ကျော်ဇေယျာထွန်း ရေးသည်။
မဏ္ဍိုင်၊ မတ် ၃၊ ၂၀၂၆။
ကျွန်တော်ဟာ စာတအားဖတ်တဲ့အထဲမှာ မပါပါဘူး။ ငယ်ငယ်ကဆိုရင် ကာတွန်းစာအုပ်တွေကို စာဖတ်ရတာထက် ပုံကြည့်ရတာ ပိုကြိုက်တယ်။ ကာတွန်းစာအုပ်တွေ ငှားလာပြီဆိုရင် ကိုယ်ကြိုက်တဲ့ကာတွန်းစာအုပ်ကို ကောက်လှန်ပြီး ပုံတွေကြည့်တယ်၊ ဖတ်ချင်တဲ့နေရာရောက်ရင် ဖတ်လိုက်တယ်။ ပြီးရင် ပုံတွေကြည့်ပြီး စာတွေအားလုံး ကျော်ပစ် လိုက်တယ်။ အဆုံးသတ်မှာ ပြီးပါပြီဆိုတဲ့ စာလုံးနားရောက်ရင် စာအုပ်ကို ပိတ်ပစ်လိုက်တယ်။
အဲတော့ စာအုပ်ရဲ့အရသာကို ကောင်းကောင်းမရဘူး၊ စာအုပ်ရဲ့ဇာတ်အိမ်ဖွဲ့ဆိုလိုရင်းကို သဘောမပေါက်ဘူး။ ဒါပေမဲ့ စာအုပ်ငှားလာတဲ့ကာယကံရှင် ကျွန်တော့်အစ်ကိုက စာအုပ်ဖတ်ပြီးသွားလို့ သူတို့ကြိုက်တဲ့စာအုပ်ဆိုရင် ကျွန်တော့်ကို ပြန်ဖောက်သည်ချတယ်။ အဲဒီအခါမှ ပုံတွေသာကြည့်ပြီး ကျော်ပစ်ခဲ့တဲ့စာတွေကို ကျွန်တော် ပြန်ဖတ်ရတယ်။ အရသာခံရတယ်။ ပြီးခါမှ ညီအစ်ကိုနှစ်ယောက် စာအုပ်ရဲ့ဇာတ်လမ်းအကြောင်းကို စာမြုံ့ပြန်ကြတယ်။
ဒီလိုနဲ့ကျွန်တော်ဟာ စာဖတ်ခြင်းအလေ့ကို အစ်ကိုထံက ကူးစက်ခဲ့တယ်လို့ဆိုရမယ်။ သူက ကာတွန်းစာအုပ် အစုံဖတ် တယ်၊ သိုင်းဝထ္ထု ရှည်ချင်သလောက်ရှည် အကုန်ဖတ်တယ်။ သူဟာ စာဖတ်တာကို ဒီနေ့ခေတ် လူငယ်တွေ ဖုန်းနဲ့မျက်နှာ မခွာသလို ဖတ်ခဲ့တာ။ ရောက်လေရာအရပ်မှာ စာအုပ်ဆိုင်ရှာတယ်။ ပုသိမ်-ရန်ကုန် သွားသင်္ဘောပေါ်ရောက်ရင် သူအရင်ဆုံးရှာတာက စာအုပ်အငှားဆိုင်။
သူဖတ်ပြီးရင် “ ဇေယျာရေ၊ ဒီစာအုပ် မိုက်တယ်၊ ဖတ်ကြည့် သိုင်းကွက်တွေ အဆင့်မြင့်တယ်” လို့ ညွှန်းပြီး စာအုပ်ထဲပါတဲ့ သိုင်းကွက် နှစ်ကွက်၊ သုံးကွက်ပြောပြလိုက်တယ်ဆိုရင်ပဲ ကျွန်တော်စိတ်ပါပြီး ဖတ်ပြီ။ သိုင်းဝထ္ထုနှစ်အုပ်တွဲ၊ သုံးအုပ်တွဲကို အောင်အောင်မြင်မြင်ဖတ်ခဲ့ဖူးတယ်။
