မဏ္ဍိုင်၊ ဒီဇင်ဘာ ၁၆၊ ၂၀၂၅။
ကမ္ဘာကျော် လူလိမ်ကြီးတွေဆိုတာ မြန်မာပြည်က စစ်တပ်ပါ။ တိုင်းပြည်အာဏာကို လက်မလွှတ်တမ်း ဆုပ်ကိုင်ဖက်တွယ် ထားချင်တဲ့ စစ်တပ်။ ဗိုလ်နေဝင်းခေတ်၊ ဗိုလ်သန်းရွှေခေတ်ကတည်းက လိမ်ခဲ့တဲ့အလိမ်။
အာဏာရှင်သန်းရွှေလက်ထက်မှာ ကမ္ဘာကျော်လူလိမ်ကြီး ခင်ညွန့်ကတော့ နာမည်ကြီးပဲ။ တီဗီမင်းသားလို့ထင်ရှားတဲ့ လူလိမ်ကြီးပေါ့။ ဖုန်းတွေ၊ အင်တာနက်တွေ မရှိသေးတော့ လိမ်လို့ကောင်းတဲ့အချိန်၊ လိမ်လို့ရတဲ့အချိန်။ လူမသိ၊ သူမသိအောင် လိမ်ခဲ့နိုင်သေးတယ်။
အခု မင်းအောင်လှိုင်တို့ တစ်သိုက်ကတော့ မီဒီယာခေတ်၊ နည်းပညာခေတ်ကြီးမှာ မအူမလည်နဲ့ လိမ်နေကြရတဲ့ ဗြောင်လိမ်၊ ဗြောင်စား လူလိမ်တစ်သိုက်ပေါ့။
ဒီဇင်ဘာ ၁၅ ရက် မနေ့ကထုတ်တဲ့ လိမ်နည်း၊ ညာနည်းအဖုံဖုံ သူတို့ ကြေးမုံ၊ မြန်မာ့အလင်းမှာ သူတို့တစ်သိုက် တက်ညီလက်ညီနဲ့ အဖွဲ့လိုက် ဗြောင်လိမ်ထားကြသေးတယ်။
အလိမ်အညာသတင်းစာရဲ့ မျက်နှာစာမှာ လူသတ်ကောင် မင်းအောင်လှိုင်က “ရခိုင်ပြည်သူတွေ ကိုယ်စိတ်နှစ်ဖြာ သုခချမ်းသာပြည့်စုံကြလို့ ကောင်းကျိုး လိုအင်ဆန္ဒတွေပြည့်ဝကြပါစေတဲ့”။
ဆုတောင်းကြမ်းချက်၊ အရှက်တရားမဲ့ ဆုတောင်းရက်သေးတယ်။ ရှက်ကြောပြတ်နေတာလား၊ အရှက်တရားမရှိကြတာလား၊ ရူးသွားတာလားတော့ မသိဘူး၊ လိမ်တာကတော့ ဗြောင်လိမ်လိုက်တာပဲ။
ဘာကြောင့်ဆို ပြီးခဲ့တဲ့ရက်ပိုင်းကမှ သူတို့လူလိမ်တစ်သိုက် ကြဲချခဲ့တဲ့ ဗုံးတွေကြောင့် ရခိုင်ပြည်အနှံ့ သေသွားတဲ့သူတွေရဲ့ သွေးတောင် မခြောက်သေးဘူး။ ရခိုင်ပြည်သူတွေ ငိုနေရတုန်း၊ အသုဘတောင် ရက်မလည်သေးဘူး၊ အဲဒါကို ဒီကောင်တွေတစ်သိုက်က ပတ်ပတ်စက်စက် မျက်နှာပြောင်တိုက်ရဲသေးတယ်။
သတင်းစာထိပ်ဆုံးမှာ စာလုံးအကြီးကြီးနဲ့ လိမ်ထားတာက ရခိုင်ပြည်အစွန်အဖျားပါမကျန် အကြားအလပ်မရှိ လူမှုစီးပွားဘဝတွေ တိုးတက်ရမည်တဲ့။ သူတို့ကျေးဇူးကြောင့် ရခိုင်ပြည်ကြီး အရင်ကထက် အဆပေါင်းများစွာ ပြောင်းလဲတိုးတက်နေတာ အားလုံးအသိတဲ့။ တကယ်ကို ဩချလောက်တဲ့ လိမ်ချက်၊ မင်းတို့တွေ လူရောဟုတ်ကြရဲ့လား။
