ကိုကိုကြီး သို့မဟုတ် နိုင်ငံရေးခွေးပစ်တုတ်

လင်းဆက်ငြိမ်းချမ်း ရေးသည်။

မဏ္ဍိုင်၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၅။

“ခင်ဗျားတို့ ဘာဖြစ်ချင်တာလဲ” လို့ ပြည်သူ့ပါတီဥက္ကဌ ကိုကိုကြီးက လှမ်းငေါက်တယ်။

ခင်ဗျားတို့ဆိုတာက ဒီမိုကရေစီရေးတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ဆိုလိုတာ။ “ရွေးကောက်ပွဲကို

ဆန့်ကျင်မယ်ဆိုရင် ဘာလုပ်မလဲဆိုတဲ့ လမ်းစဉ်တိတိကျကျရှိဖို့ လိုတယ်” လို့လည်း ဆိုတယ်။ “ရွေးကောက်ပွဲကို ဖျက်ပေမယ့် မပျက်ဘူး။ ကဲ၊ ဘာလုပ်မလဲ” တဲ့။ မေးကြောကြီးတင်းလို့ ငေါက်လိုက်မယ်ဆိုတာချည်း။

မင်းအောင်လှိုင် ကောင်းကောင်းပုံစံပေးလိုက်လို့ သက်သက်ခိုင် အသံတိတ်သွားပြီးနောက် ကိုကိုကြီး တစ်ယောက် တက်တက်ကြွကြွနဲ့ တော်လှန်ရေးအင်အားစုတွေကို ငေါက်ငမ်းလာခြင်းဆိုတော့ တစ်ဗိုလ်ကျတစ်ဗိုလ် တက်စနစ်နဲ့ မင်းအောင်လှိုင်ကြိုက်လေမလားဆိုပြီး ရွပ်ရွပ်ချွံချွံ ထကြွလာခြင်းလားမသိ။

ပြီးတော့ ကိုကိုကြီးက ဆက်ငေါက်သေးတယ်။ “ကျနော်တို့က နိုင်ငံပြုပြင်ပြောင်းလဲဖို့အတွက် ဘဝတွေ ပေးဆပ်ပြီးတော့ လုပ်နေတာကိုပါ၊ အဲဒါကိုပါ စော်ကားတိုက်ခိုက်လာတဲ့ လော်ဘီအုပ်စုတွေကို ကျနော်က ပြတ် ပြတ်သားသားပဲ ပြောရတော့မယ်။ နိုင်ငံရေးပလက်ဖောင်းကို ဖျက်ဆီးမပစ်နဲ့…..”။

ကိုကိုကြီးက အဲဒီလို တော်လှန်ရေးအင်အားစုတွေကို ငေါက်ငမ်းရုံတင်မက သူ့ကိုယ်သူလည်း ရင်ဘတ် ကြီးကော့ပြကာ စစ်အစိုးရလက်ထက်က ထောင် ၆၅ နှစ်ခွဲ ကျခဲ့တဲ့သူပါလို့ ကြွားလုံးထုတ်ရုံတင်မက “ကြောက်တတ်ရင် နိုင်ငံရေး မလုပ်ဘူး” လို့လည်း ဆိုလိုက်သေး။

အဲဒီလို မကြောက်တတ်တဲ့ နိုင်ငံရေးသမားကြီး ကိုကိုကြီးက စစ်တပ်က အာဏာသိမ်းတာကိုတောင် အာဏာသိမ်းပါတယ်လို့ ဒီနေ့တိုင် ထုတ်မပြောဝံ့တဲ့အထိ ဒေါင်ဒေါင်မြည်။ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်တပ် သူတင်ကိုယ်တင် တိုက်ကြခိုက် ကြတာ ကိုယ်နဲ့ မဆိုင်ဘူးလို့ သဘောထားချင်ထား။ ဒီလောက် ပြည်သူတွေကို ပစ်မှတ်ထားပြီး ကြောက်မက်ဖွယ် သတ်ဖြတ်နေတာကျတော့ရော ပြည်သူတွေရဲ့ပါတီလို့ဆိုတဲ့ ပြည်သူ့ပါတီဥက္ကဌ ကြီးက ဘာလို့တစ်ခွန်းမျှပင် မဟရဲတာပါလဲ။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ စစ်တပ်က မြောက်ဦးဆေးရုံတည့်တည့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့တယ်။ ဆေးကုသမှုခံယူနေတဲ့ ပြည်သူ ၃၃ ဦး ပွဲချင်းပြီးသေဆုံးကာ ၇၆ ဦး ဒဏ်ရာရခဲ့ တယ်။ ဂျက်ဖိုက်တာဆိုတဲ့ တိုက်လေယာဉ်ဟာ မြေပုံအညွှန်းအတိုင်း ပစ်မှတ်ကို တိတိကျကျ ဗုံးကြဲချနိုင်တဲ့ အမျိုးအစားမို့ ဆေးရုံကို ဆေးရုံမှန်းသိလျက် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချခဲ့တာ အထင်အရှား။

