ခေမံ ရေးသည်။
မဏ္ဍိုင်၊ ဇန်နဝါရီ ၆၊ ၂၀၂၆။
“ ဟဲ့ ဒီနေ့ ခေါင်းမလျှော်ရဘူး လာဘ်တိတ်တတ်တယ် ဟ ”
ဗုဒ္ဓဟူးနေ့မှာ ခေါင်းကို ရေလောင်းမိတဲ့ ဆယ်ကျော်သက်အရွယ် သားဖြစ်သူ ကျွန်တော်ကို အမေ လှမ်းဟန့်လိုက်တာပါ။ ဒီလို ဗုဒ္ဓဟူးနေ့မျိုးမှာ ခေါင်းလျှော်တာက လာဘ်တိတ်တယ်ဆိုတဲ့ အယူအဆဟာ ကျွန်တော်တို့အိမ်မှာ အမေ တားမြစ် ထားတဲ့ သံမဏိစည်းမျဉ်းတခုလည်း ဖြစ်ပါတယ်။ ဒီသံမဏိစည်းမျဉ်းအောက်မှာ ကျွန်တော်တို့ မောင်နှမတွေနဲ့အတူ အဖေပါ အမြဲအဆူခံရလေ့ရှိပါတယ်။
ဒီစည်းမျဉ်းဟာကျနော့်အမေ့ရဲ့မိဘတွေဖြစ်တဲ့ကျွန်တော့်အဖိုးအဖွားတွေဆီသွားရင်လည်းအသက်ဝင်နေတတ်ပါတယ်။ ကျွန်တော်တို့တွေ မျိုးဆက်အလိုက်လက်ဆင့်ကမ်းလာခဲ့တဲ့ အယူအဆဆိုင်ရာ ဓလေ့လို့ပဲ ပြောရမလား။
ဗုဒ္ဓဟူးနေ့ ခေါင်းကို ရေလောင်းမိတဲ့အခါတိုင်း ဒီနေ့ ခေါင်းမလျှော်ရဘူးလေ၊ အမှတ်သညာ မရှိဘူးလားဆိုတဲ့ အမေတို့ အဖွားတို့ရဲ့ သတိပေးသံ ထွက်လာတတ်ပါတယ်။ အဲဒီခါ ကျွန်တော်က “ ဘာလို့လဲ အမေရ ။ ဘာလို့လဲ အဘွားရ “ လို့ အငေါ်တူးပြီး ခွန်းတုံ့ပြန်မေးခွန်းထုတ်တတ်ပါတယ်။
ကျွန်တော်အမေးကို အဖွားတို့၊ အမေတို့ ပြန်ပြောတာက ဒီနေ့ခေါင်းလျှော်ရင် လာဘ်တိတ်တယ်ဆိုတဲ့ဟာမျိုးနဲ့ ပြီးသွားတာမျိုးရှိသလို တခါတလေ ဘုရား ပွင့်တော်မူတဲ့နေတို့ ပရိနိဗ္ဗာန်ဝင်တဲ့နေ့တို့လည်း ပါလာတတ်ပါတယ်။
တခါတလေတော့လည်း နင်က ဗုဒ္ဓဟူးသား၊ နင့်မွေးနေ့မို့လို့ မလျှော်ရတာလို့လည်း ဖြေပေးတတ်ပါတယ်။ အစစအရာရာကို ကဏ္ဍကောစ တိုက်တတ်၊ စူးစမ်းတတ်တဲ့ ဆယ်ကျော်သက်အရွယ် ကျွန်တော်အတွက် ယုံကြည်လောက်တဲ့ အဖြေတွေတော့ မဟုတ်ခဲ့သလို ဒီလို ယုတ္တိမရှိတဲ့အဖြေတွေကို လက်လည်း မခံခဲ့ပါဘူး။
အခြားမိသားစုတွေမှာလည်း ဗုဒ္ဓဟူးနေ့ ခေါင်းမလျှော်ရတာနဲ့ပတ်သက်ပြီး အမေတို့အဖွားတို့လို အယူအဆရှိကြသလို ဗေဒင်ကိန်းခန်းအယူအဆအရ လိုက်နာ ကျင့်သုံးကြသူတွေလည်းရှိပါတယ်။ တချို့ဗေဒင်ဆရာတွေဆိုရင် ဗုဒ္ဓဟူးနေ့က လူ့ပြည်ရဲ့ ပြဿဒါးနေ့ ဖြစ်လို့ ကောင်းမြတ်တဲ့အရာတွေ မလုပ်အပ်ဘူးလို့လည်း ပြောကြပြန်ပါတယ်။
ဒါဟာ လူအမျိုးမျိုး အယူအဆအထွေထွေနဲ့ မြန်မာ့လူ့အဖွဲ့အစည်းထဲ စွဲမြဲကျင့်သုံးနေကြတဲ့ အလေ့အထ ဒါမှမဟုတ် ဓလေ့ထုံးတမ်းတခု ဖြစ်နိုင်ပါတယ်။ ယုံကြည်သူလည်းရှိ၊ မယုံကြည်သူလည်းရှိ ဆိုပေသိ ယုံရခက် မယုံရခက်ပဲ မဟုတ်ပါလား။
ဘာပဲပြောပြော ဗုဒ္ဓဟူးနေ့ ခေါင်းမလျှော်ရဘူးဆိုတဲ့ အယူဆဟာ ကျွန်တော်တို့အိမ်အတွက်တော့ ဗုဒ္ဓဟူးနေ့တိုင်း ဖြေရှင်းရတဲ့ ပြဿနာတစ်ခုဖြစ်နေပါတယ်။ အရင်ကတော့ ကျွန်တော်တစ်ယောက်တည်းဆိုပေမယ့် ညီတွေ၊ ညီမတွေ အရွယ်ရောက်လာတော့ အမေတို့ အဖွားတို့ ဒီအယူအဆကို ဆက်လက်ကျင့်သုံးစေပါတယ်။ ဒီအယူအဆက်ို လက်မခံတဲ့ ကျွန်တော်တို့မောင်နှမတွေနဲ့ သက်ဝင်ယုံကြည်ကြသူ အမေနဲ့ အဖွားတို့ကြားမှာ ပြဿနာ ခဏခဏ တက်ရပြီး ဒိုင်ခံဖြေရှင်းရရှာပါတယ်။
ကျွန်တော်တို့မောင်နှမတွေလည်း အမြဲတမ်းတော့ ကဏ္ဋကောစတိုက်လိုလို့ မဟုတ်ဘဲ တခါတလေ အမေတို့၊ အဖွားတို့ကို စချင်နောက်ချင်လို့ လုပ်မိတာတွေလည်း များခဲ့ပါတယ်။ ပြီးရင် မောင်နှမတွေ ရယ်ကြ၊ မောကြနဲ့ဖြစ်သလို လူကြီးတွေကတော့ စိတ်တိုရဆူဆဲရတာပေါ့လေ။
အခုတော့ဆူတဲ့ဆဲတဲ့ ဒီလိုအသံတွေမကြားရတာ ၅ နှစ်လောက် ကြာခဲ့ပါပြီ။ အာဏာသိမ်းပြီး စစ်တပ်ကြောင့် အထုပ်ပိုက်ပြေးရတဲ့ထဲ အမေ့ချစ်တဲ့သားတွေလည်း ပါခဲ့တယ်ပေါ့လေ။ အမေအိမ်လည်းမရောက်ဖြစ်တာကြာ၊ အမေ့မျက်နှာလည်းအပြင်မှာ မမြင်ရတာကြာလှပါပြီ။ ဒါပေမယ့် အမေ့ရဲ့ ဆူသံဆဲသံတွေ၊ အမေ့လက်ရာတွေလွမ်းနေရဆဲပါပဲ။ ဒီလို အမြဲသတိရ လွမ်းဆွတ်ရတဲ့ထဲမှာ ခေါင်းလျှော်ရင် လာဘ်တိတ်တယ်ဆိုတဲ့ ဗုဒ္ဓဟူးနေ့လည်း ပါပါတယ်။
ဗုဒ္ဓဟူးနေ့ရေချိုးခန်းဝင်တိုင်း “ အော်ဒီနေ့ ရေချိုးရင် အမေ့အိမ်မှာသာရှိရင် ကောင်လေးခေါင်းကို ရေမလောင်းမိစေနဲ့လို့” ပြောဦးမှာပါပဲလို့ တွေးပြီး အမေ့ကို သတိရနေတတ်ပါတယ်။ အခုတော့ ပြောမယ့်အမေ့ အိမ်မှာမရှိပေမယ့်လည်း ခေါင်းကို ရေမစိုအောင်၊ ခေါင်းမလျှော်မိအောင် တတ်နိုင်သမျှသတိထားမိနေတတ်ပါတယ်။
ဒါဟာ လာဘ်တိတ်တယ်တို့ မွေးနေ့ဖြစ်လို့တို့ဘာတို့ကို ယုံကြည်သွားလို့မဟုတ်ဘဲ “အမေသာအနားမှာရှိရင်” ဆိုတဲ့ စိတ်ကြောင့်အဝေးရောက်နေတဲ့သားတယောက်ရဲ့ မိခင်တယောက်ကို လွမ်းဆွတ်မှု ပြယုဂ်တခုပါ။
အမေရော၊ အဖွားရော ဒီဓလေ့ကို ကျွန်တော်တို့ကိုဘာကြောင့် လက်ဆင့်ကမ်းခဲ့တာပါလဲ။ ကျွန်တော့်လိုပဲ သူ့တို့ရဲ့အမေတွေကို သတိရလို့ပဲလား။ တကယ်ယုံကြည်လို့ပဲလား ကျွန်တော်သူတို့ကို မမေးမိသေးပါ။
ဘယ်တော့မှန်းမသိတဲ့အချိန်တစ်ခုမှာ ကျွန်တော့်အမေ့အိမ်ကို ပြန်ရောက်သွားရင်တော့ ဆယ်ကျော်သက် မဟုတ်တော့ပေမယ့် ကျွန်တော်ဟာ အရင်တိုင်းငြင်းခုန် ကဏ္ဋကောစတိုက်နေမိဦးမှာပါပဲ။
1 comment
okebet168 https://www.okebet168u.org