နောက်ဆုံးပွဲမှာ အနိုင်ယူပြီး ပရိသတ်ကို နှုတ်ဆက်သွားတဲ့ ဂန္ဓဝင်ဖိုက်တာ အောင်လအန်ဆန်း

မဏ္ဍိုင်၊ အောက်တိုဘာ ၄၊ ၂၀၂၅။

ကချင်တိုင်းရင်းသား အောင်လအန်ဆန်းရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲဟာ နိုင်ခဲ့ရင်လည်း ဂုဏ်ယူရမှာဖြစ်သလို ရှုံးခဲ့ရင်လည်း နှစ်သိမ့် ကျေနပ်နေမိမယ်ဆိုတာ ကြိုတွေးထားပြီးသားပါ။

ဒါပေမဲ့ အခုလို အောင်မြင်မှုရခဲ့တော့လည်း အထူးပဲဂုဏ်ယူဝမ်းမြောက်မိတယ်။ တကယ့်ကို အနိုင်ပိုင်း အဆုံးသတ်ပျော်ရွှင်ရတဲ့ပွဲပါ။ တဒင်္ဂတာအတွက် သောကတွေ ပြေပျောက်သွားခဲ့ရတယ်။

အမဲလိုက်က သီချင်းကို အဆိုတော်လေးဖြူကိုယ်တိုင် ကွင်းထဲအထိ လာရောက်သီဆိုပေးသွားတယ်။ ပရိသတ်တွေရဲ့ အားပေးသံတွေဟာ ရှေ့ကပွဲစဉ်တွေနဲ့ ဘာမှမဆိုင်ဘဲ တကွင်းလုံး သောသောညံပါ။

နိုင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ အရင်ကလောက် ပျော်စရာမကောင်းဘူးလို့ ထင်ခဲ့ရပေမယ့် တကယ်တမ်းမှာ ကွင်းလုံးညံသွားတဲ့ ပရိသတ်အားပေးမှုနဲ့ အောင်လအန်ဆန်းကို ကြိုးဝိုင်းထဲမှာ မြင်လိုက်ရတဲ့အခါမှာတော့ အရင်တုန်း လွတ်လပ်ပျော်ရွှင်ခဲ့ရမှုနဲ့ စိတ်လှုပ်ရှားခဲ့ရတဲ့ အခိုက်အတန့်လေးကို ပြန်လည်ပိုင်ဆိုင်လိုက်ရတာ အမှန်ပါပဲ။

အောင်လအန်ဆန်းဟာ One Championship ရဲ့ လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်းတွေမှာ ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒီဆုတွေကို မြန်မာပရိတ်ရှေ့မှာပဲ ရယူပေးခဲ့တာပါ။ မြန်မာတွေအတွက် အောင်လအန်ဆန်းဟာ ဂုဏ်ယူစရာဖြစ်ခဲ့ရတယ်။

အောင်လအန်ဆန်းရဲ့ ရေကုန်ရေခမ်းထိုးသတ်မှု၊ အားမာန်ပါမှုနဲ့ နှိမ့်ချဆက်ဆံမှုတွေဟာ မြန်မာပရိသတ်တစ်ဦးအနေနဲ့ ဂုဏ်ယူခဲ့ရတယ်။ ဘဝတူဖိုက်တာ ကစားသမားတွေအတွက်လည်း အတုယူစရာ စံပြတစ်ခုရယ်လို့ ထင်မိတယ်။

မြန်မာစပါးအုံး လို့ နာမည်ကျော်တဲ့ အောင်လအန်ဆန်းဟာ ဒီနေ့မှာ ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန် ကာဒက်စတမ်နဲ့ One Championship မှာ နောက်ဆုံးပွဲထိုးသတ်ခဲ့တာပါ။ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ အောင်လအန်ဆန်းဟာ ပထမအချီမှာ ပြိုင်ဘက်ကစားသမားနဲ့ လေးလေးနှေးနှေးပုံစံနဲ့ ထိုးသတ်ခဲ့တယ်။ ဒုတိယအချီ ၂ မိနစ်အကျော်မှာတော့ ပြိုင်ဘက်ကစားသမားကို တရစပ်လက်သီးတွဲလုံးတွေနဲ့ အနိုင်ယူ နိုင်ခဲ့ပါတယ်။

