မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက်အတွက် စတေးခဲ့ရတဲ့ ဘဝတွေ၊ ပျက်စီးခဲ့ရတဲ့မိသားစုတွေ

လင်းဇေ ရေးသည်။

မဏ္ဍိုင်၊ ဧပြီ ၃၊ ၂၀၂၆။

မင်းအောင်လှိုင်ရဲ့ သမ္မတဖြစ်ချင်တဲ့ အိပ်မက် တော့ ပြည့်မြောက်ခဲ့ပါပြီ။

သမ္မတရာထူးအတွက် လက်မရွံ့ မဆုတ်မနစ်၊ ကျားကုတ်ကျားခဲ ၅ နှစ်ကျော်ကြာ ကြိုးစားခဲ့ရာက အခုတော့ မင်းအောင်လှိုင် သမ္မတဖြစ်ခဲ့ လေပြီ။ တိုင်းပြည်ကြီး ဘယ်လောက် ထူးချွန်တောက်ပြောင်ခဲ့ပါသလဲ၊ ပြည်သူတွေရဲ့ ဘဝတွေ ဘယ်လောက် ပျော်စရာ ကောင်းခဲ့ပါသလဲ။ ဒီမေးခွန်းတွေအတွက် အဖြေက တကယ့်ကို မပြုံးနိုင်၊ မရယ်နိုင်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကြီးဆီကနေ သမ္မတရာထူးကို ဖြတ်လမ်းက အချောင်ယူဖို့ ကြိုးပမ်းခဲ့မှု အထမမြောက်၊ မအောင်မြင်တဲ့အခါ လက်နက်အားကိုးနဲ့ အာဏာကို အတင်းလုယူခဲ့တယ်။ မြန်မာပြည်သူလူထု က မကျေနပ်လို့ လမ်းပေါ်တက်ဆန္ဒဖော်ထုတ်ပြတဲ့အခါ မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ် တစ်သိုက်ဟာ လက်နက်အားကိုးနဲ့ ပြည်သူကို အပြတ်ရှင်းခဲ့တယ်။ မြသွဲ့သွဲ့ခိုင်ကစလို့ နွေဦးတော်လှန်ရေး ခရီးကြမ်းမှာ သေဆုံးခဲ့သူ ပြည်သူအပေါင်းဟာ ထောင်သောင်းချီလို့ပါ။

နွေဦးတော်လှန်ရေးခရီးကြမ်းမှာ သေဆုံးခဲ့ရသူတွေကို နေ့စဉ်ဆိုသလို မှတ်တမ်းပြုစုနေတဲ့ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းတွေအရ မင်းအောင်လှိုင်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစလို့ ၂၀၂၆ မတ် ၃၁ ရက်အထိ သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်းဟာ ၈,၀၀၀ နီးပါး(၇,၉၆၀) အထိပါ။ ဒီစာရင်းဟာ အတည်ပြုနိုင်တဲ့စာရင်းဖြစ်ပြီး အတည်မပြုနိုင်သေးတဲ့ အရေအတွက်ဟာ ၄,၇၀၀ ခန့်ရှိတယ်လို့ ဆိုတယ်။

အလားတူ အဖမ်းခံရသူ စုစုပေါင်းဟာလည်း သုံးသောင်းကျော်ရှိပြီး တစ်သောင်းခွဲ(၁၅,၀၀၀) ခန့်သာ အတည်ပြုနိုင်ပြီး ၇,၈၀၀ ကျော်ဟာ အတည်ပြုရန်လိုအပ်နေဆဲလို့ AAPP ရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီကိန်းဂဏန်းတွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ သာမန်ပြည်သူတွေသေဆုံးတဲ့စာရင်းသာဖြစ်ပြီး တိုက်ပွဲ ဖြစ်လို့ သေဆုံးသွားရတဲ့သူတွေ၊ လူမသိသူမသိ အသတ်ခံလိုက်ရတဲ့သူတွေ၊ ဒလန်ဆိုတဲ့ခေါင်းစဉ်အောက်မှာ အသက်ပျောက်ခဲ့ရသူတွေ၊ သောကစိတ်တွေကြောင့် အသတ်ဆုံးရှုံးသွားတဲ့သူတွေပါ ပေါင်းရင် မင်းအောင်လှိုင်ရဲ့ သမ္မတရာထူးတပ်မက်မှုအလွန်မှာ သေဆုံးခဲ့ရတဲ့အသက်ပေါင်းဟာ မနည်းလှပါ။

မင်းအောင်လှိုင်ဟာ သူ့ရဲ့သမ္မတအိပ်မက်ကို ဖြည့်ဆည်းဖို့ သူ့စစ်ဗိုလ်ချုပ်တွေရဲ့ အသက်တွေကို စတေးခဲ့တယ်။ တချို့ကို ဖမ်းဆီးထောင်ချလို့၊ တချို့ကို အရေးယူအနားပေးခဲ့တယ်။ စစ်သုံ့ပန်းဖြစ်သွားတဲ့ စစ်ဗိုလ်ချုပ်တွေက လည်း မနည်းပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ အမ်းမြို့နယ်၊ ဒါးလက်ချောင်းက အေအေရဲ့ စစ်သုံ့ပန်းစခန်းကို မင်းအောင်လှိုင်ရဲ့ လေကြောင်းက ဗုံးကြဲခဲ့လို့ အဆင့်မြင့်အရာရှိတွေအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်။ ဘယ်သူပဲသေသေ ကိုယ့်နိုင်ငံသားတွေ အသက်ဆုံးရှုံးခဲ့ရတာပါပဲ၊ မိသားစုတွေရဲ့ ဘဝတွေ ပျက်စီးခဲ့ရတာပါပဲ။

မြန်မာပြည်ဟာ နေ့စဉ်ကို အသုဘအိမ်ကြီးလို ဖြစ်လို့။ တစ်နေ့တမျိုး မရိုးနိုင်တဲ့ အမင်္ဂလာသတင်းဟာ နေ့စဉ်ရက်ဆက်ဆို သလိုပါ။ နိုင်ငံရဲ့ နေရာအများစုဟာလည်း စစ်ပွဲနဲ့ ပဋိပက္ခတွေ ပြည့်နှက်နေတာပါ။

ကမ္ဘာတစ်ဝှမ်းက အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ၊ ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေစုဆောင်း ဖော်ပြလေ့ရှိတဲ့ ACLED (Armed Conflict Location & Event Data Project)ရဲ့ စာရင်းအရ ကမ္ဘာ့အန္တရာယ် အများဆုံးနိုင်ငံစာရင်းမှာ ပါလက်စတိုင်းပြီးရင် မြန်မာဟာ ဒုတိယနေရာမှာရှိပါတယ်။ စစ်ပွဲတွေဖြစ်ပြီး လက်နက်ကိုင်အဖွဲ့ပေါင်း ထောင်ချီကာ အစိတ်စိတ်အမွှာမွှာအခွဲဆုံးနိုင်ငံအဖြစ် နံပါတ် ၁ မှာ မြန်မာဟာ ရပ်တည်နေပါတယ်။

အထက်ပါစာရင်းဇယားတွေဟာ မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက်ပိုင်း မှတ်တမ်းဝင်ခဲ့တဲ့စာရင်းတွေပါ။

အာဏာသိမ်းစစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ၂၀၂၅ နိုဝင်ဘာလကုန်အထိ အရပ်သားလူနေအိမ်ပေါင်း တစ်သိန်းနှစ်သောင်းကျော် (၁၂၀,၀၀၀) ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ Data for Myanmar မှာ ဖော်ပြထားပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ် ၆၅ ရာခိုင်နှုန်းဟာ စစ်ကိုင်းတိုင်းကဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့စာရင်းတွေအရလည်း စစ်ပွဲတွေကြောင့် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ ပြည်သူစုစုပေါင်းဟာ ၃ သန်းကျော်ရှိပါတယ်။

အစားအစာမဖူလုံမှုကို ကြည့်မယ်ဆိုရင်လည်း လူဦးရေ ၁၃ သန်းလောက်ဟာ (နိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံ နီးပါး) သူတို့ရဲ့နောက်နေ့စားရမယ့် အစားအစာအတွက် အာမခံချက် မရှိဖြစ်နေတယ်လို့ ဆိုပါတယ်။

