မဏ္ဍိုင်၊ မတ် ၁၇၊ ၂၀၂၆။
လွတ်/ငြိမ်းမှာ ခွဲခြားခံရခြင်းနှင့် လွတ်/ငြိမ်းပါလို့ မပျော်တဲ့သူများ
အချိန်က ၂၀၂၂၊ နိုဝင်ဘာ ၁၆ ရက်၊ညနေ ၄ နာရီ မိနစ်ခန့်။ ၂ ဆောင်ဘက်ကနေ ပြန်လာတဲ့ ကျွန်တော် နဲ့ ကျွန်တော်သူငယ်ချင်းကို အကျရုံးက တစ်ယောက်က လှမ်းခေါ်ပြီး ခဏစောင့်ဖို့ ပြောတယ်။ ခဏနေတော့စာရွက်တစ်ရွက် လက်ထဲကို မသိမသာထည့်ပေးတယ်။ သူထွက်သွားပြီး ခဏကြာတော့ စာရွက်ကို ဖြန့်ကြည့်တယ်။
“မနက်ဖြန် လွတ်ငြိမ်း ရှိတယ်”တဲ့။
ဟုတ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်(အမျိုးသားနေ့)လွတ်/ငြိမ်းပါ။
ကျွန်တော်တို့လည်း အားရဝမ်းသာနဲ့အော်ဟစ်ပြီး အဆောင်ပြန်လာခဲ့တယ်။ ပြီးတော့ အဆောင်မှာ လည်း သတင်းဖြန့်တာပေါ့။
အဆောင်လည်း ပိတ်ရော လွတ်/ငြိမ်းမှာ ပါနိုင်ချေရှိတဲ့သူတွေက အထုတ်တွေ သိမ်းဆည်းကုန်ပြီ။ စားစရာ၊ အဝတ်အစားတွေလည်း ဝေခြမ်းရေးတွေ လုပ်ကုန်ပြီ။ အိမ်ကိုလည်း လာကြိုဖို့ ဖုန်းတွေ ဆက်ကုန်ကြပြီ။ ခုနပြောခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းဆို သူအိမ်က ဖုန်းဆက်တဲ့အခါ သူအိမ်က ပြောတယ်။ သူ့ကို စစ်ကြောရေးလုပ်တဲ့ စစ်တပ်အရာရှိက အရက်ပုလင်းတောင်းလို့ ပို့ပေးလိုက်ပြီ ဆိုတဲ့အကြောင်း။ အရက်ပုလင်းကလည်း ဈေးက သက်သက်သာသာရယ်။ ၅ သိန်းနီးပါး။ ဒါကြောင့် သူကတော့ လွတ်မှာ သေချာနေပြီပေါ့။ သူ့ရှိသမျှ အကုန် ဝေခြမ်းပေးလိုက်တယ်။
တကယ်တော့ ကျွန်တော်တို့ကလည်း ထောင်နေသား တနှစ်ကျော်နေပြီဆိုတော့ လွတ်/ငြိမ်းမျှော်ရင် မျှော်လို့ရတာပေါ့။ ဒါပေမဲ့ အရင် ၂၀၂၁ အောက်တိုဘာ ၂၀ (သီတင်းကျွတ်လပြည့်) လွတ်/ငြိမ်းမှာ ကျန်ခဲ့တဲ့သူတွေက အများကြီး ရှိနေသေးတာကိုး။ သူတို့က လွတ်ဖို့လပိုင်းလောက်ပဲ လိုတော့တာ ဆိုတော့ သူတို့က အရင်လွတ်မှာပေါ့။ နောက် သဘာဝဘေးတွေလည်း ရှိသေးတယ်လေ။
လွတ်/ငြိမ်းက လူများရင်တော့ ကျွန်တော်တို့လည်း လွတ်မှပေါ့လေ။ ဒါပေမဲ့ လူ ၃၀ အောက်ဆို ရင်တော့ ကျန်ခဲ့မှာ။
စစ်တပ်အာဏာသိမ်းတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင် ဆန္ဒပြသူတွေကို ပထမဆုံးအမှုဖွင့်တာက ကိုဗစ်ပုဒ်မ-သဘာဝဘေး(၂၅)၊ နောက် ၅၀၅(က)၊ ၅၀၅-က၊ နောက် ပေါက်ကွဲ၊ အကြမ်းဖက်ပုဒ်မတို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာက မတရားအသင်းဆက်သွယ်မှု မရှိပါဘူး။
အဲဒီတညလုံး အိမ်မပျော်တဲ့သူတွေက အိပ်မပျော်ကြပါဘူး။ တညလုံး ဝိုင်းဖွဲ့ စကားပြောတဲ့ သူတွေကပြော၊ မိုးလင်းခါနီးမှ အိပ်တဲ့သူက အိပ်နဲ့။
မနက် ၇ နာရီလောက်ကျတော့ ကျွန်တော့်ကို အဆောင်မှူးက စာရွက်တစ်ရွက်လာပေးတယ်။ “ကောင်းကောင်းရေ…၊ အဲဒီသူတွေကို အဆင်သင့် ပြင်ခိုင်းထားလိုက်တော့။ ၉ ခွဲလောက်မှာ ဦးစီး လာခေါ်လိမ့်မယ်” တဲ့။
ထင်တဲ့အတိုင်းပါပဲ။ အမျိုးသား/သမျိုးသမီး ၃၀ နီးပါးပါပဲ။ ကျွန်တော် ရှေ့က တစ်ယောက်အထိ ပါတယ်။ သူက အမိန့်ချတာ နောက်ကျတယ်ဆိုရမယ်။ ကျွန်တော်ရှေ့လေးမှတင် အမိန့်ချထားတာ။ ဒီတော့ ထောင်ကျနံပါတ်က ကျွန်တော်နဲ့ရှေ့ဆင့်နောက်ဆင့်ပေါ့။ ကျွန်တော့်ရှေ့အထိ ပါသွားတော့ လည်း နည်းနည်းတော့ ခံစားရတာပေါ့။ နောက်ပြီး စစ်တပ်က အရက်တောင်းတဲ့ ကျွန်တော့် သူငယ်ချင်းနဲ့ တစ်ဖွဲ့လုံးလည်း ကျန်ခဲ့တယ်။
ဝမ်းနည်းစရာကောင်းတာက သဘာဝဘေးတွေ မပါဘူး။ ၅၀၅-က တွေချည်း ရွေးလွှတ်တာ။ တကယ်တော့ သဘာဝဘေးတွေက မတ်လတည်းက ဖမ်းထားတာ။ ထောင်မှာက ကျွန်တော်တို့ မြို့နယ်က NLD ဗဟိုကော်မတီနဲ့ မြို့နယ်ဥက္ကဌ၊ ကျွန်တော်တို့မြို့နားက မြို့က NLD မြို့နယ်ဥက္ကဌ၊ သူ့သမီးဖြစ်သူ တိုင်းအမတ်တို့က သဘာဝဘေးတွေပါ။ သူတို့က လွတ်ရက်စေ့တဲ့အထိ နေသွားရပါတယ်။ နောက် သဘာဝဘေးနဲ့ဖမ်းဆီးခံထားရတဲ့ အသက် ၇၀ ကျော် အဘိုးကြီး ရှိပါသေးတယ်။ သူ့နာမည်က ဦးစိုးပါ။ သူက စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြတာကို သဘာဝဘေးနဲ့ တရားစွဲခံရပြီး ထောင်ကျတာပါ။
ဒီလိုနဲ့ လွတ်/ငြိမ်းပါတဲ့သူတွေ နာမည်စာရင်းထွက်လာပြီဆိုတော့ နာမည်ပါတဲ့သူတွေက ရေချိုး၊ အဝတ်အစားလဲ၊ အထုတ်တွေပြင်ပြီး လိုက်နှုတ်ဆက်ကြတာပေါ့။ နာမည်မပါတဲ့သူတွေကတော့ ဝေခြမ်းထားတာတွေ ပြန်ပြီး လိုက်တောင်းကြပေါ့။ ဘယ်သူမှလည်း အကုန်ပြန် မရကြပါဘူး။
အဲဒီမှာ မထင်မှတ်တာ တခုက လွတ်မယ်လို့ ဘယ်လိုမှ ထင်မထားတဲ့ တိုင်းအမတ်တစ်ယောက် ပါလာတယ်။ သူလည်း ဘယ်လိုမှ ထင်မထားဘူး။ ကျွန်တော့်ဆီအမည်စာရင်းရောက်မှ ပြန်ဖို့ အထုတ်ပြင်ရတာ။
