ကျွန်တော်နဲ့ အနောက်မြောက်လွင်ပြင် ကဗျာစီးရီး

လွှမ်းရုံ ရေးသည်။

မဏ္ဍိုင် နိုဝင်ဘာ ၁၂၊ ၂၀၂၅။

(၁)

၁၆ နှစ်ပြည့်တယ်ဆိုရုံမျှအရွယ် မုံရွာထောင်ထဲသို့ လက်သီးကိုကျစ်ကျစ်ပါဆုပ်ကာ ဝင်သွားခဲ့တယ်။ အပေါ်ယံ မျက်နှာပေးကို ထီမထင်ဂိုက်ဖမ်းထားပေမယ့် အိပ်မက်ပင်မမက်ခဲ့ဖူးတဲ့ ထောင်ဗူးဝထဲ ရောက်တော့ အသည်းက ခပ်ငယ်ငယ်ရယ်။ ၁၉၉၀ ပြည့်နှစ်၊ သင်္ကြန်ကျော်တယ်ဆိုရုံလေး။

ရှေးသရောအခါက ၁၉၉၀ ပေါ့။ အဲဒီအချိန်တုန်းက ရန်ကုန်နဲ့ မန္တလေးဆိုတာလည်း ဖွတ်ချက်ကားတွေသာ ပြေးဆွဲနေဆဲမို့ လူငယ်လေးတစ်ယောက်အတွက် မန္တလေးဆိုတာ အိပ်မက်၊ မုံရွာဆိုတာ ပြဌာန်း ပထဝီမှာ သင်အံခဲ့ဖူးရုံ။

အဲဒီလို မန္တလေးနဲ့ မုံရွာမှာ ရန်ကုန်အခြေစိုက် လူငယ်လေး ၅ ယောက် ခြေချဖူးတယ်ဆိုရုံရှိသေး၊ ရောက်မှ ရောက်တော့လည်း မုံရွာရဲစခန်းအချုပ်၊ စစ်ကြောရေးနဲ့ မုံရွာထောင်ထဲထိ တောက်လျှောက်။

တစ်ယောက်နဲ့တစ်ယောက် ထပ်မတတ် အိပ်ရတဲ့ မှောင်နဲ့မည်းမည်း အချုပ်ခန်းတစ်ထွာတစ်မိုက်မှာ တစ်လလောက်ကြာတယ်။ အဲဒီတစ်လမှာ ရေတစ်ခါသာ ချိုးခဲ့ရပြီးနောက် မုံရွာထောင်ထဲကို ရောက်တော့ သိပ်လင်းချင်းနေတာမို့ လူ့ဘဝ လူ့ကမ္ဘာထဲ ပြန်ရောက်လာသလို ခံစားလိုက်ရတယ်။

ထောင်ဗူးဝမှာ အသည်းငယ်ခဲ့ပေမယ့် အချုပ်ကျ နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့်ထားတဲ့ တောင်ယာ ဆောင်ထဲ ရောက်တော့ တောင်ယာဆောင်ဆိုတာ မုံရွာထောင်ထဲက အခွင့်ထူးခံသီးသန့် နေရာလို ဖြစ်နေတာကြောင့် ထောင်ဆိုတာ ပျော်စရာပါလားလို့ ဗူးဝကျော်ပြီးမကြာ ခံစားခဲ့ရတယ်။

လူအယောက် ၈၀၊ ၁၀၀ လောက်ဆံ့တဲ့ တောင်ယာဆောင်မှာ အမှုရင်ဆိုင်ဆဲ အချုပ်ကျနိုင်ကျဉ်း ၁၂ ယောက် ဝန်းကျင်သာ ရှိတာမို့ သိပ်ကျယ်လွန်းနေတဲ့အဆောင်။ အဆောင်ဝင်းထဲ ပတ်ပြေးလို့ လည်း ရသေး၊ စိမ်းစိုနေတဲ့ ကန်စွန်းခင်းနဲ့ ဟင်းနုနွယ်ပင်တွေက တွေးချင်ရာတွေးဖို့ စိုက်ထားပေးသလို။ အဆောင်ဝင်းထဲက ရေကန်ဆိုတာ မနက်ခင်းတန်းဖွင့်တာနဲ့ ရေတဝေါဝေါ လျှံကျနေတာမို့ တစ်နေ့ ရေ ၂ ခါ၊ ၃ ခါ အိမ်မှာလို ချိုး ချင်တဲ့အချိန် စိတ်ကြိုက်ချိုးစမ်း။

ဒါနဲ့၊ တောင်ယာဆောင်ရောက်ရုံရှိသေး။ အချုပ်ခန်းထဲက အပုပ်နံ့တွေကို ရေတဝုန်းဝုန်းလောင်းကာ ဆေးချလိုက်တယ်။ ထောင်တွင်းနိုင်ကျဉ်းတို့ရဲ့ ယဉ်ကျေးမှုအတိုင်း လူဟောင်းတွေရောက်လာကာ နှုတ်ဆက် အားပေး၊ ထောင်တွင်း နေနည်း၊ ထိုင်နည်း သွန်သင်ပေးကြနဲ့။

“ထောင်ထဲမှာ ခဏတဖြုတ် လာအနားယူတယ်လို့ သဘောထားကြပေါ့ကွာ” တဲ့။ မျက်မှန်ထူထူ၊ ပါး သိုင်းမွေး ထူထူနဲ့ သူ့ ထောင်ထဲ နေနည်းထိုင်နည်းက တခြားသူတွေနဲ့ မတူ။ ထောင်ထဲရောက် နေတာ တောင် ထီ မထင်၊ သရော်တော်တော်။ ပြီးတော့ သူ့အလုံးတွေက စာကြီးပေကြီးတွေထဲ အကြီးကြီး နစ်ဝင်နေသူမှန်း သိသိသာသာ။

“အဲဒါ မုံရွာမြို့ရဲ့ ကဗျာဆရာ” လို့ မုံရွာသား နိုင်ကျဉ်းကျောင်းသားတစ်ဦးက ပြောပြတော့ ခိုက်သွားတယ်။ ကျောင်းပြဌာန်းစာအုပ်ထဲက ကဗျာတွေကိုသာ ဘာမှန်းမသိ အလွတ်ကျက်ခဲ့ဖူးပြီး ပြင်ပ ကဗျာဆိုလို့ မောက်မောက်(ဥက္ကလာ)ရဲ့ အချစ်ကဗျာ တစ်ပုဒ်၊ နှစ်ပုဒ်သာ ဖတ်ခဲ့ဖူးရာကနေ အခုတော့ ကဗျာ ဆရာ ဆိုတာကြီးနဲ့ အရှင်လတ်လတ် မျက်နှာချင်းဆိုင်။ ကဗျာဆရာရဲ့စတိုင်ကရော၊ တော်ကီပါ သိပ်မိုက်နေ ရုံတင်မက အဲဒီကဗျာဆရာက ထောင်ထဲ ဝင်လိုက်ထွက်လိုက် အရင့် အရင်က ၂ ကြိမ်ကြီးများတောင် ဆို လား။

ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝ၊ ဦးသန့်အရေးအခင်း၊ မဆလခေတ် အင်းစိန်ထောင်တွင်း နိုင်ကျဉ်း ဘဝ။ ပြီးတော့ ကဗျာဆရာ ဖတ်ထားတဲ့စာအုပ်တွေက လှည်း ဘယ်နှစ်စီးတိုက်တောင် ရှိမလဲ မသိ။ သူ့မှတ်ဉာဏ်နဲ့ သူ့တော်ကီကလည်း ဖတ်ထားသမျှတွေကို ပုံပြောကောင်းသူတစ်ယောက်လို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြန်ပြောပြနိုင်တာ ကြောင့်လည်း ငေးခဲ့ရ။ သူ့စာဖတ်အားကို မနာလိုဖြစ်ရတဲ့ အထိ။ အဲဒီအချိန် အဲဒီကဗျာဆရာရဲ့အသက်က ၃၀ ကျော်လောက်ပဲ။

ကိုယ်တွေ ရောက်ပြီးသိပ်မကြာ၊ နောက်ထပ် ကဗျာဆရာတစ်ယောက်ကလည်း မုံရွာထောင်ထဲ ရောက် လာ တယ်။ သူတို့က ၄၈၂၈ အုပ်စု ကွန်မြူနစ်ယူဂျီ။ ကိုယ်က ကွန်မြူနစ်ဆိုရင် ‘သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ’ စာအုပ်လောက် ဖတ်ဖူးပြီး ဝါးရင်းတုတ်နဲ့ လည်မျိုရိုက်တဲ့ အကြမ်းပတမ်း ဇာတ်တွေသာ မျက်လုံးထဲထင်းနေတာမို့ ကွန်မြူနစ်ယူဂျီတွေက ဘယ်လိုတုန်းလို့ သွားစနည်း နာကြည့်မိ။

ဖြူဖြူနုနုနဲ့ အင်္ဂလိပ်စာတတ် ကဗျာဆရာကို တွေ့ရတယ်။ သူက လေးလုံးစပ်ကဗျာဆရာ၊ ကဗျာ ဆရာမကြီးကြည်အေးကို အရူးအမူး။ ပြီးတော့ အဲဒီကဗျာဆရာ ဖတ်ထားမှတ်ထားတဲ့စာတွေကလည်း ဖြုံချင်စရာ။ သူ့ကလောင် လွှမ်းခြုံ။

ကဗျာဆရာလွှမ်းခြုံတို့နဲ့ အမှုတွဲ ထောင်ထဲ ၁ လလောက်သာနေရပြီး ပြန်လွတ်သွားသူတစ်ယောက် လည်းရှိ သေးတယ်။ အခုမသေသေးဘူးလို့ ထင်ရပေမယ့် ဘယ်ရောက်နေမှန်းမသိတဲ့ ကိုတင်ကို။ သူက ကဗျာ မရေး ပေမယ့် ကဗျာခရေစီ။ အထူးသဖြင့် ကဗျာဆရာမောင်ချောနွယ်ရဲ့ ကဗျာတွေကို ကြိုက် လွန်းလို့ ဖတ်ရင်းနဲ့ အလွတ်ရနေတဲ့သူ။ ကိုတင်ကို ရွတ်ပြလို့ ကိုချောရဲ့ကဗျာတွေ နားထောင်ခဲ့ရ။ ဘာမှန်းမသိပေမယ့် နားထဲစိမ့်ဝင် သွားသလိုမျိုး ခံစားခဲ့ရ။ ထောင်တွင်းကဗျာဆရာတွေကတော့ တသသ။

နောက်တစ်ယောက် ကျေးလက်ကျောင်းဆရာလေးအဖြစ်နဲ့ ကွန်မြူနစ်ယူဂျီ ကိုမျိုးချစ်ကလည်း ကဗျာတွေ နင်းကန်စပ်နေရုံမက သူ့ကဗျာတစ်ပုဒ်ပြီးတိုင်း ကျွန်တော့်ကိုချည်း ရွတ်ပြနေလေတော့ ဪ၊ ကဗျာဆိုတာ ဒါမျိုးပါလားလို့ ကိုယ်နားလည်သလို တွေးမိ။

ထောင်ထဲကနေ ထွက်လာတော့ မုံရွာဆိုတာ သူဌေးတွေလည်းပေါ၊ ဆေးသမားတွေပေါပြီး ကဗျာ ဆရာတွေ လည်း မနည်းဘူးဆိုတာ သိခဲ့တယ်။ ပြီးတော့ ကဗျာဆရာဆိုတာ စာဖတ်အားကောင်းပြီး မီးလောင် တိုက်အသွင်းခံထားရတဲ့ ဒီခေတ်ကြီးကို သူတို့ကဗျာနဲ့ ပြန်တိုက်နေမှန်းလည်း ဆဝါးခဲ့မိတယ်။

(၂)

ကိုယ့်ငယ်ဘဝ ကဗျာဆရာတွေနဲ့တွေ့ခဲ့ပြီး ကဗျာဆရာတွေကို အထင်ကြီးခဲ့ပေမယ့် ကဗျာနဲ့ကိုယ် ဘာမှ မဆိုင်ဘူးလို့ပဲ သိမှတ်ခဲ့တယ်။ အပေါင်းအသင်းပဲကောင်းလို့လား၊ ခေတ်ကြီးကို တုံ့ပြန်စရာ လုပ်မိ လုပ်ရာ ကယောင်ကတမ်းနဲ့ ကဗျာရေးဖြစ်ခဲ့တာလားတော့ အခုထိ ကွဲကွဲပြားပြားမသိ။ တစ်ပုဒ်စ၊ နှစ်ပုဒ်စ မဂ္ဂဇင်းပေါ် တက်ခါစ ငယ်ဘဝ မုံရွာရေစက်က မကုန်သေးတော့ ရန်ကုန်မှာ ကြည်ဇော်အေးနဲ့ တည့်တည့်တိုးတယ်။

