ဒေါင်းမြီး ရေးသည်။
မဏ္ဍိုင်၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။
ထောင်ဘူးဝမှာ ရာထူးမထားခဲ့ရတဲ့ စစ်သားများ
အခြားအမှုထဲက အကျ(ထောင်ကျ)တွေကိုထားတဲ့ ၂ ဆောင်ဟာ ကိုလိုနီခေတ်လက်ရာ သစ်သား နှစ်ထပ်ဆောင်ကြီးပါ။ အပေါ်ထပ်မှာ အခန်း ၄ ခန်း၊ အောက်ထပ်မှာ အခန်း ၄ ခန်းရှိပါတယ်။ ၂ ဆောင် ၁ ခန်းရှေ့က ဝရန်တာမှာ မိန်းဂျေးရှိပါတယ်။ ၂ ခန်းက ၂ ဆောင်ရဲ့ အကျဉ်းသားအရာရှိတွေ၊ ဘုတ်ခေါင်း တွေ၊ တန်းစီးချုပ်ကို ထားပါတယ်။ (ဘုတ်ခေါင်းတွေနဲ့ စစ်သားအချို့ကို ၃ ဆောင်က ဘုတ်ခန်းမှာ ထားပေမယ့် နောက်ပိုင်းမှာ ၂ ဆောင်ကို ရွေ့လိုက်တာပါ) ၃ ခန်းက ထောင်ကျနေတဲ့ စစ်သားတွေကို သီးသန့်ထားပါတယ်။ ၄ ခန်းကတော့ ထောင်စာကြည့်တိုက်ပါ။
စစ်သားတွေထဲမှာ ဗိုလ်မှူးအဆင့် ၂ ဦး ရှိပါတယ်။ တစ်ဦးက တိုက်ခိုက်ရေးတပ်ကပါ။ ဒု-တပ်ရင်းမှူးလို့ ဆိုပါတယ်။ ရှေ့တန်းသွားဖို့ ငြင်းဆန်လို့ စစ်/စည်းနဲ့ ထောင် ၅ နှစ်ကျလာတာပါ။ သူက ထောင်မှာ ဘာတာဝန်မှ ယူမထားပါဘူး။
နောက်ဗိုလ်မှူးတစ်ဦးကတော့ ဘာကြောင့်ကျလာတာလဲ မသိပါဘူး။ သူက ပါဆယ်တာဝန်ခံပါ။ ထောင်ကို ပို့တဲ့ ပါဆယ်ထုတ်တွေကို ထောင်ထဲကို သက်ဆိုင်သူတွေကို ပေးပို့တဲ့သူတွေကို ကြီးကြပ်ရ တာပါ။ သူ့ကို “ပါဆယ်ဗမ” လို့ ခေါ်ကြပါတယ်။
ဗိုလ်ကြီးအဆင့်က ၃ ဦး ရှိပါတယ်။ တစ်ဦးက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတပ်(ကပစ)ကပါ။ နွေဦးတော်လှန်ရေးကာလအတွင်းမှာပဲ ဖမ်းဆီးမှုလုပ်ရင်း ပစ်မိန့်မရှိဘဲ သေနတ်ဖောက်မိလို့ ထောင်ကျလာတာပါ။ သူက ဈေးဘားမှာ အပ်ထားတဲ့ အကျဉ်းသားတွေရဲ့ ပိုက်ဆံကို စာရင်းလုပ်တာ၊ ဈေးဘားက အမှာစာရင်း လုပ်တာ၊ ဈေးဘားက အမှာပစ္စည်းတွေကို ထောင်ထဲပို့တာ။ လက်ကျန်ငွေ တွက်ပြီး အကျဉ်းသားတွေကို အကြောင်းကြားရတာတွေကို လုပ်ရပါတယ်။ သူ့ကိုက “ဈေးဘား ဗက” လို့ ခေါ်ကြပါတယ်။
နောက်ဗိုလ်ကြီးတစ်ဦးက အကျရုံးကပါ။ သူ ဘာကြောင့် ထောင်ကျလာတာလဲ မသိပါဘူး။ သူ့ကိုက “အကျရုံး ဗက” လို့ ခေါ်ပါတယ်။
နောက်ဗိုလ်ကြီးတစ်ဦးကလည်းအကျရုံးကပါပဲ။ သူက အကြမ်းဖက်နှိမ်နှင်းရေးတပ်မှာ နေဖူးတယ်လို့ ပြောပါတယ်။ သူက ကျောက်ကြီးဘက်မှာ တာဝန်ကျတော့ KNLA တပ်ဖွဲ့ဝင်တချို့နဲ့ပေါင်းပြီး တရားမဝင် သစ်ထုတ်မှုတွေ လုပ်ခဲ့လို့ ထောင်ကျလာတာပါ။ အဲဒီတုန်းက KNU က NCA ကာလထဲမှာ ရှိတဲ့အချိန်ဖြစ်ပါတယ်။
