ဒေါင်းမြီး ရေးသည်။
မဏ္ဍိုင်၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆။
လွတ်ချင်လို့ ထောင်ချခိုင်းကာမှ မလွတ်တော့တဲ့သူတွေ
စစ်အာဏာသိမ်းပြီးတဲ့နောက် ထောင်မှာ လွတ်/ငြိမ်းတွေ ခဏခဏ လာပါတယ်။ စစ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလ၊ နောက် ဧပြီလ၊ ဇွန်လနဲ့ အောက်တိုဘာလတွေမှာပါ။ အဲဒီမှာ လွှတ်ပေးတာက အခြားအမှုတွေ ဘက်က အကျ(ထောင်ကျ)တွေဖြစ်ပါတယ်။ ပြီးတော့ မလွှတ်တဲ့သူတွေအတွက်လည်း ထောင်မှာ “ဘို့” လို့ခေါ်တဲ့ အချိုးကျ လျော့ရက်တွေ ရကြပါတယ်။
ဒီတော့ အဲဒီအချိန်တုန်းက အချုပ်နဲ့ ရှိနေသူတွေဟာ ထောင်ကျချင်နေကြပါပြီ။ ဘာဖြစ်လို့ဆို ဆိုခဲ့တဲ့ လွတ်/ငြိမ်းဟာ အကျတွေမှ ခံစားရတာဖြစ်လို့ပါ။ အချုပ်တွေက ခံစားခွင့်မရှိပါဘူး။ လွတ်/ငြိမ်းကလည်း မကြာခဏလာနေတာဆိုတော့ ထောင်ကျမှ လွတ်/ငြိမ်းက ရတဲ့ ခံစားခွင့်ကို ခံစားရမှာ ဖြစ်လို့ပါ။ လွတ်/ငြိမ်းကလည်း လာမှာ သေချာတော့ လွတ်မလား/ “ဘို့” ရမလားဆိုတာလည်း သေချာသလောက် ဖြစ်နေတာဆိုတော့။
နောက် ဥပမာ တစ်ခုကလည်း ရှိထားတာကို။ အဲဒါက ကျွန်တော်တို့ထောင်မှာ အာဏာမသိမ်းခင်က လူသတ်၊ အလောင်းဖျောက်နဲ့ သေဒဏ်ချခံထားရတဲ့ အသက် ၅၀ ကျော် လူကြီးတစ်ဦး ရှိပါတယ်။ ကိုယ့်အမျိုးသမီးကို ရက်ရက်စက်စက်သတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့တာပါ။ သူ့ကို တိုက်ထဲမှာ ထားပါတယ်။
သူဟာ အာဏာသိမ်းပြီးပေးတဲ့ လွတ်/ငြိမ်းတစ်ခုကြောင့် သေဒဏ်ကနေလွတ်ပြီး “ထောင်တစ်သက် လွတ်ရက်မရှိ” ဖြစ်သွားပါတယ်။ အဲဒီနောက် လွတ်/ငြိမ်းတစ်ခုမှာပဲ “ထောင်တစ်သက် လွတ်ရက်မရှိ” ကနေ “နှစ် ၂၀” တည်သွားပါတယ်။ အဲဒီကနေ လွတ်/ငြိမ်းကြောင့်ပဲ “ဘို့” ခံစားရပြီး ပြစ်ဒဏ် ၄ ပုံ ၁ပုံ လျော့ရက်ခံစားရတဲ့အတွက် ထောင်မှာ နေခဲ့ရတဲ့ နေသား(ထောင်ကျရက်)နဲ့ဆိုရင် ၁၀ နှစ် ဝန်းကျင်ပဲ နေရပါတော့မယ်။ နောက်တစ်ခါ လွတ်/ငြိမ်းလာလို့ “ဘို့” ခံစားရရင် လွတ်ဖို့က သေချာသလောက်ရှိနေပါပြီ။ ဒီတော့ လွတ်/ငြိမ်းတွေ ခဏခဏ ပေးနေတဲ့အချိန်မှာ ထောင်ကျချင်နေတဲ့သူတို့ကို အပြစ်မြင်လို့လည်း မရပါဘူး။
