မဏ္ဍိုင်၊ ဇွန် ၂၆၊ ၂၀၂၅။
အမျိုးသမီးတွေအပေါ် လိင်အမြတ်ထုတ်မှုတွေကို ဒီရက်ပိုင်းမှာ ကျယ်ကျယ်လောင်လောင်ပေါ်ပေါ်တင်တင် ကြားလာရတယ်။ ဒီကိစ္စတွေဟာ နယ်ပယ်တိုင်း၊ နေရာတိုင်းမှာ ရှိနေတာသိကြပေမယ့် အခုက မီဒီယာလောကနဲ့ တော်လှန်ရေးအင်အားစုတွေကြားထဲက ကျူးလွန်ခံရမှုတွေ လူသိရှင်ကြားထွက်ပေါ်လာတာပါ။
လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေဟာ သာမန်ကြားသိရုံမျှမဟုတ်ဘဲ ကျူးလွန်သူရဲ့ နာမည်တွေ၊ ကျူးလွန်မှု ဖြစ်စဉ်အသေးစိတ်တွေကိုပါ ထုတ်ပြောလာကြတာပါ။ ကျူးလွန်သူတွေဟာ တော်လှန်ရေးရဲ့ဆယ်လီ မျက်နှာဖုံးတွေ၊ နိုင်ငံရေးအသိုင်းအဝိုင်းမှာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေဖြစ်နေကြတယ်။
နာမည်နဲ့တကွ ကျူးလွန်မှုဖြစ်စဉ်တွေ ဖေ့ဘွတ်ပေါ်မှာ တက်လာတယ်။ ဝိုင်းဝန်းပြစ်တင်ရှုတ်ချကြတယ်။ ဆဲရေးတိုင်းထွာကြတယ်။ ကျူးလွန်မှုတချို့ကို သတင်းဌာနတချို့က သတင်းအဖြစ်ဖော်ပြပေးကြတယ်။
ဒါပေမဲ့ ဒီကျူးလွန်မှုတွေကို အမျိုးသမီးအရေးလှုပ်ရှားသူတွေ၊ အမျိုးသမီးအခွင့်အရေးတောင်းဆိုနေကြသူတွေ၊ ဖိနှိပ်မှုမှန်သမျှကို ထုတ်ပြောကြဖို့ အစဉ်တစိုက်တိုက်တွန်းနေကြတဲ့ လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေ၊ ကျူးလွန်သူတွေနဲ့ပတ်သက်ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေကိုယ်တိုင်က အသံတိတ်ဆိတ်နေတာ တွေ့ရတယ်။ တစ်စုံတရာထုတ်ပြောဖို့အတွက် တွန့်ဆုတ်နေတာ တွေ့ရတယ်။
ဒါကြောင့် လက်ရှိမှာ နာမည်နဲ့တကွ ထုတ်ပြောလာကြတဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေဟာ ဖေ့ဘွတ် ပေါ်မှာသာ အပြန်အလှန်ပြောဆိုဝေဖန်မှုလောက်နဲ့ အသံတိတ်သွားမှာ၊ အတင်းအဖျင်းလောက်နဲ့ ဖေ့ဘွတ်ပေါ်မှာ နိဂုံးချုပ်သွားမှာကို တွေ့မြင်နေရတယ်။
စာရေးသူဟာ မီဒီယာလောကနဲ့ အညာဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ရဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု အကြောင်း ရေးသားတဲ့ဆောင်းပါးတွေ ထုတ်ခဲ့ဖူးတယ်။ အတွေ့အကြုံအရ ဒီအကြောင်းတွေကို သတင်းထောက်က အင်တာဗျူးတဲ့အခါ ကျူးလွန်ခံရသူတွေဟာ ထုတ်ပြောဖို့ မဝံ့ရဲကြဘူး။ ဖြစ်ပြီးတာကို မေ့ပျောက်ဖို့သာ ကြိုးစားပြီး နောက်ထပ်ပြဿနာ ထပ်မဖြစ်ဖို့နဲ့ မြေပြင်မှာ ကိုယ့်လုံခြုံရေးကိုသာ ဂရုစိုက်နေကြတာကို တွေ့ရတယ်။
အလားတူ မြေပြင်ကအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေ အများစုကလည်း မြေပြင်မှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုတွေအကြောင်း၊ အဓမ္မပြုကျင့်ခံရမှုတွေအကြောင်း သိကြတယ်။ ဒါပေမဲ့ ထုတ်ပြောဖို့ လက်တွန့်ကြတယ်။ မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို မှတ်ချက်ပေးဖြေကြားဖို့ မဝံ့ရဲကြဘူး။ ဘာကြောင့် မပြောရဲတာလဲလို့ မေးကြည့်တဲ့ အခါ မြေပြင်မှာရောက်နေတဲ့ သူတို့လုံခြုံရေးကြောင့်လို့ရှင်းပြတယ်။
ဒါ့ကြောင့် မြေပြင်မှာမဟုတ်ဘဲ လွတ်မြောက်နယ်မြေမှာ ရောက်နေကြတဲ့ အမျိုးသမီးအဖွဲ့တွေကို မေးကြည့်တယ်။ စစ်ကောင်စီကင်းစင်နယ်မြေမှာရှိနေကြပေမယ့် သူတို့လည်း အင်တာဗျူးဖြေဖို့ ငြင်းဆန်ကြတယ်။ တချို့အဖွဲ့တွေကလည်း သဘောထားမှတ်ချက်၊ ထင်မြင်ချက်တွေကိုသာပြောကြတယ်။ မြေပြင်က ကျူးလွန်ခံရမှုဖြစ်စဉ်တွေနဲ့ ဆက်စပ်တာ၊ ကျူးလွန်ခံရမှု တွေကို ကိုင်တွယ်ဖြေရှင်းတာ၊ တစ်စုံတရာအရေးယူနိုင်ဖို့အတွက် စောင့်ကြည့်တွန်းအားပေးတာမျိုး မတွေ့ရ ဘူး။ တချို့အဖွဲ့တွေမှာဆိုရင် မြေပြင်က အမျိုးသမီးအခွင့်အရေးချိုး ဖောက်ခံရမှုတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ လည်း ရှိဟန်မတူဘူး။
ဒါကြောင့် စာရေးသူတို့ဟာ အဲဒီအမျိုးသမီးတွေလိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုတွေနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ရေးသားထုတ်ဝေတဲ့အခါ အချိန်ယူရတယ်၊ ထုတ်ပြောရဲတဲ့ ကျူးလွန်ခံရသူတွေလည်း ရှားပါးသလို အချက်အလက်တွေ ရှိပေမယ့် ထုတ်မပေးရဲတဲ့သူတွေလည်း များတယ်။
ဒီထက်ဆိုးရွားတာက ဆောင်းပါးထွက်သွားတဲ့အခါ ကျူးလွန်သူတွေ ဘယ်သူတွေဆိုတာ သိလိုက်ကြပေမယ့် အဲဒီလူတွေဟာ တစ်စုံတရာအပြစ်ပေးအရေးယူတာမျိုး မခံရဘဲ ကျူးလွန်သူဘက်က ဝန်းရံရပ်တည်ပေးတာ၊ မသိချင်ယောင်ဆောင်ပြီး နေလိုက်ကြတာပါပဲ။ ဘာမှမဖြစ်သလို အဲ့ကိစ္စကို မသိဟန်၊ မကြားဟန်ပြုပြီး လူရာသွင်းနေကြဆဲပါပဲ။
ဒီလိုအခြေအနေမျိုးမှာ ကျူးလွန်ခံရသူတွေဟာ ပိုပြီးတိတ်ဆိတ်သွားတယ်။ ရှိပြီးသားစိတ်ဒဏ်ရာတွေ သက်သာရာ မရတဲ့အပြင် ကျူးလွန်ခံရသူရဲ့ ခြိမ်းခြောက်မှုတွေ ထပ်ခံရတယ်၊ ကျူးလွန်သူတွေကို လွတ်မြောက်နေတာ၊ အသိုင်းအဝိုင်းထဲမှာ တင့်တင့်တယ်တယ်လက်ခံနေကြတာကို ကြည့်ပြီး ကျူးလွန်ခံခဲ့ရသူတွေမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ပိုပြီးဆိုးရွားသွားတာပါပဲ။ ကျူးလွန်သူက တကြိမ်၊ နှစ်ကြိမ်ဖြစ်ချင်ဖြစ်မယ်၊ ကျူးလွန်ခံရသူကတော့ တဘဝစာလုံး ဒဏ်ရာဒဏ်ချက် ရသွားကြတယ်။
ဒီလိုအတွေ့အကြုံတွေ ကြုံတွေ့ဖူးတာကြောင့် အခုလက်ရှိ နာမည်နဲ့တကွ ဖော်ထုတ်ထားတဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးနိုင်ဖို့၊ ထုတ်ဖော်ပြောကြဖို့ လိုအပ်တယ်။ ဒီလိုမတရားမှု ကျူးလွန်သူတွေကို လူ့အသိုင်းအဝိုင်းက လက်မခံကြောင်း ဝိုင်းဝန်းအပြစ်ပေးဖို့ လိုတယ်။
အမျိုးသမီးအခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေကိုယ်တိုင်ကလည်း ဒီလိုကျူးလွန်သူတွေကို ထိုက်တန်တဲ့ အရေးယူအပြစ်ပေးခံရနိုင်ဖို့အထိ အားထုတ်သင့်တယ်၊ ထိထိရောက်ရောက် ပြစ်တင်ရှုတ်ချတာမျိုးလုပ်သင့်တယ်။
ဒီလိုမဟုတ်ဘဲ လူ့အသိုင်းအဝိုင်းမှာ ဒါတွေကို လုပ်ဖို့ ပျက်ကွက်နေမယ်ဆိုရင်တော့ စာရေးသူတို့ဟာ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတဲ့ ကျူးလွန်မှုတွေကို ဒုတိယမြောက် အားပေးကျူးလွန်သူတွေလို့သာဆိုရပါမယ်။
ကရင်နီပြည်နယ်မှာ တော်လှန်ရေးထောက်ပို့လုပ်ပေးသူ နာမည်ကြီးတစ်ယောက်ရဲ့ လိင်အမြတ်ထုတ်မှုဟာ သာမန်မဟုတ် ကြောင်း၊ ကျူးလွန်မှုဟာ တစ်ခုတည်းမဟုတ်ဘဲ နောက်ထပ်ဆိုးရွားတဲ့ ကျူးလွန်မှုတွေရှိ နေသေးကြောင်း ကရင်နီပြည်နယ် မှာ ပညာရေးလှုပ်ရှားမှုတွေကို ဦးဆောင်နေတဲ့အမျိုးသမီးတစ်ဦး သူ့ဖေ့ဘွတ်မှာ တင်ထားတာတွေ့ရတယ်။
ဒါပေမဲ့ အဲဒီအမှုဟာ နောက်ထပ်ကျူးလွန်မှုတွေ ပေါ်လာဖို့အသာထား ဖေ့ဘွတ်ပေါ်မှာ ဝေဖန်ပြောဆိုရုံလောက်နဲ့ တဖြည်းဖြည်း အသံတိတ်လို့သွားပါပြီ။ နောက်ထပ် ကျူးလွန်သူတွေပေါ်လာတဲ့အတွက်လည်း သူ့ရဲ့အမှုဟာ မှေးမိန်လို့ သွားပါပြီ။
ဒီနေရာမှာ ထောက်ပြချင်တဲ့အချက်က တော်လှန်ရေးအင်အားစုအသိုင်းအဝိုင်းနဲ့ သတင်းမီဒီယာအသိုင်းအဝိုင်းကြားမှာ ထုတ်မပြောကြသေးတဲ့ အမျိုးသမီးလိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုများစွာရှိနေသေးတယ်ဆိုတာပါပဲ။ ဒီကျူးလွန်ခံရမှု တွေ ထုတ်ပြောလာဖို့၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေ ထပ်မံကျူးလွန်ဖို့ မကျူးလွန်ဖို့ဆိုတာ အခုလက်ရှိ ကျူးလွန်ခံရသူတွေအပေါ် လူ့အသိုင်းအဝိုင်းက ဘယ်လိုတုန့်ပြန်ကြသလဲဆိုတဲ့ အပေါ်မှုတည်နေတယ်လို့ ဆိုရပါမယ်။
ဒါကြောင့် အမျိုးသမီးအဖွဲ့အစည်းတွေအပါအဝင် စာရေးသူတို့ လူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုတွေကို ရှုတ်ချကြပါ၊ ဖော်ထုတ်ကြပါ၊ ဒီလိုမတရားမှုတွေကို ထုတ်ပြောကြဖို့ တဖွဖွပြောနေတဲ့ အမျိုးသမီးတွေအဖွဲ့အစည်းတွေ ကိုယ်တိုင်လည်း ရှေ့ထွက်လာပြီး ကိုယ်တိုင်ထုတ်ပြောရဲကြဖို့ကို တိုက်တွန်းလိုက်ပါတယ်။