မဏ္ဍိုင် ဧပြီ ၄၊ ၂၀၂၅။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပေါ် သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်လာခြင်းသည် ဘန်ကောက်မြို့သို့ ဖွတ်တက်ခြင်းဟုသာ ဆိုချင်တော့သည်။
မြန်မာနိုင်ငံတွင် မင်းအောင်လှိုင် အာဏာသိမ်းပြီးကတည်းက သွေးထွက်သံယိုမှုများနှင့် စစ်ပွဲများ ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားနေဆဲဖြစ်၏။ မုန်တိုင်းနှင့် ရေလွှမ်းမိုးမှုလို သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မည်သည့်ကူညီကယ်ဆယ်ရေးမှ ထိထိရောက်ရောက် မလုပ်ပေးနိုင်။
ယခု မြေငလျင် လှုပ်ခဲ့ပြန်သည်။ တိုင်းပြည်အာဏာသိမ်းပြီး ခေါင်းဆောင်လုပ်ချင်သည့် မင်းအောင်လှိုင်သည် ငလျင်ကြောင့် သေဆုံးမှုများ၊ ပျက်စီးဆုံးရှုံးမှုများကို ထိထိရောက်ရောက် ကယ်ဆယ်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အရာအားလုံးကို ကျောခိုင်းထားကာ ၎င်းလူရာဝင်ရန်၊ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံရရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် ဘင်းစတက်(BIMSTEC) အစည်းအဝေးသို့ ထွက်ခဲ့သည်။
ဘင်းစတက်အစည်းအဝေးသို့ မင်းအောင်လှိုင် တက်ရောက်မည်ဆိုသည့် သတင်းထွက်ကတည်းကပင် ကန့်ကွက် မှု အသံမျိုးစုံထွက်ခဲ့သည်။ ယခုဆိုလျင် အစည်းအဝေးတက်ရောက်ရန် ဖိတ်ခေါ်ခဲ့သည့် ထိုင်းဝန်ကြီးချုပ် ပေထုန် တန်ရှင်နာဝပ်သည်ပင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အစည်းအဝေး ဖိတ်ခေါ်ခဲ့ခြင်းအတွက် ဖြေရှင်းချက် ပေးရန် ထိုင်းအတိုက်အခံ နိုင်ငံရေးအင်အားစုများက တောင်းဆိုထားသည်။
ထို့အပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဘန်ဘောက်မြို့ရောက်ရှိနေခြင်းကြောင့် ဆန္ဒပြမှုများပြုလုပ်နေကြ သည်။ မင်းအောင်လှိုင်ရှိသည့်နေရာ၊ ရောက်ရာအရပ်သည် ပြဿနာပေါင်းများစွာနှင့် ပဋိပက္ခပေါင်းများစွာ ဖြစ်တတ်သည်။
၎င်းရှိရာအရပ်တွင် လူအပေါင်းတို့ စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာအပြည့်ဖြင့် ဒေါသများလည်း ထွက်ကြရသည်။ လူတို့၏ အကျိုးစီးပွားများလည်း ဆုတ်ယုတ်ရာ ဆုတ်ယုတ်ကြောင်းဖြစ်ရသည်။ ထို့ကြောင့်လည်း ဘန်ကောက် မြို့ပေါ်သို့ ဖွတ်တက်ခြင်းဟု စာရေးသူ ခိုင်းနှိုင်းလိုခြင်းဖြစ်၏။
ထိုင်းနိုင်ငံတွင် ယခုကျင်းပနေသည့် BIMSTEC အစည်းအဝေးသို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက် ခွင့်ရခြင်းသည် အရူးဘုံမြှောက်ခြင်းဖြစ်သည်။ တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူထားကာ ပြည်သူပေါင်းများ စွာကို သတ်ဖြတ်ပြီး လူနေအိမ်ပေါင်းများစွာကို မီးရှို့ဖျက်ဆီးထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို အစိုးရ တစ်ရပ်၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည်။
သွေးစွန်းနေသည့်လက်ကို လက်ဆွဲနှုတ်ဆက်ခြင်းအတွက် အရှက်ရရုံ၊ သိက္ခာကျရုံမျှတပါး အခြားမရှိ။ ၎င်းနှင့် ပတ်သက်မိသည့် သူသာလျှင် နိုင်ငံတကာအလယ်မှာ မျက်နှာပျက်စရာဖြစ်မည်။
မြေငလျင်ကြောင့် ပြည်သူပေါင်းများစွာ အတိဒုက္ခရောက်နေသည့်အချိန်၌ပင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် သည် မြန်မာပြည်အနှံ့ လေကြောင်းဗုံးကြဲမှုများ၊ မြေပြင်ထိုးစစ်များ မရပ်နားဘဲ ဆက်လက်လုပ်ဆောင်ခဲ့သည်။
ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို ကူညီကယ်ဆယ်နိုင်ရန် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အပစ်အခတ်ရပ်စဲမှုများ ပြုလုပ်မည့်အကြောင်း အသီးသီးထုတ်ပြန်ကြသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမှု တိုက်ပွဲများကို ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်း ဧပြီ ၁ ရက် နေပြည်တော်၌ ကျင်းပခဲ့သည့် ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင်ပြော ကြားခဲ့သည်။
၎င်းသည် သတ်ဖို့ဖြတ်ဖို့ ကတိစကားတော့ ကောင်းစွာတည်သည်။ ငလျင်ဘေးကြောင့် ပြည်သူများ စိတ်နှလုံး မချမ်းမြေ့ဖြစ်နေသည့်အချိန်၊ ငလျင်ကြောင့် ဆုံးရှုံးရတော့မည့်အသက်တစ်ချောင်းကို ခက်ခဲပင်ပန်းစွာ ကယ်တင် နေကြသည့်အချိန်၌ မင်းအောင်လှိုင်တို့တစ်သိုက်သည် မြန်မာပြည်အနှံ့လေကြောင်းဗုံးကြဲပြီး လူသတ်မှုများ ကျူးလွန်နေကြသည်။
တိုက်ပွဲများကို ဆက်လက်ဆင်နွှဲမည်ဟု ပြောကြားပြီး တစ်ရက်အကြာ ဧပြီလ ၂ ရက်တွင် မင်းအောင်လှိုင်သည် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကြောင်း ရုတ်တရက်ထုတ်ပြန်သည်။
ငလျင်ဒဏ်သင့်ပြည်သူများကို စာနာထောက်ထား၍သော်လည်းကောင်း၊ ကူညီကယ်ဆယ်ရေးကို လုပ်ဆောင် နိုင်ရန် သော်လည်ကောင်း ဧပြီ ၂ ရက်မှ ၂၂ အထိ အပစ်ရပ်စဲသည်ဟု ဆိုသည်။
၎င်းကိုထောက်ခံနေကြသည့် လေထဲတိုက်ဆောက် စိတ်ကူးယဉ်နိုင်ငံရေးသမားတချို့သည် မင်းအောင်လှိုင်၏ အပစ်အခတ်ရပ်စဲခြင်း ကြေညာချက်အပေါ် မျှော်လင့်ချက်ကြီးကြီးထားကာ ငြိမ်းချမ်းရေးလမ်းစပွင့်ပြီး ယခုပင် ငြိမ်းချမ်းရေးရတော့မည်သယောင် ရေးသားချီးမြှောက်ကြသည်။
သို့သော် တကယ်တမ်းက မင်းအောင်လှိုင်သည် BIMSTEC အစည်းအဝေးတက်ရန် ခုတုံးလုပ် ကြေညာချက် ထုတ်ခဲ့ခြင်းမျှသာဖြစ်သည်။ တကယ့်လက်တွေ့၌ လေကြောင်းမှ ဗုံးကြဲမှုများ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီကထုတ်ပြန်သည့် ယာယီအပစ်ရပ်စဲရေးကြေညာချက်သည် “လီဆယ်လှည့်ဖြားမှု” သာ ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီလ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
NUG၏ ကြေညာချက်တွင် စစ်ကောင်စီသည် ယာယီအပစ်ရပ်စဲကြောင်းကြေညာပြီး နာရီပိုင်းအကြာတွင် တောင်သာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် ကနီမြို့နယ်များ၌ လေကြောင်းမှ တိုက်ခိုက်ခဲ့ သည် ဟုဆိုသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ လီဆယ်လှည့်ဖြား လိမ်ညာမှုများကို မြန်မာပြည်သူများသာမက ယခုအခါ ဘင်းစတက် (BIMSTEC) အဖွဲ့ဝင် နိုင်ငံများပင် အလိမ်ခံနေရပြီဖြစ်သည်။
ဖမ်းဝရမ်းထုတ်ခံထားရသည့် ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို လူရာသွင်းလက်ခံမိသည့်အတွက် ဘင်းစတက် (BIMSTEC) အဖွဲ့ဝင် နိုင်ငံများသည် မျက်နှာပျက်၊ အရှက်ရကြတော့မည်ဖြစ်သည်။
အိမ်ရှင်အဖြစ်လက်ခံကျင်းပသည် ထိုင်းနိုင်ငံသည်ပင် ယခုအခါ ဘန်ကောက်မြို့ပေါ်ကို ဖွတ်တက်လာသည့် အတွက် မကောင်းသည့် အတိတ်နိမိတ်များ၊ မကောင်းသည့်အကျိုးရလဒ်များ ခံစားနေရပြီဖြစ်သည်။