“ပွဲတစ်ပွဲမှာ ဘာမဆိုဖြစ်နိုင်တယ်ဆိုပေမယ့် အကောင်းဆုံးရလဒ်ရအောင်ကြိုးစားမယ်ဗျာ၊ ကတိပေးတယ်” လို့ ဖေ့ဘွတ်မှာ တင်ခဲ့တဲ့သူ့စကားအတိုင်း လုပ်ပြသွားနိုင်ခဲ့တယ်။

အခုပွဲနိုင်တဲ့အတွက် One Championship က အောင်လအန်ဆန်းကို ဒေါ်လာ ငါးသောင်း ဘောနပ်ချီးမြှင့်ခဲ့တယ်။ အောင်လအန်ဆန်းဟာသူ့လက်မှာ ဝတ်ဆင်ထားတဲ့ လက်အိတ်ကို ကြိုးဝိုင်းပေါ်မှာ ချွတ်ခဲ့လိုက်ပါတယ်။

နောက်ဆုံးပွဲမှာ အနိုင်ပိုင်းပြီး အားကစားသမားဘဝကို နိဂုံးအဆုံးသတ်ဟာ အောင်လအန်ဆန်းအတွက် အလှပဆုံး နိဂုံးတစ်ခုပါ။ သူကိုယ်တိုင် ကလည်း “ကျွန်တော့်ဘဝမှာ ပြီးပြည့်စုံတဲ့ နိဂုံးတစ်ခုပါ” လို့ ပြောသွားတဲ့အတွက် သူဟာ လုံးဝ အနားယူဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။

တကယ်တော့ အောင်လအန်ဆန်းရဲ့ နောက်ဆုံးပွဲ ထိုးသတ်အနိုင်ရမှုဟာ ကိုယ့်အိမ်၊ ကိုယ့်ကွင်း၊ ကိုယ့်ပရိသတ်ရှေ့မှာ အရင်လို ထိုးသတ်ကြည့်ရှုအားပေးခွင့်ရမယ်ဆိုရင် တစ်တိုင်းပြည်လုံး ပျော်ရွှင်ရမယ်ဆိုတာ ကျိန်းသေပါပဲ။

ကချင်တိုင်းရင်းသားကြီး အောင်လအန်ဆန်းကိုယ်တိုင်ကလည်း သူ့ရဲ့ နောက်ဆုံးပွဲကို မြန်မာပြည်နဲ့ သူချစ်တဲ့ မြန်မာပရိသတ်ရှေ့မှာ ထိုးသတ်ချင်ခဲ့တာပါ။

ဒါပေမဲ့ မြန်မာပြည်မှာ စစ်တပ်ရဲ့ မျိုးစုံသောခြယ်လှယ်မှုတွေကြောင့် ဘယ်သောအခါမှ အခြေမကျ နိုင်တဲ့ဘဝတွေ၊ မက်ခွင့် မရတဲ့ အိပ်မက်တွေ၊ ပျက်စီးခဲ့ရတဲ့ မိသားစုဘဝတွေလိုပဲ အောင်လအန်ဆန်းရဲ့ အိပ်မက်တွေဟာလည်း ပျက်စီးခဲ့ရပါတယ်။

မြန်မာပြည်ထဲက လူကြီး၊ လူရွယ်၊ လူငယ် အားလုံးရင်ဆိုင်နေ ရတဲ့နည်းတူ အောင်လအန်ဆန်း ဆန်လည်း ကြုံရတဲ့သဘောပါ။ မြန်မာပြည်နဲ့ပတ်သက်သူတိုင်း စစ်တပ်ရဲ့ ဆိုးမွေကို အနည်းနဲ့အများခံစားရတာဟာ အဆန်းတော့ မဟုတ်ပါဘူး။

တိုင်းရင်းသားပေါင်းစုံ မှီတင်းနေနိုင်ကြတဲ့ မြန်မာပြည်မှာ ထူးချွန်ထက်မြက်တဲ့သူတွေ သူ့ကဏ္ဍအလိုက် ကမ္ဘာကျော်အောင် ထူးချွန်ကြတယ်။ အခွင့်အရေးရရင် ချွန်ထွက်သွားအောင် စွမ်းနိုင်သူတွေ ရှိတယ်။ ဒါပေမဲ့ ဒီလိုအရည်အချင်းရှိသူ လူငယ်၊ လူရွယ်တွေဟာ စစ်ဖိနပ်အောက်မှာ တိမ်မြှုပ်နေကြရတယ်။ မြန်မာပြည်ဟာ စစ်ဖိနပ်အောက်မှာ ခေတ်အဆက်ဆက် တောက်ပြောင်မလာခဲ့ဘူး။ တောက်ပြောင်လာစရာ အကြောင်းလည်း မရှိဘူး။ အခုထိလည်း စစ်ဖိနပ်အောက်က ရုန်းထွက်နိုင်ဖို့ ကြိုးစားနေကြရဆဲပဲ။

ဘယ်လိုအခြေအနေတွေပဲဖြစ်ပါစေ ခေတ္တခဏလွတ်လပ်ခွင့်တွေရခဲ့ကြတဲ့ အရပ်သားအစိုးရ၊ ဒီမိုကရေစီခေတ်မှာ လွတ်လပ်ခြင်းအရသာနဲ့အတူ မြန်မာပြည်သူတွေကို ပျော်ရွှင်မှုတွေ၊ ဂုဏ်ယူမှုတွေ ပေးခဲ့တဲ့ အောင်လအန်ဆန်း၊ မြို့ရော တောနယ်ပါမကျန် မြန်မာပြည်သူတွေရင်ဘက်ထဲအထိ ရောက်ခဲ့တဲ့ အောင်လအန်ဆန်းကို တစ်ခေတ်တခါအတွက် ထာဝရဂုဏ်ပြုမှတ်တမ်းတင်မိတယ်။

မြန်မာပြည်မှာ သိုင်းပေါင်းစုံတိုက်ခိုက်ရေးအားကစားကို လမ်းကြောင်းဖွင့် မျိုးစေ့ချပေးခဲ့တဲ့အတွက်လည်း အောင်လအန်ဆန်းကြီးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောရင်း နှုတ်ဆက်စကား ဆိုလိုက်ပါတယ်။

ကယန်းလက်ဝှေ့မယ် ဘရော်နီကာကလည်း အောင်လအန်ဆန်းနဲ့ ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန် ကာဒက်စတမ် တို့ပွဲမတိုင်ခင် သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ အခုလိုရေးတင်ထားသေးတယ်။

” အောင်လအန်ဆန်းကို ပြန်တွေ့ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပြီးကျေးဇူးတင်မိပါတယ်။

သူက အောင်မြင်မှုသာမက သူ့ရဲ့နှိမ့်ချမှု— လူတိုင်းအပေါ် အမြဲတမ်း လေးစားမှုနှင့် ကြင်နာမှုတွေကို ငါတို့ကိုတွန်သင်ပြသခဲ့တယ်။

“သူတနိုင်ငံလုံးကိုလည်း လှုံ့ဆော်ပေးခဲ့သေးတယ်။ မြန်မာနိုင်ငံကို ကမ္ဘာ့အဆင့်သို့ လှမ်းနိုင်ပြီး အမြင့်ဆုံးအဆင့်တွင် ယှဉ်ပြိုင်နိုင်ကြောင်း ပြသခဲ့တယ်။ သူက ငါတို့ကို အလိုအပ်ဆုံးအချိန်၌ မျှော်လင့်ချက်ပေးခဲ့တယ်။

” သူက မြန်မာ့သမိုင်းတွင် ဒဏ္ဍာရီနဲ့ ထာဝရအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီ ။ ငါနဲ့ ငါတို့တိုင်းပြည်အတွက် မင်းလုပ်ပေးခဲ့သမျှအတွက် ကျေးဇူးတင်ကြောင်းဒီကနေပြောချင်ပါတယ်။ “

Leave a Comment

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing