ဒေါင်းမြီး ရေးသည်။
မဏ္ဍိုင်၊ ဧပြီ ၂၊ ၂၀၂၆။
လက်ငင်းဘဝမှာ ဝဋ်ပြန်လည်တဲ့ ရဲတစ်ယောက်
ကျွန်တော် ၃ ဆောင်ကို စရောက်ခါပေါ့။ အဲဒီတုန်းက ၃ ဆောင်မှာ အခြားအမှု ၂ ခန်းရှိတယ်။ ၁ နဲ့ ၂ ။ ၃ နဲ့ ၄ က နိုင်/ကျဉ်းတွေ။ ၁ ခန်းက အခြားအမှု ဘုတ်ခေါင်းတွေနဲ့ ဘာအလုပ်မှ မလုပ်ရတဲ့ ဘောင်ချာတွေကိုထားတာ။ ၂ က အကျ ပုံစံခန်း။
တစ်ရက်မှာ ပုံစံခန်း တန်းစီးက နိုင်/ကျဉ်း နှစ်ခန်းကို လာညှိတယ်။ သူတို့ “ဇယားတစ်ခု ရှင်းစရာရှိတယ်၊ မမြင်ချင်ယောင်ဆောင်ပြီး နေပေးဖို့”။ အကျိုးအကြောင်းလည်း ရှင်းပြတော့ သဘောတူလိုက်တယ်။
သူတို့ရှင်းမယ့် “ဇယား” ဆိုတာက ရဲတပ်သားတစ်ဦး။ အဲဒီရဲက အခြားအမှုတွေကို ဖမ်းဆီးစစ်ဆေးရာမှာ လက်သံပြောင်ခဲ့တယ်။ နောက် စစ်အာဏာသိမ်းပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးထားရာမှာ သူရှိတဲ့ ရဲစခန်းမှာ ခဏ ချုပ်ထားတဲ့ နိုင်/ချုပ်တွေအပေါ်လည်း လက်စွမ်းပြခဲ့တယ်။ အခု သူက ယာဉ်တိုက်လို့ လူသေမှုနဲ့ ထောင်ကို ရောက်လာပြီဖြစ်လို့ ရှင်းမှာ။ ရောက်လာတာမှ အချုပ်အနေနဲ့ မဟုတ်ဘူး။ အကျအနေနဲ့။ အချုပ်မှာပဲ အမိန့်ချလိုက်လို့ ထောင်ကို ရောက်လာတာ။ (ရှင်းမှာ ဆိုတာက သတ်မှာကို ပြောတာ မဟုတ်ပါဘူး။ ဆွမ်းကြီး ဝိုင်းလောင်းမှာ/လက်တုံ့ပြန်မှာကို ပြောတာ)
အဲဒီသတင်းကို ထောင်အာဏာပိုင်ဘက်ကလည်း ကြားထားတယ်။ ကျွန်တော့်အထင်တော့ သူ့ကို ထောင်လာ အပ်တဲ့ ရဲတွေက ထောင်ကို ပြောထားပုံရပါတယ်။ တခါတည်း ထောင်အရာရှိ တစ်ဦးဦးကိုလည်း အပ်သွားပုံ ရပါတယ်။
အဲဒီရဲ ထောင်ကိုရောက်လာတော့ အဆောင်မှူးက ပုံစံခန်းကို မပို့ဘူး။ ဘုတ်ခန်းကို တန်းပို့လိုက်တယ်။ Quarentine ထားတဲ့ ဆေးရုံဆောင်မှာလည်း အတီးခံလာရပုံရပါတယ်။ အချိုးကတော့ အတော့်ကို ပြေ နေတယ်။
ပုံစံခန်းမရောက်ဘဲ ဘုတ်ခန်းရောက်သွားတော့ ပုံစံခန်းမှာ ပုံစံပြရင်း တီးမယ်ဆိုတဲ့ မောင်တွေ ဘယ်လို လုပ်ရမှန်းမသိ ဖြစ်ကုန်တယ်။ ဒါနဲ့ တန်းဖွင့်ချိန်မှာ တီးမယ်ဆိုပြီး ပြင်ထားတယ်။ တန်းလည်းဖွင့်ရော စပြီး ပြဿနာရှာရုံ ရှိသေး။ ငနဲသားက အဆောင်မှူး ရုံးခန်းထဲ ပြေးသွားတယ်။
တီးချင်တဲ့ကောင်တွေကကလည်း ချောင်းနေတာပေါ့။ တန်းပိတ်တော့လည်း လူစစ်မယ့် အဆောင်မှူးနဲ့အတူ လာတော့ တီးမရပြန်ဘူး။ တီးမယ့် ဆရာတွေ ခဲလေသမျှ သဲရေကျ။ ညနေ တန်းဖွင့်တော့လည်း လူစစ်တဲ့ အဆောင်မှူးနဲ့တစ်ပါတည်း ရုံးခန်းထဲ လိုက်သွားတယ်။ ဒါက တရက်လည်းမဟုတ်၊ နှစ်ရက်လည်း မဟုတ်။