အဲဒီ ၂ ဆောင်မှာ မထားဘဲ ဆေးရုံဆောင်မှာထားတဲ့ ဗိုလ်ကြီးတစ်ဦးရှိပါသေးတယ်။ သူက ဆေးရုံ ဆောင်တစ်ခုလုံးရဲ့ တန်းစီးပါ။ နောက်တော့ ရဲဘက်ပါသွားပါတယ်။
ကျန်တာတွေကတော့ အခြားအဆင့်တွေပါ။ တပ်သားအဆင့်ကနေ တပ်ကြပ်ကြီး အဆင့်အထိ ရှိပါတယ်။ စုစုပေါင်း ၂၀ ဝန်းကျင်လောက်တော့ ရှိပါတယ်။
သူတို့အားလုံး ထောင်ပိုင်လေး(ဦးစီး)ရဲ့ ဘောင်ချာတွေပါပဲ။ စစ်သားခြင်းပဲ ချိတ်ဆက်တဲ့သဘောပေါ့။ အဲဒီစစ်သားတွေထဲမှာ အကျရုံးက တာဝန်ကျသူတွေ၊ ထောက်ရုံးမှာ တာဝန်ကျသူတွေ၊ ပါဆယ် ပို့ရသူတွေ၊ ဖိုကြီးမှာ တာဝန်ကျသူတွေ ဖြစ်ပါတယ်။ ဖိုခေါင်းကလည်း စစ်သားပါပဲ။ အကျရုံးနဲ့ ဖိုကြီးက စစ်သားတွေပဲ နေရာချထားတာပါ။ ဖိုကြီးကတော့ စစ်သားမရှိတော့ရင် အခြားအမှုတွေကို ထားပါတယ်။ အကျရုံးမှာတော့ စစ်သားကိုပဲ နေရာချထားပါတယ်။ ထောင်မှာ ဆိုရိုးတစ်ခုရှိပါတယ်။ ထောင်ထဲရောက်လာသူတွေကို ထောင်ဝန်ထမ်းတွေ၊ အကျဉ်းသားအရာရှိတွေက ပြောနေကျ စကားပါ။
“အပြင်မှာ မင်းတို့ ဘာကောင်တွေပဲ ဖြစ်ဖြစ်။ ရာထူးတွေ၊ ဂုဏ်ပုဒ်တွေ ဘယ်လိုပဲရှိရှိ၊ အဲဒါတွေကို ထောင်ဘူးဝမှာထားခဲ့၊ ထောင်ထဲ ရောက်ရင် အားလုံးအတူတူပဲ” ဆိုတဲ့စကားပါ။
အဲဒီစကားဟာ အခြားသူတွေအတွက်တော့ မှန်ပါလိမ့်မယ်။ ဒါပေမဲ့ ထောင်ကျ စစ်သားတွေ အတွက်တော့ မမှန်ပါဘူး။
သူတို့က ထောင်ကျဆိုပေမယ့် သီးခြားလူတန်းစားတစ်ရပ်ပါ။ ထောင်ကျ စစ်သားတွေကို ထောင်ကျ စစ်သားခြင်းပဲ အုပ်ချုပ်ပါတယ်။ တပ်ထဲက ရာထူးအလိုက်ပဲ အုပ်ချုပ်တာပါ။ အခေါ်အဝေါ်ကိုလည်း တပ်ထဲကလိုပဲ ခေါ်ဝေါ်ကြပါတယ်။ ထောင်ဝန်ထမ်းတွေက အစ သူတို့ တပ်ထဲမှာ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ ရာထူးကိုပဲ ခေါ်ဝေါ်ကြတာပါ။ အချင်းချင်း အပြစ်ပေးတာလည်း တပ်ထဲကလိုပါပဲ။ စစ်သားယူနီဖောင်းနဲ့ ထောင်ယူနီဖောင်းပဲ ကွာတာပါ။ ကျန်တာက တပ်ထဲက စစ်သားလိုပါပဲ။ အခြားအမှုက လူမိုက်တွေက လက်ရှောင်ထားပါတယ်။ ထောင်က မဖြစ်မနေ အရေးယူရင်လည်း ထောင်ပိုင်လေးဆီကို ပို့ပြီး ထောင်ပိုင်လေးက အရေးယူပါတယ်။