အခြားအမှုထက် ရာဇဝတ်မှုတွေက အမှုရင်ဆိုင်တာကနေ ထောင်ကျ(အမိန့်ချ)တဲ့အထိ အနည်းဆုံး တစ်နှစ်ကနေ ၂နှစ်လောက်အထိ ကြာတယ်လေ။ သက်သေမလာတာ၊ ရဲမလာတာ။ တရားလို မလာတာ၊ တဖက်ဖက်က ရှေ့နေမလာတာ၊ တရားသူကြီးမလာတာ စသဖြင့် အချို့အမှုတွေဆို ၃ နှစ်နီးပါးတောင် ကြာသွားတတ်သေးတာ။
ဒီလိုနဲ့ အခြားအမှုက တတ်နိုင်တဲ့ သူအတော်များများက ရုံးထုတ်မှာ အိမ်နဲ့တိုင်ပင်ပြီး အမိန့်မြန်မြန်ချဖို့ တရားသူကြီးတွေကို ကပ်ကြတယ်။ ငှားထားတဲ့ ရှေ့နေ့ကိုလည်း ကိုယ်အပြစ်မရှိကြောင်းနဲ့ အပြစ်လျော့ဖို့ လျှောက်လဲတာထက် အမိန့်မြန်မြန် ချဖို့ဟာ ကြိုးစားခိုင်းတယ်။
ဒီလိုနဲ့ ဇူလိုင်လနဲ့ စက်တင်ဘာအတွင်းမှာ ထောင်ကျတွေ အတော့်ကို များလာတယ်။ အမှုတွေ မြန်မြန် ပြီးပြတ်ကုန်တယ်။ အဓိကကတော့ ငွေကြေးတတ်နိုင်သူ အတော်များများကတော့ ထောင်ကျ(ကျသစ်)တွေချည့် ဖြစ်ကုန်တာပါ။ ငွေကြေးမတတ်နိုင်သူနဲ့ ပြစ်မှုကျူးလွန်တာ မကြာသေးသူတွေ၊ ဘယ်လိုမှ အမိန့်ချလို့ မရသူတွေလောက်ပဲ အချုပ်နဲ့ ကျန်တယ်။
ထောင်ထဲမှာလည်း “တို့အဘ ကျေးဇူးနဲ့ အိမ်မြန်မြန် ပြန်ရတော့မယ်” ဆိုတဲ့စကားက ကျသစ် (ထောင်ကျအသစ်)တွေ အတော်များများ ပြောနေကျစကားပါ။
ဒီလိုနဲ့ အားလုံးစောင့်မျှော်နေတဲ့ လွတ်/ငြိမ်းဟာ အောက်တိုဘာ ၁၈ ရက် (သီတင်းကျွတ် လပြည့်နေ့) မှာ ရောက်ရှိ လာခဲ့ပါတယ်။ ဒါပေမဲ့ မျှော်လင့်သလိုတော့ ဖြစ်မလာပါဘူး။ လွတ်/ငြိမ်းက အချုပ် (အမှုရင်ဆိုင်နေဆဲသူ) တွေကို ပေးတာပါ။ အဲဒီမှာ နိုင်/ကျဉ်းတွေရော၊ အခြားအမှုတွေပါ အတော်များများ လွတ်သွားကြပါတယ်။ တရားသူကြီးကို ငွေပေးပြီး ထောင်အတင်းချခိုင်းတဲ့သူတွေ ရင်ကွဲပက်လက် ဖြစ်ကုန်ကြတယ်။ နောက်ရက် အောက်တိုဘာ ၁၉ မှာ အကျတွေကို ပေးခဲ့ပေမယ့် ကျွန်တော်တို့ထောင်က နိုင်/ကျဉ်း ၃ ဦးပဲ လွတ်သွားပါတယ်။ လွတ်ချင်လို့ ထောင်ချခိုင်းသူတွေ အတွက်တော့ “မှန်းချက်နဲ့ နှမ်းထွက်” မကိုက်ခဲ့ပါဘူးဆိုရမယ်။
ဒီထက်ပိုဆိုးတာက အဲဒီအောက်တိုဘာလအပြီးမှာ မကြာခဏ လာနေတဲ့ လွတ်/ငြိမ်းတွေဟာ လုံးဝ မလာတော့ပါဘူး။ ၂၀၂၂၊ ဇန်နဝါရီ ၄ ရက်နဲ့ ဧပြီလထဲမှာ ထုံးစံအတိုင်း လွတ်/ငြိမ်း လာပေမယ့် ပုံစံ ပြောင်းသွားပါပြီ။ လွတ်ခါနီးသူတွေကိုပဲ ပေးတာပါ။ “ဘို့” ဆိုတာကလည်း လုံးဝ မလာတော့ပါဘူး။ အဲဒီတည်းက လွတ်ခါနီးသူတွေကိုပဲပေးတဲ့ လွတ်/ငြိမ်းက အခုအထိပါပဲ။ ၂၀၂၅ ခုနှစ်ထဲတော့ အမှုအမျိုးအစားကိုလိုက်ပြီး “ဘို့” လာပါသေးတယ်။ ၅ ပုံ ၁ ပုံ ပေးတာပါ။
ဒီတော့ အကျတွေနှုတ်ဖျားမှာလည်း “ငါ -ိုး မ အဘ” ဖြစ်ကုန်ကြပါပြီ။
အဲဒီလို လွတ်/ငြိမ်းဂယက်ဟာ အခြားအမှုတွေတင် မဟုတ်ပါဘူး။ နိုင်/ကျဉ်းတွေကိုပါ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ၂၀၂၁ အောက်တိုဘာလမှာ လွတ်/ငြိမ်းလာပြီးတည်းက အဲဒီနှစ်ထဲမှာ နောက်ထပ် လွတ်/ငြိမ်း မလာတော့ပါဘူး။ ၂၀၂၂၊ ဇန်နဝါရီ ၄ရက်မှာလည်း လွတ်/ငြိမ်းလာခဲ့ပေမယ့် လွတ်ခါနီး အခြားအမှုတချို့သာ လွတ်သွားပါတယ်။ လွတ်သူတွေကလည်း ၁၀ ယောက် မပြည့်ပါဘူး။ ဒီတော့ ဖေဖော်ဝါရီ ၁၂ ကို အတော်မျှော်ကြပါတယ်။ ထောင်ထဲမှာတင် မဟုတ်ပါဘူး။ အပြင်မှာ လည်း ဖေဖော်ဝါရီ ၁၂ မှာ လွတ်/ငြိမ်း လာမယ်ဆိုပြီး အတော့်ကို သတင်းကြီးနေပါတယ်။ တရားသူကြီးတွေကိုယ်တိုင်ကို ပြောနေကြတာပါ။
အောက်တိုဘာ ၁၈ လွတ်/ငြိမ်းမှာ ကျန်ခဲ့တဲ့ နိုင်/ကျဉ်းတွေနဲ့ နောက်အသစ်ရောက်လာတဲ့ နိုင်/ကျဉ်းတွေကို ၂၀၂၁ မကုန်မီမှာပဲ အကုန်နီးပါးထောင်ချလိုက်ပါတယ်။ ဒီတော့ ၂၀၂၂ ထဲမှာ နိုင်/ကျဉ်းထဲက အချုပ်ဆိုလို့ လူ ၂၀ လောက်ပဲ ကျန်တော့တာပါ။ အဲဒီထဲက ၁၀ ဦးလောက်ကလည်း ဖေဖော်ဝါရီ ၁၂ မတိုင်မီ ထောင်ကျဖို့က သေချာသလောက် ရှိနေပြီ။ တရားသူကြီးက နောက်ရုံးချိန်းမှာ အမိန့်ချမယ်လို့ ပြောထားလို့ပါ။ ဒီတော့ အောက်တိုဘာ ၁၈ လွတ်/ငြိမ်းမှာ ကျန်ခဲ့တဲ့ နိုင်/ကျဉ်း ၁၀ ဦးလောက်ပဲ ရုံးချိန်ကျန်ပြီး ထောင်မကျဘဲ ကျန်နေတာပါ။
ဒီတော့ သူတို့လည်း တရားသူကြီးကို ချဉ်းကပ်ပြီး ထောင်ချခိုင်းရတယ်။ ဘာကြောင့်ဆို ဖေဖော်ဝါရီ ၁၂ လွတ်/ငြိမ်းက အရမ်းနာမည်ကြီးနေတာကို။ ဒါကြောင့် ထောင်ချခိုင်းရတာပါ။ ဒီလိုနဲ့ ၂၀၂၁ ထဲမှာ ဖမ်းဆီးခံရတဲ့ နိုင်/ကျဉ်းအားလုံး ၂၀၂၂ ဖေဖော်ဝါရီလထဲမှာ အကျတွေ ဖြစ်ကုန်ပါပြီ။ ဒါပေမဲ့ ဖေဖော်ဝါရီ ၁၂ မှာ ဘာလွတ်/ငြိမ်းမှ မလာခဲ့ပါဘူး။
ဒါပေမဲ့ မလွတ်မယ့်အတူတူတော့ ထောင်ကျထားတာက ကိုယ့်အတွက် ပိုကောင်းပါတယ်။ အချုပ်က ဘာခံစားခွင့်မှ မရှိပါဘူး။ အလုပ်လုပ်ရလည်း အလုပ်အတွက် ဘာခံစားခွင့်မှ မရပါဘူး။ လျော့ရက်လည်း မရဘူး။ ကွာလည်း မရဘူး။ အကျကတော့ လျော့ရက်တွေ၊ ကွာတွေ ခံစားခွင့်ရှိပါတယ်။ ဒါကြောင့် လွတ်/ငြိမ်းမလာလည်း မြန်မြန်ထောင်ကျထားတော့ လျော့ရက်တွေ၊ ကွာတွေ ခံစားခွင့်ရတာပေါ့။
ဒါပေမဲ့ ခိုးမှု၊ လုယက်မှုတို့လို အမှု အချုပ်ဘဝကို မက်ကြပါတယ်။ ထောင်ကျလည်း အလွန်ဆုံး ၃ နှစ်လောက်ဆိုတော့ သူတို့အတွက် မထူးခြားလှပါဘူး။ အချုပ်ဘဝက ရုံးထုတ်သွားရတယ်။ ရုံးထုတ်လို့ တရားရုံးအချုပ်မှာ ချုပ်ထားရင် မိသားစုနဲ့လည်း တွေ့ရပြီး လုပ်ချင်တာ လုပ်ရတယ်။ စားချင်တာ စားရတယ်လေ။ ဆေးလိပ်လည်း သောက်ရတယ်။ အရက်လည်း သောက်ရတယ်။ WY၊ ဆေးခြောက်လည်း သုံးရတယ်။ အချုပ်ခန်းစောင့်ရဲကို နည်းနည်းပါးပါး ပေးလိုက်ရင် ရပြီ။
လွတ်ရက်လျော့ရက်များ
ထောင်ကျတာနဲ့ လျော့ရက် ခံစားခွင့်တွေရှိပါတယ်။ လျော့ရက်မှာ နှစ်မျိုး ရှိပါတယ်။ တစ်မျိုးက သာမန်လျော့ရက်ပါ။ ထောင်မှာလုပ်ရတဲ့ အလုပ်အမျိုးအစားအလိုက် ၄ လတစ်ကြိမ် ပေးတဲ့လျော့ရက်ကို ပြောတာပါ။
