လင်းဇေ ရေးသည်။
မဏ္ဍိုင်၊ နိုဝင်ဘာ ၈၊ ၂၀၂၅။
ပြီးခဲ့တဲ့ရက်က ဘန်ကောက်မြို့ကို အလည်တစ်ခေါက်ရောက်ခဲ့တယ်။ ဘန်ကောက်မြို့ကို ရောက်တာဟာ အခုအကြိမ်နဲ့ဆို ၆ ကြိမ်မြောက်။ ဒီလိုအလည်ရောက်တိုင်း ဘန်ကောက်မြို့ရဲ့ မိုးပျံလမ်းမကြီးတွေ၊ မိုးပျံရထား လမ်းတွေ၊ မြေအောက်ရထားတွေ၊ ခေတ်မီတဲ့ မြို့တွင်းပို့ဆောင်ရေးစနစ်တွေ စတာတွေကို တွေ့မြင်ရရင် ရင်ထဲမှာပေါ်လာတဲ့စိတ်က “ငါတို့တွေ ဘာလို့ ဒီလိုနေခွင့် မရသေးတာလဲ၊ ငါတို့ မြန်မာတွေ ဘာလို့အကောင်း တွေနဲ့ မထိုက်တန်သေးတာလဲ” ဆိုတဲ့ အတွေး။
၂၀၁၄ တုန်းကလည်း အမေရိကားကို လေ့လာရေးရောက်ခဲ့ဖူးတယ်၊ ဂျာမဏီနိုင်ငံက ပညာရေးကိုလည်း လေ့လာခဲ့ဖူးတယ်။
အဲဒီနိုင်ငံက ပြည်သူတွေဟာ လူကို လူလိုတန်ဖိုးထားကြတယ်၊ တစ်ဦးကိုတစ်ဦး လေးစားကြတယ်၊ လူဆိုတဲ့ အဓိပ္ပါယ်နဲ့ လူ့ဂုဏ်သိက္ခာကို အပြည့်အဝခံစားခွင့်ပေးထားတယ်။ လူဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ကို ပေါ်လွင်စေတယ်။ လူအချင်းချင်းသာမက တိရစ္ဆာန်တွေရဲ့ အခွင့်အရေးတွေကိုပါ ကာကွယ်ပေးထားတဲ့ လူတွေရဲ့ ယဉ်ကျေးမှု တွေကိုလည်း အထင်အရှား မြင်ခွင့်ရခဲ့တယ်။
သူတို့တိုင်းပြည်က ပြည်သူတွေ ခေတ်မီမီ၊ သက်တောင့်သက်သာ၊ စိတ်ချမ်းချမ်း သာသာနဲ့ နေရတာကို မြင်ရလေတော့ မုဒိတာပွားမိတယ်။ အားကျရတယ်။ ကိုယ့်နိုင်ငံမှာ ဒါမျိုးတွေ ဖြစ်ရင်ကောင်းမှာပဲ၊ ငါတို့ လူမျိုးလည်း ဒါမျိုးတွေနဲ့ ထိုက်တန်ပါတယ်၊ ငါတို့နိုင်ငံကိုလည်း ဒါမျိုးဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ မျှော်လင့် ချက်တွေ ထားခဲ့ဖူးတယ်။
၂၀၁၀ အလွန်ကာလတွေတုန်းက မျှော်လင့်ချက်ထားဖို့ အခွင့်အရေးတွေ ရှိခဲ့တယ်။ မြန်မာပြည်သူတွေအားလုံး လွတ်လပ်ခြင်းရဲ့ အရသာ၊ လူဖြစ်ခွင့်ရခြင်းရဲ့ အရသာ၊ နိုင်ငံကြီးသားတစ်ယောက်အဖြစ် ဂုဏ်ယူရတဲ့ အခိုက် အတန့်တွေ ပိုင်ဆိုင်ခဲ့ကြတယ်။
ပြီခဲ့တဲ့ရက်က ဘန်ကောက်မှာ တွေ့ခဲ့ရတဲ့ မိတ်ဆွေဟာ ထိုင်းမှာ နေခဲ့တာ အနှစ် ၃၀ နီးပါး။ ၂၀၁၀ နောက်ပိုင်း နိုင်ငံရေး အခြေအနေတွေ ပြောင်းလဲလာတော့၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရတက် လာလေတော့ ခေါင်းမော့ ရင်ကော့ကာ မြန်မာပြည်ကို ပြန်လာခဲ့တယ်။ မြန်မာ့ကွလို့ ခေါင်းမော့ရင်ကော့ကာ လက်မထောင်ပြီး နိုင်ငံကြီးသား စိတ်ဝင်ခဲ့မိတယ်လို့ ဆိုတယ်။
ကားကို ခေါင်းခန်းကစီး၊ ရွှေကို လက်တစ်တောင်အပြည့် ဝတ်လို့၊ ထိုင်းစစ်ဆေးရေးဂိတ်တွေကို ဖြတ်တဲ့အခါ ရွှေဝတ်ထားတဲ့လက်ကို ကားပြုတင်းပေါက် ဘောင်မှာ တင်ပြီး ဘာလဲဆိုတဲ့ သဘောနဲ့ မျက်နှာကို ချီခဲ့တာလို့ ပြောပြတယ်။
မဲဆောက်ကနေ မြဝတီဘက်ခြမ်းကူးတော့လည်း တံတားပေါ်မှာ ရင်ကော့ပြီး ပြည်ဝင်ခဲ့တာလို့ ပြန်ပြောင်းပြော ပြတယ်။ တစ်သက်လုံးကြောက်ခဲ့ရတဲ့ ဝန်ထမ်းတွေကို ခပ်တန်းတန်းကြည့်ရင်းပေါ့။ သူ့စိတ်ထဲ ခေတ်ကြီး ပြောင်းပြီ၊ ခေတ်ကြီးကောင်းပြီလို့ တထစ်ချရုံကြည်ခဲ့တယ်။ မြန်မာပြည်မှာ စီးပွားရေးပြန်လုပ်ဖို့ ပြင်ဆင်ခဲ့ တယ်။ ပိုင်ဆိုင်သမျှကို ပုံအောလို့ ရင်းနှီးမြှုပ်ခဲ့တယ်။ မြန်မာတွေ လက်မထောင်နိုင်ပြီဆိုတဲ့ အိပ်မက်ကြီးတွေနဲ့ ပေါ့။
အဲဒီကာလတွေတုန်းက သူ့လို အိပ်မက်တွေ တလှေကြီးနဲ့ ပြည်တော်ဝင်ခဲ့ကြသူတွေ ဒုနဲ့ဒေး။မြန်မာပြည်ကြီးကို ကိုယ်တွေ တတ်စွမ်းသမျှနဲ့ ပြန်လည်ထူထောင်ကြမယ်ဆိုတဲ့ စိတ်တွေ ရင်ဝယ်ပိုက်လို့ပေါ့။ ပြည်ပလေ့လာ ရေး ခရီးတွေလည်း ထွက်ခဲ့ရတယ်။
ကိုယ်တွေ ပြည်ပခရီးတွေသွားရလို့ ဘယ်နိုင်ငံကလဲလို့ မေးခံရတဲ့အခါ မြန်မာလို့ပြောလဲ မသိ၊ ဘားမားလို့ ရှင်းပြလည်း သဘောမပေါက်ရင် ဒေါ်အောင်ဆန်းစုကြည် နာမည်ကို ပြောပြရတယ်။ အဲဒီအခါ သူတို့ဆီက အာမေဋိသံထွက်လာလို့ ကြားရတာဟာ တကယ့်အရသာ၊ တကယ့်ကို ဂုဏ်ယူရတဲ့ အခိုက်အတန့်။
မြန်မာပြည်သူတွေ တစ်ဦးကို တစ်ဦး ရိုင်းပင်းခဲ့ကြတယ်၊ တစ်ဦးပေါ် တစ်ဦးပေါ် စေတနာတွေ ထားခဲ့ကြတယ်။ ကမ္ဘာပေါ်မှာ အလှူအတန်းအရက်ရောဆုံးရယ်လို့ မှတ်တမ်းတင်နိုင်ခဲ့တယ်။ ကိုဗစ် 19 ကမ္ဘာဘေးရောဂါ ကပ်ဆိုးကြီးကို ချစ်ခြင်းမေတ္တာတွေနဲ့အတူ လက်တွဲကျော်ဖြတ်ခဲ့ကြတယ်။ တကယ်တော့ မြန်မာပြည်ရဲ့ အနာဂတ်ဟာ အတောက်အပဆုံး လင်းလက် သွားဖို့၊ လွတ်လပ်သွားဖို့ပါ။ ဂုဏ်ယူနေရဖို့ပါ။
ဒါပေမဲ့ အဲဒီအခိုက်အတန့်တွေ၊ လွတ်လပ်ခြင်းအရသာတွေ၊ မျှော်လင့်ခြင်း အိပ်မက်တွေဟာ စစ်တပ် အာဏာသိမ်းမှု အလွန်မှာတော့ အားလုံးဟာ ရေစုန်မျော၊ ကမ္ဘာမှာ ယုတ်အညံ့ဆုံး၊ အကြမ်းဖက်ဆုံး၊ အငတ်ပြတ်ဆုံးဆိုတဲ့ ဘဝတွေအထိ နေ့ချင်း၊ ညချင်း ထိုးဆင်းသွားတယ်။
အဲဒီအခါ ကျွန်တော့်မိတ်ဆွေဟာလည်း ရင်းနှီးမြှုပ်နှံထားတာတွေကို စွန့်ခွာပြီး မြဝတီကို ကျောခိုင်းခဲ့ရတယ်။ ခပ်တန်းတန်းကြည့်ခဲ့ဖူးတဲ့ မျက်နှာတွေကို ခေါင်းငုံ့ရင်း၊ မြင်ရာလူကို ဆရာ၊ ဆရာလို့ ခေါ်ရင်းပေါ့။ ရွှေကို တစ်တောင်လောက် ဝတ်ထားဖို့ မပြောနဲ့ လက်ချောင်းမှာ စွပ်ထားတဲ့ လက်စွပ်လေးတောင် ချွတ်ယူမှာ ကြောက်လို့ လက်ကို နောက်ပစ်ထားရတယ်တဲ့။ သူဟာ နောင်တတွေလည်း အကြိမ်ကြိမ်ရခဲ့တယ်လို့ ဆိုတယ်။
အခုတော့ အားလုံးနည်းတူ ခေါင်းမဖော်နိုင်တဲ့ ဘဝတွေ။ မြန်မာအချင်းချင်းတွေ့လို့မှ ခေါ်ပြောနှုတ်ဆက်ရမှာ ကြောက်လန့်နေရတဲ့ အခြေအနေ။ ဘန်ကောက်မြို့ထဲ လှည့်ပတ်သွားလို့ လမ်းဘေးအိပ်နေတဲ့သူမြင်ရင်၊ လမ်းဘေးတောင်းရမ်းနေတဲ့သူမြင်ရင် မြန်မာတွေများဖြစ်မလားလို့ တွေးနေရပြီ။ ရာဇဝတ်အမှုအခင်းဖြစ်လို့ အဖမ်းခံရရင် မြန်မာတွေ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတဲ့ အခြေအနေတွေ။
ငါတို့မြန်မာတွေ ဘယ်တော့များမှ အေးချမ်းတဲ့ဘဝတွေ ပိုင်ဆိုင်ရပါ့မလဲ၊ ခေတ်မီမီ သက်တောင့်သက်သာနဲ့ အကောင်းဆုံးဘဝတွေကို ဘယ်တော့များမှ ပိုင်ဆိုင်ရပါ့မလဲ၊ ငါတို့လည်း အကောင်းဆုံးဆိုတာတွေနဲ့ ထိုက်တန် ပါတယ်ဆိုတဲ့ ခံစားချက်တွေ ခံစားနေရဆဲပဲ။ မချီတင်ကဲ တွေးနေရဆဲ၊ ကိုယ့်ကိုယ်ကို နှစ်သိမ့်နေရဆဲပဲ။
၂၀၀၀ ခုနှစ်အလွန်ကာလတွေက ရန်ကုန်မြို့မှာရှိတဲ့ YKKO က ကြေးအိုးကို စားရတဲ့အခါတိုင်း နိုင်ငံရေးအမှုနဲ့ ထောင်ကျနေတဲ့ သူငယ်ချင်းကို သတိရခဲ့တာကို မှတ်မိနေသေးတယ်။ ကိုယ်က ကောင်းကောင်းမွန်မွန်စား နေရပေမယ့် သူက အစားကောင်းကောင်းမှ စားရပါ့မလားဆိုတဲ့ အတွေးနဲ့ မြိုမကျတဲ့ ခံစားမှုတွေဖြစ်ခဲ့ဖူးတယ်။ လိပ်ပြာမလုံသလို ခံစားမှုတွေ ဖြစ်ခဲ့ဖူးတယ်။
၂၀၁၀ အလွန်ကာလတွေမှာ မြန်မာတွေ လွတ်မြောက်ပြီ၊ တိုးတက်ပြီဆိုတဲ့ မျှော်လင့်ခြင်း ရောင်ခြည်တွေ သမ်းခဲ့ ကြတယ်။ တစ်ဦးပေါ်တစ်ဦး လေးစားမှုတွေ၊ ချစ်ခြင်းမေတ္တာတွေ ထားခဲ့ကြတယ်၊ ဂုဏ်ယူခဲ့ရတဲ့ အခိုက်အတန့် တွေကိုလည်း ကြုံခဲ့ရတယ်။ တကယ်တော့ ဒီကာလတွေဟာ ဘာမှမကြာလိုက်တဲ့ ခဏတာမျှပါ။
ကျွန်တော်တို့အားလုံး စစ်တပ်ရဲ့ လက်ချက်မှာ လွတ်လပ်ခြင်းအရသာတွေ ဆိတ်သုန်းခဲ့ရတယ်၊ ဆင်းရဲငတ် ပြတ်ခြင်း အရသာကို ထပ်မံမြည်းစမ်းရပြန်တယ်။ လူတကာ အထင်သေး၊ အမြင်သေးတဲ့ မျက်လုံးတွေရဲ့ အောက်ကို ပြန်ရောက်ကြရတယ်။
အခုတော့အစားကောင်းကောင်းလေး စားရတဲ့အခါ ထောင်ထဲက လူတွေ အစားသောက်အဆင်ပြေကြရဲ့လား၊ စစ်ရှောင်နေကြတဲ့ ကလေးတွေ ဘာတွေနဲ့များ စားနေကြမလဲဆိုတဲ့အတွေး၊ မိုးအေးအေးနဲ့ စောင်ခြုံအောက်မှာ ကွေးနေရတဲ့အချိန်ဆိုရင် စစ်ရှောင်စခန်းက ကလေးတွေ မိုးရေစိုနေကြပြီလား၊ ဆောင်းတွင်းအအေးဒဏ်ကို ခံနိုင်ဖို့ သူတို့မှာ အနွေးထည်တွေများ လုံလောက်ရဲ့လားဆိုတဲ့အတွေးတွေက အခုကာလကြီးမှာ မြန်မာအများစု ခံစားနေကြမယ်ဆိုတာ ကျိန်းသေပါတယ်။
ဒီလိုတွေးနေရတဲ့ ဘဝတွေ လွတ်မြောက်ချင်ပြီ၊ ဆင်းရဲငတ်ပြတ်နေတဲ့ ဘဝတွေကလည်း လွတ်မြောက်ချင်ပြီ၊ ဖွံဖြိုးတဲ့နိုင်ငံတွေရောက်တိုင်း ငါတို့မြန်မာတွေလည်း ဒီလိုအကောင်းစားတွေနဲ့ ထိုက်တန်ပါတယ်ဆိုတဲ့ မပြည့်စုံတဲ့အခြေအနေတွေကို နှိုင်းယှဉ်အားကျရတဲ့ ဘဝကလည်း လွတ်မြောက်ချင်ပြီ။
ကျွန်တော်တို့မြန်မာတွေ ထာဝရ ခေါင်းမော့ရင်ကော့နေရတဲ့ ဘဝတွေ အမြန်ဆုံးပြန်ရောက်နိုင်ပါစေဗျာ။