ကိုအားပို ရေးသည်။
မဏ္ဍိုင်၊ ဒီဇင်ဘာ – ၁၉၊ ၂၀၂၅။
ဟင်းလျာတွေထဲမှာတော့ ကြိုက်နှစ်သက်စရာ လျှာတွေ့ ခံတွင်းမြိန်စေတဲ့ဟင်းတစ်မျိုးက ကြက်ဂွေးတောက် တစ်ပွဲလည်း အပါအဝင်ပဲဖြစ်ပါတယ်။ အများစုလည်းကြိုက်ကြပါတယ်။ စားသောက်စားပွဲတွေအလယ်မှာ သူက အဓိက ပင်မ ဟင်းလျာ(မိန်းဒစ်ရှ်)နေရာတော့ မဟုတ်ပါဘူး။ အရန်ဟင်းပွဲ(ဆိုက်ဒစ်ရှ်)ပါပဲ။ သိပ်ကြိုက်တဲ့ ကျုပ်လိုလူအဖို့တော့ သူက မိန်းဒစ်ရှ်လည်းဖြစ်သွားတာပဲဗျ။
ကြက်ဂွေးတောက်ဟင်းချို၊ ကြက်ဂွေးတောက် သောက်စမ်း၊ ကြက်ဂွေးတောက်ကြော် စသဖြင့် စိတ်ကူးဥာဏ် ကွန့်မြူးသလို စပ်ဟပ်ချက်ကြ၊ စားကြပါတယ်။ ကျုပ် အစားအသောက်အကြောင်းတွေရေးတဲ့ ဖုဒ်ဘလော့ကာ မဟုတ်ပါဘူး။
ဒါကြောင့် ဂွေးတောက်တစ်ပွဲကို ရွေးကောက်ပွဲလို ပိုပိုသာသာမဲဆွယ်တာ၊ မလိုတမာ ဆဲတယ် ကွာဆိုတာမျိုး ကျုပ် ရေးမှာမဟုတ်ဘူး။ ကျုပ်ပြောမှာက ကျုပ်သိပ်ကြိုက်တဲ့ ကြက်ဂွေးတောက်ဟင်းရဲ့ ဂုဏ်သိက္ခာ၊ သူ့ရဲ့စံချိန်စံညွှန်း ၊ ဖြစ်တည်မှု နဲ့အကျိုး ရလာဒ်တချို့အကြောင်းပဲပြောချင်တာ။
အိမ်မှာပဲချက်စားစား၊ ဆိုင်ကပဲဝယ်ဝယ်၊ ကြိုက်တဲ့သူအဖို့ကတော့ မပါမဖြစ်ဟင်းအမယ်က ကြက်ဂွေး တောက်တစ်ပွဲပါပဲ။ နေရာဒေသမရွေး၊ ဂုဏ်ပကာသနမရွေး ကြက်ဂွေးတောက်တစ်ပွဲတော့ စွဲကြတာပဲဗျာ။ လယ်တောပတ်လည်က ရိုးပြတ်တွေမှာ နွယ်တက်နေတဲ့ ဂွေးတောက်ရွက် အညွန့်လေးတွေ၊ ရွက်နုလေးတွေ၊ မနုမရင့်လေးတွေ ခူးပြီး ဟင်းချို လေးချက်၊ နယ်စားဖတ်စား လယ်သမားတွေရဲ့ နေ့လယ်စာပေါ့။ လယ်စောင့် တဲလေးဆီက ကြက်တစ်ကောင် ခုတ်ထစ် ရောသမမွှေ ထည့်ပြုတ်ထားတဲ့ ကြက်ဂွေးတောက်ဟင်းဆိုရင်လည်း လတ်လတ်ဆတ်ဆတ်နဲ့ မြိန်မှမြိန်။
အဝေးပြေးခရီးစဥ်တွေက လမ်းဘေးဆိုင်လေးတွေမှာ ကြက်ဂွေးတောက်ဟင်းကို အိမ်ချက်ဆိုတဲ့ပုံစံနဲ့ ရောင်းကြ၊ စားကြတာလည်းရှိပါတယ်။ ကျုပ်တို့အညာဘက်မယ် အဲသလို အဝေးပြေးလမ်းပေါ်က ဆိုင်ငယ်လေးတွေ ရှိပါ့။ ကျုပ် မှတ်မှတ်ရရ တခုတ်တရ စားဖူးတဲ့ဆိုင်လေးတွေလည်းရှိတယ်။ မကွေး – ရေနံချောင်း လမ်းပေါ်မှာ။ ဂွေးကုန်းဆို တဲ့ရွာလေးရှိတယ်။ ရေနံချောင်းနဲ့ ပိုနီးတယ်။ အဲသည့်ဂွေးကုန်းက ကြက်ဂွေးတောက်ဟင်းလေး ကောင်းသဗျာ။ ကျုပ်တော့ သိပ်ကြိုက်တာပဲ။
ပုဂံ-ညောင်ဦးဘက်က လမ်းဘေးထမင်းဆိုင်တွေမှာလည်း စားဖူးတယ်။ မုံရွာ- မန္တလေး လမ်းပေါ်က ဆိုင်ကြီးတချို့ မှာလည်းရပါတယ်။ ဒါတွေက ကျုပ် ရောက်ဖူး၊ စားဖူးတဲ့ ဆိုင်တချို့ပါ။
ကြက်ဂွေးတောက်လို့သာပြောနေပေမယ့် ကြက်မပါဘဲ ဂွေးတောက်ချည်းပဲလည်း ကြိုက်သူကတော့ ကြိုက် ကြပါတယ်။ ကျုပ်လည်း ကြိုက်တယ်။ ဂွေးတောက်ရွက်ဟင်းချို၊ ဂွေးတောက်ရွက်ကြော်၊ ကြက်ဥနဲ့ ကြော်ကြော်၊ ဘဲဥနဲ့ကြော်ကြော် ကြိုက်တယ်ဗျာ။
ငပိရည်၊ ငပိချက်ရှိရင်လည်း ပြုတ်တို့လို့ကောင်းတာပဲလေ၊ ဂွေးတောက်ရွက်ကို။ ကြက်ဂွေးတောက်တစ်ပွဲဆိုလို့ ကျုပ် အပေါ်မှာပြောခဲ့သလို ချက်နည်း၊ ပြုတ်နည်းတွေကို စတိုင်လ်အမျိုးမျိုး၊ ဘယ်လိုဘယ်ပုံချက်ရ မယ်ဆို တာမျိုး မပြောပါဘူး။ အဲဒါတွေက တော်တော်များများသိကြပြီးသားပါ။ ဂွေးတောက်ကို မကြိုက်သူတချို့တောင် ချက်ပြုတ်နည်းတော့ သိကြတာပဲဗျာ။ ကြက်ဂွေးတောက်တစ်ပွဲကို ကြိုက်ပေမယ့် ဘယ်လို ကြော်လှော်ချက် ပြုတ်ရမလဲ မသိသူတွေလည်း ရှိပါတယ်။
စားဖြစ်ရုံ ချက်ထားတာ၊ စားလို့ကောင်းအောင် ချက်ထားတာ၊ အရသာရှိရှိ ခံတွင်းထဲစွဲသွားအောင် ချက်ပြုတ်ထားတာ အဲသလိုတွေတော့ ကွာမှာပေါ့။ အဓိက ကတော့ ကြက်ဂွေးတောက်တစ်ပွဲရဲ့ ဂုဏ်သိက္ခာ၊ ကြန်အင်လက္ခဏာ၊ အကျိုးသက်ရောက်မှုဆိုတာတွေကိုပဲ ပြောချင်တာပါ။ ကျန်တာတွေတော့ ခင်ဗျားတို့ဘာသာ ဆက်စပ်ပြီး တွေးယူချင် သလိုယူပေါ့။ အဲဒါခင်ဗျားတို့လွတ်လပ်ခွင့်ပါပဲ။
အခြေခံ မပါမဖြစ် ဂွေးတောက်ရွက်ပါမယ်။ ဟင်းခတ် အမွှေးအကြိုင်ပါမယ်။ ကြက်သား၊ ကြက်ရိုးပါမယ်။ ဟင်းခတ်မှုန့်၊ ဆား ပါမယ်။ ဆီပါမယ်။ ရေပါမယ်။ ပါဝင်အမယ်တွေအားလုံးဟာ သူ့ပမာဏနဲ့သူ၊ သူ့အချိုးကျနဲ့သူဖြစ်ရမယ်။
ကြက်သား ကြက်ရိုးနူးအောင်တည်တာတို့၊ ကြက်သွန်ဖြူ၊ ဂျင်း ဘယ်အချိန်ထည့်မလဲတို့၊ ဂွေးတောက်ရွက်ကို တအားမခါးအောင် ဘယ်အချိန်မှ ထည့်မယ်ဆိုတာတွေက စည်းစနစ်ကျကျ စေတနာပါပါ ချက်ရတာမျိုးပါ။ ငါ စားဖိုမှုးကွာ၊ ငါ ဦးစီးကွာ၊ ငါကြိုက်သလိုချက်မယ်ကွာဆိုပြီး ငါ တကော ကော ချက်တိုင်း ဘယ်နှယ့် လုပ်ကောင်း မှာတုန်း။ တကယ့် စားဖိုမှူးလည်း မဟုတ်၊ ချက်ဖူးတာလည်းမဟုတ်ဘဲ သူများတွေလုပ်တာမြင်ပြီး အဆင်ပြေ မယ်ထင်ပြီး ဇွတ်အတင်းလိုက်လုပ်လို့တော့ ဘယ်ရမလဲဗျာ။
အဲသည်လိုလုပ်တဲ့ ကြက်ဂွေးတောက်တစ်ပွဲကလည်း အဖြစ်ပဲရှိမှာပေါ့။ ဘယ်နည်းနဲ့မှ အနှစ်သာရရှိမှာ မဟုတ်သလို ဘယ်သူမှလည်း မကြိုက်ကြဘူးဆိုတာ သေချာနေတာပဲလေ။ ဂွေးတောက်တစ်ပွဲ ဘာများခက်လို့လဲ ထင်တိုင်းကြဲ လုပ်ရင်လည်း စားကြမှာ မဟုတ်ပါဘူး။
ဂွေးတောက်ဟင်းဆိုတော့ ဂွေးတောက်ရွက် အဓိကပဲဆိုပြီး ဂွေးတောက်ရွက်တွေပဲ အများကြီးထည့်ကွာ။ ကြက်ရိုး နည်းနည်း ပါပါစေကွာ။ ကြက်သွန်ဖြူတော့ နှစ်မွှာ သုံးမွှာ နှစ်တက်၊ သုံးတက် လုပ်မနေနဲ့။ တစ်မွှာ တစ်တက်တော်ပြီပေါ့။ ပါ ပါတယ်၊ ထည့်ပါတယ်၊ နေရာပေးပါတယ်ပေါ့။ ဂျင်း လား။ ထည့် ထည့် များများသာ ထည့်။ ငရုပ်သီး အနီတောင့်၊ ဟာ ကွာ၊ မထည့်နဲ့။ လုံးဝမပါစေနဲ့။ အရင်တခါလို အလယ်မှာ ထောင် နေမှာ။ ကြည့်မရဘူး ကွာ။ ကြောင်အိမ်ထဲသာ ထည့်ထားလိုက်။
အဲသလို ချက်မယ့်ကြက်ဂွေးတောက်တစ်ပွဲဆိုတာ ခါး တူးနေမှာပါ။ ဂွေးတောက်ရွက်တွေအများကြီး အစောကြီး ကတည်းက နေရာယူ ကြိုထည့်ထားမှတော့ မခါးဘယ်သူရှိမလဲဗျာ။ စားသုံးသူက အများစုလူထုပါဗျ။ ငါ တကောကော လုပ်မယ့် ကြက်ဂွေးတောက်တစ်ပွဲကို အများစုဖြစ်တဲ့ စားသုံးသူ လူထုကြီးက လက်မခံ ကြဘူးလေဗျာ။ ဂွေးတောက်ဆိုတာ အမှန်ရေးရင်တော့ ခွေးတောက် လို့ရေးပါတယ်။
ခွေးတွေစားရင် မတည့်လို့ တောက်( အဆိပ်အတောက်)ဖြစ်လို့ ခွေးတောက်လို့ ခေါ်သလားတော့ မသိပါဘူး။ ကျုပ် ထင်တာပြောတာပါ။ ဒါမှမဟုတ် ခွေးကို တောက် ပစ်လိုက်မှာမို့လို့ ခွေးတောက် လို့အမည်တွင် သလား လည်း တွေးမိပါတယ်။ ရေးတော့ အမှန်၊ ဖတ်တော့အသံဆိုတဲ့အတိုင်း အားလုံးလိုလိုကတော့ ဂွေးတောက် လို့ပဲခေါ်ကြပါတယ်။
အဲသည့် ဂငယ် အသံနဲ့ ခေါ်ရတာလည်း ကြားရတာ တခါတခါတော့ အောင့်သက်သက်ကလေးဗျ။ ဂွေး တောက် ဆိုတော့ဗျာ။ တကယ်တော့ ဂွေးတောက်က လူကို အကျိုးပြုတာတွေ အများကြီးပါ။ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ အရွက်၊ အပွင့်၊ အသီး၊ ပင်စည် အမြစ် စတဲ့တပင်လုံးနီးပါး အသုံးဝင်တဲ့အပင်ပါ။ မြန်မာနိုင်ငံ အနှံ့အပြားမှာ တွေ့နိုင်ပါတယ်။
အထူးသဖြင့်တော့ တနင်္သာရီတောင်ပိုင်းဒေသတွေမှာ အများအပြားတွေ့ရတယ်လို့ ဆိုပါတယ်။ ဂွေးတောက်ရွက်ရဲ့ ခါးသက်သက်အရသာကို ကြိုက်ကြတာပါ။ အရသာ ခါးတာကို စာပေတချို့မှာ
“ခွေးတောက်မြစ်ရှက်၊ စိုက်ရောဖက်က၊ သရက်ပင်မင်း၊ သီးချိုကင်း၏”လို့ ဖွဲ့သီညွှန်းဆိုထားတာလည်းရှိတယ်။
ကြက်ဂွေးတောက်ဟင်းက ယမကာမှီဝဲလေ့ရှိသူတွေအတွက် ခန္ဒာကိုယ်တွင်း အဆိပ်အတောက် တွေပြယ် စေတယ်။ ဘဲဥနဲ့ကြော်စားရင် ခွန်အားတိုးပါသတဲ့။
ဆိုတော့ဗျာ သည်လောက် အကျိုးပြု၊ အသုံးဝင်နေတဲ့ ကြက်ဂွေးတောက် တစ်ပွဲဆိုတာ သာမာန်ကာလျှံကာ ချက်ပြုတ်တည်ခင်းလို့ မရဘူးလေဗျာ။ ငါ လုပ်ပေးတာပဲဆိုတဲ့ပုံစံနဲ့ နားလှည့်ပါးရိုက်လုပ် ပြတာမျိုးတော့ စားသုံးသူလူထုက လက်မခံကြပါဘူး။ စားသုံးသူကို လိမ်လို့ မရတော့ဘူး။ စေတနာသန့်သန့်၊ စည်းစနစ်တကျ နည်းမှန်လမ်းမှန် ပြင်ဆင်ချက်ပြုတ်ကျွေးမွေးမယ့် ကြက်ဂွေးတောက်တစ်ပွဲကိုပဲ စားသုံးသူလူထုကြီးက လိုချင်နေကြတာပါ။
4 comments
98jili https://www.98jilig.com
gkbet https://www.gkbeth.org
ph828 https://www.itph828.com
399jl https://www.399jlj.net