မဏ္ဍိုင်၊ စက်တင်ဘာ ၂၈၊ ၂၀၂၅။
နင်းကြမ်းလေး ဆိုတာ ကျေးရွာရဲ့ စည်းလုံးမှု၊ ကျေးရွာသားတွေရဲ့ စေတနာ ပြယုဂ်၊ ကျေးရွာရဲ့ ဝမ်းရေး။ ပြီးတော့ မတရားမှုနဲ့ ယုတ်မာရက်စက်မှုတွေလည်း စွန်းထင်းနေတယ်။ နင်းကြမ်းလေးဟာ သေဆုံးမှုရဲ့ သင်္ကေတ၊ သေမင်း တွေ ခံတွင်းဝ ဆိုလည်း ဟုတ်တယ်။
စစ်ရှောင်အမေအိုတစ်ယောက်နဲ့ စကားပြောနေရင်း ကျနော် အဲဒီ နင်းကြမ်းလေး ဆိုတဲ့ နာမည်ကို ကြားလိုက်ရ တာပါ။ စကားပြောခြင်းရဲ့ စလယ်ဆုံးမှာ အဲဒီနာမည်လေးက ရုတ်တရက်ပေါ်ပေါ်လာတတ်တယ်။
အမေအိုဟာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာကပါ။ သူနေထိုင်ရာ ကျေးရွာအနီးမှာ ၁၅ ပေအကျယ်ရှိတဲ့ တောင်ကျချောင်းလေးတစ်ခုရှိတယ်။ ဒေသခံတွေက မြောင်းလို့လည်း ဆိုကြတယ်။ အဲဒီမြောင်းလေးရဲ့ တဖက်တချက်မှာတော့ ကျေးရွာသူ၊ ကျေးရွာသားတွေရဲ့ လယ်ကွင်းတွေရှိတယ်။
ရွာနီးနားက လယ်ကွင်းတွေမှာလည်း စပါးတွေ၊ ပဲတွေ စိုက်ပျိုးကြသလို မြောင်းလေးရဲ့ တဖက်ကမ်းက လယ်ကွင်းတွေမှာလည်း ကျေးရွာသူ၊ ကျေးရွာသားတွေဟာ စပါးတွေ၊ ပဲတွေ စိုက်ပျိုးကြတယ်။ အဲဒီလယ်ကွင်းတွေလွန်ပြီး ရှေ့ဆက်မယ်ဆိုရင် တောတောင်တွေရှိတယ်။ အဲဒီတောတောင်တွေပေါ်မှာ ဒေသခံတွေဟာ ထင်းခုတ်၊ သစ်ခုတ်ကြတယ်။
ရွာသားတွေဟာ မိုးတွင်းကာလမှာ ချောင်း(မြောင်း)ကိုဖြတ်ကူးဖို့ သစ်သားတုံးတစ်တုံးကို တံတားသဖွယ်လုပ်ပြီး ကူးကြတယ်။ တောင်ကျချောင်းရေကျလို့ ရေလျှံတာမျိုးဆိုရင် အဲဒီသစ်သားတုံးဟာ ချောင်းရေထဲ မျောပါ သွားတတ်သေးတယ်။ နွေရာသီချောင်းရေခမ်းပြီဆိုရင်တော့ အဲဒီချောင်းထဲမှာ ရေစပ်ကျဉ်းလေး ကျန်တယ်။ ဗွက်ထ တယ်။
ဒါကြောင့် ကျေးရွာသူ၊ ကျေးရွာသားတွေဟာ ချောင်းတဖက်ကမ်းက စိုက်ပျိုးထားတဲ့ စပါးတွေ၊ ပဲတွေကို လှည်းနဲ့သယ်ယူဖို့အတွက် ချောင်းကို ဖြတ်ပြီး တံတားလေး တစ်ခုတည်ဆောက်ကြတယ်။ အမေအိုက အဲဒီတံတားလေးကို နင်းကြမ်းလေး လို့ ခေါ်ဆိုတယ်။
အဲဒီနင်းကြမ်းလေးကို ဘယ်အချိန်တုန်းကစဆောက်ခဲ့ကြတယ်ဆိုတာ မသိပေမယ့် အမေအိုကတော့ သူငယ်ငယ်က တည်းက သူ့အမေနဲ့ ရွာသူရွာသားတွေ စုပေါင်းဆောက်ခဲ့ကြတာကို မှတ်မိနေတယ်။
မိုးပါးသွားပြီဖြစ်တဲ့ နိုဝင်ဘာလလောက်ဆိုရင် ရွာသူရွာသားတွေဟာ စုပေါင်းလုပ်အားနဲ့ တံတားလေးကို စတင်ဆောက်ကြတယ်။ ချောင်းကမ်းနှစ်ဖက်ကို မျောတိုင်ကြီးတွေနဲ့ တံတားထိုးလိုက်တယ်၊ ပြီးရင် အဲဒီပေါ်ကနေ မျောတိုင်ငယ်တွေကို ကန့်လန့်ဖြတ်တင်လိုက်တယ်၊ ကောက်ရိုးတွေ၊ မြက်တွေကို အပေါ်က ထပ်တင်တယ်။ အားလုံးရဲ့ အပေါ်ကမှ မြေကြီးတွေကို ထပ်ခင်းလိုက်တယ်။ အဲဒီတံတားလေးကို ဒေသခံတွေက နင်းကြမ်း လို့ ခေါ်ကြတယ်။
ဒေသခံတောင်သူတွေဟာ သူတို့စိုက်ပျိုးထားတဲ့ လယ်မြေ၊ ယာမြေတွေဆီက ထွက်တဲ့ ကောက်ပဲသီးနှံတွေကို လှည်းနဲ့တင်ပြီး အဲဒီ နင်းကြမ်းလေးအပေါ်ကနေ ဖြတ်သန်းသယ်ဆောင်ကြတယ်။
လှည်းတွေ အကြိမ်ကြိမ်ဖြတ်လို့ နင်းကြမ်းလေးမှာ ကောက်ရိုးတွေ မရှိတော့ဘူးလား၊ အပေါက် ပေါက်သွား ပြီလား၊ ဒါမှ မဟုတ် မျောတိုင်တွေ ကျိုးသွားပြီးလားဆိုရင် တောင်သူတွေဟာ လိုအပ်တဲ့ ကောက်ရိုး၊ မြတ်နဲ့ မျောတိုင်တွေကို အလုပ်ကနေ ရွာကို ပြန်လာတဲ့အခါ လှည်းပေါ်တင်လာတတ်တယ်။ ပြီးရင် အဲဒီ နင်းကြမ်းလေး ရှိရာ နေရာရောက်ရင် ပစ်ချထားခဲ့တယ်။ အလုပ်အားတဲ့အခါ ပျက်စီးတဲ့နေရာကို လာပြင်တတ်ကြတယ်။ ဘယ်သူပြင်ပါရယ်လို့ မဟုတ်ဘူး၊ အလျဉ်းသင့်သူက သူ့စေတနာအလျှောက်လာပြင်ပေးတာမျိုး။
တနွေလုံးမှာ လုပ်ငန်းတာဝန်တွေထမ်းဆောင်ပြီးလို့ မိုးရွာသီရောက်ပြီဆိုရင်တော့ အဲဒီတံတားလေးဟာ ချောင်းရေမှာ မျောပါသွားတတ်တယ်။ မိုးတွင်းဆိုရင် နင်းကြမ်းလေးခင်းထားတဲ့နေရာနဲ့ မလှမ်းမကမ်း၊ ချောင်းကျဉ်းတဲ့နေရာမှာ ရွာသူရွာသားတွေဟာ မျောတိုင်းတစ်လုံးကို တံတားသဖွယ်လုပ်ပြီး ကူးကြတယ်။ ဒါတွေဟာ အမေအိုမှတ်မိနေတဲ့ နင်းကြမ်းလေးရဲ့ အစောပိုင်းကာလတွေပါ။
၁၉၉၀ ခုနှစ်ဝန်းကျင်မှာ အမေအိုတို့ နေထိုင်ရာ ကျေးရွာအနီးကို စစ်တပ်ရောက်လာတယ်။ အထိုင်ချတပ်ရင်း တစ်ခုအနေနဲ့ပါ။ နှစ် နှစ်၊ သုံး နှစ်အကြားမှာတော့ နင်းကြမ်းလေး ဆိုတဲ့ လှည်းကူးတံတားလေး အနားမှာ စစ်တပ်ဂိတ်တစ်ခုရောက်လာတယ်။ နောက်တော့ တဲထိုးပြီး လှည်းတစ်စီးကို ငွေကျပ် ၂၀၀ ကောက်တယ်။ လှည်းတစ်စီးဟာ ဘယ်နှကြိမ်ဖြတ်ဖြတ် ဖြတ်သန်းတဲ့အခါတိုင်း ကျပ် ၂၀၀ ပေးရတယ်။
ကောက်ရိုး၊ စပါးတင်တဲ့လှည်း၊ ပဲတင်လှည်း၊ သစ်တင်လှည်း၊ သက္ကယ်တင်လှည်း ဘာလှည်းဖြတ်ဖြတ် စစ်တပ်ဂိတ်မှာ ၂၀၀ ကျပ်ပဲ။ တစ်ရက်ကို ကျပ်သောင်းချီရကြတယ်လို့ အမေအိုက ဆိုတယ်။ ပိုက်ဆံ မပေးနိုင်တဲ့သူဆိုရင် လှည်းပေါ်တင်လာတဲ့ ပစ္စည်းတွေကို သူတို့ကျေနပ်သလောက်ပေးရတယ်။