ဒီတော့ တီးမယ့်မောင်တွေက ဘုတ်ခန်းထဲက ခပ်စွာစွာမောင်တွေကို ညှိရတော့တာပေါ့။ သူတို့အစား တီးပေးဖို့။
ဒီလိုနဲ့ အဲဒီရဲရောက်လာပြီး ၃ ရက်လောက်အကြာ နေ့လယ် တန်းပိတ်ချိန် ထမင်းစားပြီး။
အသားလွတ် ရမယ်ရှာပြီး ဘုတ်ခန်းမှာ ဝိုင်းထိုးကြပါတော့တယ်။ အဲဒီမောင်ကလည်း အသားကုန်အော်တာ။ တီးတဲ့မောင်တွေကလည်း ချုပ်ပြီး ပါးစပ်ပိတ်ပြီး တီးတာ။ ခဏ တီးရသေးတယ်။ အာဏာပိုင်ရောက်လာပြီး လူစုခွဲသွားတယ်။ ဘယ်သူ့ဘယ်သူ့ကိုမှ အရေးယူတာတွေတော့ မလုပ်ပါဘူး။ နောင် မလုပ်ဖို့နဲ့ လုပ်ရင် ဒေါက်ထည့်၊ တိုက်ပိတ်မယ်လို့တော့ ပြောသွားတယ်။
နောက် တလနီးနီးလောက်ကြာတော့ ရဲဘက်ပို့ဖို့ လူထုတ်ပါတော့တယ်။ ခုဏပြောတဲ့ ရဲကို ရဲဘက်ထဲထည့် လိုက်တယ်။
မိုးဦးကျစလောက်မှာ အဆောင်မှာ နိုင်/ကျဉ်းထဲက အကျနဲ့အချုပ်တွေ သီးသန့်ထားဖို့ လူခွဲပါတယ်။ အဲဒီလူခွဲတဲ့အချိန်မှာပဲ အခြားအမှုတွေအကုန်လုံး ၂ ဆောင်ကို ပို့လိုက်တယ်။ ၃ ဆောင်က နိုင်/ကျဉ်း သီးသန့်ဆောင် ဖြစ်သွားတယ်။
အဲဒီလို လူခွဲလိုက်တာကလည်း ဘုတ်ဆောင်မှာ WY သုံးတာတွေ၊ ဆေးလိပ်ခိုးသောက်တာတွေကို နိုင်/ကျဉ်းတွေက မှတ်ထားပြီး အာဏာပိုင်တွေနဲ့ တခုခုဖြစ်ရင် “ထောက်ပြ” လို့ ပါပဲ။
အခြားအမှုတွေ မပြောင်းခင်တခါက ဘုတ်ခန်းကို ဦးစီးကိုယ်တိုင်ဦးဆောင်ပြီး ရှာဖွေရေး ဝင်ပါတယ်။ ရှောင်တခင် ဝင်တာပါ။ အဲဒီရှာဖွေရေးမှာ WY မိတာ မနည်းပါဘူး။ ဒါပေမဲ့ ထောင်တွင်း အရေးယူမှုပဲ လုပ်ပြီး ဥပဒေအရ အရေးယူကာ နောက်မှုကပ်တာမျိုး မလုပ်ခဲ့ပါဘူး။ ဒါကို နိုင်/ကျဉ်းတွေက ရက်အချိန် အတိအကျနဲ့ မှတ်ထားခဲ့တယ်။
တင်ပြရင် -င်ချမယ်(သို့မဟုတ်)အစာမယူဘဲ သပိတ်မှောက်ခြင်း
ကျွန်တော် ၃ ဆောင်ကိုရောက်ပြီးနောက် ဒုတိယမြောက် အဆောင်မှူးလက်ထက်မှာ ဖြစ်ခဲ့တဲ့ ထောင်တွင်း ဆန္ဒပြပွဲပါ။ အဲဒီအဆောင်မှူးက နိုင်/ကျဉ်းတွေကို သိပ်ပြီး ကြည့်ရတဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ သဘောထား အတင်းမာကြီးလည်း မဟုတ်ပါဘူး။
ကျွန်တော်တို့မြို့မှာ တစ်ကိုယ်တော် ဆန္ဒပြသူတစ်ဦး ရှိပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း တစ်ကိုယ်တော် ဝင်ပြိုင်ခဲ့ပါတယ်။ သူက နဝတ၊ နအဖ၊ USDP၊ NLD လက်ထက်အဆက်ဆက်မှာ လူ့အခွင့်အရေးခေါင်းစဉ်နဲ့ တစ်ကိုယ်တော်ဆန္ဒပြတာ၊ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ခဏခဏ ထောင်ကျခဲ့သလို ၂၀၂၁ နွေဦးတော်လှန်ရေး ကာလမှာလည်း သားနှစ်ယောက်နဲ့အတူ ထောင်ကျနေတာပါ။
ထောင်က သူ့သားတွေကို ၃ ခန်းမှာထားပြီး သူ့ကိုတော့ လူကြီးတွေထားတဲ့ အပေါ်ထပ် ၇ ခန်းမှာ ထားပါတယ်။ အဲဒီအချိန် ၁ ခန်း နဲ့ ၂ ခန်းက အခြားအမှုတွေ ရှိပါသေးတယ်။ ထောင်ပိုင်တန်းစီတစ်ရက်မှာပေါ့။ အောက်ထပ်က အခန်းတွေကို ထောင်ပိုင်က မေးမြန်းတာတွေ၊ ဩဝါဒခြွေတာတွေ လုပ်ပြီး အပေါ်ထပ်ကို တက်သွားပါတယ်။ အပေါ်ထပ်ရောက်တော့-
“ဘာ တင်ပြစရာ ရှိလဲဟေ့၊ တင်ပြရင် -င်ချမှာနော်” လို့ စ လိုက်ပါတယ်။
ဒါပေမဲ့ တစ်ကိုယ်တော်ကြီးက-
“ထောင်ပိုင်ကြီး၊ ခင်ဗျား မမိုက်ရိုင်းနဲ့။ ဒီအခန်းမှာ ခင်ဗျားထက် အသက်ကြီးတဲ့သူတွေ အများကြီးပဲ” လို့ ပြန် ပက်လိုက်ပါတယ်။
ထောင်ပိုင်တန်းစီဆိုတော့ ထောင်ပိုင်ကြီးနဲ့အတူ ဦးစီး၊ ဆေးဗိုလ်ကြီး၊ အဆောင်မှူးတွေနဲ့ လုံခြုံရေးလိုက်လာတဲ့ တပ်ထိန်းတွေလည်း ပါလာတော့ လက်အောက်ငယ်သားတွေရှေ့မှာ ပြန်ပက်ခံရတာကြောင့် ထောင်ပိုင်ကြီးက ရှက်ပြီး-
“မင်း အဲဒါဆိုရင် ငါ့ရုံးခန်းကိုလိုက်ခဲ့၊” လို့ ပြောပြီး အဆောင်မှူးကိုလည်း ထောင်ပိုင်တန်းစီပြီးတဲ့အခါ တစ်ကိုယ်တော်ကြီးကို သူ့ရုံးခန်းခေါ်ခဲ့ဖို့လည်း မှာခဲ့ပါတယ်။
ထောင်ပိုင်တန်းစီပြီးတော့ တစ်ကိုယ်တော်ကြီးက ထောင်ပိုင်ကြီး ရုံးခန်းကို လိုက်သွားပါတယ်။ အဲဒီမှာ ထောင်ပိုင်က တခါတည်းအဆောင်ပြန်မလွှတ်တော့ဘဲ တိုက်ထဲ ထည့်ထားလိုက်ပါတယ်။
တစ်ကိုယ်တော်ကြီး တော်တော်နဲ့ပြန်မလာတော့ အဆောင်က မိန်းဂျေးလိုက်သွားပြီး မေးပါတယ်။ အဲဒီမှာ မိန်းဂျေးက ထောင်မှူးကြီးဦးဆောင်ပြီး အခြားအမှုက လူမိုက်တွေနဲ့ ဖြဲလွှတ်လိုက်ပါတယ်။ အဲဒါနဲ့အဆောင်က လူထပ်စုပြီး ထပ်သွားမေးကြပါတယ်။ ထောင်မှူးကြီးက တစ်ကိုယ်တော်ကြီးကို တိုက်ထဲပို့လိုက်ပြီလို့ ပြော လိုက်ပါတယ်။
နောက်ပြီး ချက်ခြင်းပဲ အဆောင်ကူးပြောင်းသွားလာတာကို ပိတ်လိုက်ပါတယ်။ ဘာဖြစ်လို့ ပိတ်လိုက်တာ လဲဆိုတော့ မိန်းဂျေးကို ခဏခဏ လာတောင်းဆိုနေမှာစိုးတာနဲ့ အခြားအမှုက လူတွေနဲ့ ပြဿနာဖြစ်မှာ စိုးလို့ပါ။
၃ ဆောင်က အခုလိုတွေဖြစ်နေတော့ ထောင်မှူးကြီးက အခြားအမှုက လူမိုက်တွေကို လူစုထားပါတယ်။ ရိုက်ဖို့ ဝါးရင်းတုတ်တွေကိုလည်း အဆင်သင့် ပြင်ထားနေပါပြီ။ တဆင့်စကား တဆင့်ကြားနဲ့ ၃ ဆောင်က နိုင်/ကျဉ်းတွေကို ကြည့်မရသူ၊ အခြားအမှုတွေကလည်း ၃ ဆောင်က လူတွေ မြင်တာနဲ့ ထောင်မှူးကြီးကို ဖားယားတဲ့သဘောနဲ့ ပြဿနာ ရှာဖို့ ချောင်းနေကြပါတယ်။ ဒါကြောင့် အဆောင်ကူးပြီး သွားလာတာတွေကို ပိတ်လိုက်တာပါ။ ဒီထက်ပိုတဲ့ ရည်ရွယ်ချက်လည်း ရှိချင်ရှိမှာပေါ့။