ထောင်ချလိုက်တည်းက “အလုပ်နဲ့ထောင်ဒဏ်” ဆိုတာ ပါပါတယ်။ ဒါကြောင့် ထောင်ကျမှန်သမျှ အလုပ်က လုပ်ကို လုပ်ရမှာပါ။ ”ဘောင်ချာ” ကြောင့် အလုပ်မလုပ်ရတာက တစ်ပိုင်းပါ။ ဒါပေမဲ့ အလုပ်မလုပ်ရလည်း လျော့ရက်ရပါတယ်။
ကျွန်တော်တို့ထောင်မှာ အလုပ်တွေက တောင်ယာ၊ ဖိုကြီး၊ လက်သမား၊ မိလ္လာခပ်၊ ရေကန်၊ ပါဆယ်ပို့၊ အကျရုံး၊ ထောက်ရုံး…စသဖြင့် ရှိပါတယ်။
အပင်ပန်းဆုံးနဲ့ လျော့ရက်အများဆုံးအလုပ်က မိလ္လာခပ်တာနဲ့ ဖိုကြီးပါ။ ၄ လတစ်ကြိမ်ကို လျော့ရက် ၈ ရက် ရပါတယ်။ သာမန်လျော့ရက်က ၄ လ ကို ၄ ရက်ပါ။ ဖိုကြီးက ဘောင်ချာသမားတွေပဲ ရောက်တာပါ။ မိလ္လာခပ်တာကတော့ ဘောင်ချာ မရှိသူတွေ လုပ်ရတာပါ။ ဒါပေမဲ့ အချို့က “ဘောင်ချာ” လုပ်ပြီး မိလ္လာခပ်တာကို သူတို့က နာမည် ခံလိုက်ပါတယ်။ နောက် ဘောင်ချာမလုပ်နိုင်လို့ ဘောက်ဆင်းရတဲ့သူတွေကို ဘောင်ချာလက်ခံသူ ထောင်အရာရှိနဲ့ပေါင်းပြီး မိလ္လာခပ်ထည့်တာပါ။ မိလ္လာခပ်ပေးသူကိုတော့ ကွမ်းလေး၊ ဟင်းလေး၊ ဘာလေးညာလေးတော့ ကျွေးရတာပေါ့။ ပြီးတော့ မိလ္လာက နေ့တိုင်း ခပ်ရတာမှ မဟုတ်တာ။
ဒီတော့ နာမည်ခံသူက အလုပ်မလုပ်ဘဲ မိလ္လာလျော့ရက် ၈ ရက် ရတယ်။ အလုပ်လုပ်ရတဲ့သူက သာမန်လျော့ရက်ပဲ ရပါတယ်။ ဒါပေမဲ့ နာမည်ခံက ကျွေးမွေးထားတော့ လုပ်လိုသူတွေ များပါတယ်။
ဘောက်ဆင်းဆိုတာက ဘောင်ချာလည်း မရှိသူတွေပါ။ (အရင်အခန်းတွေမှာ ပြောခဲ့တဲ့ ရှိ ၃ ရှိ မရှိသူတွေပါ)
အခန်းလူကြီးတွေ၊ အဆောင်စာရေးတွေ စသဖြင့် အကျဉ်းသားအရာရှိတွေလည်း သူတို့ တာဝန်ယူထားရတဲ့ အဆင့်အလိုက် လျော့ရက်တွေ ရကြပါတယ်။
နောက် လျော့ရက်တစ်မျိုးက “ကွာ” ဆိုတာပါ။ သူက ၃ လတစ်ကြိမ်တွက်ပေးတာပါ။ သူက အလုပ်နဲ့ မဆိုင်ပါဘူး။ အမိန့်ချရက်နဲ့ဆိုင်ပါတယ်။ လူတိုင်းခံစားခွင့်ရှိတဲ့ လျော့ရက်လည်း ဖြစ်ပါတယ်။
“ကွာ” ကို ၄ မျိုး ခွဲထားပါတယ်။ ဇန်နဝါရီကနေ မတ်လကုန်အထိက A ပါ။ ဧပြီကနေ ဇွန်လအထိက B ပါ။ ဇူလိုင်ကနေ စက်တင်ဘာအထိက C ပါ။ အောက်တိုဘာကနေ ဒီဇင်ဘာအထိကတော့ D ပါ။
“ကွာ”ပေးတဲ့ လျော့ရက်တွေကိုတော့ အတိအကျ မမှတ်မိပါဘူး။ အနည်းငယ် မှားယွင်းနိုင်ပါတယ်။ A “ကွာ”အတွင်းမှာ အမိန့်ချသူတွေဟာ လျော့ရက် ၂၁ ရက် ရပါတယ်။ B “ကွာ” အတွင်းမှာ အမိန့်ချသူတွေက လျော့ရက် ၁၈ရက် ရပါတယ်။ C “ကွာ”အတွင်းမှာ အမိန့်ချသူတွေက လျော့ရက် ၁၂ ရက် ရပါတယ်။ D “ကွာ”အတွင်းမှာ အမိန့်ချသူတွေက လျော့ရက် ၉ ရက် ရပါတယ်။ ဒါ့ကြောင့် ဇန်နဝါရီကနေ မတ်လကုန်အတွင်း အမိန့်ချသူတွေကို “ကွာ” ဝင်ကောင်းတယ်လို့ သုံးနှုန်းကြတာပါ။
A ကွာ အမိန့်ချခံရတဲ့သူတွေဟာ “ကွာ” ကနေ တစ်နှစ်အတွက် လျော့ရက် ၆၉ ရက် ရပါတယ်။
ဥပမာအနေနဲ့ပြောရရင် A ကွာမှာ အမိန့်ချခံရတဲ့ ဖိုကြီးက အကျဉ်းသားတစ်ဦး ဆိုပါတော့။ သူဟာ “ကွာ” ကနေ လျော့ရက် ၆၉ ရက် ခံစားရပါတယ်။ အလုပ်လျော့ရက်က ၂၄ ရက် ရပါတယ်။ ဒါကြောင့် အမိန့်ချတဲ့နှစ်မှာ လျော့ရက်ပေါင်း ၉၃ရက် ခံစားရပါတယ်။
B ”ကွာ”မှာ အမိန့်ချခံရတဲ့ ဖိုကြီးက အကျဉ်းသားတစ်ဦး ဆိုရင်တော့ သူဟာ “ကွာ”ကနေ လျော့ရက် ၃၉ ရက် ခံစားရပါ တယ်။ အလုပ်လျော့ရက်က ၂၄ ရက် ရပါတယ်။ ဒါကြောင့် တစ်နှစ်မှာ လျော့ရက်ပေါင်း ၆၃ ရက် ခံစားရပါတယ်။
C “ကွာ”၊ D “ကွာ”တွေကလည်း ထို့နည်းတူပါပဲ။ အမိန့်ချတဲ့ “ကွာ” အပေါ်မူတည်ပြီး လျော့ရက်ခံစားခွင့် နည်းသွားပါတယ်။ ဒါပေမဲ့ အဲဒါက အမိန့်ချတဲ့ နှစ်အပေါ်ပဲ မတူညီတာပါ။ နောက်နှစ်တွေကျရင်တော့ “ကွာ” ခံစားခွင့်က အားလုံးအတူတူပါပဲ။
အဲဒါကြောင့် ဖိုကြီးတို့၊ မိလ္လာဘုတ်တို့မှာ အလုပ်လုပ်ရသူတွေက တစ်နှစ်ကို ၃ လကျော်လောက် လျော့ရက်ရပါတယ်။ ကျန်တဲ့သူတွေကတော့ အကျဉ်းသားအရာရှိတွေ မဟုတ်ရင် တစ်နှစ်ကို ၂ လ ကျော် လျော့ရက်ရပါတယ်။