နောက်တော့ စစ်တပ်ဟာ ဒေသခံတွေဆီက အလကားအချောင်းကောက်နေတာမျိုး မဖြစ်လေဟန် အဲဒီချောင်းကူးတံတား နင်းကြမ်းလေးကို သူတို့ကိုယ်တိုင်ဆောက်ကြတယ်။ ဒါပေမဲ့ စေတနာနဲ့ မဟုတ်ဘဲ အသပြာအတွက် ရည်ရွယ်ပြီးဆောက်ထားလေတော့ တံတားလေးဟာ ရွာသူ၊ ရွာသားတွေ ဆောက်တဲ့တံတားလောက် မခိုင်ဘူးလို့ အမေအိုက ဆိုတယ်။
စစ်တပ်ဟာ ရလေ လိုလေ၊ လောဘဇော အတောမသတ်နိုင်လေတော့ အဲဒီတံတားလေးကို ဆောက်ပြီး လေလံပစ်ဖို့အထိ ကြိုးပမ်းခဲ့ကြတယ်။ လေလံဆွဲသူ မရှိလေတော့ မူလအတိုင်းဂိတ်ထိုးပြီးသာ ဆက်ကြေး ကောက်တယ်။ စစ်သားတွေကိုယ်တိုင် မကောက်အားတဲ့အခါ ကိုယ်စားလှယ်လွှဲပြီး ကောက်ခိုင်းတယ်။ နေ့ခင်းပိုင်း ကောက်တာ အားမရလေတော့ ညဘက်ပါ ကောက်ကြတယ်။
တညတော့ အမေအိုရဲ့ သမီးဖြစ်သူဟာ အဲဒီနင်းကြမ်းလေးကနေ လှည်းတစ်စီးနဲ့ ဖြတ်လာခဲ့တယ်။ ဂိတ်စောင့် စစ်သားက ဘာလှည်းလဲ၊ ဘယ်ကလဲ၊ ဘယ်သူလဲ၊ ရပ် ဆိုပြီး ကင်းတဲကနေ မေးမြန်း အမိန့်ပေးတယ်။ လှည်းမောင်းအမျိုးသမီးက ဘယ်သူဘယ်ဝါဖြစ်ကြောင်းဖြေကြားပြီး လှည်းတော့ မရပ်ပေးနိုင်ဘူးလို့ ပြောကာ ဆက်မောင်းသွားတယ်။ စစ်သားက ဆဲဆိုတဲ့အခါ သူကလည်း အပြန်အလှန်ပြန်ဆဲတယ်။
အပြန်အလှန်ဆဲဆိုခဲ့တဲ့ သမီးဖြစ်သူကို အမေအိုက နောင်မလုပ်ဖို့နဲ့ ကိုယ့်ထက်အသက်ကြီးသူကို မဆဲဖို့ ဆုံးမတယ်။ အဲဒီတုန်းက သမီးဖြစ်သူနဲ့ အပြန်အလှန်ရန်ဖြစ်ခဲ့တဲ့ တပ်ကြပ်ဟာ ကြာကူလီမှုနဲ့ တပ်ထဲက ထွက်လိုက်ရတယ်။ နောင်အရပ်သားဖြစ်ပြီး ရွာကို လာလည်တဲ့အခါ အမေအိုဆီရောက်လာတယ်။
အမေအိုနဲ့တွေ့ပြီး စကားပြောတော့ သူ့လက်မောင်းမှာ တပ်ခဲ့ရတဲ့ အရစ်တွေဟာ အမေအိုရဲ့ ထမိန်အထက်စင် လောက်တောင် အသုံးမဝင်ကြောင်း၊ အမေအိုရဲ့ အထက်စင်က ခါးမှာအမြဲမပြတ် ဝတ်ထားလို့ရကြောင်း၊ သူ့လက်မောင်းက အရစ်ကတော့ အခုမရှိတော့လို့ တန်ဖိုးမဲ့သွားပြီဖြစ်ကြောင်း စစ်သားတစ်ဦးရဲ့ အမှတ်တရ သံဝေဂစကားတစ်ခုကို အမေအိုဆီက ကြားလိုက်ရတယ်။
နင်းကြမ်းတံတားလေးရဲ့ အနီးမှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ အရင်ကတော့ နေ့လယ်နေ့ခင်း တောင်သူ တွေဟာ အဲဒီညောင်ပင်ကြီး အရိပ်အာဝါသမှာ အေးအေးချမ်းချမ်းအနားယူကြတယ်။
စစ်တပ်ဂိတ်ရောက်လာပြီး လှည်းတွေကို ဆက်ကြေးကောက်တဲ့အခါ အဲဒီညောင်ပင်အောက်မှာ လှည်းတွေ ရပ်နားကြတယ်။ နောက်တော့ အကြော်ဆိုင်လေး ဖွင့်လာတယ်။ ပြီးတော့ အရက်ဆိုင်တွေပါ ဖွင့်လာကြတယ်။
စည်းလုံးခြင်းရဲ့ သင်္ကေတတံတားလေး၊ စေတနာတွေ ထင်ဟပ်နေတဲ့ တံတားလေး၊ ဒေသခံတွေရဲ့ ကုန်ထုတ် လုပ်ရာ တံတားလေး၊ စစ်တပ်ရောက်လာမှ အသပြာတွေ၊ ယမကာတွေ၊ တဏှာအနံ့တွေ တထောင်း ထောင်း ထသွားတယ်။
အဲဒီတံတားလေးက မိန်းကလေးတွေဖြတ်လာတဲ့အခါ စစ်တပ်က စစ်တယ်၊ ရစ်တယ်၊ အခွင့်သာရင် မိန်းက လေးကို ကျီစားကြတယ်။ စစ်သားတွေဟာ မိန်းကလေးကို သူတို့အရှေ့မှာ လမ်းလျှောက်ခိုင်းတယ်၊ က ခိုင်း တယ်။
ဒီလိုအနိုင်ကျင့်မှုအပေါင်းသရဖူဆောင်းလို့ ရွံစရာကောင်းတဲ့ အဲဒီနင်းကြမ်းတံတားကနေ ဒေသခံတွေဟာ မဖြစ်မနေမို့သာ လှည်းနဲ့ ဖြတ်ကြတာပါ။ ဘယ်သူမှတော့ ခြေလျင် မဖြတ်ဘူး။ တခြားလမ်းက ရှောင်သွားကြ တယ်။
၂၀၁၀ နောက်ပိုင်း၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်တဲ့အချိန်၊ အစိုးရ ဖြစ်လာတဲ့ အချိန်မှာတော့ ဒေသခံတွေဟာ အထက်ပါ ဝဋ်ဒုက္ခဆင်းရဲအပေါင်းကနေ လွတ်မြောက်ခဲ့ ကြတယ်။ အရင်က စစ်တပ် မတရားသဖြင့် သိမ်းယူထားခဲ့တဲ့ ဘိုးဘွားပိုင်လယ်မြေတွေ ပြန်ရခဲ့တယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းတဲ့နောက်မှာတော့ နင်းကြမ်းတံတားလေးနေရာဟာ အသွင်တစ်မျိုးဆောင် လာပြန်တယ်။ အဲဒီနေရာလေးကို ရောက်လာတာကတော့ မြေမြှုပ်မိုင်းတွေပါ။ တော်လှန်ရေးအဖွဲ့တွေကလည်း စစ်တပ်ချောင်းဖြတ်မလာစေရန် ထောင်တတ်သလို စစ်တပ်ကလည်း တော်လှန်ရေးအဖွဲ့တွေ ကူးမလာစေရန် ထောင်ကြတယ်။ အဲဒီနေရာတွေမှာ မိုင်းရှိကြောင်း နှစ်ဘက်လုံးက အသိပေးထားပေမယ့် အန္တရာယ်ဟာ ချိုမပါလေတော့ ဒေသခံတွေ နင်းမိကြတယ်။
အမေအိုရဲ့ အမျိုးတစ်ယောက်ဟာ နင်းကြမ်းလေး နဲ့ မလှမ်းမကမ်း လယ်ကွင်းဘေးမှာ မိုင်းနင်းမိလို့ ခြေတဖက် ပြတ်ခဲ့ရတယ်၊ မျက်လုံးတစ်လုံး ဆုံးရှုံးခဲ့ရတယ်။
အခု စက်တင်ဘာလထဲမှာ အမေအိုရဲ့ အမျိုးတစ်ယောက် ၉၆ ပါးရောဂါနဲ့ဆုံးတယ်။ နာရေးအတွက် စကားပြောရင်း ရွာနဲ့အဆက်အသွယ်ရတယ်။ သူဟာ နာရေးအတွက် လိုအပ်တာတွေ ဝိုင်းကူပေးတယ်။ အဲဒီနာရေးအကြောင်းပြုပြီး ဆက်သွယ်နေရတဲ့ကာလမှာပဲ ဒေသခံတစ်ဦး နင်းကြမ်းတံတားမှာ မိုင်းနင်းမိပြီး သေတဲ့သတင်းကြားလိုက်ရတယ်။
မိုးတွင်းကာလမို့ နင်းကြမ်းတံတားမဆောက်လုပ်ရသေးဘဲ သစ်သားမျောတိုင်နဲ့ ချောင်းရဲ့ ကမ်းနှစ်ဖက်ကို ဆက်သွယ်ပေးထားတာပါ။ အဲဒီမျောတိုင်ရဲ့အဆုံး ခြေချမယ့်နေရာမှာ ထောင်ထားတဲ့မိုင်းကို နင်းမိရာက ခြေထောက်နှစ်ဘက်စလုံးဖြတ်ပြီး သေဆုံးသွားခဲ့ရတာလို့ ဆိုတယ်။
ဒေသခံတွေက မိုင်းထောင်တဲ့သူတွေကို အပြစ်မဆိုဘဲ မိုင်းတွေထောင်ထားမှန်းသိလျက်နဲ့ သွားရလေခြင်း ဆိုတာကိုပဲ မချိတင်ကဲဖြစ်နေလေရဲ့။
ရှေ့လတွေဆို မိုးကုန်တော့မယ်၊ နင်းကြမ်းတံတားလေးကို ဘယ်လို ထိုးကြဦးမလဲ။ အဖွဲ့အစည်းတွေ ထောင် ထားတဲ့မိုင်းတွေကို ပြန်ဖော်ပေးဖို့ ဒေသခံတွေ အရေးဆိုပြီး တံတားလေးကို ဆောက်နိုင်တယ်လို့ အမေအိုက ဆိုတယ်။ မဆောက်ဘဲနဲ့တော့ မနေဘူးလို့လည်း သူက ထပ်ပြောတယ်။
နင်းကြမ်းတံတားလေးဟာ စည်းလုံးခြင်း၊ စေတနာတွေနဲ့ အစပြုခဲ့တယ်။ အသပြာတွေ၊ မတရားဖိနှိပ်မှုတွေလည်း ကြုံခဲ့ဖူးတယ်။ အခုတော့ သေမင်းခံတွင်းဝ ဖြစ်နေရှာရဲ့။ ခေတ်ကြီးက နင်းကြမ်းတံတားလေးကို ဘယ်လို သရုပ် ဖော်ဦးမှာလဲ။
အမေအိုကတော့ နင်းကြမ်းလေးဟာ ဒေသခံတွေအတွက် ကျေးဇူးကြီးတယ်လို့ မှတ်ချက်ပြုတယ်။
8 comments
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?
Hey, 55aaplataforma has been good to me so far. Fast withdrawals and lots of game options on the plataform. Give it a try: 55aaplataforma
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.
99boncasino https://www.99boncasino.net
777phl casino https://www.777phl.org
phtaya10 https://www.phtaya10y.com
Your point of view caught my eye and was very interesting. Thanks. I have a question for you. https://italiabio.net/he-thong-casino-truc-tuyen-uy-tin-an-toan-tuyet-doi-chung-nhan-quoc-te-ve-minh-bach-cong-bang-bao-mat-ssl-256-bit-toan-dien-doi-ngu-ho-tro-khach-hang-tan-tinh-than-thien/?unapproved=744&moderation-hash=836c2382670523b77d78282d57c88d4b#comment-744
Plot777: The premier Philippines online casino. Experience top-tier Plot777 slot online games. Fast Plot777 login, easy Plot777 register, and secure Plot777 app download via our official Plot777 casino link. Join Plot777, the premier Philippines online casino! Experience top-tier Plot777 slot online games today. Enjoy fast Plot777 login, easy Plot777 register, and secure Plot777 app download via our official Plot777 casino link for a premium gaming experience. visit: plot777