မင်းအောင်လှိုင်က တော်တော်၊ ကိုဘောမ၊ မဘောမတွေက ကဲကဲ

မှုံကြီး ရေးသည်။

မဏ္ဍိုင်၊ ဧပြီ ၃၊ ၂၀၂၆။

အခုရက်ထဲ မြင်ရ၊ ကြားရသမျှ နားဝမှာ မချမ်းသာ။ ပုလ္လင်ပေါ် ခွေးတက်မယ့်အဖြစ်ကို ဂုဏ်ဆာနေလိုက်ကြ တာများ မြင်မကောင်းဘူး။ ပြည်တွင်းထဲ ပြန်ဝင်လာရင် ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်မယ်နဲ့ ခြိမ်းခြောက် မာန်ဖီနေလိုက်တာများ မသိရင် သူတို့တွေ မီးမှန်နေကြသလိုမျိုး၊ စက်သုံးဆီ တန်းစီစရာ မလိုတော့သလိုမျိုး၊ အင်တာနက်လိုင်းတွေ ကောင်းနေသလိုမျိုး၊ ကုန်ဈေးနူန်းတွေ မတက်ဘဲ ရွှေပြည်တော်ကြီး သာယာချမ်းမြေ့နေ သလိုမျိုး။

သူတို့အတွက်တော့ ဟုတ်ရင်လည်း ဟုတ်မှာပေါ့၊ သူတို့က အဘ ဟိုဒင်း၊ ဟိုဟာ မထားကြလေတော့ မပူမပင် မကြောင်းမကျနဲ့။ ခေတ်ပျက် ရေပေါ်ဆီတွေ။

ကြက်တူရွေးကတော်တော်၊ မယ်ဘော်က ကဲကဲဆိုသလို မင်းအောင်လှိုင်က တော်တော် ကိုဘောမ၊ မဘောမ တွေက ကဲကဲရယ်။ သမ္မတရူး ရူးနေတဲ့သူကိုမှ အထူးလို့ မှတ်နေကြတယ်။ မအလကို ဘုရားဒကာ၊ ကျောင်း ဒကာ၊ သူတော်ကောင်းကြီးရယ်လို့ အထင်ရှိလေရော့သလား။ မအလကို ဘုရားတစ်ဆူဂူတစ်လုံးလို ကိုးကွယ်နေ ကြတာများ။

ကျော်စိုးဦးလောက်မှ ဇောက်မနက်၊ မရက်စက်သလိုလို ကြောက်သူတော် ကြွက်သူခိုး မီဒီယာအမည်ခံတွေ၊ ငါးမင်းဆွေလောက်မှ လက်တွေ့မကျ၊ အရေမထူနိုင်တဲ့ ဝေဖန်လေထန် အနေမမှန်တဲ့ နိုင်ငံရေးပရောဟိတ်လိုလို ငတိတွေက ရွှေပြည်တော် မျှော်တိုင်းဝေး အိပ်မက်ကြီးကို ခွေးဝမ်းသာအောင် လေလည်ပြရုံနဲ့ သွားရည်တွေ တမြားမြားကျ၊ မာန်တွေဖီနေလိုက်တာများ ဟိုဟာကို ဟိုဟာမျှော်ဆိုတဲ့ စကားပုံကိုတောင် မြင်ယောင်လေရဲ့။

အရူးဘုံမြောက်၊ လူပုံအလယ် မရှက်မကြောက် မျက်နှာပြောင်းတိုက်ရဲတဲ့ မင်းတို့ရဲ့ သတ္တိကတော့ သူရသတ္တိနဲ့ ပြည့်စုံပါပေတယ်။ အံ့ဩရပါပေတယ်။ ကိုယ့်မျက်နှာကိုယ် မှန်ထဲပြန်ကြည့်နိုင်သေးတဲ့ မင်းတို့ရဲ့ သတ္တိကို အလေးပြုရပါပေတယ်။ ပြည်တွင်းထဲ ပြန်ဝင်လာကြတဲ့အခါ မင်းတို့မျက်နှာကြီးတွေကို မတွေ့၊ မမြင်ရဖို့သာ ဘုရားမှာ ဆုပန်မိတယ်။

မင်းတို့ရဲ့ ပြောပေါက်၊ ဆိုပေါက်က မသိရင် မအလက သမ္မတလုပ်ပြီးရင် တိုင်းပြည်မှာ ရွှေမိုးတွေပဲ ရွာတော့မလိုလို၊ မြန်မာပြည် နိုင်ငံရေး ပြဿနာကြီးကို မအလက ဆေးကြိမ်လုံးနဲ့ ရိုက် “ဥုံဖွ” ဆိုပြီး ဖြေရှင်းပေးတော့ မလိုလို။ မင်းတို့ တစ်သိုက်ဟာ ထူးခန့်ကျော်နဲ့ပဲ ကိုက်တယ်။ ထူးခန့်ကျော်နဲ့ပဲ တန်တယ်။ မအလရဲ့သမ္မတရူးတဲ့ပြဇာတ်မှာ မင်းတို့ရဲ့ ကကြိုး၊ ကကွက်တွေက ဘနန်းနားထက် ရယ်စရာကောင်းတယ်။ အိုးက မပူစလောင်းက ပူနေကြတဲ့ ဘောမ အပေါင်းတို့ ရေ။

သမ္မတရူးပလ္လင်တက်ပွဲမှာ ပြန်လာဖို့အတွက် ကြိတ်ခေါ်၊ ကြိတ်လှော်နေကြတာက တစ်ဖွဲ့၊ ပြန်လာရင် တွေ့မယ် လို့ ဓားကြိမ်းကြိမ်းနေတာက တစ်ဖွဲ့၊ အဝေ မတည့်ဖြစ်နေလိုက်ကြတာများ။

မလောက်လေး မလောက်စား ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုင်ချင်တဲ့ သမ္မတအရူး၊ ကြောင်ချေး မင်းအောင်လှိုင်ရဲ့ သမ္မတရူး ဇာတ်လမ်းအစအဆုံးက တတိုင်းပြည်လုံးသိတယ်။ မထူးဇာတ်ခင်းပြီး ရက်စက်မှုအပေါင်း သရဖူဆောင်းနေတာလည်း အားလုံးအမြင်။ မင်းတို့လို ဝေဒနာနဲ့ မပြောဘူး၊ ဒေတာတွေနဲ့ ချပြလို့ရတယ်။

မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ဖို့ တိုင်းပြည်ကို မီးလောင်တိုက်သွင်းတယ်၊ ပြည်သူတွေကို အပြတ်ရှင်းတယ်၊ စစ်တပ်ကို အသုံးချတယ်၊ အငြိမ်းစား စစ်မှုထမ်းဟောင်းတွေနဲ့ လူငယ်တွေရဲ့အသက်ကို စတေးတယ်၊ နောက်ဆုံး သူ သမ္မတဖြစ်ဖို့ ကြံ့ခိုင်ရေးပါတီကိုပါ ခုတုံးလုပ်တယ်။ စိုးဝင်းလည်း ကာချုပ်မဖြစ်၊ ခင်ရီလည်း သမ္မတမဖြစ်။

အာဏာရှင်ဘရွှေက အဲလောက်ထိတော့ အရူးမထခဲ့ဘူး။ ဘရွှေက နိုင်ငံရေးထွက်ပေါက်ရှာခဲ့တာ၊ မင်းတို့ မအလက သမ္မတရူး ရူးတယ်ဆိုတာ မအလ ထောက်ခံသူ၊ စစ်တပ်ထောက်ခံသူ အကုန်သိတယ်။

‘အသိခေါက်ခက် အဝင်နက်’ နေတာက မင်းတို့။ မင်းတို့က လိုတိုင်းတ ရနေလေတော့ အသက်ပေးစတေးနေရ တဲ့သူတွေလို ကိုယ်ချင်းမစာနိုင်ဘူး၊ အမှန်ကို မမြင်နိုင်ဘူး။ တစ်ဘတည်း ဘ ၊ တစ်မ တည်း မနေကြတဲ့ကောင် တွေ။ အနေမတတ်၊ အစားမတတ် ခွေးငတ်တွေ။

မင်းတို့အဘ သမ္မတ မဖြစ်သေးဘူး၊ တရားခံပြေး ဖြစ်နေပြီ၊ ရာဇဝတ်ကောင်အဖြစ်သတ်မှတ်ခံနေရပြီ။ အစလည်း မကောင်း၊ အနှောင်းလည်း မသေချာ၊ ဘာမှ မရေရာတဲ့ မင်းတို့အဘ တိုင်းပြည်ကို မီးမှန်အောင် သာအရင်လုပ်ပေးပါလို့ တောင်းဆိုလိုက်ပါဦး ဘောငုံ၊ ဘောကိုက်၊ ဘောမ တစ်သိုက်တို့ရေ။

Leave a Comment