ကောက်စွ ရေးသည်။
မဏ္ဍိုင်၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ပြည်ပထွက် အလုပ်လုပ်ကြသူတွေ များပြားနေလျက်ရှိပါတယ်။
ပြည်ပထွက်ပြီး အလုပ်လုပ်လိုသူ များပြားလာတာနဲ့အမျှ အလုပ်အကိုင်ရရှိဖို့ပေးရတဲ့ ဝန်ဆောင်မှု စရိတ်တွေဟာလည်း အရပ်သားအစိုးရလက်ထက်က ပေးရတဲ့ ဝန်ဆောင်မှုစရိတ်တွေထက် ၃ ဆ၊ ၄ ဆခန့် မြင့်တက်လာတယ်လို့ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေနဲ့ ပြည်ပ အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေက ဆိုပါတယ်။
စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေပြဌာန်းလိုက်တဲ့နောက်ပိုင်းမှာတော့ ပြည်ပထွက်အလုပ်လုပ်သူတွေဟာ ပိုမိုများပြားလာပြီး အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကို ပေးရတဲ့ဝန်ဆောင်မှုစရိတ်တွေ ကလည်း မြင့်တက်လာတာဖြစ်တယ် လို့ ဆိုပါတယ်။
လိုင်စင်ရ အေဂျင်စီအများစုဟာ သတ်မှတ်ထားတဲ့ ဝန်ဆောင်ခထက် အဆများစွာ ပိုမိုကောက်ခံနေတယ်လို့ လုပ်သားတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။
သတ်မှတ်ထားတဲ့နူန်းထားထက် ပိုမိုကောက်ခံနေတဲ့အကြောင်းကို အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနဲ့ နီးစပ်သူတစ်ဦးက ” ဒီငါးနှစ်အတွင်း ပြည်ပထွက်ဖို့ စရိတ်က ပျှမ်းမျှ သုံးဆ၊ လေးဆ အထိ တိုးလာ တယ်။” လို့ ဆိုပါတယ်။
အရင်က ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်မယ်ဆိုရင် ကျပ် ၁၀ သိန်းဝန်းကျင်သာ ကုန်ကျနိုင်ပေမယ့် အခုချိန်မှာ တော့ ကျပ်သိန်း ၆၀၊ ၇၀ အထိ ပေးနေရတယ်လို့ သူက ဆိုပါတယ်။
မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်မယ်ဆိုရင်လည်း အရင်က အမေရိကန်ဒေါ်လာ ၈၅၀ သာပေးခဲ့ရပေမယ့် အခုအခါမှာတော့ အမေရိကန်ဒေါ်လာ ၂,၈၀၀ အထိ ပေးလာရတယ်လို့ သူက ဆက်ပြောပါတယ်။
အခုလို စရိတ်မြင့်တက်ရခြင်းအကြောင်းရင်းတွေထဲမှာ လိုင်စင်ရအေဂျင်စီအသစ်တွေ များလာတာ၊ ပြည်ပက အလုပ်ခေါ်စာတွေကို ရလိုမှုနဲ့ ဈေးနူန်းယှဉ်ပြိုင်ပေးတာတွေ၊ မြန်မာကျပ်ငွေ တန်ဖိုးကျ ဆင်းတာတွေ၊ ပြည်ပကို သွားရောက်လုပ်ကိုင်လိုသူ တိုးပွားလာတာ၊ ပြည်ပလုပ်သားစေလွှတ်ရေး မူဝါဒတွေ အကြိမ်ကြိမ် ပြောင်းလဲ ချမှတ်တာတွေကြောင့် ဖြစ်တယ်လို့ လိုင်စင်ရအေဂျင်စီတွေက ပြောပါတယ်။
” နောက်ဆုံး အလုပ်သမားတွေဘဲ ကုန်ကျစရိတ်ပိုပေးလာရတဲ့ အခြေအနေဖြစ်သွားတာ” လို့ လိုင်စင်ရ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေအတွက် နိုင်ငံအလိုက် ဝန်ဆောင်ခ နှုန်းထားတွေကို အလုပ်သမား၀န်ကြီးဌာနက သတ်မှတ်ထားပြီးသားဖြစ်ပါတယ်။
ဂျပန်နိုင်ငံအတွက် နည်းပညာအလုပ်သင် သင်တန်းသားအဖြစ် သွားရောက်မယ့် လုပ်သားအတွက် ကောက်ယူရ မယ့် ဝန်ဆောင်ခ အမေရိကန် ဒေါ်လာ ၂,၈၀၀၊ ကျွမ်းကျင်လုပ်သားအတွက် ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၁,၅၀၀၊ ဂျပန်နိုင်ငံတွင် ၃ နှစ် လုပ်ကိုင်ခဲ့ပြီး အေဂျင်စီအသစ်နဲ့ အလုပ်ရှင် အသစ်ထံ သွားရောက်မယ့် လုပ်သား ဖြစ်ပါက ဝန်ဆောင်ခ အမေရိကန် ဒေါ်လာ ၁,၆၀၀၊ မူလအေဂျင်စီနဲ့ မူလ အလုပ်အရှင်ထံ ထပ်မံ သွားရောက်မယ့် လုပ်သား ဖြစ်ပါက ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၂၀၀ စတဲ့ နိုင်ငံအလိုက်ကောက်ခံရမယ့် နူန်းထားတွေကို သတ်မှတ်ထားပြီးဖြစ်ပါတယ်။
အလားတူ စင်္ကာပူနိုင်ငံအတွက် သတ်မှတ်ထားတဲ့ ဝန်ဆောင်မှု နှုန်းထားကတော့ Work permit အတွက် စင်္ကာပူ ဒေါ်လာ ၂,၀၀၀ ၊ S-pass အတွက် စင်္ကာပူဒေါ်လာ ၄,၄၀၀ သတ်မှတ်ထားပြီး မလေးရှားနိုင်ငံ အတွက်ကိုတော့ အမေရိကန်ဒေါ်လာ ၈၅၀နဲ့ မြန်မာငွေ ၂၅,၅၀၀ ကျပ်၊ ထိုင်းနိုင်ငံ အတွက်ကတော့ လူမှုဖူလုံရေး (SSB) အကျုံးဝင် လုပ်ငန်းဖြစ်ပါက မြန်မာဘက်ခြမ်းမှ ထိုင်းဘတ်ငွေ ၁၀,၀၀၀ နဲ့ ထိုင်းဘက်အခြမ်းအတွက် ထိုင်းဘတ်ငွေ ၅,၃၉၀၊ SSB အကျုံးမဝင် လုပ်ငန်း ဖြစ်ပါက မြန်မာဘက် အခြမ်းအတွက် ထိုင်းဘတ် ၁၀,၀၀၀နဲ့ ထိုင်းဘက်အခြမ်း အတွက် ဘတ် ၇,၆၀၀ အဖြစ်ဝန်ဆောင်ခ သတ်မှတ်ထားပါတယ်။
ကိုရီးယားနိုင်ငံအတွက် ဝန်ဆောင်ခကိုလည်း ဗီဇာ E-7-3, E-10-2 တို့အတွက် အမေရိကန်ဒေါ်လာ ၂,၁၀၀၊ E-9 အတွက် ကျပ် ၈၅,၀၀၀ ပါ။
အခြားနိုင်ငံတွေအတွက်ကတော့ အလုပ်သမားရရှိမယ့် အခြေခံ လစာ ၄ လစာထက် မပိုတဲ့ ငွေကြေးကိုသာ ကောက်ယူရမယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
ပြည်ပလုပ်သားပို့ဆောင်တဲ့ အေဂျင်စီတွေက ၀န်ဆောင်ခ ပိုမိုကောက်ခံတာမျိုးတွေ့ရှိပါက တိုင်ကြား နိုင် တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားသလို ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇ အရ သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံတဲ့ အေဂျင်စီတွေကို အရေးယူလို့ရတယ်လို့ ဆိုပေမယ့် လက်တွေ့မှာတော့ ထိရောက်တဲ့ စစ်ဆေးကြပ်မတ်တာမျိုး၊ အရေးယူတာမျိုး မမြင်တွေ့ရ ဘူးလို့ အလုပ်သမားအရေးဆောင်ရွက် သူတွေက ထောက်ပြပါတယ်။
“အဓိကက တာဝန်ရှိသူတွေရဲ့ ထိန်းသိမ်းကြပ်မတ်မှု မရှိတာရယ်၊ တိုင်ကြားရေးယန္တယား ပျက်နေတာရယ် ကြောင့် အခုလို ဝန်ဆောင်ခတွေ ကောက်ချင်သလို ကောက်နေကျတာ” လို့ အလုပ်သမားအရေးဆောင်ရွက် နေသူတစ်ဦးကပြောပါတယ်။
အရပ်သားအစိုးရလက်ထက်တွေတုန်းက ပြည်ပအလုပ်အကိုင် ဝန်ဆောင်ခနူန်းထားတွေကို လိုင်စင်ရ အေဂျင်စီအနေနဲ့ သတ်မှတ်နှုန်းထက် ပိုမိုကောက်ယူလို့ အလုပ်သမားဘက်က မကျေနပ်လို့ဖြစ်စေ၊ စစ်ဆေးတွေ့ရှိလို့ဖြစ်စေ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ အရေး ယူအပြစ် ဒဏ်ချမှတ်တာတွေရှိတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကာလအတွင်းမှာ နိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရားပျက်သုန်း သွားတဲ့အတွက် အလုပ်သမားတွေကို ကာကွယ်ပေးနေတဲ့ တိုင်ကြားရေး၊ စိစစ်ရေးယန္တရာလည်း ပျက်စီးယိုယွင်းသွားခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်မှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာနဟာ အလုပ်သမားတွေရဲ့အရေးကို ကူညီကာကွယ် ဆောင်ရွက်ပေးဖို့ထက် စစ်မှုထမ်းဥပဒေအရ အသက် ၃၅ နှစ်အောက်လူငယ်တွေ ပြည်ပမထွက်စေဖို့၊ CDM ဝန်ထမ်းတွေ၊ နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေ ပြည်ပ မထွက်နိုင် စေရေးစတာတွေကိုသာ အဓိကထား စစ်ဆေးကြပ်မက်နေတယ်လို့ အလုပ်သမား အရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
အခုလို ၀န်ဆောင်ခတွေ နဲ့ ပြည်ပအလုပ်အတွက် ရင်းနှီးရတဲ့ငွေပမာဏ များလာတာကြောင့် ပြည်ပသွား ရောက်လုပ်ကိုင်လိုသူတွေဟာ မိမိတို့ရဲ့ အိမ်၊ ခြံ ၊ လယ်ယာမြေ စတဲ့ ပိုင်ဆိုင်မှု အထောက်အထားတွေကို ပေါင်နှံ၊ ရောင်းချကာ အရင်းအနှီး ရှာဖွေလာရပါတယ်။
ဒါ့အပြင် အတိုးနှုန်းများတဲ့ ချေးငွေတွေ ယူထားရတာတွေကြောင့်လည်း ပြည်ပမထွက်ခွာမီကတည်းက ကုန်ကျငွေအတွက် လစဉ်အတိုးပေးနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာမျိုးတွေလည်း ကြုံနေကြရပါတယ်။