အောင်လင်းဒွေးဆိုတဲ့ ငလိမ်ကောင်၊ ရခိုင်ပြည်သူတွေကို သတ်တဲ့ကောင်က စစ်တွေအထိသွားလိမ်တယ်။ ၅၁ နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းနားကို အကြောင်းပြုပြီး ရခိုင်ပြည်သူတွေအလယ်မှာ သူမို့ မျက်နှာဗြောင်တိုက်၊ မရှက်မကြောက်နေရဲတယ်၊ လိမ်ရဲတယ်၊ လူသတ်ကောင်မင်းအောင်လှိုင်အတွက် ရွပ်ရွပ်ချွံချွံ ကျွန်ခံပြရဲတယ်။ အကြောက်တရားကြီးလေတော့ မသိနားမလည်တဲ့ပြည်သူတွေကို စတုဒီသာကျွေး၊ ဓားစာခံလုပ်ထားသေးတယ်၊ မသိရင် ပြည်သူက သူ့ကို တခဲနက်ကြီး ကြိုဆိုထောက်ခံနေသလိုမျိုး။
ဒီလူလိမ်တစ်သိုက်ဟာ ပြည်သူတွေ သွေးနဲ့ ခြေဆေး၊ လက်ဆေးဖို့လည်း ဝန်မလေးဘူးဆိုတာ ဒီသာဓကတွေက အထင်အရှားပဲ။
သတင်းစာထိပ်ဆုံးမှာ ခေါင်းဆောင်ကြီးက စလိမ်တယ်၊ ပြီးရင် ဒီကောင်တွေတစ်သိုက်ဟာ ကြီးစဉ်ငယ်လိုက် တစ်ဗိုလ်ပြီးတစ်ဗိုလ်တန်းစီလိမ်ကြတယ်။ ကြိုးစင်တက်တဲ့အခါ အတန်းလိုက်၊ အတွဲလိုက်ကြီးဖြစ်နေမှာတောင် မြင်ယောင်သေးရဲ့။
အလိမ်အညာသတင်းစာရဲ့အတွင်းပိုင်းမှာ အလိမ်ဌာနက ဒုဝန်ဆိုတဲ့ ဇော်မဲလုံးကလည်း သံတမန်တွေ၊ သတင်းမီဒီယာတွေကိုခေါ်ပြီး ကမ္ဘာကို လိမ်ဖို့ကြိုးစားထားသေးတယ်။ မင်းတို့ပြောသမျှ ယုံမှားရအောင် အဲဒီလူတွေက မင်းတို့လို မစင်စားထားတာမှ မဟုတ်တာ။
ဘာတဲ့ ကျားဖြန့်တွေကို အမြစ်ဖြတ်မယ်တဲ့၊ ကိုယ့်ပဲမြစ်ကိုယ်ဖြတ်မယ်ဆိုရင်တောင် ယုံလိုက်ဦးမယ် ဇော်မဲလုံးရေ။ ရွှေသမင်တစ်ကောင်လုံး မင်းကြီးတာက ထွက်နေတာတောင် ဗြောင်လိမ်နေသေးတယ်။
ကျားဖြန့်ဆိုတာ မင်းတို့တစ်သိုက်အာဏာသိမ်းပြီး မင်းတို့လက်ထက်မှ အကောင်ကြီး၊ အစွယ်ပေါက်တာ။ မင်းတို့ သူကောင်းပြုအားကိုးနေတဲ့ လက်နက်ကိုင်တွေဆီမှာပဲ သန္ဓေတည်တာ။
ဒီကျားဖြန့်လုပ်ငန်းတွေကို ကြိုးကိုင်နေတာ နိုင်ငံခြားသားတွေပါလို့ ပြည်သူကို လက်တလုံးကြားလိမ်မနေနဲ့။ အမှန်အတိုင်း ပြောလိုက်ပါလား၊ ကျားဖြန့်ဟာ မင်းတို့စစ်တပ်ရဲ့ ပါပါး တရုတ်ကြီးရဲ့ လက်ချက်ဆိုတာ။ တရုတ်ကြောက်တဲ့မင်းတို့ စစ်တပ်ကြီးကတော့ ကြောက်ချေးပါချက်၊ တရုတ်ဆို လှုပ်ကို မလှုပ်ရဲတာ။
မင်းတို့တွေ လိုက်လည်း လိုက်ပါတယ်၊ ကမ္ဘာကျော်လူလိမ်တစ်သိုက်၊ တရုတ်ကြီးနဲ့ အပြိုင်မိုက်နေကြတာ။ မသူတော်ချင်း သတင်းလွေ့လွေ့။ လူ့အကောင်းစားတွေ။ ထွီ ရွံစရာကွာ။
