့်နိုင်တော့ပါဘူး။ ရံဖန်ရံခါလည်း အန်ပါတယ်။ မြွေဆိပ်ဖြေဆေး ထိုးပေးလိုက်ပြီးတဲ့အခါမှာတော့ အဲဒီလူနာဟာ သက်သာလာတယ်လို့ ကိုသူရထက်က ရှင်းပြပါတယ်။

မဏ္ဍိုင်က ချိတ်ဆက်မေးမြန်းခဲ့တဲ့ စစ်ကိုင်းနဲ့ မန္တလေးမြို့က ငလျင်ဘေးသင့် ပြည်သူတစ်ချို့၊ ကယ်ဆယ်ရေးလုပ်တဲ့ လူမှုကူညီရေးအဖွဲ့တွေ၊ ငလျင်ဘေးသင့် ပြည်သူတွေကိုကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့တွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ချို့ကတော့ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ခရိုင်နဲ့ မြို့နယ်ထဲက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆေးရုံကြီးတွေမှာ မြွေဆိပ်ဖြေဆေး ပြဿနာမရှိဘူးလို့ ဆိုကြပါတယ်။
စစ်ကောင်စီလက်အောက်က ဆေးရုံတွေမှာ မြွေကိုက်လူနာတွေကို ကုသပေးတဲ့အခါ မြန်မာ့ဆေးဝါးလုပ်ငန်း(BPI)က ထုတ်လုပ်တဲ့ မြွေပွေးနဲ့ မြွေဟောက် မြွေဆိပ်ဖြေဆေး နှစ်မျိုးကို အသုံးပြုကြပြီး ဒီဆေးတွေက ပြင်ပဆေးဆိုင်တွေမှာ ဝယ်ယူဖို့ ခက်ခဲပါတယ်။
စစ်ဘေးရှောင်တွေကြုံတွေ့နေရတဲ့ မြွေအန္တရာယ်နဲ့ မြွေဆိပ်ဖြေဆေး အခက်အခဲ
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးတွေထဲက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ဒေသတွေကို ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီနဲ့ လျှပ်စစ်ပစ္စည်း တင်ပို့တာ မပြုလုပ်ဖို့ စစ်ကောင်စီက တင်းကျပ်စွာ တားမြစ်ထားပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ မြွေကိုက်ခံရရင် မြွေဆိပ်ဖြေဆေးလို ဆေးဝါးမျိုးရရှိဖို့က မလွယ်ကူပါဘူး။
အထက်အညာ စစ်ရှောင်ဒေသတွေမှာ အဓိကအများဆုံး အသုံးပြုနေတဲ့ မြွေဆိပ်ဖြေဆေးကတော့ အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ မြွေဆိပ်ဖြေဆေးဖြစ်ပြီး ဒီမြွေဆိပ်ဖြေဆေးကတော့ မြွေပွေး နဲ့ မြွေဟောက် နှစ်မျိုးစလုံး အကိုက်ခံရတဲ့အခါ အသုံးပြုနိုင်တယ်လို့ S & C အဖွဲ့ရဲ့တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အသုံးပြုတဲ့ မြွေဆိပ်ဖြေဆေးတွေဟာ မြန်မာ့ဆေးဝါးလုပ်ငန်း (BPI)နဲ့ အိန္ဒိယနိုင်ငံ ထုတ်ဆေး ၂ မျိုးရှိပြီး ဆေး ၁လုံးကို ငွေကျပ်သိန်းချီပေါက်ဈေးရှိကြောင်း သိရပါတယ်။
“အိန္ဒိယမြွေဆိပ်ဖြေဆေးတွေကို ကျွန်တော်တို့က သုံးရတယ်ဗျ။ ကျွန်တော်တို့အနေနဲ့ ပြည်တွင်းက BPI က မြွေဆိပ် ဖြေဆေးတွေကို ဝယ်လို့ မရနိုင်ဘူး” လို့ သူက ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာ မြွေဆိပ်ဖြေဆေး ၁လုံးရဲ့ဈေးနှုန်းက ကျပ်ခြောက်သောင်းဝန်းကျင်လောက်သာရှိပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ လမ်းခရီးဝေးတဲ့အချက်တွေကြောင့် စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်တွေဆီ ရောက်တဲ့အခါ ဆေးတစ်လုံးကို အနည်းဆုံး ကျပ်တစ်သိန်းငါးသောင်းအထိ ဈေးပေါက်တယ်လို့ ကိုစိုးမိုးအောင်က ဆိုပါတယ်။