ကျွန်တော်က စာအုပ်ထူရင် မဖတ်ချင်တော့ဘူး၊ အထဲမှာ ဘာပါမှန်း မသိဘဲ၊ ကောင်း မကောင်း မသိဘဲ ဖတ်ရမှာ ပျင်းသလိုတွေ့တယ်။ အဲဒါကြောင့် ကျွန်တော့်အစ်ကိုက ကောင်းတယ်ပြောမှ ဖတ်ဖြစ်တာများတယ်။ ကြိုက်ပြီ ဆိုရင်လည်း အဲဒီစာအုပ်တစ်အုပ်တည်းကို ကျွန်တော် ထပ်ထပ်ဖတ်ဖြစ်တယ်၊ ကိုယ်ကြိုက်တဲ့စာအုပ်ကို စာအုပ်ဆိုင်မှာ ထပ်တွေ့တာမျိုးဆိုရင်တောင် အဲဒီစာအုပ်ကို ကိုင်ကြည့်ပြီး သံယောဇဉ်ဖြစ်သလိုမျိုးကို ခံစားရတာ။
ကျွန်တော့်အစ်ကိုဟာ စာဖတ်ဝါသနာပါရာကနေ ၉ တန်း၊ ၁၀ တန်းအရွယ်ရောက်တဲ့အခါ ကိုယ်ပိုင် စာအုပ်ဆိုင်ဖွင့်တယ်။ သူဖတ်ချင်တာလည်း ဖတ်ရ၊ စာအုပ်လည်းငှားရဆိုတော့ သူ့အတွက် တွက်ချေကိုက်တာပေါ့။ နောက်တော့ စာအုပ်ဆိုင် ထိုင်ရတာက ကျွန်တော်ဖြစ်လာတယ်။ အဲဒီအခါ စာအုပ်ငှားသူတွေက ဒီစာအုပ်ကောင်းတယ်၊ ဟိုစာအုပ်ကောင်းတယ်၊ “ဒီစာအုပ်လေးဖတ်ရတာ ငိုတောင် ငိုချင်တယ်” စသဖြင့် သူတို့မှတ်ချက်လေးတွေ ကြားရတာမျိုးဆိုရင် ကျွန်တော် အဲဒီစာအုပ်တွေကို တောင်လှန်၊ မြောက်လှန် ကြည့်ရင်း ဖတ်ဖြစ်တယ်။
ကာတွန်းစာအုပ်၊ သိုင်းဝထ္ထုအပြင်၊ အချစ်ဝထ္ထုတချို့ပါ ဖတ်ဖြစ်လာတယ်။ အချစ်ဝထ္ထုတစ်ခုက ဇာတ်ကွက်လေးဆိုရင် အခုထိ ကြိုက်နေတုန်း။ ဝထ္ထုရဲ့တစ်နေရာမှာ ဇာတ်လိုက်ကောင်းလေးက သူ့ဆရာအိမ် သွားလည်တယ်၊ ဆရာ့အိမ်မှာ မီးခလုတ်ပျက်နေလို့ သူက ပြင်ပေး၊ တိုက်တိုက်ဆိုင်ဆိုင် အခန်းဖော် ဇာတ်လိုက် ကောင်မလေးကလည်း ဆရာ့အိမ်လာလည်၊ ဇာတ်လိုက်ကောင်းလေးဟာ မီးခလုတ်ပြင်ပြီးသွားတဲ့အခါ သူကိုယ်တိုင် ခလုတ်မဖွင့်ဘဲ ကလေးတစ်ယောက်ကို ဖွင့်ခိုင်းတယ်၊ ခလုတ်နှိပ်လိုက်လို့ မီးလင်းလာတဲ့အခါ ကလေးတွေ ပျော်ပြီး အော်ကြတယ်။ အဲဒီအခါ ဇာတ်လိုက်ကောင်လေးဟာ ကျေနပ်ပြီးပြုံးတယ်၊ ပြီးတော့ ဆရာ့ကို နှုတ်ဆက်ပြီး ပြန်သွားတယ်၊ သူပြန်သွားတော့ ဆရာက ဇာတ်လိုက်ကောင်လေးရဲ့ စိတ်သဘောထားကို နောင်မှာ ကောင်လေးနဲ့ ရည်းစားဖြစ်မယ့် တပည့်ကောင်မလေးကို ပြောပြတယ်။
အဲဒီဇာတ်ကွက်လေးကို ကျွန်တော်ဟာ ထပ်ထပ်ဖတ်မိတယ်၊ ပြီးတော့ ကိုယ်တိုင် မီးခလုတ်ပြင်ဖြစ်တဲ့အခါ ဖြစ်စေ၊ ကျွမ်းသွားတဲ့မီးသီးကို အသစ်ပြန်လဲလို့ ခလုတ်ဖွင့်ရတဲ့အခါဖြစ်စေ ကလေးတွေကို ဖွင့်ခိုင်းဖြစ်တယ်။ မီးလင်းလာလို့ သူတို့ကျေနပ်သွားတာကို ကြည့်ပြီး ကျေနပ်ရတာဟာ တကယ့်အရသာ။
ခုနှစ်တန်း၊ ရှစ်တန်းကျောင်းသားဘဝက ထပ်ခါထပ်ခါဖတ်ပြီး ကြိုက်မိတဲ့စာအုပ်နှစ်အုပ်က ဆရာမင်းသိင်္ခရေးတဲ့ ဖီလိုဆိုဖာဦးမြသာနဲ့ နီလေးမောင်ရေးတဲ့ ဖြစ်ရပ်မှန် မှုခင်းဝထ္ထုတစ်အုပ်။
ဦးမြသာစာအုပ်ထဲက စကားပြောခန်းတွေကို ကြိုက်တယ်။ အကြွေးဆပ်တာဟာ လူကြောက်တွေရဲ့ အလုပ်ကွလို့ ပြောတာမျိုးဆိုရင် အခုထိ စွဲနေတုန်း။ ပြည့်တန်ဆာတစ်ယောက်နဲ့တွဲပြီး လမ်းလျှောက်တဲ့ ဦးမြသာရဲ့ လွတ်လပ်မှုဟာ ကျွန်တော့်ကို အလင်းရစေတယ်။ တွေးစရာတွေပေးတယ်။ ခန္ဓာကိုယ်ထဲက ခွေးကြီးနဲ့ သဘောထား မတိုက်ဆိုက်တဲ့ ဦးမြသာဟာ တနေ့တော့ ခွေးကြီးရဲ့အလိုကို လိုက်မယ်ဆိုပြီး ဆုံးဖြတ်တယ်။ အဲဒီနေ့မှာပဲ သူ့ကို လူကြီးတစ်ယောက်က ညစာစားပွဲ ဖိတ်တယ်၊ ငြင်းတာ မရတဲ့အဆုံး ပွဲတက်ခဲ့တယ်။ ပွဲမှာ လူကြီးလုပ်သူက ပရိသတ်တွေကို တယောထိုးပြတယ်။
သူ့တယောသံကောင်းလားဆိုပြီး ဦးမြသာကို မှတ်ချက်တောင်းတော့ ဦးမြသာက တံယောသံဟာ သံချေးတက်နေတဲ့ တံခါးပတ္တာကို အဖွင့်အပိတ်လုပ်တဲ့အခါ ထွက်လာတဲ့ အသံနဲ့တူတယ်ဆိုပြီး လူပုံအလယ်မှာ အမှန်တိုင်း ပြောလိုက်တဲ့ အခန်းကို တော်တော်ခိုက်တယ်။ ကျောင်းဆရာ ဦးမြသာနဲ့ ကျောင်းသားလေး အခြေအတင် ဖြစ်တဲ့အခန်းဆိုလည်း ကြိုက်လွန်းလို့ ထပ်ခါထပ်ခါဖတ်ရတယ်။
စာအုပ်ဆိုင်ပိတ်လိုက်တဲ့နောက်တော့ ကျွန်တော် စာမဖတ်ဖြစ်တော့ဘူး။ စာအုပ်တွေနဲ့ ဝေးသွားတယ်။ ဆယ်တန်းအောင် ပြီးတော့ မှတ်မှတ်ရရ ဆရာဖေမြင့်ရဲ့ ‘မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား’ ဆိုတဲ့ စာအုပ်ကို ပြန်စဖတ်တယ်။ အဲဒီလို ဖတ်ဖြစ်တာလည်း ကျွန်တော့်အစ်ကိုရဲ့ ကျေးဇူးပါ။ သူက လုပ်ငန်းခွင်ထဲဝင်ဖို့ ကြိုးစားနေလေတော့ သုတစာအုပ်တွေ၊ တက်ကျမ်းတွေကို ဖတ်နေတဲ့အချိန်။