ကျွန်တော်တို့အဆောင်က အခြားအမှုတွေကတော့ ခုပြဿနာကို မသိချင်ယောင် ဆောင်နေကြပါတယ်။ ထောင်ကိုပေါက်တဲ့တချို့ကတော့ အလုပ်ကိစ္စအကြောင်းပြုပြီး မိန်းဂျေးသွားကြည့်ကာ မိန်းဂျေးက ဘာလုပ်နေပြီ၊ ဘာဖြစ်နေပြီဆိုပြီး သတင်းလာပေးကြပါတယ်။ ကျွန်တော်တို့ ဘာလုပ်နေတယ်ဆိုတာလည်း သွားပြီး သတင်းပေးကြသူတွေလည်း ရှိကြတာပေါ့။
ကျွန်တော်တို့အစည်းအဝေးထိုင်ပြီး တစ်ကိုယ်တော်ကြီးကို အဆောင် ပြန်မပို့ရင် ဖိုကြီးက ပို့တာ ဘာမှ မယူတော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်။ ဖိုကြီးက ထမင်းနဲ့ ပဲဟင်း လာပို့ပေမယ့် ဘယ်သူမှ မယူကြပါဘူး။
ကျွန်တော်တို့ နေ့လယ်စာကို မုန့်တွေစား၊ ရေတွေသောက်၊ ဟင်းတွေခပ်စားပြီး ဖြတ်သန်းကြပါတယ်။ ဒီလိုနဲ့ နေ့လယ် တန်းဖွင့်ပြီးလို့ ထမင်းဝေချိန်မှာလည်း ဆက်လက် သပိတ်မှောက်နေပါတယ်။ ကျွန်တော်တို့အခန်းထဲက စားအိုးတွဲတစုကတော့ ထမင်းသွားယူပါတယ်။
ပြဿနာစဖြစ်တဲ့ ၇ ခန်းက လူကြီးတစ်ယောက်က ထောင်ပိုင်နဲ့သွားတွေ့ပါတယ်။ သူက ထောင်မှာ အခုလို သပိတ်မှောက်တာကို အားမပေးပါဘူး။ ထောင်နဲ့ပြေလည်ချင်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူမပါဘဲ ကျွန်တော်တို့ လူငယ်တွေလုပ်နေတာကို အောင်မြင်သွားမှာကိုလည်း အဖြစ်မခံနိုင်ပါဘူး။ သူလည်း ပါဝင်တယ်ဆိုတာမျိုး ဖြစ်ချင်တော့ ညှိနှိုင်းရေး လုပ်သလိုလို၊ နှစ်ဖက်ခွသလိုလို လုပ်နေတာပါ။
သူက ၈၈ တည်းက နိုင်ငံရေးလုပ်နေတာပါ။ နအဖ လက်ထက်မှာ ထောင်တစ်ခါ ကျဖူးပါတယ်။ အဲဒီတုန်းကလည်း ထောက်လှန်းရေးလူလို့ သတင်းထွက်ဖူးပါတယ်။ သူက အရေးကိစ္စ အကျဉ်းသား မဟုတ်ပါဘူး။ ၂၀၂၁ အာဏာမသိမ်းခင် ICJ ကိစ္စ ၅၀၅(က)နဲ့ ထောင်ကျနေတာပါ။ စစ်ကောင်စီလေသံပစ်ထားတဲ့ ရွေးကောက်ပွဲဝင်ဖို့ ရည်မှန်းထားသူလည်း ဖြစ်ပါတယ်။
အဲဒီ ၇ ခန်းမှာ တိုင်းလွှတ်တော် အမတ် ၂ ဦးလည်း ရှိတယ်။ သူတို့လည်း သပိတ်မှောက်တာမှာ မပါဘူး။ ဘာသိဘာသာပဲ နေတယ်။ အပေါ်ထပ်အခန်းက ခဏပြောတဲ့ ICJ ကိစ္စ ၅၀၅(က)နဲ့ ထောင်ကျနေတဲ့ လူကြီးရဲ့ အမှုတွဲ တက်ကြွလှုပ်ရှားသူ တစ်ဦး နဲ့ ၅၀၅-က နဲ့ ထောင်ကျနေတဲ့ လူငယ်တစ်ဦးပဲ ပါတယ်။
ဒီလိုနဲ့ ည ရောက်လာတယ်။ ညရောက်တော့ မုန့်စား၊ ရေသောက်ကာ “ကမ္ဘာမကြေဘူး” ကို စဆိုကြတယ်။ ထမင်းယူထားတဲ့ စားအိုးတွဲတွေကတော့ စားကြတယ်။ သူတို့သာ စားတာ၊ အောက်ထပ်က ကျန်တဲ့သူတွေ ဘယ်သူကမှ မစားဘူး။ နိုင်ငံရေးသီချင်းတွေကို ဆိုပြီး သပိတ်ဆက်မှောက်ကြတယ်။ ထောင်က ဝင်များစီးမလားဆိုပြီး စိတ်ပူတာတွေ ရှိပေမယ့် အခြေအနေက အေးအေးဆေးဆေးပါပဲ။ ဝန်ထမ်းတွေကလည်း သီချင်းဆိုတာ ရပ်ဖို့ ဖိအားပေးတာတွေ မရှိသလို တုတ်တွေနဲ့ အင်အားပြတာတွေလည်း မရှိပါဘူး။
ဒီလိုနဲ့ မနက်ဖြန်နေ့လယ် ၂၄ နာရီပြည့်လို့မှ တကိုယ်တော်ကြီးကို အဆောင်ပြန်မပို့ရင် အစာအငတ်ခံဖို့လည်း ဆုံးဖြတ်လိုက်ကြတယ်။
နောက်တနေ့ တန်းဖွင့်တော့ နံနက်စာ မယူကြဘူး။ နေ့လယ်စာလည်း လာမပို့ဖို့ တခါတည်း ပြောထား လိုက်တယ်။
မိန်းဂျေးမှာလည်း အခြားအမှုတွေကို ဝါးရင်းတုတ်တွေ တပ်ဆင်ပေးပြီး လူစုနေတယ်လို့ ကြားရပါတယ်။ ကျွန်တော်တို့အဆောင်ကလည်း အခန်းတံခါးဖွင့်ဝင်လာရင် ပြန်တီးဖို့နဲ့ ထောင်အာဏာပိုင်တွေက လေးဂွတွေနဲ့ အပြင်က ပစ်ရင် အိပ်တဲ့ကွက်ပျစ်တွေထာင်ပြီး ကာဖို့လည်း စီစဉ်ထားပါတယ်။
ဒါပေမဲ့ ၉ နာရီလောက်မှာ တစ်ကိုယ်တော်ကြီး အဆောင်ကို ပြန်ရောက်လာပါတယ်။ သူတဦးတည်းတင် မဟုတ်ပါဘူး။ ၂၀၂၁ အစောပိုင်းက တိုက်ထဲမှာထားတဲ့ ပေါက်ကွဲမှု ၅ ဦးကိုပါ အဆောင်ကို ပို့လိုက်ပါတယ်။
တကယ်က ထောင်ပိုင်ကြီးက အကွက်ရွေ့တာပါ။ တစ်ကိုယ်တော်ကြီးကိုလည်း တိုက်ထဲမှာ ဆက်ထားချင်တယ်။ ဒါပေမဲ့ ထောင်ဆူမှာလည်း စိုးတယ်။ တစ်ကိုယ်တော်ကြီးကို ပြန်လွှတ်လိုက်ရင်လည်း ထောင်က အရှုံးပေးရတယ် ဖြစ်သွားမယ်။ ဒါ့ကြောင့် တိုက်ထဲမှာ ထောင်ထဲပြစ်မှုကျုးလွန်သူမှအပ ဘယ်သူ့ကိုမှ မထားဘူးဆိုပြီး ဖေါက်ကွဲတွေရော၊ တစ်ကိုယ်တော်ကြီးကိုပါ ပြန်လွှတ်ပေးလိုက်တာပါ။
အဲဒီနေ့က နေ့လယ်စာကို မစားခဲ့တဲ့ ၃ နပ်အစား အတိုးချပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စားလိုက်ကြပါတယ်။
ကျွန်တော်တို့ကို ရိုက်ဖို့ လူစုတဲ့ ထောင်မှူးကြီးဆိုတာက နောက်ပိုင်းမှာ ကလေးမြို့နယ်က ရာဇဂြိုလ်ထောင်ကို ပြောင်းရွေ့သွားခဲ့ပါတယ်။
သူက သဘောထားတင်းမာသူဖြစ်ပြီး ထောင်ဝန်ထမ်းပီသသူ ဖြစ်ပါတယ်။ အကျဉ်းသားဆီက မရ ရတာကို ကုတ်ကပ်ခွာလိုက်ရမှ နေသာထိုင်သာ ရှိသူလည်း ဖြစ်ပါတယ်။
သူဟာ နိုင်/ကျဉ်းတွေနဲ့ ခဏခဏ ပြဿနာဖြစ်ဖူးလည်း ဖြစ်ပါတယ်။ အများဆုံးဖြစ်တဲ့ ပြဿနာက ပါဆယ်ထုတ် ပြဿနာ ဖြစ်ပါတယ်။
ဝန်ထမ်းသက်သာက ပါဆယ်ဌာနရောက်လာတဲ့ ပါဆယ်ထုတ်တွေကို ဝန်ထမ်းတွေကနေ ဆိုင်ကယ်နဲ့ ဗဟိုကင်းအောက်ထပ်၊ တံခါးနှစ်ထပ်ကြားကို လာချထားပါတယ်။ ပါဆယ်ပို့တဲ့အကျဉ်းသားတွေက အဲဒီကနေ သွားယူပြီး မိန်းဂျေးမှာ စစ်ဆေးခံရပါတယ်။ ပါဆယ်ထုတ်တွေထဲမှာ ခွင့်ပြုချက်မရှိတဲ့ပစ္စည်းတွေ ပါမလာဖို့၊ ကျန်းမာရေးအရ တားမြစ်ထားတဲ့ အစားအစာတွေ ပါမလာစေဖို့ ဖြစ်ပါတယ်။