အဲဒီ စစ်သားအကျဉ်းသားတွေကတော့ အခြားအမှုတွေကိုရော၊ နိုင်/ကျဉ်းတွေကိုပါ အနိုင်ကျင့်တာ ဗိုလ်ကျတာမျိုး မရှိပါဘူး။
ဒါပေမဲ့ နိုင်/ကျဉ်းတွေကိုတော့ သိပ်ကြည့်မရပါဘူး။ စစ်တပ်ကို ဆန့်ကျင်တဲ့သူတွေ ဆိုပြီးတော့။ ဒါပေမဲ့ အခြားအမှုတွေနဲ့ ပေါင်းသင်းဆက်ဆံလို့ မရတဲ့အခါကျတော့ နိုင်/ကျဉ်းတွေနဲ့ပဲ လာရောက် ပေါင်းသင်းကြပါတယ်။ နိုင်ငံရေးကိစ္စတွေ ပြောတာ/စစ်တပ်အကြောင်းပြောတာတော့ နှစ်ဘက်လုံး ရှောင်ကျဉ်ကြပါတယ်။
သူတို့ဟာ တကယ်တော့ သနားစရာကောင်းပါတယ်။ သူတို့ ကျူးလွန်လိုက်တဲ့အမှုအတွက် စစ်တပ်မှာ ပြစ်ဒဏ်ခံရပြီးပါပြီ။ အဲဒီပြစ်မှုကြောင့်ပဲ တပ်က ထုတ်ပယ်ခံလိုက်ရပြီး အရပ်ဘက်ထောင်မှာ ထပ်ပြီး အရေးယူခံနေရတာပါ။ ဒါပေမဲ့ သူတို့ စစ်တပ်ကို မကောင်း မမြင်ကြပါဘူး။ သူတို့ကိုယ် သူတို့လည်း စစ်သားတစ်ဦးလိုပဲ ထင်မြင်နေပြီး စစ်တပ်ကို ကာကွယ်ပေးနေကြတုန်းပါပဲ။ အခါအခွင့်သင့်ရင်လည်း စစ်တပ်မှာ ပြန်လည်အမှုထမ်းချင်နေကြတုန်းပါပဲ။
ထောင်ထဲက လွတ်လပ်ရေးနေ့
ကျွန်တော်တို့ အဆောင်မှာ အမျိုးသမီးအဖြစ်လိင်စိတ်တိမ်းညွှတ်သူ(LGBT) တစ်ဦး ရှိပါတယ်။ သူက တိုင်းရင်းသားပါ။ ရန်ကုန်မှာ နေထိုင်သူ ဖြစ်သူတယ်။
၂၀၂၁ အတွင်း လူငယ်တွေ လက်နက်ကိုင်ကြတော့ သူက သူမြို့က လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ် တဲ့ လူငယ်တချို့ကိုခေါ်ပြီး အာရက္ခတပ်တော်(AA) ထံမှာ စစ်သင်တန်းတက်ဖို့ လာခဲ့ကြပါတယ်။ ကျွန်တော်တို့မြို့ရောက်တော့ ဂိတ်ကစစ်ဆေးရင်းနဲ့ သူတို့ကို ဖမ်းမိသွားတာပါ။
၂၀၂၂ လွတ်လပ်ရေးနေ့မတိုင်မီမှာ အဆောင်မှူးက ပြောတယ်။ လွတ်လပ်ရေးနေ့ ပျော်ပွဲတွေ လုပ်ကြ မယ်၊ အားကစားပွဲတွေပါတယ်ပေါ့။ အဲဒါ ပါချင်တဲ့သူတွေ စာရင်းပေးလို့ ရတယ်ဆိုတဲ့ အကြောင်း။
အားကစားက ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ ဘော်လီဘောပွဲ၊ တေဘယ်တန်းနစ် ၄ မျိုး လုပ်ဖြစ်တယ်။ ကျွန်တော်တို့ ၃ ဆောင်က အခြားအမှု နှစ်ခန်းနဲ့ပေါင်းပြီး ပိုက်ကျော်ခြင်း ၂ သင်း၊ ဘော်လီဘော ၁ သင်း ထွက်တယ်။ စစ်တုရင်ကတော့ နိုင်/ကျဉ်းက တစ်ဦး ထွက်တယ်။ တေဘယ်တန်းနစ်ကတော့ စစ်သားတွေပဲ ပြိုင်ကြတာပါ။
၁ ဆောင်ကလည်း ထို့နည်းတူပဲ။ ၂ ဆောင်ကလည်း ထိုနည်းတူပါပဲ။ အခြားအမှုက စစ်တုရင်သမားတွေတော့ အတော်ထွက်တယ်။ အကျရုံးနဲ့တိုက်နဲ့ပေါင်းပြီး ပိုက်ကျော်ခြင်း တစ်သင်းထွက်တယ်။
ဒီလိုနဲ့ အားကစားပွဲတွေက ဇန်နဝါရီ ၂ ရက်လို့ ထင်တယ်။ အဲဒီနေ့မှာ စလုပ်တယ်။ ပွဲချိန်တွေကတော့ ထောင်ဖွင့်ချိန် မနက်ပိုင်းနဲ့ ညနေပိုင်းမှာ လုပ်ကြတာပေါ့။ ဘောလီဘောပြိုင်ပွဲကို ဖိုကြီးနောက်က ကွင်းပြင်မှာ လုပ်တယ်။ ပိုက်ကျော်ခြင်းပြိုင်ပွဲကိုတော့ ၁ ဆောင်ရှေ့မှာ လုပ်တယ်။ စစ်တုရင် ပြိုင်ပွဲကတော့ ထောင်စေတီမှာ လုပ်တယ်။ တေဘယ်တန်းနစ်ကတော့ တိုက်ဝန်းထဲမှာ လုပ်တယ်။
ပြိုင်ပွဲစတဲ့နေ့မှာပဲ ကျွန်တော်တို့ အားကစားကွင်းရှိရာကို သွားဖို့ လူစုလိုက်တယ်။ ရှေ့ဆုံးက LGBT က ၃ ဆောင်ဆိုတဲ့ ကိုယ့်ဟာကို လုပ်ထားတဲ့ ဆိုင်းဘုတ်ကိုကိုင်ပြီး ပုဆိုးကို ထမီလိုဝတ်ကာ အမျိုးသမီးဟန်နဲ့ ရှေ့ဆုံးက သွားတယ်။ သူ့နောက်မှာ တစ်ယောက်က ပေါင်လည်လောက်ရောက်နေတဲ့ စွပ်ကျယ်ကို ဘောင်းဘီတိုပျောက်အောင်ဆွဲချ ဝတ်ပြီး အမျိုးသမီးဟန်နဲ့ လိုက်တယ်။
သူတို့နောက်မှာက ပြိုင်ပွဲဝင်မယ့် အားကစားသမားတွေ။ နောက်က အားပေးမယ့် ပရိသတ်တွေပေါ့။ (Sea Game တွေမှာ နိုင်ငံကိုယ်စားပြု အားကစားအသင်းတွေ ဖွင့်ပွဲကို လာတဲ့ ပုံစမျိုးနဲ့ သွားကြတာပါ) ပါးစပ်ကလည်း “၃ဆောင်” “၃ဆောင်” လို့ အောင်ဟစ်လိုက်သွားကြတယ်။
ဒီလိုနဲ့ ဘောလီဘောကွင်းထဲရောက်ခါနီးတော့ ထောင်မှူးကြီး ပြေးလာပါပြီး ဆူပါလေရော။
“…မသာတွေ အခု တိတ်၊ ငါ့ကို ပြုတ်အောင်လုပ်နေတာလား” စသဖြင့်ပေါ့။
ထောင်ဆူတယ်ထင်ပြီး အရေးယူခံရမှာ စိုးလို့တော့ ထင်တာပဲ။ ဆဲခံရပေမယ့် နစ်နာအောင်ဆဲတာ မဟုတ်တော့ ဘယ်သူလည်းမှ စိတ်မဆိုးကြပါဘူး။
အဲဒီနှစ်က အားကစားပွဲက ရန်မဖြစ်ဘဲ ပျော်ပျော်ရွှင်ရွှင်ပဲ ပြီးသွားပါတယ်။ အဲဒီနှစ်ပဲ လုပ်ဖြစ်တယ် ထင်ပါတယ်။ နောက်နှစ်မှာ လုပ်ဖြစ်တာ မရှိလို့လေ။ ၃ ဆောင်ကလည်း ဝင်ပြိုင်တဲ့ ပြိုင်ပွဲအရပ်ရပ်မှာ ဒုတိယတွေပဲ ရခဲ့ပါတယ်။
နေ့စဉ်ရှိသော လွတ်/ငြိမ်းများ၊ အုတ်ရိုးသတင်းဌာနနှင့် သတင်းစားသုံးခြင်း
ထောင်ထဲမှာ နေ့စဉ် လွတ်/ငြိမ်း သတင်း ရှိပါတယ်။ ဘာနေ့မလို့၊ ဘာဘုရားတည်လို့၊ ဘယ်ကျောင်းကြီး ပြီးလို့၊ ဘယ်နိုင်ငံက ဘာပြောလို့၊ ဘယ်နိုင်ငံက ဖိအားပေးလို့ စသဖြင့် အကြောင်းအရာ အမျိုးမျိုးနဲ့ လွတ်/ငြိမ်း သတင်းထွက်နေတာပါ။
နေ့စဉ်သတင်းတွေကို ဖလှယ်တဲ့နေရာက ဖိုကြီးနောက်၊ ဆေးရုံဆောင်အုတ်ရိုးရှေ့ပါ။ အဲဒီနေရာက အနောက်ဘက်ကို မျက်နှာမူထားတော့ တစ်မနက်လုံး နေရိပ်လည်းရတယ်။ ထောင်တစ်ခုလုံးရဲ့ ဖြတ်သွားဖြတ်လာနေရာဆိုတော့ လူလည်း စုံတယ်။ အခြားအမှုတွေက အဲဒီနေရာကို အုတ်ရိုး BBC လို့ ခေါ်ပြီး ကျွန်တော်တို့ကတော့ အုတ်ရိုးသတင်းဌာနလို့ ခေါ်ပါတယ်။
အဲဒီအုတ်ရိုးကို မှီပြီး ထိုင်ကာ ကြားသမျှ ကောလဟာလတွေ ဖလှယ်ကြတယ်။ နောက် အဆောင်ကို သယ်သွားပြီး မသိသေးတဲ့သူကို ပြန်လည် ဖြန့်ဝေကြတာပေါ့။
သတင်းတွေထဲမှာ ရင်ခုန်ဖို့ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးသတင်းကတော့ အကျရုံးသတင်းပါပဲ။ “အကျရုံးကလူတွေ ညက ဘယ်အချိန်မှ အဆောင်ကို ပြန်ဝင်ရတယ်။ တစ်ညလုံး အလုပ်လုပ်နေ ရတယ်” ဆိုတဲ့ သတင်းများကြားရင် လူတွေက နေမထိ ထိုင်မသာ ဖြစ်နေကြပြီ။ ဘာကြောင့်ဆို အကျရုံးက သာမန်ထက်ပိုပြီး အလုပ်လုပ်ရင် လွတ်ရက်တွက်တာပဲ ဖြစ်တယ်လို့ ယူဆထားလို့ပါ။ ဘာကြောင့် လွတ်ရက်တွက်တာလဲဆိုရင် လွတ်/ငြိမ်းရှိလို့ လွတ်ပေးရမယ့်သူတွေကို စာရင်းလုပ် တယ်လို့ ကြားဖူးထားကြလို့ပါ။ တကယ်လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ လွတ်/ငြိမ်းရှိလို့ စာရင်းလုပ်တာ ထက် သက်ဆိုင်ရာဌာနတွေက တောင်းလို့ စာရင်းလုပ်ပေးရတာပါ။
အဓိကကတော့ နိုင်/ကျဉ်းတွေပေါ့။ လွတ်ခါနီးလူတွေထဲမှာ ပြဿနာ ရှိတဲ့သူတွေ ပါမပါ သိဖို့၊ ပါရင် လွှတ်မပေးချင်လို့ အမှုထပ်ဖွင့်တာမျိုးတွေ လုပ်ဖို့ပါ။
ဘာပဲဖြစ်ဖြစ် အကျရုံး ဗိုလ်လေးကပဲဖြစ်ဖြစ်၊ အကျရုံးက လူတွေပဲ ဖြစ်ဖြစ် “ညက တစ်ညလုံး မအိပ်ရပါဘူးကွာ” ဆိုတဲ့ စကားလေးများ ထွက်လာရင် ရင်ခုန်စရာကောင်းတာတော့ အမှန်ပါပဲ။ အခြားအမှုအချို့ကလည်း ကော်ဖီမစ်လေးများ သောက်ချင်ရင်၊ မုန့်ကလေး၊ ဟင်းလေးများ လိုချင်ရင် “မနေ့က ညနေ တန်းပိတ်တော့ အကျရုံးကလူတွေ မဝင်ရသေးဘူးဗျ..” ဆိုတဲ့ စကားလေးနဲ့ အစချီပြီး လိုချင်တာ လာလာ နှိုက် တော့တာပါပဲ။
ထောင်ထဲမှာ “လွတ်ကြောင်”၊ “တွက်ကြောင်” နဲ့ ဆိုတာရှိပါတယ်။ ထောင်က အရမ်းလွတ်ချင်ပြီး ဘာ လွတ်/ငြိမ်း၊ ညာ လွတ်/ငြိမ်းဆိုပြီး လျှောက်ပြောနေသူတွေ၊ လွတ်ရက်နီးလာလေ အမြန်လွတ်ချင်ပြီး ကြောင်တောင်တောင်တွေ လျှောက်ပြော လျှောက်လုပ်တတ်တဲ့သူတွေကို ပြောတာပါ။
“တွက်ကြောင်” ဆိုတာကတော့ ကိုယ့် နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံတကာ အခြေအနေကို တွက်ဆပြီး လွတ်/ငြိမ်း လာမယ်လို့ ခန့်မှန်းသူတွေကို ဆိုလိုတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း “တွက်ကြောင်” ဖြစ်ခဲ့ပါတယ်။
နောက်တစ်မျိုးရှိပါသေးတယ်။ အဲဒီအမျိုးအစားကို ဘယ်လိုခေါ်လဲ မမှတ်မိတော့ပါဘူး။ အပြင်က မိသားစုဝင်တွေက ထောင်ထဲက သူ့အတွက် မြန်မြန်လွတ်အောင် ဗေဒင်မေး၊ နတ်မေးပြီး ယတြာချေပေးထားသူထားပြီး “ဘယ်တော့ဖြင့် လွတ်မှာ” လို့ ပြောထားခံရသူတွေ၊ ထောင်ထဲ စ ရောက်တည်းက မြန်မြန်လွတ်အောင် ဘုရား၊ တရားပဲ အားအား မအားအား အပြင်းအထန် လုပ်နေသူတွေ၊ အချိန်ပြည့် ပုတီးစိတ်နေသူတွေ၊ မြန်မြန်လွတ်အောင် အဓိဌာန်ဝင်နေသူတွေကို ခေါ်ကြတာပါ။
ထောင်ထဲမှာ သတင်းငတ်တဲ့ ပြဿနာက အတော့်ကို ကြီးပါတယ်။ နေ့စဉ် ဖြစ်ပျက်နေတာတွေ သိချင်တယ်။ ဒီတော့ နိုင်/ကျဉ်းတွေ ကြံရဖန်ရတော့တာပါပဲ။
ပထမတော့ ထောင်တွင်းဝင်ငွေကောင်းကောင်းမရှိတဲ့ တပ်သားအဆင့် ဝန်ထမ်းလေးတွေကို ကပ်ရတယ်။ Mizzima၊ Irrawaddy၊ DVB စတဲ့ သတင်းဌာနတွေက ခေါင်းစဉ်တချို့ကို စာရွက်နဲ့ ကူလာခဲ့၊ A4 တစ်မျက်နှာ ၁,၀၀၀ ပေးမယ်ဆိုပြီး ညှိနှိုင်းရတယ်။ အဲဒီလိုရလာတဲ့ သတင်းကို လက်ကြိတ်ထိုးဖတ်ပြီး အချင်းချင်း ပြန်ဝေမျှကြတယ်။ နောက် ဘူးဝမှာ အဲဒီလို စာရွက်ယူလာတဲ့ ဝန်ထမ်းကို မိသွားတော့ အခြားနည်းလမ်းတစ်ခု ရှာရပြန်တယ်။
ထောင်မှာက တစ်ခန်းခြင်းဆီအလိုက် TV ကြည့်ခွင့် ပေးထားပါတယ်။ TV အပြင် လိုင်းတွေ ဖမ်းလို့ရ တဲ့ စက်တစ်ခုလည်း ဝယ်ကြည့်ခွင့်ရှိပါတယ်။ ထောင်က ဝယ်ပေးတာတော့ မဟုတ်ပါဘူး။ TV နဲ့ အဲဒီစက်က အစ၊ TV နဲ့ ချိတ်ဖို့ ပလက်ခုံ၊ ကြိုး ကိုယ့်ဟာကိုယ် ဝယ်ရတာပါ။ ကြိုးဆွဲခပါ ဝန်ထမ်းကို ပေးရပါတယ်။