ကျားဖြန့်တွေ အခြေစိုက်တဲ့နေရာဟာ မင်းတို့အုပ်ချုပ်ရေးလက်လှမ်းမမီတဲ့နေရာ၊ သောင်းကျန်းသူတွေရှိတဲ့နေရာလို့ လုံးမချနဲ့ ရော မကြိတ်နဲ့။ မင်းတို့သူကောင်းပြုထားတဲ့ လက်နက်ကိုင်တွေ၊ မင်းတို့ရဲ့အပေါင်းအပါး မဟာမိတ်၊ အဆွေတော်၊ အမျိုးတော်တွေရဲ့ နေရာတွေမှာ လုပ်တယ်လို့ အမှန်အတိုင်း မလိမ်တန်း၊ မညာတမ်းပြောရဲလား။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပွဲကြမ်းပြလိုက်တာ မင်းအောင်လှိုင်တို့စစ်တပ်တစ်သိုက် လိမ်ထား၊ ညာထားသမျှ အကုန်ပေါ်၊ လူမှောင်ခိုကူးဂိုဏ်း၊ မူးယစ်ဂိုဏ်း၊ ငွေလိမ်ဂိုဏ်းခေါင်းဆောင်တွေကို မင်းတို့အကာအကွယ်ပေး၊ သူကောင်းပြုထားသမျှ အကုန်ပေါ်၊ ဖုံးမရ၊ ဖိမရတော့မှ မျက်နှာလို မျက်နှာရနဲ့ ကိုယ့်လူကိုယ်ဂုတ်ဆွဲပြီး တရုတ်လက်ထဲ အပ်လိုက်ရတဲ့ဖြစ်စဉ် တစ်ကမ္ဘာလုံးသိတယ်၊ မှတ်တမ်းတွေလည်းရှိတယ်။ တရုတ်မှာ ကြိုးပေးအသတ်ခံရတဲ့ ကျားဖြန့်ခေါင်းဆောင်တစ်သိုက်ဟာ မင်းတို့စစ်တပ် အားကိုးမွေးမြူထားတဲ့ သူတွေလေ။
ညီနောင်သုံးဖော်ရဲ့ ဖော်ထုတ်ချက်မှာ မင်းတို့ရဲ့ ကျားဖြန့်စစ်ဗိုလ်ချုပ်တွေပါ ပါတယ်ဆိုတာ အခုသတင်းစာရှင်းလင်းပွဲမှာ ဝန်ခံခဲ့ရတယ်မှတ်လား။
အခုလာပြန်ပြီး မြဝတီက ကျားဖြန့်တွေ။ KUN က အကုန်ဖော်ကာမှ အရှက်ပြေ၊ သက်သေတွေကို မိုင်းခွဲဖျက်ဆီးပြနေသေးတယ်။ အမေရိကန်ကလည်း ကျားဖြန့်တွေကို နှိမ်နင်းတော့မယ်လည်းဆိုရော သက်သေခံအဆောက်အဦတွေကို တစ်လုံးပြီး တစ်လုံး မိုင်းခွဲပြနေတာများ မြန်ချက်။ ဖုန်းတွေ၊ ကွန်ပျူတာတွေကို လမ်းကြိတ်စက်ကြီးနဲ့ ကြိတ်ပြနေတာများ အက်ရှင်ကား ကြည့်နေရသလို၊ ရုပ်ရှင်ရိုက်ပြနေသလိုပဲ။ တီဗီမင်းသား ဗိုလ်ခင်ညွန့်တောင် သတိရသေးရဲ့။ ဒီလထဲအကယ်ဒမီပေးခဲ့ရင် မင်းတို့တစ်သိုက်ကို အကယ်ဒမီ ပေးရမှာ။ သရုပ်ဆောင်ကောင်းချက်၊ အပီပြင်ဆုံး အလိမ်ဆုပေါ့။
တကယ်တမ်းက မြဝတီဒေသမှာ မင်းတို့ ကျားဖြန့်နှိမ်နင်းတယ်ဆိုတာ ဟန်ပြပဲ။ ကမ္ဘာကိုလိမ်ဖို့အတွက် သတင်းစာရှင်းလင်းပွဲမှာ ဓာတ်ပုံပြရုံ၊ သက်သေပြရုံ၊ ဝဋ်ကြေတန်းကြေလုပ်ရုံမျှပဲ။ အဆောက်အဦတွေကို မိုင်းခွဲပြရုံမျှနဲ့ ကျားဖြန့်လုပ်ငန်းကြီး ပျောက်သွားမှာ မဟုတ်ဘူးဆိုတာ ထမင်းစားတဲ့ လူတိုင်းသိတယ်၊ မင်းတို့တစ်သိုက်ပဲ မသိတာ။
ဒီလုပ်ငန်းမှာ လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို စပယ်ရှယ်ပလန်တွေနဲ့ နေရာတွေရွေ့၊ လုံခြုံရေးအစောင့်အရှောက်တွေနဲ့ ဟိုပြောင်း၊ ဒီပြောင်းလုပ်နေတာလည်း မင်းတို့အပေါင်းအပါတစ်သိုက်ပဲ။
မင်းလက်ပံကျားဖြန့်ငွေလိမ်လုပ်ငန်းက သက်သေတွေ KNU လက်ထဲပါသွားမှာ ကြောက်လို့ ထိုးစစ်ကြီးတွေစင်၊ သက်သေတွေ လိုက်ဖျောက်ဖို့ ကြိုးစား၊ အဲဒီခြံဝင်းကြီးထဲကနေ ဘယ်မှမသွားဘဲ အသေခံစောင့်နေကြတဲ့ လူလိမ်တရုတ်တွေကို မင်းတို့ကယ်ထုတ်ဖို့ ကြိုးစားနေကြတာ၊ ကျားဖြန့်လုပ်ငန်းကို ထပ်ပြီး အသက်ဆက်ဖို့ လုပ်နေကြတယ်ဆိုတာ အကုန်သိတယ်။ မင်းတို့သတင်းစာရှင်းလင်းပွဲ လုပ်ပြီး လိမ်နေလည်း အပိုပဲ။
အခုမြဝတီဒေသမှာ အဆောက်အဦအသစ်တွေဆောက်ပြီး ကျားဖြန့်တွေ ဆက်လက်အသက်ဆက်နေဆဲပဲ။ မင်းတို့ရဲ့ အပေါင်းအပါတွေရဲ့ ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ ဘေးကင်းကင်းနဲ့ ကျားဖြန့်တွေက ကျားဖြန့်နေဆဲပဲ။
မင်းတို့ရဲ့ အလိမ်အညာသတင်းစာမှာ လိမ်နည်းဇာတ်စုံ အဖုံဖုံဟာ ပြောမကုန်ပါပဲ။ ဒီအလိမ်အညာတွေဆိုတာ အခက်အလက်မျှသာပဲ။
မင်းတို့က ခေတ်အဆက်ဆက် တစ်တိုင်းပြည်လုံးကို လိမ်ထားတာ။ တိုင်းပြည်ကြီးကို လိမ်ညာပြီး အာဏာသိမ်းထားတာ။ အလိမ်အညာရွေးကောက်ပွဲကြီးကို ဗြောင်လိမ်ပြီး ဇွတ်အတင်းကျင်းပဖို့ ကြိုးစားနေတာ၊ တကယ်က တစ်နိုင်ငံလုံးရဲ့ ရွေးကောက်ပွဲကို မင်းအောင်လှိုင်အိမ်မှာ ကျင်းပသင့်တယ်၊ တစ်ခါတည်းအစိုးရဖွဲ့ပြီး မင်းအောင်လှိုင်ကို သမ္မတပေးလိုက်သင့်တယ်။ ဘာကြောင့်ဆို ဒါမှ ပြည်သူတွေ ဘေးကင်းမှာ။ လိမ်လက်စတဲ့ ဒဲ့သာလိမ်လိုက်ပါတော့။ တကယ့်ကို ကမ္ဘာကျော်လူလိမ်ကြီးတွေ။
ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့စစ်တပ်ကြီးရဲ့ ခေတ်အဆက်ဆက် အလိမ်ဇာတ်ကို မရပ်သရွေ့ ပြည်သူတွေ ငတ်နေဦးမယ်၊ ကြပ်နေဦးမယ်၊ ဒုက္ခဆင်းရဲတွင်း နက်သထက် နက်နေဦးမယ်။ မင်းတို့စစ်တပ်ကြောင့် တိုင်းပြည်ဟာ အမှောင်ကျပြီး အသုဘအိမ်အသွင် ဆောင်နေဦးမယ်ဆိုတာ ကျိန်းသေပဲ။
3 comments
Downloaded the e88apk, and it’s alright. Games run fine, and the app is super convenient, easy access to gamble on the go. Give the app a try if you are looking to play on your mobile! Check it out: e88apk
philucky https://www.usphilucky.org
2jili https://www.2jili.org