သူကလည်း မုံရွာသား၊ ကိုယ်ကလည်း မုံရွာကျောင်းဆင်း။ ပြီးတော့ ကိုယ်ထောင်ထဲမှာတွေ့ခဲ့တဲ့ ပါး သိုင်းမွှေးထူထူနဲ့ ထီမထင်ကဗျာဆရာကြီးရဲ့ လက်ဖက်ရည်ဆိုင်ကနေ ထွက်လာသူမို့ အလွယ်တကူပဲ နှစ်အ တော်ကြာ ဖွဲ့နွဲ့ခဲ့ကြတယ်။ ကြည်ဇော်အေး ရန်ကုန်မှာ ဘာအလုပ်မှ မလုပ်ဘဲ ကဗျာပဲရေးပြီး နှစ်အတန်ကြာ ပျော်ပျော်ကြီး နေသွားခဲ့တယ်။

သူနဲ့ကိုယ် ကဗျာတွေ တော်တော်ရေးခဲ့ကြပြီး မကြာခဏဆိုသလို တွေ့ဆုံသောက်စားခဲ့ကြတာတောင် ကဗျာအကြောင်း ဟုတ်တိပတ်တိ မပြောဖြစ်ကြဘဲ ကဗျာဆရာ၊ စာဆရာတို့အကြောင်းပဲ ပျက်လုံး ထုတ်ခဲ့ကြတာ ကြည်ဇော်အေးသေသွားတော့မှပဲ ပြန်သတိရ။ ကြည်ဇော်အေး သူပျော်တဲ့ ရန်ကုန်မှာပဲ ကွေးသောလက် ပြန်ဆန့်ထုတ်စဉ် ဆတ်ခနဲ ဆုံးသွားခဲ့တယ်။

ကြည်ဇော်အေးနဲ့အတူ မုံရွာသား သူ့ကလောင် ဆူးဖြူလို့ပြောတဲ့ ညီညီနိုင်ကိုလည်း ရန်ကုန်မှာ ဆုံခဲ့သေး တယ်။ စာနည်းနည်းရေးပြီး အရက်တွေချည်း နင်းကန်သောက်သွားခဲ့တဲ့ ညီညီနိုင်။ ဘီအီးတစ်ပိုင်း လောက်ကို ရေမရောဘဲ မွန်ထရီစီးကရက်တစ်လိပ်နဲ့ မြည်းကာ ၁၅ မိနစ်လောက်နဲ့ အပြတ်။

သူလည်းပဲ ရန်ကုန်မှာ ဘာလာလုပ်သလဲ သူ့ကိုယ်သူတောင် သိမယ့်ပုံမပေါ်။ သူသည်လည်း ရန်ကုန်မှာ သိပ်ပျော်တယ်။ ရန်ကုန်စာပေလောကထဲ ဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ ဒီလိုယောင်နေရတာကိုပဲ ပျော်ခဲ့တဲ့ပုံ။ အဆင်မပြေတော့တဲ့တစ်နေ့မှာ မုံရွာပြန်သွားတယ်။ မုံရွာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဆုံးရှာ တယ်။

ညီညီနိုင်နဲ့ အသက်သိပ်မကွာတဲ့ နောက်တစ်ယောက်က ကေဇဝင်း။ ၂၀၁၀ စွန်းခါစထင်တယ်။ ရတီမဂ္ဂဇင်းမှာ ကျွန်တော် ကဗျာအယ်ဒီတာလုပ်နေစဉ် သူက ကဗျာပလက်ဖောင်းပေါ်ရောက်ခါစ ပွင့်သစ်။ ကေဇဝင်းဆိုတာ ဘယ်ကလဲ ကျွန်တော် မသိဘဲ သူ့ကဗျာကြိုက်လို့ ရတီမှာ ကျွန်တော် သုံးခဲ့ဖူးတယ်။ သူ စာမူခ လာထုတ်လို့ ဆုံတော့ မုံရွာတစ်ဖက်ကမ်းက နာမည်ကျော်လက်ပံတောင်း ဇာတိသားမို့ ကျွန်တော်က မုံရွာသားလို့ပဲ သိမှတ်။ ငယ်ဘဝ အကောင်ပေါက်ခဲ့တဲ့ မုံရွာကို ချစ်တော့လည်း ကေဇဝင်းကို ညီငယ်တစ်ယောက်လို ကျွမ်းခဲ့တယ်။

သူက ဘုန်းကြီးလူထွက် နိုင်ငံရေးအသံခပ်ပြင်းပြင်း။ ဟိုကောင် သိန်းစိန်အစိုးရလက်ထက်၊ လက်ပံတန်း တိုက်ပွဲမှာ ကေဇဝင်း သာယာဝတီထောင်ထဲ ရောက်ခဲ့တယ်။ ထောင်ကနေ ပြန်ထွက်ပြီး ရန်ကုန်ရောက် လာတော့ ထောင်ထဲမှာ ရခဲ့တဲ့ ‘ရာမွန်သို့ ပြန်စာ’ အမည်ရ သူ့ကဗျာရှည်စာအုပ် လက်ဆောင် လာပေးတယ်။

ကေဇဝင်းကို ရန်ကုန်မှာတွေ့လိုက်၊ မုံရွာပြန်သွားမှန်းသိလိုက်၊ ပြီးတော့ ဂျပန်သွားမလို့ ရန်ကုန်မှာ ဖြတ်ခနဲ ချွေးတလုံးလုံးနဲ့ တွေ့လိုက်။ တစ်ခါက ရန်ကုန်ဘတ်စ်ပေါ်မှာ ညဘက်ကြီးတွေ့တော့ ‘ဒါ အစ်ကို့ ညီမပါ’ လို့ သူ့ကောင်မလေးနဲ့ မိတ်ဆက်ပေးတယ်။

နောက်တော့ မုံရွာမှာ ပုဂ္ဂလိကကျောင်းတစ်ကျောင်းရဲ့ အဆောင်မှူးဆိုလား ကြားမိ။ မုံရွာမှာ ကြည်ဇော် အေး သွေးအန်ပြီး ဆေးရုံတက်တော့ သူပဲ ပြေးပြေးလွှားလွှား။၂၀၂၀ ဝန်းကျင်လောက်က ဖေ့စ်ဘွတ်ခ် ပေါ်မှာ ကြည်ဇော်အေးကဗျာလို့ ထင်တယ်။ ကေဇဝင်းရွတ်ထားတာ နားထောင်မိ။ အဲဒီမှာ ကေဇဝင်း ဟာ ကဗျာရဲ့အသံကို ကောင်းကောင်းသိမှန်း သိရှိကြွေမိ။ ကျွန်တော် ချက်ချင်းပဲ ဖုန်းဆက်ပြီး ကြိုက်ကြောင်း ပြောမိ။ ကျွန်တော်နဲ့ ကေဇဝင်းကြား ဖုန်းအဆက်အသွယ်က အဲဒါ နောက်ဆုံးမှန်း ဘယ်သိခဲ့မလဲ။

နွေဦးတော်လှန်ရေးမှာ ကေဇဝင်း ရှေ့သို့ချီနေမှန်း ကြားရတယ်။၂၀၂၁ မတ် ၃ ရက်မှာ ကေဇဝင်း ပျောက်နေ ကြောင်း ကြည်ဇော်အေး ဖုန်းဆက်ပြောတယ်။ နောက်တစ်ရက်ကျမှ ကွန်ဖန်း။ မုံရွာမြို့၊ ဘုရားနီအနီး ဦးခေါင်းကျည်သင့် ကျဆုံး။

အနောက်မြောက်လွင်ပြင်ကဗျာဆရာ ခက်သီက ‘ သူတို့က ခေါင်းကိုပစ်တယ်၊ တော်လှန်ရေးက နှလုံးသားမှာရှိတာ သူတို့ မသိကြဘူး’ လို့ သမိုင်းဝင်ကဗျာတစ်ပုဒ်နဲ့ အာဏာရူးတွေကို ဟားတိုက်ခဲ့တယ်။ ခက်သီက မုံရွာနဲ့ မလှမ်းမကမ်းက ပုလဲမြို့သား သူပုန်စိတ်ပြင်းတဲ့ကဗျာဆရာ။

၂၀၁၀ စွန်းတယ်ဆိုရုံကာလ ခက်သီ စင်ကာပူကနေ ပြန်လာတော့ ကျွန်တော်တို့ရဲ့ အစ်ကိုတော် ကဗျာဆရာ (ကို)လှသန်းဝိုင်းမှာ စတွေ့ခဲ့တယ်။ မှတ်မှတ်ရရ၊ ကြည့်မြင်တိုင် ကမ်းနားဈေးနဲ့ မျက်စောင်းထိုးလောက်က မယ်ဇလီပင်အုံ့ဆိုင်းနေတဲ့ မွန်မအဖြူဆိုင်မှာ ကိုလှသန်းနဲ့အတူ ကြည်ဇော်အေး၊ ခက်သီနဲ့ ကျွန်တော်တို့ ဝိုင်းဖွဲ့။ လှသန်းရဲ့ လက်မရွံ့ကဗျာတွေဟာ ကျွန်တော်တို့အပေါ် ဩဇာကြီးခဲ့သလို ကိုလှသန်းဝိုင်းကနေ သူပုန်စိတ်ပြင်းတဲ့ကဗျာတွေ ခက်သီဆီ စစီးခဲ့တာ သေချာတယ်။ ခက်သီ ပုလဲမှာရှိနေချိန် မုံရွာရောက်တိုင်းလည်း သူတို့အနောက်မြောက်လွင်ပြင် အဓိပတိ မုံရွာထဲ ကျွန်တော်စတွေ့ခဲ့ဖူးတဲ့ ကဗျာဆရာဆီ ဝင်လိုက်ထွက်လိုက်။

၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်၊ စစ်အုပ်စုက ခက်သီကို ဖမ်းသွားပြီးနောက် ၂၄ နာရီမပြည့်မီဒဏ်ရာတွေနဲ့ အ သက်မယ့် ခန္ဓာ၊ ခက်သီဟာ သားသတ်သမားတွေက သေတဲ့အထိညှင်းပန်းနှိပ်စက်ခဲ့ပေမယ့် အညံ့မခံ ခဲ့ကြောင်း အသက်ပေး သက်သေပြခဲ့တယ်။

“ကျွန်တော်တို့ဆီမှာလည်း တစ်ယောက်ပြီး တစ်ယောက်ပဲ” လို့ ခက်သီရဲ့တော်လှန်သော ဈာပနအခမ်းအ နားအပြီး ကဗျာဆရာထွန်းကိုက ကျွန်တော်ဆီ အဲဒီလို ဖုန်းဆက်ပြောဖူးတယ်။ အဲဒီအချိန် သူက ပေါက်မြို့နယ်ထဲက တစ်နေရာမှာ ဘုန်းကြီးဝတ်နေတဲ့အချိန်လို့ ထင်တယ်။

တစ်ချိန်တုန်းကတော့ ကိုထွန်းကိုဆိုတာ ရှက်ကီလေးဝင်သွားရင် တိုက်ငါးလေးတစ်ကောင်လို လှစ်လှစ် ကလေး ပြေးချင်နေတဲ့သူ။ သူလည်း မုံရွာသားစစ်စစ်။ သက္ကရာဇ်၂၀၀၀ ဝန်းကျင်လောက်ကထင်တယ်။ ရန်ကုန်ကို ဖိုသီဖတ်သီနဲ့ ရောက်လာတယ်။ အဲဒီအချိန် သူ့အစ်ကိုက ရန်ကုန်တက္ကသိုလ်မှာ ဆရာမို့ လှိုင်တက္ကသိုလ်ဝင်းထဲက အဆောင်မှာ နေ့စားစရိတ်ငြိမ်း အခိုင်။

ကိုထွန်းကို ရန်ကုန်ဘာလာလုပ်သလဲဆိုတော့ တီးခွင့်ရမယ့်တစ်နေရာရာမှာ ဂစ်တာတီးပြီး ဝါးတီး ငြိမ်းအောင် လုပ်မယ်။ ပြီးတော့ ကဗျာရေးမယ်ပေါ့။ သူ့လက်သံနားထောင်ဖူးသူတချို့က ဂစ်တာမှာ ဆရာလို့ ပြောကြတယ်။ ဒါပေမယ့် သူက တာဝန်တစ်ရပ်၊ အလုပ်တစ်ခုပုံစံမျိုးလည်း ဂစ်တာတီးချင်ပုံ မရပြန်ဘူး။ ကဗျာရေး လိုက်၊ ဘော်ဒါတွေနဲ့သောက်လို့။ မူးလာရင် ဘယ်သွားမလဲ၊ ဘာလုပ်မလဲ ကိုထွန်းကို ကန့်ကွက်ရိုးထုံးစံမရှိ။

အဲဒီတုန်းက အရက်ကို ရှယ်ကြိုက်တဲ့ သူနဲ့ ဟိန်းထိုက်ဈာန် တတွဲတွဲ။ သူတို့ မုံရွာသားကဗျာဆရာတွေရဲ့ ထုံးစံလို့ ပြောမလား၊ ဘဝရည်မှန်းချက်တွေ၊ ကြီးပွားချမ်းသာရေးအိပ်မက်တွေ ဘာမှမရှိ။ အောင်မြင် တဲ့ကဗျာဆရာကြီး ဖြစ်ရမယ်ဆိုတာမျိုး ပေါတောတောအထာလည်း မရှိ။ စိတ်ထဲရသလောက် ကဗျာရေးမယ်၊ ဒီလောက်ပဲ။

နောက်ပိုင်းရန်ကုန်မှာ မဟန်တော့ မုံရွာသို့ ပြန်တပ်ခေါက်တယ်။ နောက်တော့ ဘယ်လိုစိတ်ကူးတွေနဲ့ ဘုန်းကြီးဖြစ်သွားသလဲမသိ။ ဘုန်းကြီးဖြစ်ပြီးမှပဲ ပေါင်အရိုးပြဿနာပေါ်လာလို့ ဆေးရုံတက်၊ စတီး ချောင်း ထည့်၊ လအတန်ကြာ အိပ်ရာပေါ်ပက်လက်။ အိုကေသွားပြီဆိုတော့ ပုံမှန်အခြေအနေ ဘယ် ရောက်တော့မလဲ၊ ပြေးရလွှားရမယ့်ခေတ်မှာ တုတ်ကောက်တစ်ဖက်နဲ့ ခပ်မြန်မြန်လမ်း လျှောက်ဖို့တောင် အဆင်မပြေ။

ဘုန်းကြီးဘဝနဲ့ ကျေးလက်ရှုခင်းတွေကို ဓာတ်ပုံလျှောက်ရိုက်တယ်။ သူ့ဓာတ်ပုံလက်ရာက သိပ်မိုက် နေတော့ ကြိုက်ကြတယ်။ ဓာတ်ပုံတွေမိုက်ကြောင်း ပြောရင်းနဲ့ ကျောင်းထိုင်လေးဘာလေး မဖြစ် သေးဘူးလားလို့ မေးမိသေးတယ်။

“ခင်ဗျားတို့ ဗရုတ်သုတ်ခကဗျာဆရာတွေ လာနေပြီး ပြန်မောင်းချလို့ မရမှာစိုးလို့ ကျောင်းထိုင်မလုပ် တာ”တဲ့။ ကျွန်တော်တို့ ရယ်မောခဲ့ဖူးတယ်။

၂၀၂၃ လောက်ထင်တယ်။ ပေါက်မှာလည်း အခြေအနေမကောင်း၊ ဘုန်းကြီးတွေဘာတွေလည်း သတ်ဖို့ ဝန်မလေးတဲ့စစ်တပ်ကြောင့်ထင်တယ်။ မုံရွာပြန်လာပြီး လူပြန်ထွက်။ မုံရွာမြို့စွန်က အိမ်မှာ သူတစ်ပွေတည်း။ သွားစရာ ကဗျာအပေါင်းအသင်းတွေကလည်း မရှိတော့ဘူးဆိုတော့ သူတို့ အနောက်မြောက်လွင်ပြင်ရဲ့ ကဗျာအဓိပတိဆီသာ တစ်ခါတစ်ရံ။

မုံရွာဆိုတာ စစ်ဖြစ်နေတဲ့မြို့ကြီးတစ်မြို့ဆိုတော့လည်း လမ်းထိပ်ထွက်ရင်တောင် သတိကြီးစွာနဲ့ မျက်စိ ရှင်ရှင်ထားရ။ တစ်ခါက ဖုန်းပြောဖြစ်တော့ သူသောက်နေကျ အရက်ဖြူဆိုင်ထဲ ပေါ်တာဝင်ဆွဲ သွားသေး သတဲ့။

“ဟေ့လူ ခင်ဗျားလည်း သတိထားဦး” လို့ ကျွန်တော်ကပြောမိတော့ အသက်လည်းကြီး၊ ခြေထောက်လည်း သိပ်မကောင်းတော့ မဆွဲဘူးလို့ ဆိုတယ်။

“အသက်ကြီးပေမယ့် ခင်ဗျားကို တစ်ရစ်လောက်ပေးပြီး စစ်တပ်ထဲ ထမင်းချက်ခိုင်းလို့ရတယ်” လို့ ကျွန်တော် ထပ်ပြောတော့ တဟဲဟဲ။

ဒီနှစ်ဩဂုတ်လောက်ကစပြီး လိုင်းပေါ် တော်တော် အတက်နည်းလာတယ်။ စက်တင်ဘာလကုန်ပိုင်းမှာ မီးစိမ်းနေလို့ ဖုန်းဆက်ကြည့်တော့ သိပ်နေမကောင်းဘူးလို့ ဆိုတယ်။ ချော်လဲထားလို့ စတီးချောင်းထည့် ထားတဲ့ ပေါင်ရိုးနည်းနည်း ပြန်ထိတာမို့ ပုံမှန်အခြေအနေရောက်အောင် ခဏငြိမ်နေရတယ်လို့လည်း ဆို တယ်။ စကားပြောဖြစ်တိုင်း ကဗျာတွေမရှိတော့တဲ့ မုံရွာမှာ အထီးကျန်တဲ့အကြောင်း သူတော် တော်ပြော တယ်။

အောက်တိုဘာ၂၀ ရက်မှာ သူ့ပေ့ချ်ပေါ် သူ့ကဗျာတစ်ပုဒ်တင်။၂၇ ရက်ကျတော့ ကိုထွန်းကို ဆုံးပြီတဲ့။ ၂၆ ရက်က ဆုံးတဲ့ပုံ။ ဖေ့စ်ဘွတ်ခ်ပေါ်တင်ထားသမျှ လျှောက်ဖတ်ကြည့်တော့ ဘာ့ကြောင့်ဆုံးသလဲ ဘယ်သူမှ သေချာသိပုံမပေါ်။ သူထွက်သွားပုံ သိပ်တိတ်ဆိတ်လွန်းတယ်။ သူ မပျော်တော့တာ တော်တော်ကြာပြီဆို တာတော့ ကျွန်တော်သိတယ်။

ဘာပဲဖြစ်ဖြစ် မဆုံးခင် ရက်ပိုင်းလေးမှာ ကဗျာတစ်ပုဒ်ရေးခဲ့နိုင်သေးတာ နောက်ဆုံးအချိန်ထိ ကဗျာနဲ့ အတူရှိခဲ့တဲ့ အမှတ်အသားပဲ မဟုတ်လား။ မသေခင်တစ်ရက်အထိ ကဗျာရေးသွားခဲ့တဲ့ ကြည်ဇော်အေး ကို သတိရမိတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ပိတောက်ပွင့်သစ်တပ်မှူးကြီး မောင်စိမ်းနီ။ မဆုံးမီ နာရီပိုင်း လောက်အလိုမှာ ပုံနှိပ်စက်ကကျပြီးစ မဖြန့်ချိရသေးတဲ့ ပိတောက်ပွင့်သစ်မဂ္ဂဇင်းကို အရသာခံ လှန်လှော ကြည့်ခဲ့တာကိုလည်း ဆက်သတိရမိတယ်။

ကိုထွန်းကို ဆုံးပြီဆိုတော့ မဂ္ဂဇင်းကဗျာခေတ်မှာ အတူဖြတ်ပြီး လူချင်းလည်း ကျွမ်းခဲ့တဲ့ ကျွန်တော်နဲ့ ခေတ်ပြိုင် အနောက်မြောက်လွင်ပြင်ကဗျာဆရာတွေ ကုန်သွားပြီဆိုတာ အကြီးကြီးသိရှိ။ ပလ္လင်ပေါ် ခွေးတက်နေတဲ့ ခေတ်မှာ ကိုယ့်လူတွေ တဖြုတ်ဖြုတ်။

မုံရွာဆိုတာလည်း လူငယ်တွေကုန်သလောက်နီး မြို့ပျက်ကြီးဖြစ်နေပြီ မဟုတ်လား။ ဒါပေမဲ့ တစ်ချိန်မှာ မုံရွာသို့ အရောက်ပြန်၊ ကဗျာဆရာဆိုတာ ဒါလားလို့ ကျွန်တော်စသိခဲ့တဲ့ ကဗျာဆရာကြီးနဲ့ တိမ်းသွား ခဲ့တဲ့ ကိုယ့်လူတွေအကြောင်း ရောက်တတ်ရာရာ ပြောဦးမယ်ဆိုတဲ့ မျှော်လင့်ချက်ကတော့ ဆက်လက် ရှင်သန် နေဆဲပါပဲ။

ကျွန်တော်လက်သီးကို ကျစ်ကျစ်ပါ ဆုပ်ထားပါတယ်။

Leave a Comment

2 comments

betanoiosapp December 22, 2025 - 10:29 pm

Downloaded the Betano iOS app. Installation went pretty quick. Let see what kind of bets I can place… betanoiosapp lets goooo!

Reply
bb777 January 20, 2026 - 3:03 am Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing