ညီမင်းဆက် ရေးသည်။
မဏ္ဍိုင်၊ မတ် ၂၈၊ ၂၀၂၆။
နယ်မှာ စစ်ဘေးတိမ်းရှောင် နေထိုင်ရင်းကနေ ဘယ်လိုမှအဆင်မပြေတော့လို့ ရန်ကုန်ကိုရောက်လာခဲ့ပြီးကတည်းက ညဆိုအဖေဟာ ဝရန်တာမှာ ငူငူကြီး ထထ ထိုင်နေတတ်တယ်။
အဖေက ရန်ကုန်မှာရှိတဲ့ ကျွန်တော့်တိုက်ခန်းထက် နယ်ကသူ့သားအကြီးကောင်ရဲ့ ခြံနဲ့ဝင်းနဲ့မြေကြီးနဲ့အရပ်ကို ပိုပြီး ခုံမင်တယ်။ ကျွန်တော့်ဆီထက် သူ့သားအကြီးဆီပဲ နေဖြစ်တာများတယ်။ အဖေက အဆုတ်သိပ်မကောင်းဘူး။ အဲဒီအတွက် အစ်ကိုကြီးကိုယ်တိုင်ကလည်း ရန်ကုန်လိုလေထုညစ်ညမ်းမှုများတဲ့နေရာထက် လေကောင်းလေသန့် ပိုရတဲ့ သူ့နယ်မှာပဲ အဖေ့ကို ပိုပြီးခေါ်ထားဖြစ်တယ်။
အစ်ကိုကြီးရော အဖေရော နှစ်ယောက်လုံးက စိုက်ပျိုးရေးဝါသနာပါတော့ စားသောက်ရေးကလည်း သိပ်ပူပန်စရာ မလိုဘူး။ ခြံထဲကိုယ့်ဘာသာ စိုက်ပျိုးထားတဲ့ အသီးအနှံနဲ့တင် အဆင်ပြေကြတယ်။ အဖေ တကူးတက စားချင်တာမျိုးဆိုလည်း ရန်ကုန်ကနေ ကျွန်တော်က အစ်ကိုကြီးအိမ် အရောက်ထိ ကားတင်ပေးလိုက်ရုံပဲဆိုတော့ အဖေကိုယ်တိုင်လည်း အစ်ကိုကြီးဆီမှာပဲ နေဖြစ်တာပိုများတယ်။
နေဖြစ်ဆို အဲဒီနယ်က ကောင်မလေးနဲ့ အစ်ကိုကြီးတို့ အကြောင်းပါပြီး သမီးလေးမွေးလို့ ကလေးတောင် မူလတန်းတက်ခါနီးအရွယ်ရောက်လာတဲ့အထိပဲ။ အစ်ကိုကြီးက နယ်မှာ ဆိုင်ကယ်ပြင်ဆိုင်နဲ့ ဆိုင်ကယ်ပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်ဖွင့်ထားတော့ အစ်ကိုကြီးရဲ့ ဆိုင်အလုပ်တွေကူရင်း၊ မြေးမလေးကိုထိန်းရင်း အဖေလည်းပျော်နေပုံပါပဲ။ ကျွန်တော့်ဆီအလည်လာဖို့တောင် ခေါ်မရခဲ့ဘူး။ အလည်လာပါဦးလို့ ခေါ်တိုင်း ဒီမှာငါမရှိလို့ မဖြစ်ဘူးကွဆိုပြီး တွင်တွင် ငြင်းနေတော့တာ။ အဲဒီကာလတွေတုန်းကဆို အဖေက ည ၈ နာရီလောက်ဆို အိပ်ယာဝင်ပြီလို့ အစ်ကိုကြီးက ဆိုတယ်။ မနက် ၅ နာ ရီလောက်ဆိုထပြီး ခြံထဲလမ်းလျှောက်၊ ပြီးရင် ရွာထဲ မနက်စာထွက် စားတတ်တယ် လို့ ဆိုတယ်။
အဲဒီကာလတွေအလွန် စစ်အာဏာသိမ်းပြီးနောက် ထူးထူးထွေထွေအပြောင်းအလဲ သိပ်မရှိလှတဲ့ အစ်ကိုကြီးတို့ ရွာကို ၂၀၂၃ ခုနှစ် နှစ်စပိုင်းလောက်မှာ စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ တရစပ်ပြုလုပ်ပြီး မြေပြင်ကနေ ပြင်းပြင်းထန်ထန်စစ်ကြောင်းထိုးခဲ့တယ်။ မဖြစ်လောက်၊ မလုပ်လောက်ပါဘူးလို့ သူတို့အရပ်ဒေသနဲ့ပတ်သက်ပြီး ထင်မှတ်ထားတဲ့ အဖေနဲ့အစ်ကိုကြီးတို့မိသားစု အပါအဝင် တစ်ရွာလုံး အိုးပစ်အိမ်ပစ် စစ်ဘေးဒုက္ခသည် အဖြစ်ကို ရောက်ခဲ့ကြရတယ်။ စစ်တပ်ကလည်း အစ်ကိုကြီးတို့ ရွာဝန်းကျင်ဒေသကို စစ်ဆင်ရေးတစ်ခုလို ပြင်းပြင်းထန်ထန် စစ်ကြောင်းထိုးပြီး အစုလိုက် အပြုံလိုက်သတ်ဖြတ်တာတွေထိပါ လုပ်ဆောင်ခဲ့တယ်။
စစ်တပ်ရဲ့ ပြင်းထန်တဲ့ ထိုးစစ်မှာ အဖေနဲ့ အစ်ကိုကြီးတို့မိသားစုအပါအဝင် ရွာသူရွာသားတွေဟာတောတိုက်ထဲနေ့ နေ့ညညစစ်ဘေးတိမ်းရှောင် နေခဲ့ရတယ်တဲ့။ အသက် ၇၀ ကျော် အဆုတ်မကောင်းတဲ့ အဖေ့အတွက် တောတိုက်တွေထဲ တစ်နေရာပြီးတနေရာ ပြောင်းရွှေ့တိမ်းရှောင်ပုန်းအောင်းနေထိုင်ရတဲ့ကာလကြာလာတဲ့အခါ ကျန်းမာရေးက ဆိုးရွားလာခဲ့တယ်တဲ့။
အဖေနဲ့ အစ်ကိုကြီးတို့ဒေသရဲ့ အခြေအနေကို သတင်းတွေမြင်သိဖတ်နေရပေမယ့် အင်တာနက်လိုင်းတွေပြတ်၊ ဖုန််လိုင်းတွေပြတ်၊ လမ်းပန်းဆက်သွယ်ရေးကလည်း စစ်တပ်က စစ်ကြောင်းအတင်းထိုးနေတာမို့ တိုက်ပွဲတွေ ဖြစ်ပြီး သွားလာမရရှိနေတဲ့အတွက် အစ်ကိုကြီးနဲ့ ကျွန်တော်လည်း အဆက်အသွယ်ပြတ်ပြီး ဘာမှ စီစဉ်လို့မရဘဲ ရှိခဲ့တယ်။ အဖေရော အစ်ကိုကြီးတို့ မိသားစုရော ဘေးကင်းလုံခြုံ အဆင်ပြေရဲ့လား ဘာမှကို မသိရဘဲရှိတယ်။
တစ်ရက် အစ်ကိုကြီးနဲ့ ဖုန်းရတော့ အဖေ့ကို ရန်ကုန်ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ဆိုတယ်။ ကားရတာနဲ့ပို့မယ်ပြောတယ်။ အခုလို ဖုန်းပြောဖို့ကို လေးမိုင်လောက် လမ်းလျှောက်လာရတယ်လို့ဆိုရှာတယ်။
အစ်ကိုကြီးနဲ့ကျွန်တော် အဆက်အသွယ်ရပြီးနောက် နှစ်ပတ်လောက်ကြာတော့ အစ်ကိုကြီးက သူ့မိန်းမနဲ့ကလေးရယ်၊ အဖေရယ်ကို ရန်ကုန်အထွက်ကားနဲ့တင်ပေးလိုက်ပြီ အဝေးပြေးကားဝင်းမှာသွားကြိုပါလို့ ဖုန်းထပ်ဆက်လာတယ်။ သူကတော့ သူ့ဆိုင်နဲ့အိမ်အတွက်နယ်မှာပဲ မီးဆင်ကြည့်က နေခဲ့မယ်လို့ ဆိုတယ်။ အိမ်နဲ့ဆိုင်ကပစ္စည်းတွေတော့ စစ်သားတွေ ဖောက်ထွင်းခိုးယူဖျက်ဆီးလို့ အတော်လေးပျက်စီးကုန်ပြီလို့ ဆိုတယ်။
အဖေ ၊ အစ်ကိုကြီးမိန်းမနဲ့ ကလေးတို့တတွေဟာ ဘာပစ္စည်းတစ်ခုမှ ယူမလာနိုင်ဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ရန်ကုန်ကို ရောက်လာခဲ့ကြတယ်။ စစ်တပ်ရဲ့ စစ်ကြောင်းတွေကြောင့် ဘာတစ်ခုမှကို ယူချိန်မရခဲ့ဘူးလို့ဆိုတယ်။ အဖေဟာ နဂိုရှိရင်းရဲ့ ထက်ဝက်နီးပါးကျော် ပိန်ချုံးကျသွားခဲ့တယ်။ မျက်တွင်းတွေချိုင့်ပြီး မေးရိုးတွေပါပေါ်နေခဲ့တယ်။ အိမ်ကိုရောက်ပြီး သုံးလေးရက်လောက်ထိ စကားကောင်းကောင်းမပြောဘူး။ မေးမှပဲ ဖြေတယ်။ အဆိုးဆုံးက ညဘက်တွေ မအိပ်ဘဲ ဝရန်တာမှာ ငူငူကြီး ထထိုင်နေတတ်တာပဲဖြစ်တယ်။
ဘယ်လိုကြောင့် အခုလိုဖြစ်သွားတာလဲလို့ အစ်ကိုကြီးမိန်းမကို မေးကြည့်တော့ ကျန်းမာရေးကြောင့် တောတိုက်တစ်ခုပြီးတစ်ခု ပြောင်းရွှေ့ဖို့ ခက်ခဲလာတဲ့အဖေဟာ အစ်ကိုကြီးတို့နဲ့အတူ မလိုက်တော့ဘဲ တောတိုက်တစ်ခုမှာ တခြားသူတွေနဲ့နေခဲ့ချိန် စစ်တပ်စစ်ကြောင်းကတွေ့ပြီး နှိပ်စက်ခံရတာမို့ အခုလို ဖြစ်သွားတာလို့ ဆိုတယ်။
အဲဒီနေ့က အဖေနဲ့အခြားသက်ကြီးရွယ်တချို့ ချန်ရစ်ပုန်းအောင်းနေခဲ့တဲ့တောတိုက်နေရာကို စစ်တပ်ကတွေ့သွားပြီး ရွာသားတွေရှိတဲ့နေရာကို နှိပ်စက်မေးမြန်းခဲ့တာလို့ ဆိုတယ်။ တချို့ကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဆိုတယ်။ အဖေ့ကိုလည်းနှိပ်စက်ပြီး သေပြီအထင်နဲ့ထားရစ်ခဲ့တာမှာ ကံကောင်းလို့မသေဘဲ အစ်ကိုကြီးတို့က လာပြန်ရှာခေါ်နိုင်ခဲ့တာလို့ ဆိုတယ်။
အစ်ကိုကြီးတို့ အဖေ့ကို ပြန်ရှာတွေ့တော့ အဖေက သစ်ပင်တစ်ပင်မှာ မှီထိုင်လျက်ရှိနေခဲ့တယ်လို့ဆိုတယ်။ ဒါပေမဲ့ အသိမဲ့သူတစ်ယောက်လို ဘာမှမေးစမ်းလို့ မရဘူးလို့ဆိုတယ်။
ကြောင်တောင်တောင်ကြီးဖြစ်နေပြီး စိတ်နဲ့လူနဲ့မကပ်ဘဲ ရှိနေခဲ့တယ်လို့ ဆိုတယ်။ ဆီးတွေ၊ ဝမ်းတွေလည်းထွက်ကျထားသလို ခန္ဓာကိုယ်အနှံ့မှာလည်း စစ်တပ်က နှိပ်စက်ထားခဲ့တဲ့ ဒဏ်ရာတွေကထွက်တဲ့ သွေးတွေနဲ့ ပြည့်နေခဲ့တယ်လို့ဆိုတယ်။
စစ်တပ်ကနှိပ်စက်ခဲ့တဲ့ ဒဏ်ရာတွေပျောက်ကင်းအောင် ရွာကဆေးဆရာနဲ့ အဖေ့ကို အတော်ကုခဲ့ရတယ်လို့ဆိုတယ်။ အဲဒီကတည်းက အဖေဟာ ညဆို မအိပ်ဘဲ ငူငူကြီးထထိုင်နေတော့တာပဲတဲ့။ အဲဒီတုန်းက ဘာတွေဘယ်လို ဖြစ်ခဲ့လဲ မေးတဲ့အခါ သူရူးတစ်ယောက်ပမာ တစ်ခါမေးရင်တမျိုး ပါးစပ်ထဲရှိရာ ပြောနေခဲ့တယ်လို့ဆိုတယ်။
အဲဒီအကြောင်းကို ပြန်ပြောတိုင်း အစ်ကိုကြီးခမျာ မျက်ရည်ကျရှာတယ်။ ပြီးတော့ အဲဒီကောင်တွေကွာလို့ နာနာ ကျည်းကျည်းဆိုတယ်။
ရန်ကုန်ရောက်ပြီး နည်းနည်းကြာတော့ အဖေ့အခြေအနေ တိုးတက်လာတယ်။ စိတ်နဲ့လူနဲ့ မကပ်သလိုအခြေအနေကနေ သိစိတ်လေး နည်းနည်း ကပ်လာတယ်။ စားချင်တာလေးတွေ၊ လုပ်ချင်တာလေးတွေ၊ ရွာကအကြောင်းလေးတွေ ဖြည်းဖြည်းချင်းပြောလာတတ်တယ်။ ဒါပေမဲ့ ညဘက်တွေမှာတော့ ဝရန်တာမှာ ငူငူကြီးထထိုင်နေတတ်တုန်းပဲ။
“ညဘက်အိပ်ပျော်အောင် တရားလေးဘာလေး မှတ်ကြည့်ပါလားအဖေ” လို့ ကျွန်တော်ပြောတော့ အဖေက သူတရား မှတ်ကြည့်ပေမယ့် မှတ်လို့မရဘူးလို့ ပြောတယ်။ မျက်စိမှိတ်လိုက်ရင် တောတိုက်ထဲက အဖြစ်အပျက်တွေပဲ မြင်နေမိတယ် လို့ ဆိုတယ်။ တရားမှတ်လို့မရလည်း ပုတီးဖြစ်ဖြစ် စိတ်ချင်စိတ်ပါစေလို့ အဖေ့အနား ပုတီးလေး ထားပေးထားပေမယ့် အဲဒီဟာကလည်း အဖေ့အတွက် အကူအညီဖြစ်ပုံမရဘဲရှိတယ်။
အဖေ အဆင်ပြေရာပြေကြောင်းဖြစ်အောင် တရားလေးဖွင့်ပေး၊ ဟာသလေးပြောပေး၊ ကောင်းနိုးရာရာနှစ်သိမ့်ဆွေး နွေးမှုလေးတွေ ပြုပေမယ့် အဖေဟာ စကားဆူဆူပြောသံကြားရင်၊ ကားစက်နှိုးသံ၊ အိတ်ဇောသံတွေကြားရင်၊ အသံစူး စူးရှရှတစ်ခုခုကြားရရင်ကို ငူငူကြီးထထိုင်နေတော့တာပါပဲ။
ညဆို အဲဒီလိုအသံတွေ အဖေမကြားရအောင် ဘယ်လိုပဲလုပ်လုပ် သတိရလို့ ကြည့်လိုက်ရင် ဝရန်တာမှာ ငူငူကြီး ထိုင်နေတတ်တဲ့ အဖေ့အရိပ်မည်းမည်းကြီးက ဘယ်တော့မှ မပျောက်ဘဲရှိနေတော့တယ်။