အဲဒီ ခံစားခွင့်က နိုင်/ကျဉ်းတွေလည်း အတူတူပါပဲ။ အမိန့်ချတော့ အလုပ်နဲ့ထောင်ဒဏ်ဆိုတာ ပါပါတယ်။ ဒါ့ကြောင့် “ကွာ”ရော၊ လျော့ရက်ပါ ခံစားရပါတယ်။ ဒါက ၅၀၅ တွေရော၊ အကြမ်းဖက်ပုဒ်မတွေရော၊ ပေါက်ကွဲတွေရော အကုန် အတူတူပါပဲ။
ထောင်ထဲရောက်လာတဲ့ တရားမဝင် ပစ္စည်းများ
ထောင်မှာဆိုရိုးရှိပါတယ်။ ထောင်ထဲမှာ မူးယစ်ဆေးသုံးရင် စိတ်ချရတယ်။ အဖမ်းခံရမှာ မပူရဘူး” တဲ့။ ဟုတ်ပါတယ်။ ထောင်အာဏာပိုင်က မိရင်လည်း ဘောင်ချာအပေါ်မူတည်ပြီး အလွန်ဆုံး အပြစ်ပေးခံရ ကြိမ် ဆယ်ချက်ပါပဲ။ တန်းစီးချုပ်လို၊ ဖိုခေါင်းလိုလူမျိူး ဆေးချရင် မမြင်ချင်ယောင် ဆောင်ပေးထားပါတယ်။
တကယ်တော့ မသိ မရှိပါဘူး။ ဆေးခြောက်ဖြစ်ဖြစ်၊ WY ဖြစ်ဖြစ် အနံ့က အရမ်းပြင်းပြီး သိသာတာကို။ တိုင်တဲ့သူရှိမှသာ ဖမ်းပြီး ကြိမ်ဒဏ်ချတာပါ။ အတိုင်ခံရတယ်ဆိုတာကလည်း ထောင်ထဲ ရှိ ၃ ရှိ မရှိသူတွေ၊ ရန်ငြိုးရှိသူတွေမှသာ တိုင်ကြ တာပါ။
ထောင်ထဲ WY တွေ၊ ဆေးခြောက်တွေ ရောက်လာတာလဲ ဝန်ထမ်းကပဲ ယူလာပေးတာပါ။ ရုံးထုတ်သွားတဲ့ အချုပ်တချို့က ယူလာကြတယ်ဆိုပေမယ့် များများစားစား ယူလာလို့မှ မရတာ။
ထောင်ထဲ WY တွေ၊ ဆေးခြောက်တွေယူလာပေးလို့ ထောင်ကျနေတဲ့ဝန်ထမ်းတွေလည်း ရှိပါတယ်။ ကျွန်တော်ရှိနေစဉ် မှာကို ၃ ဦးရှိပါတယ်။ နှစ်ဦးကတော့ ဘယ်အချိန်တည်းက မိထားလဲတော့ မသိပါဘူး။ အချုပ်နဲ့ နေရတာပါ။ ၂၀၂၂ ထဲမှာ ထောင်ကျပြီး သာယာဝတီထောင်ကို ပြောင်းသွားရပါတယ်။ ထောင်က ဝန်ထမ်း ထောင်ကျရင် သူတာဝန်ကျဖူးတဲ့ထောင်မှာ ထားလို့ မရပါဘူး။ အဲဒါကြောင့် အခြားထောင်ကို ပြောင်းရတာပါ။
နောက်တစ်ဦးကတော့ ထောင်မှာ ကားမောင်းရတာပါ။ အဲဒီကားက ထောင်က Light Truck ကားပါ။ ထောက်ရုံးကို ရောက်လာတဲ့ ရိက္ခာ၊ အသားငါး၊ အကျဝတ်စုံ၊ စောင်စတာတွေကို ထောင်အပြင်ကနေ ထောင်စတိုကို ပို့ရတာပါ။ အဲဒီကားနဲ့ မူးယစ်ဆေးဝါးတွေ ဖွက်ပြီးသယ်လာတာကို မိတာပါ။