ယူနီဆက်ကဖော်ပြထားတဲ့စာရင်းတွေမှာဆိုရင် မူကြိုကလေးတွေရဲ့ ၃၀ ရာခိုင်နှုန်းနီးပါးဟာ သူတို့အသက် အရွယ်ထက် အလွန်ပုလွန်းသော(ပုညှက်ခြင်း)လက္ခဏာတွေ ရှိနေကြပါတယ်။ ကလေးငယ် ၈ သိန်းလောက်ဟာ သူတို့မှာရှိရမယ့်အရပ်နဲ့ ကိုယ်အလေးချိန်ထက် အလွန်အမင်း ကြုံလှီနေတာ၊ အသက်ငါးနှစ်အောက် ကလေးငယ်တွေအကြား သေဆုံးနူန်း မြင့်မားနေပြီး မွေးဖွားသူ ၁,၀၀၀ မှာ ၃၇ ဦးကျော်သေဆုံးလျက်ရှိပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရတဲ့ ကလေးသူငယ်နဲ့ အမျိုးသမီး ၂ ဒသမ ၂ သန်းခန့်ဟာ မရှိမဖြစ် လိုအပ်နေတဲ့ အာဟာရဆိုင်ရာ ဝန်ဆောင်မှုတွေကို အရေးတကြီးလိုအပ်လျက်ရှိနေတယ်လို့ ယူနီဆက်ရဲ့ စာရင်း တွေမှာ ဖော်ပြထားပါတယ်။

ISP-Myanmar ရဲ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးမှာ ကျောင်းနေ အရွယ်ကလေး ၇ သန်းဝန်းကျင်( ၅၃ ရာခိုင်နှုန်း)ဟာ ပညာရေးသင်ကြားခွင့် ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။

ဒီလိုကျန်းမာရေး၊ ပညာရေးနဲ့အတူ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာလည်း ဆိုးဆိုးရွားရွားကျဆင်းနေတာပါ။ ငွေကြေးဖောင်းပွတာ၊ ကုန်ဈေးနူန်းတွေကြီးမြင့်တာ၊ အလုပ်အကိုင်တွေရှားပါးတာ၊ မြန်မာပြည်သူတွေဟာ စားဝတ်နေရေးကျပ်တည်းပြီး နေ့စဉ်လူမှုဘဝမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံတာတွေကို ရင်ဆိုင်နေ ကြရတာပါ။

မင်းအောင်လှိုင် သမ္မတဖြစ်လိုတဲ့စိတ်ဆန္ဒကြောင့် ပေးဆပ်လိုက်ရ၊ စတေးလိုက်ရတဲ့ မြန်မာပြည်သူတွေရဲ့ ဘဝတွေဟာ လက်ရှိမှာ ပျက်စီးခြင်းငါးပါး ဆိုက်နေသလို လက်ရှိကြုံတွေ့နေရတဲ့အကျိုးဆက်တွေကြောင့်လည်း နောင်မျိုးဆက်တွေမှာ ဆက်ခံနေရဦးမှာပါ။

သမ္မတဖြစ်ချင်လို့ အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင်၊ တိုင်းပြည်ကို ငါးနှစ်ကြာဖျက်ဆီးပြီးနောက်မှာတော့ သူဖြစ် ချင်နေတဲ့သမ္မတဖြစ်သွားပါပြီ။ သူသမ္မတဖြစ်ခြင်းက မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ပြေလည်စေမယ့် သော့ချက်လား၊ တိုင်းပြည်ကြီး ချက်ချင်းကောင်းစားသွားမှာလား၊ သေဆုံးခဲ့ရတဲ့အသက်တွေ၊ ပျက်စီးခဲ့ရတဲ့ မိသားစုဘဝတွေ ဘာနဲ့အပြန်အစားထိုးနိုင်မှာလဲ။

ဒီမေးခွန်းတွေအတွက် သေချာတဲ့အဖြေမရှိပေမယ့် မင်းအောင်လှိုင် သမ္မတဖြစ်သွားလည်း မြန်မာ့နိုင်ငံရေး ပြဿနာက ဆက်ရှိနေဦးမှာပါ။ မြန်မာ့နိုင်ငံရေးပြဿနာဟာ ကျပ်သထက်ကျပ် ခက်သထက်ခက်လို့သာ နေလိမ့်ဦးမှာပါ။

Leave a Comment