ခုနပြောတဲ့ စက်မှာ USB Stick ထိုးကြည့်လို့ ပါပါတယ်။ ဒီတော့ ဝန်ထမ်းနဲ့ ချိတ်ပြီး Type-C နဲ့ USB ပါတဲ့ Memory Stick တစ်ခုနဲ့ တစ်ဖက်က ဝယ်ခိုင်း၊ ပြီးတော့ ဖုန်းနဲ့ချိတ်ပြီး သတင်းတွေကို Download လုပ်ခိုင်းရပါတယ်။ ပြီးမှ ခုနစက်မှာထိုးပြီး ခပ်တိုးတိုး ကြည့်ရပါတယ်။ တစ်ရက်စာ ကူးထားတဲ့ သတင်းတွေကို ၂၀၀၀ ။ Memory Stick ကျတော့ ထောင်က သိပ်မစစ်ပါဘူး။ အခြားအမှုတွေလည်း သီချင်းနားထောင်ချင်ရင်၊ ရုပ်ရှင်ဇာတ်လမ်းတွေ ကြည့်ချင်ရင် ဝန်ထမ်းကို အခုလို ကူးခိုင်းပြီး ကြည့်နေကြဆိုတော့လေ။
နောက်ပိုင်းကျတော့ အိမ်နဲ့ဆက်သွယ်ဖို့ Keypad ဖုန်းတွေ သွင်းကြပါတယ်။ သွင်းခ တစ်သိန်း ပေးရပါ တယ်။ Keypad သွင်းရတော့ Though ဖုန်းတွေ သွင်းကြပါတယ်။ သွင်းခက သုံးသိန်းပါ။ Though ဖုန်းတွေရောက်လာတော့ သတင်းတွေကို ကိုယ့်ဟာကို ဒေါင်းကြပါတယ်။
ထောင်ထဲမှာ ဖုန်းပြဿနာက အတော့်ကို ကြီးပါတယ်။ ဖုန်းတွေအတွက် လုံခြုံရေးအစီအမံတစ်ခုကို မဖြစ်မနေကို လုပ်ရတော့တာပါပဲ။ ဒါက နောက်ပိုင်းမှာ ဆက်ပါမယ်။
ထောင်ထဲက လျှပ်စစ်မီးဖို
ချက်ချင်၊ ပြုတ်ချင်ရင် ဖိုကြီးကိုပဲ သွားပြီး ချက်ရပြုတ်ရပါတယ်။ ဖိုကြီးမှာက ဖွဲမီးဖိုကြီး ၃ ခုနဲ့ ထောင်တစ်ခုလုံးစာ တစ်ထောင်လုံး ချက်ပြုတ်ပါတယ်။ ဝန်ထမ်းစာပါ ပါပါတယ်။ ဝန်ထမ်းကလည်း တစ်နေ့ ၃ နပ်စာ ချက်ရပါတယ်။ ဒါကတော့ ဝန်ကြီးဌာနက တရားဝင်ကျွေးတာလား၊ ထောင်ကပဲ အကျဉ်းသား ရိက္ခာထဲကဖြတ်တောက်ကျွေးတာလားတော့ မသိပါဘူး။
အကျဉ်းသားတွေအနေနဲ့ ဟင်းအစို စားချင်ရင် ပါဆယ်ရက်မှာ အိမ်က မှာရပါတယ်။ ဒါပေမဲ့ ပါဆယ်ရက်မှာပဲ ပါဆယ်ထုပ်ကို နေပူထဲချထားတာ၊ အကြောင်းကြောင်းကြောင့် ညနေ ထောင်ဖွင့်ချိန်မှ ပါဆယ်ထုတ်ရတာဆိုရင် ဟင်းအစိုတွေက ငြီးစော် နံနေတတ်ပါတယ်။
ဟင်းချိုသောက်ချင်တာ၊ ကော်ဖီသောက်ချင်တာ၊ ခေါက်ဆွဲပြုတ်စားချင်တာ၊ ရေနွေးသောက်ချင် တာတွေ၊ ငြီးစော်နံနေတဲ့ဟင်းတွေနဲ့စားမကုန်နဲ့ ဟင်းစိုတွေအတွက် နောက်တနေ့ အထားခံဖို့၊ နွေးဖို့ အခန်းထဲမှာ မီးဖိုတစ်ခုတော့ လိုနေတာ အမှန်ပါပဲ။
ဖိုကြီးရေနွေးက သံချေးစော်နံရတဲ့အပြင် လက်ဖက်ခြောက်ခတ်ပြီးသားတွေဆိုတော့ ရေနွေးဖြူလို ချင်ရင် အဆင်မပြေ။
အသားဟင်းချက်တာကတော့ ထောင်က အသားပေးတဲ့နေ့မှာ ပြန်ဝယ်လို့ရသလို ကိုယ်ရတဲ့အသား ကိုလည်း ဖိုကြီးကို စုပြီး ပြန်ချက်လို့ ရပါတယ်။ ဒါပေမဲ့ ခနခနသွားပြီး ကိုယ့်အိမ်လို တောင်းနေလို့ အဆင်မပြေပါဘူး။ နောက် ဖိုကြီးမှာ ဟင်းတစ်ခါသွားချက်ရင် ကွမ်းနှစ်ထုတ် ပေးရတယ်လေ။
ဖိုကြီးကလည်း တစ်နပ်ကို အကျဉ်းသားအတွက် တစ်ခါချက်ရတယ်။ ဝန်ထမ်းအတွက် တစ်ခါချက်ရတယ်။ အကျဉ်းသားအတွက် ချက်ထားတာတွေက ဝန်ထမ်းလည်း မစားနိုင်ဘူးလေ။ နောက် ရေနွေးကလည်း တည်ရသေးတယ်ဆိုတော့ မီးဖိုက သိပ်အားလှတယ် မဟုတ်ပါဘူး။
ဒီပြဿနာကို ကျွန်တော်တို့အခန်းက စပြီး ဖြေရှင်းတယ်။ အခန်းထဲက ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက်က ပွေလီတယ်။ လျှပ်စစ်တွေလည်း ပြင်တတ်တယ်။ ပထမတော့ ဒီကောင်က အဆောင်မှူး ရုံးခန်းထဲ ၃ မိနစ် ရေနွေးအိုးအပျက်ကို ယူလာပြီး ပြင်သုံးတယ်။ ပလပ်ခုံက တီဗီအတွက် ဆင်ထားတဲ့ ပလပ်ခုံနဲ့။
လိုသူက များနေတော့ တနေ့တနေ့ ရေနွေးတည်ရတာ မအားရပါဘူး။ ခိုးပြီး တည်နေရတဲ့ကြားထဲ အဲဒီလို အဆက်မပြတ်တည်နေရတော့ ပြင်ထားတဲ့ ရေနွေးအိုးလေးလည်း လစ်သွားပါတယ်။
ဒီလိုနဲ့ ရှော့တိုက်ပြီး ရေနွေးတည်ဖို့ လုပ်ရတော့တယ်၊ တချို့က ဂေါက်လို့လည်း ခေါ်ကြပါတယ်။ သံပြားတစ်ထပ်၊ သစ်သားပြားတစ်ထပ်လုပ်ပြီး မီးကြိုး အနီ၊ အနက် ကို ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်မှာ ချည်၊ တည်မယ့် ရေထဲတည့်ပြီး ပလပ်ကြိုးထိုးလိုက်တာပါ။
တည်တဲ့အိုးကလည်း ကော်ပုန်းတွေထဲရေထည့်တည်တာပါ။ ကျန်းမာရေးအရ ဘယ်လို ဆိုးကျိုးရှိလဲ မသိပေမယ့် ရေနွေးကတော့ ပေါပေါများများ ရပါပြီ။ အခြားအခန်းတွေလည်း အဲဒီလို လိုက်လုပ်ကြ ပါတယ်။ ဒါပေမဲ့ မကြာခဏ အဆောင်တစ်ခုလုံး ဖျူ့ပျက်လို့ ပြဿနာတွေ ရှင်းရတာလည်း အကြိမ်ကြိမ်ပါ။
ဟင်းနွေးရတာလည်း အဆင်ပြေသွားပါပြီ။နွေးချင်တဲ့ ဟင်းကို ဗူးတစ်ခုထဲမှာထည့်။ နောက် ဗူးကြီးကြီးတစ်ခုထဲကို ပွက်ပွက်ဆူနေတဲ့ရေနွေးထည့်။ အဲဒီရေနွေးပူထဲကို ဟင်းဗူးထည့်ထားလိုက်ရင် ရေနွေးပူက ပူတော့ မီးနဲ့အပူပေးသလိုဖြစ်ပြီး ၅ မိနစ်လောက်ဆို ဟင်းပူပူ ရပါပြီ၊ ငြီးနံ့တွေလည်း ပျောက်ကုန်ပါတယ်။
ဒါပေမဲ့ ရှာဖွေရေးလာရင် သိမ်းသွားတတ်လို့ ပြန်လုပ်ရတာလည်း ခဏခဏပါပဲ။ နောက်ပိုင်းတော့ ပစ္စည်းရင်းမြစ်က ရှားပါးသွားလို့ ရှာဖွေရေးမှာ သိမ်းသွားတဲ့ ပစ္စည်းတွေကိုထားတဲ့ အဆောင်းမှူး ရုံးခန်းထဲက ပြန်ခိုးပြီး သုံးရတော့တာပါပဲ။
ဆက်လက်ဖော်ပြပါမည်။