ခုနပြောခဲ့တဲ့ ဦးစိုးက လွတ်ဖို့ တလကို လေးငါးရက်ပဲ စွန်းတော့တာပါ။ သူက လွတ်ကို လွတ်ရမယ် ဆိုပဲ။ သူ့နာမည် မပါဘူး။ သဘာဝဘေးတွေ မပါဘူးဆိုလည်း မရပါဘူး။ ရေမိုးချိူးပြီး စတစ်ကော်လာ လက်ရှည်လေးနဲ့ ပလေကပ်ပုဆိုးကိုဝတ်၊ ဦးထုတ် အဖြူလေးကိုဆောင်းပြီး အထုတ်လေးဆွဲပြီး စောင့်နေရှာတယ်။
၉နာရီကျော်ကျော်လောက်မှာ ဦးစီးနဲ့ အဖွဲ့က လွတ်/ငြိမ်းပါသူတွေကို နာမည်တပ်ပြီး လာခေါ်တယ်။ အဲဒီအချိန်အထိ ဦးစိုးက ထိုင်စောင့်နေတုန်းပဲ။ ဒါနဲ့ ဦးစီးလည်း သနားသွားပြီး “ဦးစိုးရေ၊ နောက်တသုတ် လာဦးမယ်လို့တော့ ပြောတယ်ဗျ။ အဲဒီမှာ ဦးစိုးပါမလားတော့ မသိဘူး” လို့ ပြောသွားတယ်။
သူ အဲဒီနေ့က လွတ်/ငြိမ်းပါသူတွေကိုလာခေါ်တဲ့ အဆောင်မှူးရုံးခန်းရှေ့က မြေကွက်လပ်မှာရှိတဲ့ ကျောက်တုံးလေးပေါ်မှာ ထိုင်စောင့်နေတာ တန်း(ထောင်)ပိတ်တဲ့အချိန်အထိပါပဲ။
တကယ်တော့ ထောင်မှာက လွတ်/ငြိမ်းလာမှာတွေ၊ ဘယ်သူတွေ ပါတာတွေ ကြိုမပြောကြပါဘူး။ မပါတဲ့သူတွေက မကျေမနပ်ဖြစ်ပြီး ပါတဲ့သူတွေကို ပြဿနာရှာတာ၊ ထောင်ဆူတာတွေ ဖြစ်မှာ စိုးလို့ပါ။
အဲဒီတုန်းကလည်း လွတ်/ငြိမ်းမှာ အခြားအမှုတွေ မပါသေးပါဘူး။ နိုင်/ကျဉ်းတွေကို အရင် လွတ်လိုက် တာပါ။
ဦးစီးက နောက်တသုတ်လာမယ်လည်း ပြောလိုက်ရော လွတ်နိုင်ချေရှိပြီး နာမည်စာရင်းမှာ မပါသူတွေ ရောဂါတက်ကုန်ရော။
ဒီလိုနဲ့ မနက် ၁၀ နာရီလောက်ကျတော့ နောက်တသုတ်လာပါတော့တယ်၊ ဒါပေမဲ့ အခြားအမှုတွေပါ။ နိုင်ကျဉ်း တဦးမှ မပါတော့ပါဘူး။
ဒါတောင် ဦးစိုးက စိတ်မလျော့သေးပါဘူး။ တန်းပိတ်ချိန်ရောက်ပြီး အခန်းထဲကို ပြန်ရောက်မှ ဝတ်ထားတဲ့ စတစ်ကော်လာလေးကို ချွတ်လဲလိုက်ပါတော့တယ်။
အခြားအမှုတွေဘက်ကလည်း လွတ်ခါနီးတွေကို ရွေးလွတ်တာပါ။ ဒါကြောင့် လွတ်/ငြိမ်းပါတာကို မပျော်ကြပါဘူး၊ အချို့ဆို မပြန်ချင်လို့ နောက်အမှုကပ်အောင် ထောင်အာဏာပိုင်တွေ၊ အကျဉ်းသား အရာရှိတွေကို ဂျစ်ကပ်ကပ်ပြောပြီး ပြဿနာရှာတာတောင် ရှိပါတယ်။
သူတို့ကလည်း လွတ်ခါနီးလူတွေဆိုတော့ ထောင်ဥပဒေ အက်-၄၀၁ ကို လက်မှတ်ထိုးပြီး ပြန်မထွက်ချင်ကြပါဘူး။ တချို့က အလွန်ဆုံးကျန်မှ ၆ လ၊ တချို့က တလကျော်ကျော်တွေဆိုတော့ အကျွတ် လွတ်တာနဲ့ပဲ ပြန်ချင်ကြတယ်လေ။
၄၀၁ နဲ့ လွတ်ရင် ခရီးသွားတဲ့အခါ ရဲစခန်းကို အကြောင်းကြားရမယ်။ ရဲစခန်းမှာ လက်မှတ်ထိုးရမယ်။ လွတ်လွတ်လပ်လပ် မနေရဘူး။ နောက်ပြီး သူတို့က တသက်လုံး ခိုးဆိုးလုနှိုက်ပဲ လုပ်စားလာတာ။ လွတ်ရင်လည်း ဒါပဲ လုပ်စားဦးမှာပဲ။ ဒီတော့ ချုပ်နှောင်ထားတဲ့ ၄၀၁ နဲ့ မပြန်ချင်ဘူး။
၄၀၁ မှာက ခုလို ဖော်ပြထားပါတယ်။ “နောင်တချိန် ပြစ်မှုကျူးလွန်လျှင် ယခုလက်ကျန်ပြစ်ဒဏ်များနှင့် တပေါင်းတည်းကျခံရမည်ကို သိရှိပါသည်။”
အဲဒီစာအောက်မှာ လက်မှတ်ထိုးပေးရတာပါ။ သိရှိကြောင်းပေါ့။ ဒါ့ကြောင့် ၄၀၁ နဲ့ လွတ်လာရင် ရပ်ကွက်ထဲမူးရမ်းလို့ ထောင်တရက်ကျရင်တောင် အဲဒီထောင်တရက်နဲ့ လက်ကျန်နဲ့ ပေါင်းကျမှာပါ။ နောက်တခုက လက်ကျန်ပြစ်ဒဏ်အတွက် လျော့ရက်၊ ကွာလည်း မရပါဘူး။ ဒါကြောင့် မပြန်ချင် ကြတာပါ။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကျွန်တော် ထောင်မှာ နေခဲ့ရတဲ့ ၁၅ လကျော်အတွင်းမှာ လွတ်သွားတဲ့ အခြားအမှုတွေထဲ ပြစ်မှုကျူးလွန်လို့ ပြန်ရောက်လာသူတွေ ၁၀ ဦးမက ရှိပါတယ်။
မပြန်ချင်တဲ့သူတွေကို ဦးစီးကပဲ မုန့်ဘိုးတွေပေး၊ ချော့မော့ပြီး ပြန်လွှတ်လိုက်ရပါတယ်။ ခုနပြောခဲ့တဲ့ အခုတော့ ဦးစိုးလည်း ဆုံးသွားပါပြီ။ ထောင်ကလွတ်ပြီး ၇ လလောက်အကြာမှာပဲ ဆုံးသွားတာပါ။
ထောင်မှာလည်း ဦးစိုးရှိလို့ တထောင်လုံး မပျင်းရတာပါ။ တခေါင်းလုံးဖြူဖွေးနေတဲ့သူကို ကျွန်တော်တို့က ဆံပင်ဖြူ နှုတ်ပေးရမလားလို့ စကြပါတယ်။ အဲဒီလို စရင် သူအရမ်းစိတ်ဆိုးပါတယ်။ ပြီးတော့ သူ့က အသံအရမ်းအောင်ပါတယ်။ နတ်သီချင်းတွေ၊ ရှေးသီချင်းတွေ အကုန်ရပါတယ်။ ညဆိုရင် ဆိုပါပြီ။ ဒါကြောင့် သူ့ကို ဦးစိုး FM လို့ ခေါ်ကြပါတယ်။ တခါတလေ သီချင်းတွေကို ဖျက်ပြီး ဟာသ ဆန်ဆန်တွေလည်း ဆိုပါတယ်။ ”ခွပ်ဒေါင်းမာန်ချီ” သီချင်းက “NLD … နိုင်ရမည်” ဆိုတာကို သူက “NLD … ထောင်ကျကုန်ပြီ” လို့ ဆိုတာကိုတော့ မှတ်မှတ်ရရပါပဲ။ သူက ဒီဇင်ဘာလထဲမှာ ရက်ပြည့်နဲ့ လွတ်သွားခဲ့ပါတယ်။
ထောင်ထဲမှ ပေါက်ကွဲသံ
တနေ့ခင်း၊ ထောင်ပိတ်ချိန် အိပ်နေကြတုန်း ကျယ်လောင်လွန်းတဲ့ ပေါက်ကွဲသံကြောင့် အားလုံး လန့်နိုးကုန်ကျတယ်။ ဝန်ထမ်းတွေလည်း ပျာယာခတ်ကုန်ကြတယ်။
အဲဒီလို ပေါက်ကွဲသံတွေက ၂၀၂၂ ထဲမှာ မကြားရတော့ဘူးဆိုပြီး ကျွန်တော်တို့က ဝမ်းသာတာပေါ့။ မိုင်းခွဲတာပဲ ဖြစ်မယ်ထင်ကြတာပေါ့။ အသံကလည်း အရမ်းနီးတော့ ထောင်ကို လာခွဲတာလို့ပဲ ထင်ကြတယ်လေ။ ဝန်ထမ်းမေးကြည့်တော့လည်း ဘယ်မှာ ကွဲမှန်းလည်း မသိ။ ဘာဖြစ်မှန်းလဲ မသိကြဘူး။ ဒီလိုနဲ့ ဘယ်သူမှ ပြန်မအိပ်ကြတော့ပဲ ထင်ရာမြင်ရာတွေ ပြောကြတာပေါ့။
ဒီလိုနဲ့ ညနေ ထောင်ဖွင့်ချိန်ရောက်တော့ အခြားအခန်းကလူတွေကို မေးမြန်းကြတာပေါ့။ အပေါ်ထပ်က လူတွေ မေးတော့မှ အဖြေထွက်လာတယ်။
ထောင်ထဲမှာ တချို့တွေက အရက်သောက်ချင်ကြတယ်။ အရက်က သွင်းဖို့ မဖြစ်နိုင်တော့ သစ်သီးတွေကို အချဉ်ဖောက်ပြီး စိမ်ရေလုပ်သောက်ကြတယ်။ ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီးစတဲ့ သစ်သီးတွေကို စိတ်ပြီး/ညှစ်ပြီး ကော်ဗူးအကြီးကြီးထဲထည့်၊ နောက် ထန်းလျက် အမဲနဲ့ သကြားထည့်၊ ရေ ပြည့်လုနီးပါးထည့်ပြီး အဖုံးကို ကြပ်နေအောင် ဖုံးထားလိုက်တာ။
တပတ်လောက်နေရင် သောက်လို့ရပြီ။ အရမ်းကြီး မမူးပေမယ့် ရီဝေရီဝေနဲ့ နေလို့ကောင်းတာပေါ့။ တဆေးပါရင်တော့ ပိုမူးတာပေါ့။ တဆေးကလည်း ဝန်ထမ်းဆီကတော့ မှာလို့ရတယ်။ ဒါပေမဲ့ သွင်းမပေးတာ များတယ်။
ဒါပေမဲ့ အဲဒီလို စိမ်ရင် တနေ့ကို နှစ်ခါလောက် ခဏဖြစ်ဖြစ် အဖုံးဖွင့်ပေးရတယ်။ ဆူပြီး ထပေါက်တတ် တယ်။ အခုဖြစ်တာက အဲဒီလို အဖုံးကို ဖွင့်မပေးတော့ ဆူပြီး ထပေါက်တာ။ အဲဒီကိစ္စကို ထောင်က သိလား၊ မသိလားတော့ မသိပါဘူး။ ဘာသံမှတော့ မကြားရဘူး။
တဆေးဆိုလို့ ပြောရဦးမယ်။ တခါက ပျော်ပျော်နေတတ်တဲ့ ဝန်ထမ်းတစ်ဦးက လက်သန်းလောက်ရှိတဲ့ မည်းမည်းအချောင်းလေး လာရောင်းတယ်။ တဆေးတဲ့။ ထောင်ထဲ ပိုက်ဆံရှိတဲ့သူတစ်ဦးက ဝယ်ထား ပြီး စိမ်ရည်ဗူးထဲ ထည့်ထားလိုက်တာပေါ့။ ရက်ပြည့်တော့ အခြားအမှုက ထောင်ဝါရင့်တဦးကို ခေါ်တိုက်တယ်။ သူ့စိမ်ရည် တအားရောက်တယ်ပေါ့။ သူ့ကြည့်တော့လည်း မျက်လုံးလေးမှေးပြီး တအားရောက်နေတဲ့ ပုံ။
သူခေါ်ထားတဲ့သူက သောက်ကြည့်ပြီး “မင်းဟာက ဘာမှ မထူးပါဘူး” လို့ ပြောတယ်။ ဒါနဲ့ စိမ်ရည်ဗူးထဲ လက်နှုက်ပြီး တဆေးဆိုတာကို ထုတ်ကာ ကိုက်ကြည့်လိုက်တော့ သစ်သားချောင်း အဆွေး ဖြစ်နေတယ်။
မေမြို့မှ သေနတ်ပစ်ခြင်း
ထောင်အုတ်ရိုးက မျှော်စင်ကင်းတွေကို မြို့နာမည်တွေ ပေးထားတယ်။ ကျွန်တော်တို့ အဆောင်ရှေ့က မျှော်စင်နာမည်က မေမြို့ပါ။ တစ်ညမှာ မီးပြတ်နေတာနဲ့ ထောင်က မီးစက်ပြတ်နေတာနဲ့ သွားကြုံတော့ ထောင်တစ်ခုလုံး မှောင်မဲနေတာပေါ့။
ဒါနဲ့ ကျနော့်သူငယ်ချင်းကို ခေါ်ထုတ်ပြီး ဝန်ထမ်းတွေနဲ့အတူ မီးစက်ပြင်နေကြတယ်။ အထဲကလူတွေ လည်း တီဗွီကြည့်တာတွေ၊ ရေနွေးကြမ်းတည်ပြီး စကားစမြည်ပြောဖို့ အဆင်မပြေတော့ ကွက်ပျစ်ကို ထုပြီး သီချင်းတွေဆိုကြတာပေါ့။ တစ်ယောက်၊ နှစ်ယောက်ဆို မသိတာပေမယ့် အများနဲ့ဖြစ်လာတော့ အသံက ထွက်လာတယ်။
တာဝန်ကျဝန်ထမ်းကလည်း တိုးတိုးလုပ်ကြဖို့ပြောပေမယ့် ပြောမရတော့ မပြောတော့ပါဘူး။ အဲဒီလို သီချင်းတွေ ဆိုနေတာ နာရီဝက်လောက်ကြာတယ်။
“ဖောင်း”
“ပစ်ပြီဟ…ဝပ်…ဝပ်”
အသံတွေလည်း တိတ်ဆိတ်သွားတယ်။ ကျွန်တော်တို့ အဆောင်ကို ဝန်ထမ်းတချို့ ပြေးလာကြတယ်။ သူတို့က ဘာဖြစ်တာလဲမေးတော့ သေနတ်ပစ်တယ်လို့ ထင်ကြောင်း၊ ရဲတန်းလျားက ပစ်တာ ဖြစ်နိုင် ကြောင်း ပြန်ဖြေကြတာပေါ့။
ထောင်နဲ့ ခရိုင်ရဲတန်းလျားက လမ်းပဲခြားတယ်လေ။ အဲဒီအချိန်မှာပဲ ခရိုင်ရဲတန်းလျားက စက်နဲ့ ပေါက်မေးတယ်။ ထောင်က ပစ်တာလားပေါ့။ ထောင်ကလည်း သူတို့ မပစ်ဘူး၊ အဲဒီ(ရဲတန်းလျား)က ပစ်တာဆိုပြီး ဇွတ်ငြင်းတယ်။ စက်တွေက ဝန်ထမ်းတွေဆီမှာ ပါနေတော့ ကြားနေရတာပေါ့။
ဒီလိုနဲ့ နာရီဝက်လောက်ကြာတော့ မီးပြန်လာတယ်။ မီးစက်သွားပြင်တဲ့ ကျွန်တော်သူငယ်ချင်းလည်း ပြန်ရောက်လာတယ်။ အဲဒီကျမှ ဖြစ်စဉ်ကို သိလိုက်ရတယ်။
ရဲတန်းလျားက သူတို့ မပစ်ဘူးလည်းဆိုရော ဦးစီးက မေမြို့မှာ ဘယ်သူတာဝန်ကျလဲမေးပြီး သူကိုယ်တိုင် မျှော်စင်ကို သွားစစ်တယ်။ အဲဒီမှာ တာဝန်ကျဝန်ထမ်းက မူးနေပြီး ကျည်ခွံလည်း တွေ့တယ်။ ဘာလို့ ပြစ်လဲ မေးတော့ “ဆူလို့ ပစ်တာ” တဲ့။
သူလည်း ထိုးကြိတ်ခံရပြီး ထောင်ထဲကနေ တစ်ပတ် မပြန်ရတဲ့ ပြစ်ဒဏ်ချခံရတယ်။ ကျွန်တော်တို့ လည်း နောက်အပတ်ထောင်ပိုင်တန်းစီမှာ နည်းနည်းပါးပါး အဆူခံလိုက်ရတယ်။
ထောင်နဲ့ ရဲတန်းလျားတော့ ဘယ်လိုတွေ ရှင်းကြလဲတော့ မသိရပါဘူး။