“ဒါတောင် ဝယ်ချင်တိုင်းဝယ်လို့ မရတဲ့အခြေအနေဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ရှောင်ဒေသတွေက ဒေသခံအများဆုံး အဓိကအကိုက်ခံရတဲ့ အဆိပ်ပြင်း မြွေနှစ်မျိုးက မြွေပွေးနဲ့ မြွေဟောက်ဖြစ်ပြီး မြွေကိုက်ခံရမှု အများဆုံးမြို့နယ်တွေကတော့ ရွှေဘိုနဲ့ ဒီပဲယင်းဖြစ်တယ်လို့ S & C စစ်ဘေးရှောင် အကူအညီပေးရေးအဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင်က မဏ္ဍိုင်ကို အတည်ပြုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း S & C အဖွဲ့ရဲ့ အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ဆေးခန်းတွေဟာ အဖွဲ့စတင် တည်ထောင်ခဲ့တဲ့ ၂၀၂၃၊ ဇွန်လ ၁၉ ရက်ကနေ အခုနှစ် ဇွန် ၆ ရက်အထိ မြွေကိုက်ခံရတဲ့ လူနာစုစုပေါင်း ၉၃ ဦးကို မြွေဆိပ်ဖြေဆေးနဲ့ ကုသပေးနိုင်ခဲ့တယ်လို့ S & C ရဲ့ မှတ်တမ်းအရ သိရပါတယ်။
မြွေကိုက်ခံရလို့ သေဆုံးတဲ့လူစာရင်းကို S & C အဖွဲ့က ထုတ်ပြန်ထားတာ မရှိပေမယ့် အဖွဲ့ရဲ့တာဝန်ခံ ကိုစိုးမိုးအောင်ကတော့ မေလ ၆ ရက်၊ မဏ္ဍိုင်ရဲ့အင်တာဗျူးမှာ ဆေးခန်းကိုအချိန်မီရောက်ရန် နောက်ကျခြင်းနဲ့ မြွေဆိပ်ပြင်းလွန်းတဲ့အတွက် သေဆုံးရတဲ့လူနာ သုံးဦးရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မြွေဆိပ်ဖြေဆေးအပါအဝင် အဖွဲ့ရဲ့ အကူအညီပေးတဲ့လုပ်ငန်းတွေအတွက် ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေနဲ့ NGO အဖွဲ့တွေဆီကအများစုရရှိတာဖြစ်ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ပံ့တာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။
“ဒီမြွေဆိပ်ဖြေဆေးတွေ ပြတ်ထွက်သွားပြီဆို ကျွန်တော်တို့ တော်တော်လေး ခက်ခဲပါတယ်” လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။
အဖွဲ့အနေနဲ့ ဆေးဝယ်ယူဖို့ ဘတ်ဂျက်မရှိတာ၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဆေးဝါးတွေ အချိန်မီမရောက်တာ စတာတွေကတော့ အဓိက အခက်အခဲဖြစ်တယ်လို့ သူက ဆိုပါတယ်။
မြွေကိုက်ခံရတဲ့ စစ်ရှောင်ဒေသက ပြည်သူတွေကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေက ဆေးရုံတွေဆီ ပို့ဆောင်မယ်ဆိုရင်လည်း လမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေအဆင့်ဆင့်ဖြတ်ရတဲ့အတွက် လူနာအများစုက အဲဒီဆေးရုံကြီးတွေကို မသွားကြဘူးလို့ ဆိုပါတယ်။
“ဘယ်ဘက်ကပဲဖြစ်ဖြစ် လက်နက်ကိုင်ထားတဲ့အနေအထားမျိုးဆိုတော့ အရေးကြီးလို့ပါဆိုပြီးတော့ ချက်ချင်း ဖြတ်မောင်းသွားလို့ရတဲ့အနေအထားမဟုတ်ဘူးလေ” လို့ ဝက်လက်မြို့နယ်ထဲက စစ်ဘေးရှောင်ဖြစ်သူ ဒေါ်သူဇာ*က ပြောပါတယ်။
မနှစ်ကမေလအတွင်းမှာ သူနေထိုင်တဲ့ရွာက အသက် ၂၉ နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးဟာ တောထဲမှာ ထင်းခုတ်နေတုန်း မြွေပွေးအကိုက်ခံရပါတယ်။ သူ့ရဲ့မိသားစုက လူနာ အသက်မီဖို့ မော်တော်ဆိုင်ကယ်နဲ့ စစ်ကိုင်းဆေးရုံကြီးကို သွားရောက်ဖို့ကြိုးစားခဲ့ပေမယ့် စစ်ဆေးရေးဂိတ်တွေမှာ ကြန့်ကြာတာကြောင့် လူနာဟာ ဆေးရုံထိမရောက်တော့ဘဲ လမ်းခရီးမှာပဲ တိမ်းပါးခဲ့ရပါတယ်။
Spring University Myanmar (SUM) ရဲ့ School of Health Department မှ ကျန်းမာရေးပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ သီတာပြည့်*ကတော့ ငလျင်ဖြစ်ပြီးနောက်ပိုင်း မြေပြင်ပေါ်သို့ ထွက်လာနိုင်တဲ့ မြွေတွေအန္တရာယ်ကို သတိထားရမယ့်အပြင် အကယ်၍မထင်မှတ်ဘဲ အကိုက်ခံရပါက ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံးရောက်ရှိဖို့ လိုတယ်လို့ သတိပေးပါတယ်။
“ကုသမှုခံယူဖို့ နောက်ကျတာဟာ လူနာရဲ့ကျန်းမာရေးရလာဒ်ကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ပြီးရင် မြွေကိုက်ခံရတဲ့ လူနာကို ရှေးဦးသူနာပြုစုနည်း လုပ်တတ်ဖို့ အလွန်အရေးကြီးပါတယ်” လို့ သူက မဏ္ဍိုင်ကို ပြောပါတယ်။
မြွေကိုက်ခံရတဲ့ လူနာတစ်ယောက်ဟာ မြွေကိုက်ခံရပြီး ၁ နာရီမှ ၂ နာရီအတွင်း ဆေးရုံကိုအရောက်ပို့နိုင်တာ အကောင်းဆုံးဖြစ်တယ်လို့ သူက ဆိုပါတယ်။
မြွေကိုက်ခံရသူတွေကို အသက်ကယ်ဆယ်ဖို့ အရေးကြီးဆုံးအချိန်အဖြစ် “ရွှေရောင်နာရီ” (Golden Hour)လို့ခေါ်တဲ့ အချိန်ကာလဟာ မြွေကိုက်ပြီးနောက် တစ်နာရီအတွင်းဖြစ်တယ်လို့ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းတွေက သတ်မှတ်ထားကြပါတယ်။
“ဒီအရေးကြီးဆုံးအချိန်ကာလအတွင်းမှာ မြွေဆိပ်ဖြေဆေးပေးခြင်းက အကျိုးအပြုဆုံးဖြစ်ပါတယ်” လို့ ဒေါက်တာ သီတာပြည့်က ပြောပါတယ်။
စစ်ဘေးရှောင်တွေကို ဆက်လက်ခြောက်လန့်နေအုံးမယ့် မြွေအန္တရာယ်
လက်ရှိ စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို နေ့စဉ် လေကြောင်းတိုက်ခိုက်ဗုံးကြဲချတာတွေလုပ်နေတဲ့အပြင် ဒီဒေသတွေက အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါးတွေကို သယ်ယူပို့ဆောင်လို့ မရအောင် ပိတ်ပင်ထားတဲ့အတွက် စစ်ဘေးရှောင်တွေအနေနဲ့ လာမယ့်ကာလတွေ မှာလည်း မြွေအန္တရာယ်ကြောင့် မြွေဆိပ်ဖြေဆေးပြဿနာတွေဖြစ်လာနိုင်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေက သုံးသပ်ထားပါတယ်။
“စစ်တပ်က ဗုံးတွေကြဲချနေတော့ တောထဲပြေးရတယ်။ တောထဲပြေးတော့ အဆိပ်ရှိတဲ့ ပိုးကောင်မွှားကောင်တွေကို တွေ့နိုင်တယ်။ နောက်ပြီး မိုးတွင်းရောက်ပြီဆိုတော့ မိုးတွင်းဆိုမြွေက တော်တော်လေးထွက်တယ်” လို့ S & C အဖွဲ့က ကိုစိုးမိုးအောင်က သုံးသပ်ပါတယ်။
ဒေါက်တာသီတာပြည့်ကတော့ မြွေအန္တရာယ်ကို လျှော့ချပေးနိုင်ဖို့က အရေးကြီးတဲ့အတွက် နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို မြွေအန္တရာယ်ကင်းရှင်းရေးနဲ့ပတ်သက်လို့ အသိပညာပေးတာတွေနဲ့ အရေးပေါ် အခြေအနေများအတွက် ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေနဲ့ ဆေးဝါး၊ ဆေးပစ္စည်းတွေကို ပံ့ပိုးပေးဖို့လို တယ်လို့ မှတ်ချက်ပေးပါတယ်။
“ဒေသခံအများအပြားက မြွေတွေရဲ့အန္တရာယ် သို့မဟုတ် အကိုက်ခံရမယ်ဆိုရင် ဘယ်လိုတုံ့ပြန်ရမှာကို မသိရင် ကြောက်ရွံ့မှုအပြင် အသက်အန္တရာယ်တွေကိုပါ မြင့်တက်စေနိုင်ပါတယ်” လို့ သူကသတိပေးပါတယ်။

ဝက်လက်မြို့နယ်အတွင်းက သရက်သီးတွေလိုက်ကောက်နေရင်း မြွေပွေးအကိုက်ခံရတဲ့ ဒေါ်ဝင်းမြင့်နဲ့ တူမဖြစ်သူ မသဲသဲဇော်တို့ နေထိုင်တဲ့ရွာက ဒေသခံတွေဟာ တစ်နေရာပြီးတစ်နေရာ စစ်ဘေးရှောင်နေရတာ အခုဆို ၂နှစ်ကျော်ပြီဖြစ်ပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေရင်း မြွေပွေးအကိုက်ခံရတဲ့ အဒေါ်ဖြစ်သူရဲ့ ဒဏ်ရာ မြွေဆိပ်မပြန့်နှံ့ဖို့ မသဲသဲဇော်ဟာ ပထမဦးဆုံး ရှေးဦးသူနာပြုစုနည်းအတိုင်း ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။
ပြီးနောက် အဒေါ်ဖြစ်သူကို နွားလှည်းနဲ့တင်ပြီး ရွာက ဆေးခန်းကိုသွားပါတယ်။ ၄၅ မိနစ်အကြာမှာတော့ ရွာက ဆေးခန်းကို မြွေကိုက်လူနာ ရောက်ရှိသွားပါတယ်။ ကံကောင်းချင်တော့ S & C အဖွဲ့ကူညီထားတဲ့ ရွာရဲ့ဆေးခန်းက မြွေဆိပ်ဖြေဆေးရရှိခဲ့တဲ့အတွက် ဆေးခန်းကိုရောက်ရောက်ခြင်းပဲ အိန္ဒိယမြွေဆိပ်ဖြေဆေး ၅လုံးကို ထိုးပေးနိုင်ခဲ့ပါတယ်။
ဒီဆေး ၅လုံးကို ဒေါ်ဝင်းမြင့်အတွက် S & C အဖွဲ့က လှူဒါန်းပေးတာပါ။ ဒါပေမယ့် မြွေဆိပ်က ပြင်းထန်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေ တွက်ချက်မှုအရ ဒေါ်ဝင်းမြင့်ဟာ မြွေဆိပ်ဖြေဆေး ၂၄ လုံး ထိုးရမှာ ဖြစ်ပါတယ်။
၁ကြိမ်မြွေကိုက်ခံရတယ်ဆိုရင် အဆိပ်ပမာဏဟာ ထိန်းနိုင်ပေမယ့် ၃ကြိမ်ကနေ ၆ ကြိမ်အထိ အကိုက်ခံရမယ်ဆိုရင် ခန္ဓာကိုယ်အတွင်းမှာ အဆိပ်ပမာဏဟာ သိသိသာသာ တိုးစေနိုင်တယ်လို့ ဒေါက်တာ သီတာပြည့်က မှတ်ချက်ပေးပါတယ်။
“အကိုက်ခံရသည့်အကြိမ်ရေ များလာတာနဲ့အမျှ ကုသဖို့ မြွေဆိပ်ဖြေဆေးကုသမှု လိုအပ်ချက်ကလည်း တိုးလာနိုင်ပါတယ်။ အကိုက်ခံရသည့်အကြိမ်ရေများလေ၊ ရောဂါလက္ခဏာများ၏ ပြင်းထန်မှုနဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ခြေ ပိုများလေဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။