မလေးရှားသို့ သွားရောက်ဖို့ စီစဉ်နေသူ မသန္တာ*က “လက်ထဲ ငွေရှိလို့ သွားရတာမဟုတ်ဘူး။ ခြံကိုပေါင်ပြီး သွားရတာ၊ ကုန်ကျငွေများတော့ ငွေထုတ်ပေးမယ့်သူက အပေါင်ပစ္စည်းမထားဘဲ မထုတ်ပေးတော့ဘူး။ ပြည်ပသွားဖို့ စလုပ်ကတည်းက အတိုးနဲ့ယူရတာ။ ” လို့ ပြောပါတယ်။
သူဟာ ပြည်ပမှာ အလုပ်လုပ်ရဖို့ အင်တာဗျူးဖြေရတဲ့စရိတ်၊ ဆေးစစ်စရိတ်တွေအပြင် အေဂျင်စီကိုစရံငွေ ကျပ်သိန်း ၂၀ ပေးသွင်းထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့အလုပ်ရပြီဆိုပါက စုစုပေါင်း ကျပ်သိန်း ၃၀၀ ကို သုံးရစ်ခွဲကာပေးသွင်းရမှာဖြစ်ပါတယ်။ ပြည်ပသို့ဘယ်အချိန်သွားရမယ်ဆိုတာ မသိသေးပေမယ့် လက်ရှိမှာတော့ အလုပ်လျှောက်ထားရေးအတွက် ကုန်ကျထားတဲ့ချေးငွေ အတိုးကို ဆပ်နေရတဲ့ ဒုက္ခကို ရင်ဆိုင်နေရပြီလို့ မသန္တာက ဆိုပါတယ်။
“ဘယ်အချိန်ထွက်ရမယ် မသိသေးဘူး၊ ယူထားတဲ့ငွေအတွက် အတိုးက စပေးရပြီ၊ ထွက်ခါနီးရင် ကျန်တဲ့ပိုက်ဆံကို ချေရတဲ့အခါမှ အိမ်ဂရန်ကို အရောင်းစာချုပ်ပုံစံလူကြီးတွေနဲ့ချုပ်ပြီး ကျန်ငွေချေးယူရမှာ” လို့ သူက ရှင်းပြပါတယ်။
ပြည်ပထွက် အလုပ်လုပ်ကိုင်ခြင်းဟာ လူငယ်တွေအတွက် အခွင့်အလမ်းတစ်ခု အနေနဲ့ ဖြစ်နေပေမယ့် ရင်းနှီးရတဲ့စရိတ်ပမာဏ များလာခြင်းနဲ့ ထွက်ခွာမှု ကြန့်ကြာခြင်းတို့ဟာလည်း ကြီးမားတဲ့ အခက်အခဲဖြစ်လာပြီး မိသားစုအတွက်လည်း ရေရှည်ဘဏ္ဍာရေးကိုပါ ထိခိုက်မှုဖြစ်ပေါ်စေနိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
အရင်က အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကတဆင့် ပြည်ပထွက်အလုပ်သွားလုပ်မယ့်သူတွေဟာ အများဆုံး ၃ လမှ ၅ လ ခန့်သာစောင့်ဆိုင်းရတာပါ။ စစ်ကောင်စီလက်ထက် ၂၀၂၅ ဖေဖော်ဝါရီမှာ အသက် ၃၅ နှစ်အောက် အမျိုးသားလုပ်သားတွေကို ပြည်ပထွက်ခွင့်မပေးတော့ဘူးလို့ တင်းကျပ်လိုက်တဲ့အခါ အလုပ်လုပ် ရဖို့ စောင့်ဆိုင်းရတဲ့အချိန်တွေဟာ ပိုမိုကြန့်ကြာလာပြီး အလုပ်သမားတွေအနေနဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင် နေရပါတယ်။
မိဘတွေ အနေ နဲ့ လည်း စစ်မှုထမ်းခေါ်ဆောင်မှုတွေ၊ နယ်မြေ မအေးချမ်းမှုတွေကြောင့် သားသမီးတွေကို ပြည်ပမှာ လုံခြုံစွာ အလုပ်လုပ်နိုင်စေဖို့ လိုလားကြပေမယ့် မြင့်မားတဲ့ စရိတ်တွေကြောင့် တစ်ခုခု ချွတ်ချော်မှု ဖြစ်မှာကိုလညိး စိုးရိမ်ပူပန်စိတ် ဖြစ်မိတယ်လို့ ပြည်ပထွက်ခွာမယ့်လုပ်သားတွေရဲ့ မိဘတွေက ပြောပါတယ်။
အခုလို ပြည်ပထွက်ခွာရန် ကုန်ကျစရိတ် မြင့်လာလို့ အခက်ခဲဖြစ်ကျပေမယ့် ပြည်တွင်းမှာ လုံခြုံရေးအားနည်းမှု၊ အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှုနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် လူငယ်အများစုအတွက် ပြည်ပအလုပ်ကို မဖြစ်မနေ ရွေးချယ်ရတဲ့ အခြေအနေတစ်ခု ဖြစ်လာနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ထောက်ပြပါတယ်။
“ ပြည်ပထွက်မယ့် ကုန်ကျစရိတ်ကို အရင်းနှီး လုပ်ပြီး လုပ်ငန်းတစ်ခု လုပ်ဖို့ စိတ်ကူးခဲ့သေးတယ်။ ဒါပေမဲ့ အခုခေတ်အခြေအနေက ရင်းထားတဲ့ ပိုက်ဆံပြန်ရဖို့က ၅၀ ရာခိုင်နူန်းလောက်ဘဲရှိမယ်။ ငွေအရင်းနှီး များများရှိတဲ့ လုပ်ငန်းရှင်တွေတောင် အလုပ်သစ်တစ်ခုထပ်လုပ်ဖို့ကို တွေးနေရတာ။ ကျွန်တော်တို့လို ချေးငှား ရောင်းချပြီး လုပ်ငန်းလုပ်လို့ အဆင်မပြေခဲ့ရင် ဘ၀က ခွေးဖြစ်မှာ။” လို့ ပြည်ပမှာ အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တစ်ဦးက ဆိုပါတယ်။
ဒါ့ကြောင့် ပြည်ပထွက်တဲ့ ကုန်ကျစရိတ်မြင့်လာတယ်ဆိုပေမယ့် အရင်က ၆ လလောက်နဲ့ အကြွေး ဆပ်နိုင်ရင် အခုမှာ ၁ နှစ်လောက်အကြာထိ အကြွေးဆပ်ရတယ်လို့ သူက ပြောပါတယ်။
“အလုပ် ပုံမှန်ဆင်းရမယ်ဆိုရင် ဝင်ငွေကိုမှန်းလို့ ရမယ်။ နောက် စစ်မှုထမ်းအတွက် မစိုးရိမ်ရဘူး။ ဒီအားသာချက်တွေကြောင့် ပြည်ပထွက်ဖို့ ဆုံးဖြတ်လိုက်တာ” လို့ သူက ဆက်ရှင်းပြပါတယ်။
ပြည်ပမှာ အလုပ်အကိုင် အဆင်မပြေမှုအတွက် စိုးရိမ်ပူပန်နေရတာထက် ပြည်တွင်းမှာ လုံခြုံမှု မရှိတာ၊ ဝင်ငွေပုံမှန်မရတာတွေကြောင့် ပြည်ပထွက်အလုပ်လုပ်သူတွေဟာ ဆက်လက်များပြား နေဆဲဖြစ်ပါတယ်။
မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ မသန္တာကတော့ လက်ရှိမှာ ချေးထားတဲ့ အကြွေးရဲ့ အတိုးတွေကို ဆပ်နေရပြီး သူ့ရဲ့အနာဂတ်မသေချာ၊ မရေရာဖြစ်နေပုံနဲ့ ပြည်တွင်းက အခြေအနေကို အခုလို ပြောပြပါတယ်။
“အလုပ်အဆင်ပြေမပြေတော့ မသေချာပေမယ့် ပြည်တွင်းမှာလည်း ရေရှည် အဆင်မပြေ လောက်တော့ဘူး”
*အမည်လွှဲ