ကိုကိုကြီးနဲ့ ဒီမိုကရေစီအယောင်ဆောင်နိုင်ငံရေးသမားတွေက စစ်တပ်ကို မေးခွန်းထုတ်ဖို့ ဝေးစွ။ သေဆုံးဒဏ်ရာရ ပြည်သူတွေအပေါ် ကရုဏာသက်မှု တစ်စုံတစ်ရာပင် မပြ။

အဲဒီလို စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားဝံ့တဲ့ နိုင်ငံရေးသမားကိုကိုကြီးက တော်လှန်ရေးအင်အားစုတွေကျ ငေါက်လိုက်တာမှ အလွန်။ တော်လှန်ရေးအင်အားစုတွေက ရွေးကောက်ပွဲကို ဆန့်ကျင်တယ်ဆိုတာနဲ့ပဲ ဘာလမ်းစဉ်မှ မရှိဘဲ ရမ်းသန်းနေသလိုလို။

နွေဦးတော်လှန်ရေးမှာက ခိုင်မာတဲ့လမ်းစဉ်နဲ့ အနာဂတ်လမ်းဆိုတာ အထင်အရှား။ စစ်အာဏာရှင်စနစ်ကို အမြစ်ကျွတ် မြေလှန်ပစ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး။ အဲဒီအရေးတွေအတွက် လက်နက်ကိုင်ခြင်းသာမက နည်းလမ်းပေါင်းစုံနဲ့ တော်လှန်နေကြတဲ့ နွေဦးတော်လှန်ရေး။

တရုတ်အားကိုးကြောင့် မိုးကုတ်မြို့ကို ပြန်ရလိုက်တဲ့ စစ်တပ်ကို PDF ပူးပေါင်းတပ်တွေက သေနတ်- သေနတ်ချင်း ရင်ဆိုင်တိုက်ခိုက်နေသလို ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းကလည်း မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း၊ စစ်ကိုင်းသပိတ်ခေါင်းဆောင် ကိုခန့်ဝေဖြိုးနဲ့ ရန်ကုန်သပိတ်ခေါင်းဆောင် ကိုနန်းလင်းတို့ ဦးဆောင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်မဲ့တော်လှန်ရေး သပိတ်တိုက်ပွဲက မန္တလေးမြို့လယ်ခေါင်မှာ။

ဒီဇင်ဘာ ၁၀ ရက်မှာလည်း နေပြည်တော်စစ်ဗိုလ်ချုပ်တွေ အကြောက်ကြီးကြောက်ရတဲ့ အသံတိတ်သပိတ် နိုင်ငံအနှံ့ တိတ်ဆိတ်သွားခဲ့တာ မှတ်တမ်းဓာတ်ပုံတွေ အထင်အရှား။ နွေဦးတော်လှန်ရေးဆိုတာ စစ်အာဏာရှင်စနစ် အမြစ်ကျွတ်ရေးအတွက် အဲဒီလိုတိုက်ပွဲဝင် နည်းလမ်းပေါင်းစုံ။

ကိုကိုကြီးက ငေါက်သေးတယ်။ ရွေးကောက်ပွဲကို ဖျက်ပေမယ့် မပျက်၊ ဘာလုပ်မလဲတဲ့။ ရွေးကောက်ပွဲက ဖျက်လည်း မပျက်မယ့်အတူတူ မနှောက်ယှက်ကြနဲ့လို့ ဆိုလိုချင်တာလား။ ဖျက်လို့မရတာကြောင့် ရွေးကောက်ပွဲကို လက်ခံလိုက်ကြလို့ ပြောချင်တာလား။

ပြီးတော့ ဒီမိုကရေစီအယောင်ဆောင်ပါတီတွေရဲ့ အသံထွက်တူညီတဲ့ လိမ်လည်လှည့်ဖျား ခြိမ်းခြောက်သံလည်းပါတဲ့ ရွေးကောက်ပွဲစည်းရုံးရေးစကားတွေလည်း ရှိသေးတယ်။ ရွေးကောက်ပွဲမရှိရင် စစ်တပ်အုပ်ချုပ်ရေးတာရှည်သွားမယ်တဲ့။ ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲလာမပေးရင် ပြည်သူတွေ မယုံကြည်ကြတဲ့သူတွေ နောက် ၅ နှစ် အုပ်ချုပ်တာ ခံရလိမ့် မယ်တဲ့။

အဲဒီဒီမိုကရေစီအယောင်ဆောင်ပါတီတွေက ရွေးကောက်ပွဲပြီးသွားရင် အရပ်သားအစိုးရတက်လာပြီး အရပ်သားအုပ်ချုပ် ရေးနဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီ ညီညီညာညာချီတက်ကြတော့မှာလိုလို။ ပြည်သူတွေသာ မဲလာပေးရင် စစ်အုပ်စုဝင် စစ်တပ်နဲ့ ကြံ့ဖွံ့ပါတီတို့ မဟုတ်ဘဲ သူတို့ပဲ အာဏာရတော့မှာလိုလို မစားရဝခမန်း ပြော ရဲတဲ့ပါးစပ်ပေါက်တွေကြောင့် အံ့အားသင့်ရ။

စစ်အုပ်စုဝင်မဟုတ်တဲ့ ဒီမိုကရေစီအယောင်ဆောင်ပါတီတွေ ဝင်ပြိုင်တဲ့ အမတ်လောင်းတွေအကုန်လုံး အနိုင်ရပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်တယ်ပဲထားဦးတော့။ မင်းအောင်လှိုင်ခါးကြားမှာ ထိုးထားတဲ့ သေနတ်က မိုးပေါ်ထောင် မပစ်ဘူးဆိုတာ ပြည်သူတွေ သိပြီးသား။

အာဏာသိမ်း ပြည်သူသတ်၊ ရွေးကောက်ပွဲ ဇွတ်လုပ်ဖို့ပြင်နေတာ၊ အနံ့ထည့်ထားရုံ ဒီမိုကရေစီနဲ့ ရာသက်ပန် စစ်ကျွန်ဇာတ်သွင်းနိုင်ရေး မင်းသားကြီးလုပ်ချင်လို့ မင်းအောင်လှိုင် ဇာတ်ထောင်တာကိုလည်း ပြည်သူတွေ ရှည်ရှည်ဝေးဝေး တွေးခေါ်စရာမလိုဘဲ သိပြီးသား။

ဒါကိုပဲ ဘာ့ကြောင့် လိမ်လည်ခြိမ်းခြောက်နေရတာပါလဲ။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေ မဲထွက်ပေးကြရင် ချေးထက်တောင် ရွံနေတဲ့ ကြံ့ဖွံ့ကို မဲမပေးမှာ သေချာတော့ သူတို့တတွေ မဲလေးဘာလေးရပြီး လွှတ်တော်အမတ် လေးဘာလေးဖြစ်၊ ဒါ့ထက်ပိုကံကောင်းရင် မင်းအောင်လှိုင်ပစ်ကျွေးမယ့် အရိုးအရင်းလေးများ ထပ်ရလေမလားဆိုတဲ့ မျှော်တော်ယောင် အိပ်မက်တွေလည်း အထွေးလိုက် ရှိနေသေးတာကိုး။ ပြောရရင် ရွေးကောက်ပွဲမှာ မဲလေးဘာလေးနိုင်၊ အမတ်လေးနည်းနည်း ဖြစ်ခဲ့ရင် ရာသက်ပန်စစ်ကျွန်ပြုရေး ဒီမိုကရေစီမှာ တက်ကြွတဲ့ ခွေးသွားစိတ်လေးတွေအဖြစ် အသုံးတော်ခံခွင့်ရရေး ကိုယ်ကျိုးစီးပွားအိပ်မက်။

အခုဆို မဲစာရင်း၂ ကြိမ်ကပ်တယ်။ စစ်အုပ်စုဝင်တွေနဲ့ ပါတီတွေနဲ့ မကင်းရာမကင်းကြောင်းတွေကလွဲ ဘယ်ပြည်သူကမှ အဖက်လုပ်ပြီး မဲစာရင်းသွားမကြည့်တာ၊ မြို့ပေါ်ရော ကျေးလက်တွေမှာပါ ထင်းထင်းကြီး မြင်နေရတယ်။ အဲဒါကိုမြင်တော့ စစ်အုပ်စုပြင်ပက ကိုကိုကြီးနဲ့ အပေါင်းအပါတစ်သိုက် သွေးပျက်ကြရတယ်။ ကြံ့ဖွံ့မှာက သူ့ပရိသတ်နဲ့သူ အမာခံမဲတွေရှိ ပြီးသားမို့ ပြည်သူတွေသာ မဲထွက်မပေးရင် ထပ်ဇာတ်နာရမယ့်ကိန်းမို့ သက်ပြင်းတွေ တွင်တွင်ချကာ ပြည်သူတွေ မဲထွက်ပေးကြပါလို့ တောင်းပန်တိုးလျှိုးနေရ။

ကိုကိုကြီး ဘယ်လောက်တောင် ကယောက်ကယက်ဖြစ်နေသလဲဆို ဗိုလ်ချုပ်အောင်ဆန်းကို အားကျလို့ ဗိုလ်ချုပ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ လမ်းမတော်မြို့နယ်ကနေ ဝင်ပြိုင်တာလို့ ပြောရုံတင်မက ဗိုလ်ချုပ်လေသံအတိုင်း လိုက်တုကာ မိန့်ခွန်းခြွေတာတွေ လုပ်လိုလုပ်နဲ့ အရှက်အကြောက်ကင်းစွာ ဖြစ်ချင်တိုင်း ဖြစ်လို့။

မင်းအောင်လှိုင် ရှေ့တော်မှောက်မှာ နိုင်ငံရေးလူရာဝင်ချင်ကြတော့လည်း ပြာယာခတ်ကြရတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ယှဉ်ခဲ့ရတဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ အခုနိုင်ငံရေး လားပင်စင်အပေးခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီတို့ မဲဆန္ဒနယ်တစ်နယ်မျှပင် မနိုင်၊ ဘဲဥမကွဲ နိုင်ငံရေး လူရာမဝင်၊ နိုင်ငံရေးခွေးပစ်တုတ်အဆင့်ပင်မရှိ။

အဲဒီလို ပြည်သူတွေ တကယ်မဲပေးကြတဲ့ ဂုဏ်သိက္ခာရှိရွေးကောက်ပွဲမှာ ဘဲဥမကွဲတဲ့ပါတီတွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မပါတဲ့ ရွေးကောက်ပွဲဆို ဘာပဲဖြစ်ဖြစ် ဘဲဥတော့ ကွဲနိုင်ပြီး ခေါင်းပေါင်းစထောင်ကာ လွှတ်တော်တက်ခွင့်ရနိုင် မယ်ဆိုတဲ့ မျှော်လင့်ချက်လည်း ပါမယ်ထင်တယ်။

စစ်တပ်က မြန်မာနိုင်ငံရေးပလက်ဖောင်းကို သေနတ်ထောက် ဖျက်ပစ်ကာ တရားမဝင် ပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ပျော်ပျော်ကြီး ဒိုင်ဗင်ထိုးကြတယ်။ မြန်မာ့နိုင်ငံရေးပလက်ဖောင်းကို အာဏာသိမ်းဖျက်ပစ်ခဲ့တဲ့ စစ်တပ်ကျ မော်မကြည့်ရဲ ခဲ့တဲ့သူတွေက အခုတော့လည်း တရားမဝင်ရွေးကောက်ပွဲမှာ နည်းနည်းနိုင်ပြီး နိုင်ငံရေးခွေးပစ်တုတ်အဆင့်လောက်တက် လှမ်းနိုင်မယ်လို့ အိပ်မက်တွေ ဘာတွေမက်နေတော့ မောက်မောက်မာမာ၊ စစ်ကျွန်ဇာတ်သွင်းမယ့် သူတို့ရဲ့နိုင်ငံရေး ပလက်ဖောင်းကို ဖျက်မပစ်နဲ့ဆိုပြီး ငေါက်ရှာတယ်။

မကြာသေးတဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း သိန်းညွန့်တို့၊ ခင်မောင်ဆွေတို့ ဒီမိုကရေစီလက်သီး လက်မောင်းတန်းခဲ့ပြီး ၁၀နှစ်ကျော်အကြာ စစ်ဗိုလ်ချုပ်တို့ရဲ့ ရှေ့တော်မှောက် ဒူးတုပ်ခစားနေတာ ပြည်သူတွေ ဘယ်မေ့လိမ့်မလဲ။

ပြည်သူတွေ မအကြဘူး။ ပြည်သူတွေဟာ သမိုင်းကို ကောင်းကောင်းကျေကြတယ်။ တရားမဝင်ရွေး ကောက်ပွဲကို မဲမပေးခြင်းဟာ သမိုင်းပေးတာဝန်တစ်ရပ်ဆိုတာ ဘယ်သူမှ မလှုံ့ဆော်လည်း ပြည်သူတွေ နင့်နေ အောင်သိတယ်။

ပြည်သူကို လျှော့မတွက်ကြနဲ့။

Leave a Comment

1 comment

123bvvip December 22, 2025 - 10:27 pm

Okay, so I messed around on 123bvvip site. To be honest, it’s pretty mid. Nothing really stands out and just feels like just another site out there. But hey, maybe give it a peep in case it’s what you are looking for. See for yourself: 123bvvip

Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing