ညီမင်းဆက် ရေးသည်။
မဏ္ဍိုင်၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၆။
အမာရွတ်တွေနဲ့ဆိုတော့ မလှတော့ဘူးပေါ့လို့ ညီမလေးပြောတော့ အဲဒီအမာရွတ်တွေအကြောင်းအတွေးက ဆန့် ထွက်ရှည်လျားသွားတယ်။ ညီမလေးနဲ့မတွေ့ဖြစ်၊ အဆက်အသွယ်မရဘဲ ရှိဖြစ်ခဲ့တဲ့ နေ့ရက်တွေထဲ အဲဒီအမာရွတ် တွေဟာ ညီမလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိထင်ဖြစ်တည်ခဲ့တာပဲဖြစ်တယ်။
ဘယ်လိုဖြစ်လို့ အဲဒီအမာရွတ်တွေလဲဆိုတော့ ခေတ်ကြီးထဲ မဆန်းကြယ်တဲ့ ကိစ္စကို အထူးတလည်လုပ်ပြီး ငါ့အစ် ကိုက မေးနေပြန်ပါပြီလို့ ညီမလေးက ဆိုတယ်။ ပြီးတော့ အမာရွတ်တွေ အသားပေါ်ကျန်ခဲ့ရုံမို့ အခုလိုစကားပြော လို့ရနေတာ၊ တချို့တွေ ကျန်နေရစ်စရာအမာရွတ်မပြောနဲ့ ဘဝတွေတောင်မရှိတော့ဘူး ငါ့အစ်ကိုရဲ့လို့ ဆိုရဲ့။
တကယ်တမ်းတော့ ပြတင်းတံခါးပေါက်က မြင်ရတဲ့ အုတ်နံရံနီကျင့်ကျင့်တွေကို ဓာတ်ပုံရိုက်ပို့ခဲ့ပြီးနောက်ပိုင်း ညီမ လေးနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာ အခုထိပဲဖြစ်တယ်။ အဲဒီအချိန်တုန်းက မြို့တွင်း မစ်ရှင်တစ်ခုကို ညီမလေးဦးဆောင်ပြီး အကောင်အထည်ဖော်နေချိန်ပေါ့။ မစ်ရှင်အတွက် မြို့ကိုအလာ ကျွန်တော့်ဆီ မက်ဆေ့ချ်ပေးပို့၊ အသိပေးခဲ့ပြီးနောက် ညီမလေးနဲ့ ကျွန်တော် အဆက်အသွယ်ပြတ် တောက်သွားခဲ့ကြ တာပဲဖြစ်တယ်။
ညီမလေးရဲ့ အဲဒီမစ်ရှင်အောင်မြင်ခဲ့သလား၊ ဒါမှမဟုတ် ကျရှုံးခဲ့သလားလဲ မသိခဲ့ရသလို ညီမလေးနဲ့လည်း အဲဒီ အ ချိန်ကစပြီး နှစ်အတော်ကြာ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပဲဖြစ်တယ်။
ကာလကြီးထဲထင်မှတ်မထားတဲ့ ဖြတ်သန်းမှုတွေကို အရွယ်ငယ်ငယ်မှာ ကြုံတွေ့လိုက်ရတဲ့ ညီမလေးက ဘဝရဲ့တ ချို့သော အကြောင်းအရာတွေနဲ့ ပတ်သက်လာရင် မိသားစုအပေါ် လိုအပ်တာထက်ပိုပြီး သိုသိပ်သွားတတ်ခဲ့တာမို့ ကြုံတွေ့နေရတဲ့ဝီစိကိစ္စာတွေရဲ့ လိုအပ်သလောက်ကိုပဲ မိသားစုကို ညီမလေးက အသိပေးပြောပြတတ်ခဲ့တယ်။ အ များသဖြင့်ကတော့ ညီမလေးနဲ့ပတ်သက်ရင် ဘယ်ကိစ္စမှာမဆို နှောင်းလွန်ပြီးမှ မိသားစုကသိခွင့်ရခဲ့တာမျိုးပါပဲ။
ဒါကလည်း မိသားစုလို့ ပြေးကြည့်မှ သုံးယောက်သာရှိတဲ့ အသွေးအသားထဲ အဖေ့ကျန်းမာရေးကို ငဲ့ကွက်ပြီးညီမ လေးက ပိုသိုသိပ်နေခဲ့တာမျိုး ဖြစ်ပုံရတယ်။ တစ်ခါတလေ တချို့သော အကြောင်းအရာတွေကသိခြင်းထက် မသိ ခြင်းမှာ နေထိုင်ရပိုသက်သာစေတယ်လို့ ညီမလေးရဲ့ စိတ်ထဲ အတွေးရှိပုံလည်းရတယ်။
ညီမလေးနဲ့ပတ်သက်ရင် အဖေ့ရဲ့ခံစားချက်ကလည်း ထုတ်သာမပြောပေမယ့် ညီမလေးစိုက်ခဲ့တဲ့ ဝရန်တာပေါ်က ရွက်လှပန်းအိုးလေးကို နေ့နေ့ညည သတိရတိုင်း ရေတွေ ထထလောင်းနေတတ်တာနဲ့ ဆေးပေါ့လိပ်တွေ တစ်လိပ်ပြီး တစ်လိပ် အဆက်မပြတ် ဖွာရှိုက်နေခဲ့တာကကို သိသာလွန်းလှတာပဲဖြစ်တယ်။
အခြားအခြားသော မိသားစုတွေရဲ့ အသွေးအသားဖြစ်မှုက ဘယ်လိုအကြောင်းမှာ ရှိကြသလဲလို့ မပြောဆိုတတ်ပေ မယ့် မိသားစုလို့ တစ်ဦးနဲ့တစ်ယောက် ပြည့်ပြည့်ဝဝခံစားမိကြတဲ့ အသွေးအသားမှာတော့ ကဗျာဆရာရဲ့ကဗျာလို သုံး ချောင်းထောက်စားပွဲရဲ့ တစ်ချောင်းကျိုးနေတဲ့ မပြည့်စုံမှုက ကျွန်တော်တို့ကြားမှာ သိသာလှတာဖြစ်တယ်။
ဘယ်လိုဖြစ်ဖြစ် နင်က လှပြီးသားဟာ အမာရွတ်တွေက နင့်အလှကိုပျက်စီးအောင်မဖြစ်ပါဘူးလို့ ကျွန်တော်ပြောတော့ ညီမလေးက ဟက် လို့ မရယ့်ချင်ရယ်ချင် ရယ်ရဲ့။
ရယ်မနေနဲ့ နင့်အမာရွတ်တွေ သေချာပြစမ်းပါဦးဆိုတော့ ညီမလေးကသူ့အမာရွတ်တွေကို သေချာပြရှာတယ်။ ဒဏ် ရာတွေ သက်သာပျောက်ကင်းပြီးနောက် ကျန်ရစ်ခဲ့တဲ့ အမာရွတ်တွေပေါ့။ တချို့ဟာတွေကတော့ အမာရွတ် အဖြစ် တင်မကဘူး။ မွေးဖွားလာခဲ့ချိန်နဲ့ ကြီးပြင်းခဲ့ချိန်ကာလတွေရဲ့ ရှိတည်ခဲ့မှု လှပကောင်းမွန်ခြင်းဆိုတဲ့ အရာတချို့ကို ပါ အပြောင်းအလဲဖြစ်ခဲ့တဲ့ အမှတ်အသားတွေပေါ့။
အဲဒီလောက်တောင်လားဟာလို့ ညီမလေးရဲ့ အမာရွတ်တွေကို ကြည့်ရင်း ပြောဖြစ်တော့ အွန်း အဲဒီလောက်လေး ပါ ပဲတဲ့။ ဒီခေတ်ကြီးရဲ့လူဆိုတာ စိတ်မှာမဟုတ်ရင် ကိုယ်ခန္ဓာမှာအမာရွတ်တစ်ခုခုရှိနေတတ်တာ မျိုးဆက်တွေကို ပြန်ပြောပြဖို့ လုံလောက်ပြီဆိုတာ ကိုလေးလည်း သိနေတာပဲလို့ ဆိုတယ်။
ညီမလေးရဲ့ အဲဒီစကားကိုကြားတော့ ကျိုးပြီးငေါ်ထွက်နေတဲ့ ပုခုံးညှပ်ရိုးကို ကျနော်မရည်ရွယ်ဘဲကိုင်ကြည့်မိသွား တယ်။ အညှိုးမဟုတ်ပေမဲ့ ဘယ်လိုမှ မေ့လို့မရတဲ့ လူမဆန်တဲ့ ရက်စက်မှုတွေအကြောင်းက ညီမလေးပြောသလို ဖြတ်သန်းမှုပုံပြင်တွေလားလို့ ညှပ်ရိုးအငေါကို တို့ထိရင်း ကျွန်တော် တွေးမိသွားတယ်။ ပြီးတော့ ဘယ်လိုဖြစ်ပြီး ကျိုးသွားတာလဲလို့ လူတွေမေးလာတုန်းမှာ ကျွန်တော် ဘယ်လိုပြန်ဖြေဖြစ်ခဲ့မိလဲလို့ ပြန်အစဖော် စဉ်းစားမိ သွားတယ်။
အဲဒီအမာရွတ်တွေအကြောင်း လူတွေမေးရင် နင်ဘယ်လိုဖြေလဲလို့ ညီမလေးကို မေးတော့ ကိုလေးသိလားတဲ့ မရှိ ခိုးနိုး၊ မလှစုန်းမျိုး ဆိုတာလေလို့ ကျွန်တော့်အမေးကို မဖြေဘဲ ညီမလေးက ကျွန်တော့်ကို ပြန်မေးခွန်းထုတ်တယ်။ အင်း ပြောပါဦးဆိုတော့ အာဏာရှင် အဆက်ဆက်မှာ လူကလူကိုလူလိုမမြင်အောင် ဝါဒမှိုင်းပိတ်ဆို့ထားတဲ့ ပညတ်တွေလေတဲ့။ အွန်း အဲဒါသိတယ်လေဆိုတော့။ အဲဒီအမာရွတ်တွေ ဘယ်လိုရတာလဲလို့ ညီမလေးကို မေးတဲ့ သူတိုင်းကို မဆန်းကြယ်တဲ့ခေတ်ကြီးက ပေးတဲ့ဆန်းကြယ်တဲ့အလှတွေလို့ ဖြေဖြစ်တယ်ကိုလေး လို့ ညီမလေးက ဆိုတယ်။
ညီမလေးပြောတာကို ဆက်စပ်စဉ်းစားရင်း မေ့ဖျောက်ကွယ်ပပစ်တတ်သူတွေရဲ့ သမိုင်းမှန်အတွက် အံတုသူတွေရဲ့ ခန္ဓာနဲ့စိတ်မှာ ထင်ကျန်ရစ်နေဆဲ ဒဏ်ရာနဲ့ အမာရွတ်တွေက တကယ့်ကိုအလှအပပဲလို့ ညီမလေး ရိုက်ပို့ထားတဲ့ပုံ ပေါ်က ဒဏ်ရာအမာရွတ်ကို ပွတ်သပ်ရင်း ကျွန်တော် ခံစားနေမိခဲ့တယ်။