မိန်းဂျေးမှာ စစ်ဆေးပြီးတဲ့ ပါဆယ်ထုတ်တွေကို ပါဆယ်ပို့တဲ့အကျဉ်းသားက သက်ဆိုင်ရာအဆောင်တွေက သက်ဆိုင်သူတွေဆီ ထပ်ပို့ရပါတယ်။ ပါဆယ်ပို့အကျဉ်းသားဆီမှာ ပို့လိုက်တဲ့ ပစ္စည်းစာရင်းပါပြီး သက်ဆိုင်သူက အဲဒီစာရင်းနဲ့ ပစ္စည်းကို တိုက်ဆိုင်စစ်ဆေးပြီး လက်ခံယူရပါတယ်။
တကယ်ကတော့ စာရင်းထဲက ပစ္စည်းနဲ့ ရောက်လာတဲ့ ပစ္စည်းကွာနေရင်လည်း ပျောက်တယ်ပဲ မှတ်လိုက် ပါတော့။ ဘယ်သူကမှ ပြန်မပြောရဲပါဘူး။ နိုင်/ကျဉ်းတွေပဲ ပြောကြတာပါ။ ဒါ့ကြောင့် နိုင်/ကျဉ်းတွေ ပါဆယ်ဆို သေသေချာချာ ဂရုစိုက်လုပ်ကိုင်ကြပါတယ်။ တကယ်တော့ ပါဆယ်ထုတ်ထဲက ပစ္စည်းတွေက ပျောက်တာ မဟုတ်ပါဘူး။ အကျဉ်းသားအရာရှိတွေနဲ့ ထောင်အာဏာပိုင်တွေက ယူထားတာပါ။
ခုနပြောတဲ့ ထောင်မှူးကြီးက မိန်းဂျေးမှာ ထိုင်ပြီး ပါဆယ်တွေ စစ်ပါတယ်။ သူစားချင်တာတွေ့ရင် နှိုက်မြည်းပါတယ်။ နှိုက်မြည်းလို့ မဝရင် ယူထားပါတယ်။
သူလို့ပဲ အကျဉ်းသားအရာရှိတွေကလည်း လိုချင်တာ၊ စားချင်တာရှိရင် ယူထားလိုက်ပါတယ်။ တခါ ပါဆယ်ပို့တဲ့သူက သူလိုချင်တာရှိရင် ထပ်ယူထားပါသေးတယ်။ ပစ္စည်းပျောက်လို့ တိုင်ရင်တောရင် အပြစ်မရှိအပြစ်ရှာပြီး ရိုက်နှက်ခံရပါတယ်။ ဒီတော့ ဘယ်သူကမှ ပစ္စည်းပျောက်တယ် မပြောရဲတော့ပါဘူး။
နိုင်/ကျဉ်းတွေရဲ့ ပါဆယ်ထုတ်က ပစ္စည်းတွေလည်း အဲဒီလိုပဲ ပျောက်ပါတယ်။ ပျောက်လို့ မိန်းဂျေးသွား တိုင်တော့ ရှာပေးမယ်လို့ ပြောပါတယ်။ ပြီးတော့ ဘာမှ ရောက်မလာပါဘူး။
ဒီတော့ ထောင်ပိုင်ကို တိုင်ပါတယ်။ ထောင်ပိုင်က စစ်ဆေးတော့လည်း မတွေ့ပါဘူး။ ဒီတော့ ပါဆယ်ပို့တဲ့သူကို လျော်ခိုင်းပါတယ်။ ပါဆယ်ပို့တဲ့သူကလည်း မလျော်နိုင်ပါဘူး။ အငိုတွေ၊ အယိုတွေနဲ့ လာတောင်းပန်ပြီး ပျောက်ရတဲ့အကြောင်းကို ပြောသွားပါတယ်။
ဒီအကြောင်းတွေကို ထောင်ပိုင်ကိုတင်ပြပြီးတဲ့နောက်မှာတော့ ပစ္စည်းပျောက်တာ မရှိသလောက် ဖြစ်သွားပါ တယ်။ ဒါပေမဲ့ ဟင်းတွေကတော့ နှိုက်မြည်းခံရနေသေးသလို တချို့ဟင်းတွေက တဝက်လောက် ယူထားတာမျိုး ဖြစ်နေပါတယ်။ ဒါ့ကြောင့် မိန်းဂျေးကို သွားပြောတော့ ထောင်မှူးကြီးက-
“တဝက်ရတာပဲ ကံကောင်း၊ အရင်ကလို တဗူးလုံးမပျောက်တာပဲ ကျေးဇူးတင်ပါ” လို့ ပြန်ပြောပါတယ်။
အဲဒီစကားကို ခံပြင်းတဲ့ နိုင်/ကျဉ်းတွေက ထောင်မှူးကြီးက အဲဒီလိုပြောကြောင်း ထောင်ပိုင်ကြီးကို ထပ်ပြီး သွားတိုင်ပါတယ်။ အဲဒီလို တိုင်ပြီးနောက်ပိုင်း နိုင်/ကျဉ်းတွေရဲ့ ပါဆယ်တွေ ခပ်မြည်းခံရတာ၊ တဝက် ယူထားတာတွေ မရှိတော့ပါဘူး။
အဲဒီထောင်မှူးကြီးဟာ စီးပွားရေး အရမ်းသောင်းကျန်းပါတယ်။ အခန်းတွေထဲမှာ သူ့နာမည်။ သူ့ဖုန်းနံပါတ်နဲ့ K-Pay နံပါတ်၊ Wave နံပါတ်တွေကို ကွန်ပျူတာ စာစီပြီး ပလတ်စတစ်လောင်းကာ ကပ်ထားပါတယ်။ အကျဉ်းသားတွေ ငွေလွှဲနိုင်အောင်လို့ပါ။ ငွေလွှဲရင် သူက လွှဲခ ၁၀ ရာခိုင်နှုန်း၊ ဆိုင်ထုတ်ခ ၁၀ ရာခိုင်နှုန်း၊ အကျဉ်းသားက ငွေသားယူမယ်ဆို ငွေထုတ်ခ နဲ့ ထောင်ထဲသွင်းပေးခ ၂၀ ရာခိုင်နှုန်း ယူပါတယ်။ ငွေသားမယူဘဲ ဈေးဘားမှာ ထားမယ်ဆိုရင်တောင် ၁၀ ရာခိုင်နှုန်းပဲ သက်သာပါတယ်။
နောက် မိန်းဂျေးမှာပဲ ဖုန်းပြောဖို့ လုပ်ထားပါတယ်။ ဖုန်းပြောခက ၁၅ မိနစ်ကို ၅၀၀၀ ပါပဲ။ Misscall ပေးရ တာပါ။ တဖက်က ပြန်ခေါ်လို့ ၁၅ မိနစ် ပြောရတာကို ၅၀၀၀ ပေးရတာပါ။ တိုင်မှာတောမှာ စိုးလို့ နိုင်/ကျဉ်းတွေကိုတော့ ပေးမပြောပါဘူး။ အခြားအမှုတွေကိုပဲ ပေးပြောတာပါ။
အကျဉ်းဦးစီးဌာနအကြောင်း
အကျဉ်းဦးစီးဌာနဟာ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ထွေ/အုပ်)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(ရဲ)၊ မီးသတ်ဦးစီးဌာန(မီးသတ်)နဲ့အတူ ရှိတဲ့ ဦးစီးဌာနတစ်ခု ဖြစ်ပါတယ်။
အကျဉ်းဦးစီးဌာနက ရဲတပ်ဖွဲ့လို တပ်ဖွဲ့တစ်ခုပုံသဏ္ဍာန် ဖွဲ့စည်းထားပေမယ့် ရာထူးအခေါ်အဝေါ်တွေက စစစ လို အရပ်ဘက်အခေါ်အဝေါ်ပဲ အသုံးပြုပါတယ်။ (ဥပမာ-စုံစမ်းရေးမှူး(စစစ)၊ ကြီးကြပ်ရေးမှူး(အကျဉ်းဦးစီး) ရဲတပ်ဖွဲ့လို လက်နက်ငယ် ပစ်ခတ်တိုက်ခိုက်ခြင်းတွေလည်း သင်ယူရပါတယ်။ စစ်ရေးပြတွေ၊ အဓိကရုဏ်း နှိမ်နှင်းတာတွေ၊ လက်နက်နဲ့အတူ ကင်းစောင့်တာတွေ လုပ်ဆောင်ရပါတယ်။
၁၈၉၄ ခုနှစ်က ပြဌာန်းခဲ့တဲ့ Jail Manual ကို အခြေခံထားတဲ့ အကျဉ်းထောင်လက်စွဲဥပဒေကို အခုအချိန်အထိ အသုံးပြုနေဆဲလည်း ဖြစ်ပါတယ်။ ၁၈၉၄ Jail Manual ကို ၁၉၁၀၊ ၁၉၁၄၊ ၁၉၂၅ နဲ့ ၁၉၃၀ တို့မှာ ပြင်ဆင်ထား တယ်ဆိုပေမယ့် အများစု ပြင်ဆင်ထားတာက ထောင်အာဏာပိုင်တွေရဲ့အခွင့်အရေးနဲ့ လစာ ခံစားခွင့် နှုန်းထားတွေပါ။ ဒါကြောင့် လက်ရှိ အသုံးပြုနေတဲ့အကျဉ်းထောင်လက်စွဲဥပဒေဟာ ၁၈၉၄ Jail Manual အတိုင်းပဲ ဖြစ်ပါတယ်။
အရင်ကတော့ မသိပါဘူး။ အခုနောက်ပိုင်းမှာတော့ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေဟာ အောက်ခြေအဆင့် ကနေ တက်လာတဲ့ သန္ဓေဝန်ထမ်းတွေ ဖြစ်ပါတယ်။ တပ်သားအဆင့်ကနေ စတင်ဝင်ရောက်ရပြီး ပညာအရည်အချင်းနဲ့ လုပ်သက်အလိုက် ပြည့်မှီရင် ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းတက်ပြီး အရာရှိအဖြစ် တာဝန်ထမ်းဆောင်ရပါတယ်။ အပြင်ကနေ တိုက်ရိုက် ကြီးကြပ်ရေးမှူး သင်တန်းတက်လို့ မရပါဘူး။ သင်တန်းဆင်းရင် လက်ထောက်ကြီးကြပ်ရေးမှူး(တပွင့်)ဖြစ်ပြီး အဲဒီကနေ ရာထူးတိုးတာ ဖြစ်ပါတယ်။
တပ်သားအဆင့်မှာတော့ အကျဉ်းထောင်တပ်သားအခြေခံအဆင့်သင်တန်း(အမျိုးသား/အမျိုးသမီး)၊ နောက် ရာထူးတိုးလာရင် ရာထူးအလိုက် အကြပ်ငယ်သင်တန်း (အမျိုးသား/အမျိုးသမီး)၊ အကြပ်ကြီးသင်တန်း (အမျိုးသား/အမျိုးသမီး)တွေ တက်ရပါတယ်။
ချွင်းချက်အနေနဲ့ စစ်တပ်ကနေ တိုက်ရိုက်ကူးပြောင်းတာတော့ ရှိပါတယ်။ အရင်ကတော့ စစ်တပ်က တပွင့်က ရဲ၊ အကျဉ်းဦးစီးဌာနကို ရောက်ရင် သုံးပွင့် ရပါတယ်။ (စစ်တပ်မှာ တပွင့်က ပြန်တမ်းဝင်အရာရှိအဖြစ် သတ်မှတ်ခံရပြီး ရဲ၊ အကျဉ်းဦးစီးဌာမှာတော့ သုံးပွင့်မှ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံရတာပါ)။ အခုနောက်ပိုင်းတော့ စစ်တပ်က တစ်ပွင့်နဲ့ပြောင်းလာလည်း ရဲ၊ အကျဉ်းဦးစီးမှာ တစ်ပွင့်ပဲ ရပါတော့တယ်။
ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီး အရပ်သား အသွင်ပြောင်း အုပ်ချုပ်ခဲ့တဲ့ မဆလခေတ်မှာတော့ အကျဉ်းသားတွေထဲမှာ ပြင်ပထွက်ပြီး အလုပ်လုပ်ရတဲ့ အကျဉ်းသားတွေကို “ရဲဘက်” လို့ ခေါ်ဝေါ်ခဲ့ပြီး ရဲဘက်စခန်းတွေ သီးသန့်ဖွဲ့စည်းကာ နိုင်ငံတော် စီမံကိန်းတွေမှာ စနစ်တကျ အသုံးပြုခဲ့ပါတယ်။
မဆလခေတ်မတိုင်မီက အကျဉ်းသားတွေကို ပြင်ပထုတ်ပြီး အလုပ်ခိုင်းတာတွေရှိပေမယ့် “ရဲဘက်” လို့ မသုံးနှုန်းခဲ့သလို ပြင်ပအလုပ်ခိုင်းစေမှုမှာလည်း ကန့်သတ်မှုတွေ ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ အကျဉ်းဦးစီးဌာနလက်အောက်မှာ “ဗဟို” ထောင်၊ ”က”ထောင်၊ ”ခ” ထောင်၊ အချုပ်ထောင်နဲ့ ရဲဘက်စခန်းတွေအဖြစ် စီမံကိန်းလုပ်ငန်းဌာနနဲ့ ကုန်ထုတ်လုပ်ငန်းဌာနဆိုပြီး ခွဲခြားထားပါတယ်။
ဗဟိုအကျဉ်းထောင်အနေနဲ့ ၇ ခု။ ”က”အကျဉ်းထောင်အနေနဲ့ ၂၆ ခု။ ”ခ”အကျဉ်းထောင်အနေနဲ့ ၁၁ ခု။ အချုပ်ထောင်အနေနဲ့ ၁၉ ခု။ စီမံကိန်းလုပ်ငန်းဌာန ၃၀ နဲ့ ကုန်ထုတ်လုပ်ငန်းဌာန ၁၈ ဆိုပြီး ရဲဘက်စခန်းပေါင်း ၄၈ ခု ရှိနေပါတယ်။
ကလေးထောင်လို့ လူသိများကြတဲ့ ဌက်အော်စမ်း လူငယ်သင်တန်းကျောင်းအပါအဝင် လူငယ်သင်တန်း ကျောင်းတွေကတော့ အကျဉ်းဦးစီးဌာနလက်အောက်က မဟုတ်ပါဘူး။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးက အောက်က ဖြစ်ပါတယ်။