မဏ္ဍိုင်၊ စက်တင်ဘာ ၂၀၊ ၂၀၂၅။
သံတွဲသူ၊ သံတွဲသားတွေဟာ ဘုရားသုံးဆူကို ဦးထိပ်ထားလို့ သံတွဲမြို့ကို လွမ်းပြတတ်သလို ပြည်မြို့သူ၊ ပြည်မြို့သားတွေကလည်း ရွှေဆံတော်ဘုရားကြီး အမှူးထားလို့ သရေခေတ္တရာမြို့ဟောင်းအလယ် ဧရာ ဝတီမြစ်ကြီးနဲ့ မင်းကြီးတောင်အဆုံး လွမ်းစရာတွေကို အမျိုးမျိုးသီကုံးပြတတ်ကြတယ်။
မိတ်ဆွေအပေါင်းအသင်းတွေက သူ့တို့ဇာတိမြို့၊ ဇာတိမြေကို လွမ်းဆွတ်တမ်းတကြောင်းပြောတဲ့အခါ ကျွန်တော်ကလည်း ကျွန်တော့်ဇာတိမြေရဲ့ လွမ်းဆွတ်စရာ အမှတ်တရတွေကို အပြေးအလွှားလိုက် ရှာမိတယ်။ ကျွန်တော် ကြီးပြင်းခဲ့တဲ့ရွာရဲ့ ပုံရိပ်တွေနဲ့ ငါးရှာ၊ ဖားရှာခဲ့တဲ့ လယ်ကွင်းနဲ့ ချောင်းမြောင်း တွေကိုသာ ပြန်အမှတ်ရတယ်။
ဒီအမှတ်တရတွေကလည်း လွမ်းရလောက်အောင် မဖြစ်လေတော့ ‘ငါ့မှာ ဇာတိရော ရှိရဲ့လား’ လို့ အတွေးစိတ် ဖြစ်မိတယ်။ ဇာတိ မရှိသလိုခံစားရတယ်။
ဒါပေမဲ့ မိတ်ဆွေတချို့က “ခင်ဗျားက ဘယ်ဇာတိလဲ” လို့ မေးလာတဲ့အခါ “ ပုသိမ်ကပါ” လို့ ကျွန်တော် ပြန်ဖြေတတ်တယ်။ သို့သော် ပုသိမ်မြို့ကို လွမ်းစရာရယ်လို့ ကျွန်တော် မတွေးမိခဲ့ဘူး။ လွမ်းရလောက်အောင် မဖြစ်ခဲ့ဘူး။ ကိုယ့်ရဲ့ဇာတိရယ်လို့လည်း ဆက်စပ် မတွေးမိခဲ့ဘူး။
အိပ်လို့ မပျော်တဲ့ လွန်ခဲ့တဲ့တစ်ညက ပုသိမ်ကို ပြန်ချင်စိတ်နဲ့ ပုသိမ်ကို လွမ်းတဲ့စိတ်ဟာ လူကို အငွေ့ပျံ သွား လောက်အောင်ပါပဲ။ ပုသိမ်ကော်ရည်၊ ပုသိမ်မုန့်ဟင်းခါး နဲ့ ပုသိမ်မြို့ ကမ်းနားက သတိရခြင်းရဲ့ အစ။ ပြီးတော့ ပုသိမ်မြို့ မီးသတ်ကြီးအရှေ့က တောင်ပေါ်ကားဂိတ်။ ဘာကြောင့်ဆို ကျွန်တော်မွေးဖွား ကြီးပြင်းရာ တောင်ပေါ်ဈေးဝန်းကျင်ကို ရောက်ဖို့ဆိုတာ အဲဒီကားဂိတ်ကနေ လိုင်းကားစီးသွားရတာ မို့ပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က ပုသိမ်မြို့ထဲကနေ တောင်ပေါ်ဈေးကို သစ်သားနဲ့လုပ်ထားတဲ့ ချက်ပလက်ကားကြီးတွေ ပြေးဆွဲခဲ့ကြတယ်။ တောင်ပေါ်ဈေးရှေ့မှာ ချက်ပလက်လိုင်းကား ရပ် ထားတဲ့အခါ “အရီးလေးကို ငါးပြားလောက်”လို့ လာတောင်းတတ်တဲ့ အရီးလေးကို မှတ်မိနေ သေးတယ်။
သူငယ်ချင်းတွေက “ အရီးလေး ငါးပြားခေတ်မဟုတ်တော့ဘူး၊ တစ်ကျပ်ခေတ်ဖြစ်သွားပြီ တစ်ကျပ် တောင်း” လို့ စနောက်တတ်ကြတဲ့အထိ ခေတ်တွေပြောင်းလာခဲ့ပေမယ့် အရီးလေးကတော့ ငါးပြား ကနေ ဈေးတက်သွားပုံ မရဘူး။
တောင်ပေါ်ဈေး စာတိုက်အလွန် အမှိုက်ပုံအနားက ကုတ်အင်္ကျီလို အင်္ကျီအရှည်ကြီးဝတ်လို့ မတ်တပ် ရပ်၊ သတင်းစာဖတ်ပြီး ကောင်းကင်ပေါ် မော့ကြည့်နေတတ်တဲ့ ဦးလေးကြီးတယောက်ကိုလည်း မှတ်မိနေသေးတယ်။
ဒါတွေဟာ ဂုဏ်ယူစရာ၊ လွမ်းစရာတွေ မဟုတ်ပေမယ့် တောင်ပေါ်ဈေးဝန်းကျင်တဝိုက်မှာ ကြီးပြင်း ခဲ့ကြတဲ့ အခု အသက် ၄၀ ၊ ၅၀၊ ၆၀ အရွယ်တွေ မှတ်မိနေသေးတဲ့ အမှတ်တရမြင်ကွင်းတွေပါ။ ကျွန်တော့်အတွက်တော့ ဒီမြင်ကွင်း အမှတ်တရတွေဟာ အတိတ်လွမ်းဝေဒနာရဲ့ နိဒါန်းအစပါပဲ။
ကျွန်တော့်အမေဟာ ပုသိမ်မြို့ထဲကို ဈေးသွားဝယ်တဲ့အခါ တခါတရံ ကျွန်တော့်ကို ခေါ်သွားတတ်တယ်။ ကလေးဘဝ ဒီလိုလိုက်ခွင့်ရတာကို ထီပေါက်သလို ပျော်ရတာ။ သစ်သားချက်ပလက်ကားကြီးကို စီး၊ ပုသိမ်မြို့ထဲ ဈေးဝယ်။ လိုအပ်တာတွေအားလုံး ဝယ်ခြမ်းလို့ပြီးတဲ့အခါ အမေဟာ ပုသိမ်ဟာလဝါ၊ ထမင်နဲ နဲ့ ဆနွင်းမကင်းလို မုန့်တွေကို အိမ်အတွက် ဝယ်တတ်တယ်။ ပြီးရင် ကျွန်တော်တို့စိတ်ကြိုက် မကျည်းကျောက်ကျောဖျော်ရည်တိုက် တယ်၊ မုန့်ဟင်းခါးကျွေးတယ်။ အဲဒီအချိန်ဟာ အပျော်ရ ဆုံးအချိန်၊ အမေ့ကို အချစ်ရဆုံးအချိန်။
ငှက်ပေါက်ကလေးတွေကို ငှက်မကြီးက အပျံသင်ပေးသည့်ပမာ အမေဟာ ကျွန်တော့်ကို လူ့လောက ပတ် ဝန်းကျင်မှာ ကျင်လည်နိုင်အောင် တဖြည်းဖြည်းချင်းတွဲခေါ်ပေးတယ်။ ချက်ပလက် လိုင်းကား ကြီးစီးတာ၊ ပုသိမ်မြို့ထဲ ဈေးဝယ်တာကစလို့ အမေဟာ ကျွန်တော့်ကို ပုသိမ်မြို့ကြီးနဲ့ ဦးဆုံးမိတ် ဆက်ပေးတယ်။
ငယ်ဘဝက မမေ့နိုင်စရာအချိန်တွေထဲမှာ အမေနဲ့အတူ ပုသိမ်ကနေ ရန်ကုန်ကို နှစ်ထပ်သင်္ဘောကြီးတွေ စီးပြီးသွားခဲ့ရတဲ့ အချိန်တွေပါ။ ပုသိမ်မြို့ မေတ္တာဦးဆိပ်ခံဗောတံတားကနေ ညနေ ၃ နာရီနဲ့ ၅ နာရီမှာ ရန်ကုန်သွားတဲ့ နှစ်ထပ်သင်္ဘောကြီးတွေ ပုံမှန်ထွက်လေ့ရှိတယ်။

အဲဒီသင်္ဘောတွေကို ၃ နာရီကောင် (ရိုးရိုးသင်္ဘော)၊ ၅ နာရီကောင်(အထူးသင်္ဘော)လို့ အလွယ်ခေါ် ကြ တယ်။ ညနေ ၃ နာရီထွက်တဲ့သင်္ဘောတွေဟာ ဝိဇယ၊ ဝိဓူရ၊ ဝေဿန္တရာ စတဲ့နာမည်တွေနဲ့။ ညနေ ၅ နာရီထွက်တဲ့သင်္ဘောက ဗန္ဓုလ၊ ဗန္ဓက၊ ဗညားဒလ၊ ဘုရင့်နောင် စတဲ့နာမည်တွေနဲ့ပါ။
အဲဒီသင်္ဘောတွေ အားလုံးကို စီးခဲ့ဖူးတယ်။ အောက်ထပ်၊ အပေါ်ထပ်၊ အိပ်ခန်း(ကုတင်နှစ်ထပ်ပါ)၊ ဦးခန်း စတဲ့နေရာအစုံက စီးခဲ့ဖူးတယ်။ ညနေ ၅ နာရီထွက်တဲ့ ဗန္ဓုလ၊ ဗန္ဓက၊ ဘုရင့်နောင်သင်္ဘောကြီးတွေကို စီးခဲ့ရတာဟာ အပျော်ဆုံးပါ။
အဲဒီသင်္ဘောကြီးတွေဟာ ညနေ ၃ နာရီထွက်တဲ့ နှစ်ထပ်သင်္ဘောကြီးတွေထက် သန့်ရှင်းသပ်ရပ်သလို လုံခြုံစိတ်ချရတယ်လို့ ခံစားရတယ်။ သင်္ဘောပေါ်မှာ လက်ဖက်ရည်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်စတဲ့ စားစရာတွေရတဲ့ ဆိုင်ပါတယ်။ စာအုပ်အငှားဆိုင်ပါတယ်။ ရေချိုးခန်း၊ အိမ်သာ၊ သောက်ရည် ထည့်တဲ့ နေရာပါ။ ကျွန်တော်ဟာ သင်္ဘောပေါ်မှာ လျှောက်သွားချင်လေတော့ ရေဘူးထဲက ရေကို ကုန်အောက် သောက်လိုက်၊ ရေသွားထည့်လိုက်၊ အပေါ့သွားလိုက် ခဏခဏလုပ်နေတာကို မှတ်မိနေသေးတယ်။

ပုသိမ်ကနေ ရန်ကုန်ကို သင်္ဘောစီးသွားပြီဆိုရင် လမ်းမှာစားဖို့ ထမင်းတွေ၊ ဟင်းတွေကို အမေက ငါးဆင့်စတီးလ်ထမင်းချိုင့်ကြီးနဲ့ ထည့်ယူတတ်တယ်။ သင်္ဘောက ပုသိမ်မြို့ကနေ ထွက်တယ်ဆိုရင်ပဲ ကျွန်တော်တို့ဟာ ထမင်းစားချင်နေကြပြီ။ သင်္ဘောကြီးစီးပြီး အမေခွံ့ကျွေးခဲ့တဲ့ ထမင်းလုပ်တွေကို အားပါးတရ စားခဲ့ရတာကို အမှတ်ရနေတုန်းပဲ။
သင်္ဘောပေါ်ရောက်ရင် ကျွန်တော့် အစ်ကိုက စာအုပ်ဆိုင်ရှာပြီး စာအုပ်တွေ ငှားဖတ်တယ်၊ ကျွန်တော်က သင်္ဘောလက်ရန်းတန်းပေါ် မေးတင်ပြီး မြစ်ကမ်းတလျှောက်ကို ငေးတယ်၊၊ ရေပြင်ပေါ်လှိုင်းစီးနေတဲ့ ဗေဒါပင် တွေနဲ့ စိတ်ကူးယဉ်တယ်၊ ငါးရှာနေကြတဲ့လှေတွေ၊ စုန်ဆန်သွားလာနေကြတဲ့ စက်လှေတွေကို စူးစမ်းတယ်။
မြစ်ရေပြင်ပေါ်မှာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့ အမည်းရောင် ငါးဖမ်းပိုက်ဖော့သီးလုံးတွေ၊ မြစ်ကမ်း စပ်မှာ ဘဝင်းပိုက်ချနေသူတွေ၊ ညနေစောင်း မြစ်ကမ်းနဖူးပေါ်ကနေ ကျွဲတွေဆွဲသွားတဲ့ မြင်ကွင်းတွေ၊ မြစ်ကမ်းတဖက်မှာ မှုန်ပျပျသာမြင်ရတဲ့ တဲအိမ်တန်း စုစုလေးတွေ၊ အဲဒီတဲအိမ်လေးတွေကနေ ပျံ့လွင့် လာတဲ့ ကလေးတွေ ဆော့ကစားနေတဲ့အသံလေးတွေ စတာတွေဟာ ကျွန်တော့်အာရုံမှာ ဒီနေ့အထိ ထင်ကျန်ဆဲပါ။
အဆိုတော် လွှမ်းမိုး သီဆိုထားတဲ့ ‘အခုတော့ ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ’ ဆိုတဲ့သီချင်းကို ကြားရရင် လည်း အထက်ပါ မြင်ကွင်းတွေဟာ ကျွန်တော့်အာရုံမှ ပြန်ပေါ်လာတတ်တယ်။
ပုသိမ်ကနေ ရန်ကုန်ကို သင်္ဘောနဲ့လာရင် အရင်ဆုံးရောက်တဲ့မြို့ဟာ မြောင်းမြမြို့ပါ။ မြောင်းမြဆိပ် ကမ်းကို သင်္ဘောကပ်ရင် ဈေးသည်တွေ အလုအယက်တက်လာတတ်တယ်။ မြောင်းမြမရွေး (ကြာဇံမရွေး)၊ မုန့်ဟင်းခါး၊ ထမင်းကြော်၊ ထမင်းထုပ်၊ ဆီထမင်း၊ ချိုးကြော်စတဲ့စားစရာတွေကို သင်္ဘောကပ်တဲ့အချိန်တိုအတွင်းမှာ အလုအယက်ရောင်းကြရတယ်။
အဲဒီတုန်းက မြောင်းမြမရွေးဆိုတာ နာမည်ကြီးပေါ့။ ရန်ကုန်ကိုသွားတဲ့အခါ ဖြစ်စေ၊ ပုသိမ်ကို ပြန်တဲ့အခါဖြစ်စေ မြောင်းမြ မရွေးကို အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ကြတယ်။

မြောင်းမြမြို့လွန်ရင် ခရီးသည်အများစု အိပ်ကြပြီ။ ကျွန်တော်ကတော့ မီးရောင်မှိတ်တုတ်မှိတ်တုတ်နဲ့ အမှောင်ထဲသွားလာနေကြတဲ့ စက်လှေတွေ၊ ငါးဖမ်းလှေတွေကို လိုက်ကြည့်မိတယ်။ တခါတရံ မီးရောင်တွေ ထိန်လင်းနေတဲ့ နှစ်ထပ်သင်္ဘောကြီးနဲ့ ဆုံရတာမျိုးဆိုရင် ပျော်သလိုတွေ့တယ်။ ရန်ကုန်ကနေ ပုသိမ်ကို ထွက်လာတဲ့ နှစ်ထပ်သင်္ဘောကြီးတွေကိုလည်း လမ်းမှာ တွေ့ရတတ်တယ်။
သန်းခေါင်အချိန်လောက်ဆိုရင် ဝါးခမယ်မြို့ကိုရောက်တယ်။ မအူပင်ကိုတော့ မနက်စောစော ရောက် တတ်တယ်။ မအူပင်မြို့ကို ရောက်ရင် မနက်စာ စားကြတယ်။ တွံတေးတူးမြောင်းထဲဝင်ပြီဆိုရင် ခရီးသည်တွေရဲ့ စိတ်ဟာ ရန်ကုန်ကိုရောက်နေကြပြီ။ ရန်ကုန်ကို ဝင်ရဖို့ ပြင်ကြပြီ။ တွံတေးတူး မြောင်းထဲကနေ လှမ်းမြင်ရတဲ့ ရွှေတိဂုံဘုရားကြီးကို အထူးအဆန်း ကြည့်ရှုရတယ်၊ ဖူးမြှော်ကြတယ်။
ရန်ကုန်မြို့ကို ရောက်ခါနီးဆိုရင် ဇင်ယော်ငှက်တွေ သင်္ဘောအနား ပျံဝဲကပ်လာပြီး အစာတောင်း တတ်ကြတယ်။ စားစရာပေါင်မုန့်တွေ ပစ်ကျွေးတဲ့အခါ ဇင်ယော်ငှက်တွေဟာ အစာကို ရေထဲ မကျခင် လေထဲမှာတင် နှုတ်သီးနဲ့ထိုးယူ စားသောက်ကြတယ်။ အစာကျွေးသူနည်းပြီး ငှက်အကောင်ရေ များတဲ့အခါ တစ်ကောင်နဲ့ တစ်ကောင် အော်ဟစ်ကာ ရန်ဖြစ်တတ်ကြတယ်။ တချို့အကောင်တွေ ကတော့ လက်လျော့တဲ့သဘောနဲ့ မပျံတော့ဘဲ ရေပေါ်မှာ လှိုင်းစီးပြီး သင်္ဘောရဲ့အဝေးမှာ ကျန်နေခဲ့ကြတယ်။

ဒီနေရာမှာ မဖွယ်မရာ ရယ်စရာတစ်ခုက တောကလာတဲ့ ကျွန်တော်တို့ဟာ အဲဒီဇင်ယော်ငှက်အုပ်ကို မြင်တဲ့အခါ လောက်လေးဂွနဲ့ ပစ်ချင်စိတ်တွေ သည်းသည်းထန်ထန်ဖြစ်မိတယ်။ ဒါကြောင့် နောက်နှစ် ပုသိမ်ကနေ ရန်ကုန်ကို လာတဲ့အခါ ကျွန်တော်တို့ညီအစ်ကို နှစ်ယောက်ဟာ လောက်လေးဂွနဲ့ လောက်စာလုံးတွေကို အမေမသိအောင် ခရီးဆောင်အိတ်ထဲ ဖွတ်ယူလာခဲ့တယ်။
ရန်ကုန်ဝင်လို့ ဇင်ယော်အုပ်ကြီး သင်္ဘောနားကပ်လာလေတော့ ကျွန်တော်တို့ညီအစ်ကို တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်လိုက်တယ်။ အိတ်ထဲက လောက်လေးဂွကို ဖွက်ယူပြီး မင်းပစ်၊ ငါပစ်နဲ့ လုပ်ကြတယ်။ ကျွန်တော်တို့ မပစ်ရဲခဲ့ဘူး။ နောက်ဆုံးတော့ ဇင်ယော်လေးတွေကို အစားကျွေးနေတဲ့ ခရီးသည်တွေကို ကြည့်ရင်း ဇင်ယော်ငှက်တွေကို ပစ်ချင်တဲ့စိတ်ထက် ချစ်တဲ့စိတ်လေးပဲ ထားလိုက်ရတော့တယ်။
ရန်ကုန်မြို့ကြီးဟာ အထပ်မြင့်တိုက်တာအဆောက်အအုံကြီးတွေနဲ့ ပြွတ်သိပ်စည်ကားတယ်။ ကားတွေ လည်း ပေါတယ်။ နယ်မြို့ရောက်လာတဲ့ ကိုယ်တွေအတွက်တော့ ရန်ကုန်မြို့ကြီးကို ခြေချလိုက် ရတာဟာ စည်းကားလှတဲ့ဈေးကြီးထဲကို ဝင်လိုက်ရသလိုမျိုး။ ရေမြောင်းပုပ်နံ့၊ အမှိုက်ပုံအနံ့ဟာ ရန်ကုန်မြို့ရဲ့ သင်္ကေတလို့ အဲဒီအချိန်တုန်းက ထင်ခဲ့မိတယ်။
ရန်ကုန်မြို့မှာ တာဝန်ကျနေတဲ့ အဖေ့ဆီမှာ နွေရာသီကျောင်းပိတ်ရက်နေပြီးရင် ကျွန်တော်တို့ဟာ နှစ်ထပ် သင်္ဘောကြီးတွေစီးပြီး ပုသိမ်မြို့ကို ပြန်လာတတ်တယ်။ ပုသိမ်ကနေလာခဲ့တုန်းကလည်း ရန်ကုန်မြို့ကို ရောက်လိုစိတ်တွေ စိတ်စောခဲ့ကြသလို ရန်ကုန်ကနေ ပြန်ရတဲ့အခါမှာလည်း ပုသိမ်မြို့ကို အမြန်ရောက်ချင်တဲ့ စိတ်တွေ ပြင်းပြင်းပျပျဖြစ်ရတယ်။

ရန်ကုန်ကနေ ပြန်တဲ့အခါ နှစ်ထပ်သင်္ဘောကြီးဟာ မအူပင်၊ ဝါခယ်မ၊ မြောင်းမြစတဲ့မြို့တွေကို အစဉ်လိုက် ဆိုက်ကပ်တယ်။ မနက်စောစော မြောင်းမြကို သင်္ဘောဆိုက်ကပ်ပြီးပြီဆိုရင် ကိုယ့် နယ်ထဲရောက်ပြီလို့ ခံစားရတယ်။ အသွားခရီးမှာ ရန်ကုန်မြို့ကို ရောက်ဖို့ စိတ်လှုပ်ရှားရသလို ပုသိမ်မြို့ကို ပြန်ရတဲ့ခရီးကလည်း ကိုယ့်မြို့ကိုပြန်ရောက်ပြီဆိုတဲ့စိတ်နဲ့ စိတ်အေးချမ်းသာသလို ခံစားရတယ်။ မြောင်းမြမြို့ကို ကျော်ပြီး ကံရွာကို ရောက်တာဟာ ပုသိမ်နဲ့ နီးလာပြီဆိုတဲ့ သင်္ကေတပဲ။
ရန်ကုန်မြို့နဲ့ နီးကပ်လာတဲ့အခါ တံတွေးတူးမြောင်းထဲကနေ ရွှေတိဂုံဘုရားကြီးကို တွေ့မြင်ဖူးခွင့် ရသလို ပုသိမ်မြို့နား တဖြည်းဖြည်းချဉ်းကပ်လာတဲ့အခါမှာလည်း ရေကြည်ဦးဘုရားကြီးကို အဝေး ကနေ ဖူးမြှော်ရ တယ်။ သင်္ဘောပေါ်ကနေ လှမ်းမြင်ရတဲ့ ရေကြည်ဦးဘုရားကြီးဟာ အိမ်ပြန်အလာကို မျှော်နေတဲ့ မိခင်လိုမျိုး။ ပြီးတော့ ပုသိမ်ထီးကျောက်တိုင်ကြီး။ ဒါဟာ ကျွန်တော့်တို့ ပုသိမ်ရောက် ပြီဆိုတဲ့ သင်္ကေတ။ ပြီးရင် နှစ်ထပ်သင်္ဘောကြီးဟာ ရွှေမုဋ္ဌောဘုရားကြီးခြေရင်း မလှမ်းမကမ်းက မေတ္တာဦးဗောတံတားမှာ ဆိုက်ကပ်တယ်။
ပုသိမ်မြစ်ရေ(ငဝန်မြစ်ရေ)ဟာ ကြည်လင်တယ်။ ဗေဒါတွေဟာ ရေလှိုင်းလေးတွေပေါ်မှာ တငြိမ့်ငြိမ့် စီးဆင်း တယ်။ မြစ်ရေပြင်ရဲ့ တိတ်ဆိတ်မှုဟာ “တကျွီကျွီ” နဲ့ လှော်ခပ်လာတဲ့ သမ္ဗာန်ခပ်သံကို ကြားနေ ရတယ်။ ရန်ကုန်မြို့ကြီးလို ရှုပ်ထွေးပူလောင် မနေဘူး။ ပုသိမ်မြို့ဟာ အေးချမ်းတိတ်ဆိတ်တယ်။ ရန်ကုန်ကနေ ပုသိမ်ကို ပြန်ရောက်တာဟာ စည်ကားနေတဲ့ဈေးရုံကြီးထဲကနေ ပြန်ထွက်လာပြီး အိမ်ရောက်သွားသလိုမျိုး။

သင်္ဘောပေါ်ကဆင်းပြီးရင် ခရီးဆောင်အထုတ်တွေ ကိုယ်စီဆွဲပြီး မီးသတ်ကားဂိတ်ဆီကိုသွားကြတယ်။ အထုတ်တွေကို အလုအယက်ဆွဲပြီး ဧည့်သည်ခေါ်မယ့် တက္ကစီသမားလည်း မရှိဘူး၊ စပယ်ယာလည်း မမြင်ရဘူး။ အပြိုင်အဆိုင်လုဆွဲရမယ့် လိုင်းကားလည်း မရှိဘူး။ တစ်စီးရောက်ရင် တစ်စီးပြန်ထွက်ပဲ။
၁၉၉၆ ခုနှစ်လောက်မှာ ပုသိမ်ကနေ ရန်ကုန်ကို ချမ်းမြေ့လင်း ဆိုတဲ့ လိုင်းကားနဲ့ ပထမဆုံးသွားခဲ့ဖူး တယ်။ ဗိုလ်မြတ်ထွန်းတံတား မရှိသေးတော့ ညောင်တုန်းမှာ ဧရာဝတီမြစ်ကို ဇက်စီးပြီးဖြတ်ရတယ်။ ရန်ကုန်ကို မနက်သွား ညနေရောက်ဆိုပေမယ့် သင်္ဘောစီးရတာလောက် အရသာ မတွေ့ဘူး။ အဲဒီတုန်းက အလားခရီးမှာ ကားနဲ့လာပြီး အပြန်ခရီးတော့ သင်္ဘောစီးပြီးသာ ပြန်ခဲ့ကြတယ်။
နောက်ပိုင်းတွေတော့ ပုသိမ်-ရန်ကုန်ကို လိုင်းကားစီးပြီးသာ သွားဖြစ်ခဲ့တယ်။ ပုသိမ်မြို့ကနေ ရန်ကုန်ကို ပြောင်းခဲ့ရတော့လည်း လိုင်းကားစီးပြီး ပြောင်းခဲ့ကြတယ်။ ထွန်းအိန္ဒြာဗိုလ်ရဲ့ 1999 သီချင်းတွေ ပေါက် နေတဲ့အချိန်။ ကားဆရာဟာ လိုင်းကားပေါ်မှာ တစ်လမ်းလုံး ထွန်းအိန္ဒြာဗိုလ်သီချင်းတွေ ဖွင့်တယ်။
ရန်ကုန်ကို ပြောင်းလာခဲ့တဲ့နောက်ပိုင်း ပုသိမ်ကို မရောက်ဖြစ်တော့ဘူး။ ကျောင်းပြီးလို့ အလုပ်ထဲ ရောက်တော့ ပုသိမ်ကို အလုပ်ကိစ္စတွေနဲ့ ရောက်ဖြစ်တယ်။ ပုသိမ်မြို့ကို သူစိမ်းတစ်ယောက်လို ခံစားရပြီး ရန်ကုန်က ကိုယ့်အိမ်လိုဖြစ်သွားတယ်။ ဒါပေမဲ့ ပုသိမ်မြို့က ပြန်ရပြီဆိုရင် ဘာကို သတိရမှန်း မသိဘူး၊ ရင်ထဲမှာ ဟာတာတာကြီး။ ပုသိမ်လေဆိပ်နားကဖြတ်၊ မြတ်တိုကို ကျော်လို့ “ပုသိမ်မြို့ က လှိုက်လှဲစွာကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကို ကျောခိုင်းခဲ့ရပြီဆိုရင် အဲဒီဝေဒနာက ပေါ်လာပြီ။
၂၀၁၅ တုန်းက ပုသိမ်မြို့ကို အလုပ်ကိစ္စနဲ့ရောက်ခဲ့တယ်။ အသွားတုန်းက ကားနဲ့သွားပြီး အပြန်မှာ သင်္ဘောစီး ပြန်မယ်လို့ စီစဉ်ခဲ့တယ်။ သင်္ဘောလက်မှတ်ဝယ်ဖို့ မေတ္တာဦးသင်္ဘောဆိပ်ခံတံတားကို ရောက်သွားတယ်။ ဆိပ်ကမ်းရုံလေးထဲမှာ ကွမ်းယာရောင်းနေတဲ့ အမျိုးသမီးတစ်ဦးကိုတွေ့တယ်။

ရုံထဲမှာ အဝတ်တွေလည်း လှန်းထားတယ်။ သင်္ဘောတွေ ဘယ်အချိန်ထွက်လဲလို့ စုံစမ်းကြည့်တော့ ရပ်နားလိုက်တာ ကြာပြီဆို တဲ့အကြောင်း ကွမ်းယာရောင်းနေတဲ့အမျိုးသမီးက ရှင်းပြတယ်။ ကိုယ်မြတ်နိုးလှတဲ့ ပစ္စည်းလေးတစ်ခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရတယ်။ ဆိုက်ကပ်မယ့်သူ မဲ့နေတဲ့ ဆိပ်ခံဗောတံတားကြီးကို သေချာကြည့်ပြီး နှုတ်ဆက်ဖြစ်ခဲ့သေးတယ်။

၂၀၁၇ မှာ ကျောင်းနေဖက်ငယ်သူငယ်ချင်းတွေနဲ့အတူ ပုသိမ်မြို့ကို ပြန်ခဲ့ကြတယ်။ ပုသိမ်မြို့ကို မိုးလင်းပေါက် လည်ပတ်ခဲ့တယ်။ ကံသုံးဆင့်ထဲက မြက်ခင်းပေါ်မှာ ငယ်သူငယ်ချင်းတွေ အတူထိုင်ပြီး စကားတွေ ပြောခဲ့ကြတယ်။ ကျောင်းသားဘဝက တောင်ပေါ်ဈေးနဲ့ ပုသိမ်မြို့ထဲကို ညဘက် စက်ဘီး စီးခဲ့ရတဲ့ အရသာကို ပြန်ရတယ်။ သင်္ကြန်အခါ တဲကြီးကုန်းအနီးတဝိုက် သင်္ကြန်မဏ္ဍပ်တွေထိုးပြီး ရေကစားခဲ့ကြတာကို ပြန်မြင် ယောင်လာတယ်။

ပုသိမ်မြို့ရဲ့ နွေးထွေးမှု၊ ရင်းနှီးမှုတွေကို ပြန်ရတယ်။ ပုသိမ်မြို့ရဲ့ ညတွေဟာ လုံခြုံသလိုခံစားရတယ်။ နေမထွက်ခင်အချိန် ဘူတာဈေးမှာ မုန့်ဟင်းခါးစားကြတယ်။ ပုသိမ်တက္ကသိုလ်အနီးမှာ ကော်ရည် သောက်တယ်။ အဲတော့မှ ပုသိမ်မြို့ပြန်ရောက်တာကို ကိုယ့်အိမ်ကို ပြန်ရောက်သလို ခံစားလိုက် ရတယ်၊ ပုသိမ်မြို့ဟာ ကိုယ့်အိမ်လို့ ခံစားလာရတယ်။
တကယ်က ပုသိမ်မြို့က ငယ်ဘဝအမှတ်တရတွေကို ကျွန်တော်မေ့နေခဲ့တာ။ ကျွန်တော့်ဇာတိက ပုသိမ်ပါလို့ ပါးစပ်က ပြောလိုက်ပေမယ့် ငယ်ဘဝအမှတ်တရတွေနဲ့ မဆက်စပ်မိလေတော့ ဇာတိ ရယ်လို့ လှိုက်လှိုက်လှဲလှဲ မခံစားရဘူး။ ရင်ထဲကို မရောက်ဘူး။

ငယ်ဘဝက အမေနဲ့အတူသွားခဲ့ရတဲ့ ပုသိမ်နေ့ရက်တွေကို ပြန်ပြောင်းတွေးမိခါမှ ပုသိမ်မြို့ဟာ ကျွန်တော့် ဇာတိရယ်လို့ ခံစားလာမိတယ်။ ဇာတိစိတ်ရှိအောင် လုပ်ပေးခဲ့တဲ့ အမေ့ကို ကျေးဇူး တင်မိတယ်။ အိပ်မပျော်တဲ့ညမှာ ပုသိမ်ပြန်ချင်စိတ်နဲ့ ပုသိမ်အကြောင်းတွေ တွေးတောနေရင်း ငါဟာ ပုသိမ်သားပါလားလို့ တွေးမိတော့တယ်။