ဆရာဖေမြင့်ရဲ့ ‘မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား’ ဆိုတဲ့ စာအုပ်ဖတ်ပြီး ကြက်သီးမွေးညှင်းထရတဲ့ အကြောင်းပြော လေတော့ ကျွန်တော်လည်း ဖတ်ကြည့်တယ်။ ကြိုက်သွားတယ်။ အဲဒါနဲ့ ညီကိုနှစ်ယောက် ဆရာဖေမြင့်ရဲ့ စာအုပ်တွေကို ထပ်ဝယ်ပြီး ဖတ်တယ်။ ချုံကြားမှ ဘုံဖျားသို့၊ ပြောနည်း ဟောနည်း ကိုယ့်ဘက်ပါအောင် စည်းရုံးနည်း၊ အားပြင်းတဲ့မျှားတစ်စင်း စတဲ့တက်ကျမ်းတွေ ဖတ်ဆက်ဖတ်ဖြစ်တယ်။ အကြိုက်ဆုံးကတော့ ‘အပြောင်မြောက် ဆုံးဘဝတစ်ခုကို တည်ဆောက်ခြင်း’ ဆိုတဲ့ စာအုပ်ပဲ။ အများကြိုက်တဲ့ ‘ဆတ်သေချောင်း ဒဏ္ဍာရီ’ နဲ့ ‘လူနာဆောင် အမှတ်ခြောက်’ ဆိုတဲ့ စာအုပ်ကိုတော့ ရင်ထဲ မရောက်ဘူး။
‘အပြောင်မြောက်ဆုံး ဘဝတစ်ခုကို တည်ဆောက်ခြင်း’ ဆိုတဲ့ စာအုပ်ဖတ်ပြီးတဲ့နောက်ပိုင်း ကျွန်တော် တက်ကျမ်းတွေ မဖတ်ဖြစ်တော့ဘူး။ ကျွန်တော့်အစ်ကိုကတော့ တက်ကျမ်းတွေ ဆက်ဖတ်တယ်၊ ခေါင်းဆောင်တွေရဲ့ အထ္ထပ္ပုတ္တိတွေ ဖတ်တယ်။ သူနဲ့ကျွန်တော်က အဲဒီနေရာမှာ လိုင်းကွဲသွားတယ်။ သူက စာအုပ်ဖတ်တယ်၊ ကျွန်တော်က လက်တွေ့ဘဝထဲထိ တိုးဝင်သွားတယ်။
ကျွန်တော်က ဂျာနယ်ကျော် မမလေးရဲ့ သူလိုလူ ကိုကြိုက်တယ်၊ ဆရာကြီးဦးဝင်းတင်ရဲ့ ‘ကွိ’ ကို မကြိုက်ဘူး။ ဒါပေမဲ့ ‘ဘာလဲဟဲ့ လူ့ငရဲ’ ကိုဖတ်ပြီးတဲ့အခါ ဆရာကြီး ဦးဝင်းတင်ကို အကြိမ်ကြိမ် ဦးခိုက်ရတယ်။ ဆရာကြီးကို အပြင်မှာ ပထမဆုံးတွေ့လိုက်ရတဲ့အခါ ထိုင်ပြီး ကန်တော့ခဲ့ရတာကို အခုထိ ကျေနပ်နေရတုန်းပဲ။ ရဲကိုကိုတွေက မှတ်တမ်းတွေ တင်လို့ပေါ့။
စာဖတ်ခြင်းအလှည့်အပြောင်းဖြစ်သွားတာနဲ့ စာဖတ်ခြင်းအနှစ်သာရကို ခံစားခဲ့ရတဲ့ အခိုက်အတန့်ကတော့ ဆရာသိန်းဖေမြင့်ရဲ့ ‘အရှေ့က နေဝန်းထွက်သည့်ပမာ’ စာအုပ်ပဲ။ အစ်ကိုတစ်ယောက်က ဖတ်ကြည့်ဆိုပြီး ညွှန်းတယ်။ စာအုပ်ဆိုင်မှာ တစ်ခါတည်းအပိုင်ဝယ်လိုက်တယ်။ စာရေးဆရာ နာမည်က သိန်းဖေမြင့်ဆိုတော့ ဘယ်လိုနာမည်ကြီး ပါလိမ့်ဆိုပြီး တွေးမိခဲ့သေးတယ်။
အိမ်ရောက်တာနဲ့ စာအုပ်အသစ်လေးကို ကောက်လှန်ကြည့်လိုက်တယ်။ စာအုပ်ဟာ သံလိုက်လို လူကို ဆွဲထားတယ်။ စာဖတ်တဲ့သူတွေ ပြောကြတဲ့ လက်က မချချင်ဘူးဆိုတဲ့အဖြစ်ကို အဲဒီစာအုပ်မှာ တကယ်ကြုံရတယ်။ ကောင်းချက်က ရက်စက်တယ်လို့သာ ဆိုချင်တော့တယ်။
ထမင်းစားဖို့ကို မေ့တယ်၊ ညဘက် ၂ နာရီ၊ ၃ နာရီအထိ စာဖတ်တာကို မရပ်ချင်ဘူး။ မနက်မိုးလင်းလို့ ရထားစီးပြီး သင်တန်းသွားရတဲ့အချိန်မှာ စာအုပ်အကြောင်း တွေးရင်း စိတ်ထဲမှာ သပိတ်တွေမှောက်ပြီး သူပုန်စိတ်တွေ တဖွားဖွား ပေါ်နေမိတယ်။ သခင်ပေါက်စ၊ ထောင်ခြောက်လဆိုတဲ့ စာသားကို ရေရွတ်ရင်း ထောင် မကြောက်တဲ့ စိတ်တွေ ဝင်နေမိတယ်။ ကျွန်တော်ဟာ ရွှေကြော၊ ရေကြောကို တွေ့တဲ့သူပမာ ကိုယ့်အကြိုက်ကို ရှာဖွေတွေ့ရှိ သွားတယ်။ အဲဒီစာအုပ်ဟာ ကျွန်တော့်ဘဝရဲ့ အချိုးအကွေ့လို့ ထင်မိတယ်။
အရှေ့က နေဝင်းထွက်သည့်ပမာ စာအုပ်ဖတ်ပြီးတော့ စစ်အတွင်းခရီးသည် ကို ဆက်ဖတ်ဖြစ်တယ်။ ပြီးတော့ သပိတ်မှောက်ကျောင်းသား။ ကျွန်တော်ဟာ ညိုထွန်း ဖြစ်သွားတယ်။ တံယောထိုး၊ မယ်ဒလင်တီးနေတဲ့သူတွေ၊ ကျောင်းကြီးကို လွမ်းပြီး ကျောင်းပျော်ကြီးလုပ်နေတဲ့သူတွေကို နေရင်းထိုင်ရင်း ကြည့်မရဖြစ်သွားတယ်။
ဆရာသိန်းဖေမြင့်ရဲ့ စာအုပ်တွေအားလုံးနီးပါး ဖတ်ဖြစ်ပါတယ်။ သူ့ကို ဝိုင်းဝန်းထိုးနှက်ကြတဲ့ စာအုပ်လည်း ဖတ်ဖြစ်တယ်။ သူ့အကြောင်း အမှတ်တရရေးကြတဲ့စာတွေလည်းဖတ်တယ်။ ဆရာသိန်းဖေမြင့် အကြောင်း ပိတောက်ပွင့်သစ်က ရေးတော့ လည်း စာအုပ်ကို ဝယ်သိမ်းထားမိတယ်။ နောက်ဆုံးတော့ ကျွန်တော် ဘုတလင်မြို့က သူ့အုတ်ဂူအထိရောက်သွားပြီး ဆရာ့ကို ကန်တော့ဖြစ်ခဲ့တယ်။ ဆရာသိန်းဖေမြင့်ရဲ့ ရာပြည့်ကိုလည်း ရောက်သွားသေးတယ်။
ဆရာသိန်းဖေမြင့်စာအုပ်ကိုဖတ်ဖို့ ညွန်းခဲ့တဲ့ အစ်ကိုက ‘အဏ္ဏဝါခရီးသည်နှင့် ပုလဲဒေဝီ’ ဟာ ပျင်းစရာကောင်းကြောင်း ပြောပေမယ့် ကျွန်တော်က ဆရာ့အရေးအဖွဲ့ကို ကြိုက်လို့ ထပ်ထပ်ဖတ်ဖြစ်တယ်။
အဲဒီအစ်ကိုက ဆရာငြိမ်းကျော်ရဲ့ ‘သမုဒယမော်ကွန်းတွင်ရစ်စေသတည်း’ ဆိုတဲ့စာအုပ်ကိုဖတ်ဖို့ ထပ်ညွန်းပေမယ့် အဲဒီစာအုပ်ဟာ ကျွန်တော့်ရင်ထဲ မရောက်ဘူး။
ဆရာသိန်းဖေမြင့်ရဲ့ စာအုပ်တွေဖတ်ထားတဲ့အခါ တချို့တွေ တသသဖြစ်တဲ့ ဆရာဇဝနရဲ့ ကောလိပ်ကျောင်းသားလည်း ဖတ်ရတာပေါ့ ပျက်ပျက်။ အဲဒီစာအုပ်ထဲက ဇာတ်ကောင်တွေဟာ ကိုယ့်နဲ့ဘာမှ မဆိုင်သလိုမျိုး၊ ဘာတွေလျှောက် လုပ်နေမှန်း မသိတဲ့ ဆန်ကုန်မြေလေးတွေလို့သာ ခံစားမိတယ်။
ဆရာကျော်ဝင်းစာအုပ်တွေ မဖတ်ဖို့ တားတဲ့သူတွေရှိတယ်၊ ဆရာကျော်ဝင်းစာအုပ်ဖတ်လို့ လှောင်ခံရဖူးတယ်။ ဒါပေမဲ့ ဆရာကျော်ဝင်းရဲ့ စာအုပ်တွေ တော်တော်များများ ကျွန်တော် ဖတ်ဖြစ်တယ်။ ကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဆရာ့ကို ကျေးဇူးတင်တယ်။
ကျွန်တော့်စိတ်ထဲမှာ ‘ထွိုင်ယာလက်တစ်နှင့် အော်လထာနေးတစ်စာစုများ’ ဆိုတဲ့ စာအုပ်ဟာ ဆရာကျော်ဝင်းရဲ့ အကောင်းဆုံးလက်ရာလို့ ခံစားရတယ်။ အကြိမ်ကြိမ်လည်း ဖတ်ဖြစ်တယ်။ စာအုပ်ဖတ်နေရင်း ဒီစာအုပ်ကို ငါဘာလို့ ဖတ်နေရတာလဲ၊ ငါနဲ့ ဘာဆိုင်လို့လဲလို့ အတွေးတွေ ဝင်မိပေမယ့် တကယ့်လူမှုဘဝရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ အဲဒီစာအုပ်ဟာ အထောက်အကူဖြစ်ခဲ့တယ်။ အဲဒီစာအုပ်ဟာ ကျွန်တော့်ရဲ့ လူမှုဆက်ဆံရေးကို ပြောင်းလဲစေခဲ့တယ်။ တတ်နိုင်သမျှ Grey ဇုန်ထဲမှာ နေနိုင်ဖို့ ကြိုးစားမိတယ်။ ဆရာ့စာအုပ်တွေ မဖတ်ဖို့ ပြောတဲ့သူတွေကို ကျွန်တော် နားလည်ပေးနိုင်ခဲ့တယ်။
ဒေါက်တာသန်းထွန်းရဲ့ နယ်လှည့်ရာဇဝင်၊ ပုဂံရာဇဝင်၊ ပျူသမိုင်း၊ ကျော်စွာ ၁၀၀၊ ညိုမြရဲ့ ကုန်းဘောင်ရှာပုံတော်၊ နိုင်ပန်းလှရဲ့ ရာဇဓိရာဇ် အရေးတော်ပုံကျမ်း၊ သန့်မြင့်ဦးရဲ့ ခြေရာပျောက်မြစ် စတဲ့စာအုပ်တွေဟာ မဝေးလှတဲ့ အတိတ်နဲ့ လူသားသမိုင်းကို လေ့လာခွင့်ရခဲ့တယ်။ ကျွန်တော်တို့ မသိစိတ်ထဲ စွဲနေတဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ လူမျိုးစုတွေရဲ့ အခွင့်အရေးတွေနဲ့ မြန်မာတွေရဲ့ ဗိုလ်ကျမှုတွေကို မြင်ခဲ့ရတယ်။ သမိုင်းအလိမ်အညာတွေကို သိလာတယ်။
စာဖတ်ခြင်းကို မိတ်ဆက်ပေးခဲ့တဲ့ ကျွန်တော့် အစ်ကို ကို ကျေးဇူးတင်မိတယ်။ ရုပ်ပြကာတွန်းတွေ၊ သိုင်းဝထ္ထု၊ အချစ်ဝထ္ထုတွေကိုလည်း ကျေးဇူးတင်တယ်။ အဲဒီစာအုပ်တွေကနေတဆင့် ဆရာမြသန်းတင့်ရဲ့ သုခမြို့တော်၊ လွမ်းမောခဲ့ ရသော တက္ကသိုလ်နွေညများ၊ ဆရာမောင်ထွန်းသူရဲ့ ရဲတိုက်၊ နှစ်လောက၊ ကြယ်စင်များက ကြည့်နေသည် စတဲ့ စာအုပ်တွေကို ကျွန်တော် ဖတ်နိုင်ခဲ့တယ်။
စာပေနဲ့ဆက်စပ်လို့ရခဲ့ရတဲ့ အသိတရားတွေဟာ ထူးခြားတယ်။ သိမ်ကြီးဈေးအပေါ်ထပ်က စာအုပ်ဟောင်း ရောင်းတဲ့သူဟာ ဘာစိတ်ကူးပေါက်တယ် မသိဘူး “ သူများယောင်တိုင်း လိုက်မယောင်နဲ့ ကျွန်တော်တောင် သျှောင်ထုံးကို ညာမချဘူး၊ ဘယ်ချထားတာ” ဆိုပြီး သူ့ခေါင်းကိုသျှောင်းကို ပြရင်း ပြောတယ်။ ကျွန်တော့်စိတ်ထဲ သူများယောင်တိုင်း လိုက်မယောင်ဖို့နဲ့ ကိုယ့်စိတ်ကိုယ့်ကိုယ်နဲ့ နေထိုင်စဉ်းစားတွေးခေါ်ဖို့ အသိရစေခဲ့တယ်။
ကျွန်တော်အတွက်တော့ စာဖတ်ခြင်းဟာ ကိုယ်ကြိုက်တဲ့စာအုပ်က စဖတ်၊ ကိုယ်ဖတ်ချင်တာကို ဖတ်။ သူများက ကောင်း တယ်ဆိုတဲ့စာအုပ်တွေကို မြည်းစမ်းကြည့်၊ သူများကောင်းတယ်ဆိုတိုင်းလည်း ကောင်းချင်မှ ကောင်းတာ။ စာအုပ်တိုင်းဟာ ကိုယ့်အတွက် ဟုတ်ချင်မှ ဟုတ်တာ။ စာရေးဆရာ ပြောတိုင်း၊ ရေးသားထားတိုင်းလည်း မဟုတ်ဘူးဆိုတာ သတိကပ်။ စာရေးဆရာနဲ့သဘောထား မတိုက်ဆိုင်လို့ ဖတ်နေရင်း လွှင့်ပစ်ခဲ့ရတဲ့ စာအုပ်တွေရှိခဲ့ဖူးတယ်။ စာဖတ်ခြင်းဟာ လောကအမှန်တရားကို သိမြင်နိုင်သလို ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေးခြင်းတစ်မျိုးပဲ။
#မဏ္ဍိုင် #အက်ဆေး #စာအုပ် #စာဖတ်ခြင်း