ဆေးခန်းတွေမှာ မြွေဆိပ်ဖြေဆေးတွေရှိတဲ့အတွက် S & C အဖွဲ့က ဒေါ်ဝင်းမြင့်အတွက် ထပ်မံလို အပ်တဲ့ မြွေဆိပ်ဖြေဆေး ၁၉ လုံးကို ကူညီပေးနိုင်ခဲ့ပါတယ်။ မြွေကိုက်လူနာ တစ်ဦးကို S & C အဖွဲ့က အများဆုံး မြွေဆိပ်ဖြေဆေး ၅လုံးကို အခမဲ့လှူပါတယ်။ အကယ်၍ ဆေးထပ်မံလိုအပ်လို့ S & C မှာ အကူအညီတောင်းရင် ဆေးအဆင်သင့်ရှိတဲ့အခါ လိုအပ်တဲ့ဆေး ပမာဏကို ကူညီပေးပါတယ်။ လူနာသက်သာသွားရင်တော့ ထပ်မံယူခဲ့တဲ့ ဆေးပမာဏအတိုင်း S & C အဖွဲ့ကို ပြန်လည်ဆေးဝယ်ပေးရတယ်လို့ ကိုစိုးမိုးအောင်က ဆိုပါတယ်။
မြွေကိုက်ခံလိုက်ရတဲ့ ဒေါ်ဝင်းမြင့်ကို ကျန်းမာရေးဝန်ထမ်းတွေက သတ်မှတ်ထားတဲ့အတိုင်း မြွေဆိပ်ဖြေဆေး အားလုံးကို ပြည့်မီအောင် ထိုးပေးပြီး ကုသခဲ့ကြပေမယ့်လည်း မြွေဆိပ်က ပြင်းထန်လွန်းတာကြောင့် ဒေါ်ဝင်းမြင့်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ပါဘူး။ မေလ ၁၄ ရက်၊ ညနေပိုင်း ၆ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ ဒေါ်ဝင်းမြင့် ကွယ်လွန်ခဲ့တယ်လို့ တူမဖြစ်သူ မသဲသဲဇော်က မဏ္ဍိုင်ကို အတည်ပြုခဲ့ပါတယ်။
မသဲသဲဇော်ရဲ့ ဦးလေးဖြစ်သူ အသက် ၅၈ နှစ်အရွယ် ဦးကြည်ဝင်းဟာလည်း ပြီးခဲ့တဲ့ မေလ ၄ ရက်က ယာခင်းထဲ သွားရင်း ဘယ်ဘက်ခြေချင်းဝက်နားကို မြွေပွေးတစ်ကောင်ကိုက်လိုက်ပါသေးတယ်။ လူနာကို မြွေဆိပ်ဖြေ ဆေးထိုးပေးနိုင်တဲ့အတွက် အသက်ဘေးကလွတ်မြောက်ခဲ့ပေမယ့် မြွေဆိပ်ရဲ့ဒဏ်ကြောင့် နေအိမ်မှာ လူမမာလိုပဲနေရပါတယ်။ တောင်ယာ မလုပ်နိုင်တော့ပါဘူး။
ဒါကြောင့် စစ်ရှောင်တစ်ဦးဖြစ်သူ မသဲသဲဇော်ဟာ မေလထဲမှာပဲ မြွေကိုက်ခံရတဲ့ အဒေါ်ဖြစ်သူကို ဆုံးရှုံးခဲ့ရသလို မြွေကိုက်ခံရတဲ့ ဦးလေးကို စစ်ဘေးရှောင်နေရင်း ပြုစုရပါတယ်။ စစ်ရှောင်နေရင်းနဲ့ပဲ အသက်ဘေးကနေလွတ်ဖို့ ကောင်းကင်ပေါ်က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု သတိထားနေရသလို မြေပြင်က မြွေအန္တရာယ်ကိုလည်း သတိထားနေရပါတယ်။
ဝေဟင်က လေကြောင်းရန်နဲ့ မြေပြင်က မြွေအန္တရာယ်ကို တပြိုင်တည်းရင်ဆိုင်နေရတဲ့အတွက် အညာပြည်သူတွေအနေနဲ့ ကိုယ့်အသက်ဘေးကို အတတ်နိုင်ဆုံးဂရုစိုက်နေကြပေမယ့် “ဒီကြားထဲက ဖြစ်လာရင်တော့ ကံပေါ့“ လို့ မသဲသဲဇော်က မှတ်ချက်ပြုပါတယ်။
မှတ်ချက် – (*) လုံခြုံရေးအခြေအနေကြောင့် နာမည်လွှဲကို အသုံးပြုထားပါတယ်။
(မဏ္ဍိုင်သတင်းဌာနသည် တိကျမှန်ကန်ပြီး ဘက်မလိုက်သည့် ဆောင်းပါးများကို ပရိသတ်ထံတင်ဆက်လျက်ရှိပါသည်။ ပြည်သူများအားထားရသည့် သတင်းမီဒီယာအဖြစ် ကျွန်ုပ်တို့ မှန်မှန်ကန်ကန်ရပ်တည်သွားမည်ဖြစ်သည်။ စာဖတ်ပရိသတ်ကြီးအနေဖြင့်လည်း ကျွန်ုပ်တို့ မဏ္ဍိုင်သတင်းဌာနရေရှည်ရပ်တည်နိုင်စေရန် ကူညီပံ့ပိုးနိုင်ပါသည်။) https://burmese.mandaingnews.com/donation/