နောက် ကားတစ်စီးရှိပါတယ်။ HERO ကားစုတ်ကြီးပါ။ အဲဒီကားကိုတော့ ထောင်က တပ်ကြပ်ကြီးတစ်ဦး မောင်းပါတယ်။ အဲဒီကားက အပြင်ကနေ ဖိုကြီးအတွက် ဖွဲကို ထောင်ထဲက ဂိုဒေါင်ကို သယ်တာ။ ထောင်ထဲ လိုအပ်တဲ့ မြေကြီးသယ်တာ။ ထောင်ထဲက အမှိုက်တွေကို အပြင်ပြန်ထုတ်တာတွေအတွက်ပါ။
ခုနပြောတဲ့ကားတွေကို ဝန်ထမ်းတန်းလျားမှာထားပြီး ထောင်ထဲကို တိုက်ရိုက်မောင်းဝင်လာတာပါ။ ဘူးဝမှာ ဝန်ထမ်းတစ်ဦးက အဲဒီကားကို စစ်ပါတယ်။ စစ်ပြီးရင်တော့ စစ်မယ့်သူတွေ မရှိတော့ပါဘူး။
ကားတွေ အကျရုံးတံခါးကို ဝင်လာတာနဲ့ ထောင်ဖွင့်ချိန်ဆို ထောင်ထဲသွားလာနေတဲ့ အကျဉ်းသားတွေ ကြားအောင် အကျဉ်းသားတစ်ဦးက “ရှေ့ကြည့်” ဆိုပြီးအော်ပါတယ်။ အဲဒီအခါကျရင် အကျဉ်းသားတွေက ပုံစံ(၃)နဲ့ ထိုင်နေရပါတယ်။ ကားကျော်သွားလို့ “သက်သာ” ဆိုပြီး အော်သံကြားမှ ပုံမှန်အတိုင်း သွားလာရပါတယ်။ အကျဉ်းသား ကားပေါ်လိုက် ပါသွားပြီး ထွက်ပြေးမသွားနိုင်အောင် ပုံစံထိုင်ခိုင်းထားတာပါ။
အဲဒီကားတွေ ထောင်ထဲက ပြန်ထွက်ရင် အကျရုံးတံခါးမှာ “ဈေးဘားဗက” က ကားကို စစ်ပါတယ်။ သူမရှိရင်တော့ “တန်းစီးချုပ်”က စစ်ပါတယ်။ ပြီးရင်တော့ ဘူးဝမှာ ဝန်ထမ်းက တခါစစ်ပါတယ်။ ပြီးရင် စစ်မယ့်သူ မရှိတော့ပါဘူး။
အဲဒီ HERO ကားကြီးနဲ့ စစ်/စည်းတစ်ဦး ခိုးလိုက်သွားပြီး လွတ်သွားတဲ့ ဖြစ်စဉ် ၂၀၂၅ ခုနှစ်ထဲမှာ ဖြစ်ခဲ့ဖူးပါတယ်။
WY သုံးဖို့အတွက် အအေးဗူးခွံနဲ့ပိုက်က မခက်ခဲပါဘူး။ ထောင်က တရားဝင် ယူခွင့်ပြုထားတဲ့ အအေးဗူးဖြစ်လို့ပါ။ အခက်တွေ့တာက ဆေးခြောက်သမားတွေပါ။ ဆေးခြောက်သမားတွေက ဆေးပေါ့လိပ်ရှိမှ သောက်လို့ အဆင်ပြေကြ တာဆိုတော့ ဆေးပေါ့လိပ်လိုလာပြန်တယ်။ ဆေးပေါ့လိပ်ကို ရုံးထုတ်ထွက်ရသူတွေက သွင်းကြပါတယ်။
ဘယ်လိုသွင်းလဲဆိုတော့ ခြင်းခတ်ရာမှာ သုံးတဲ့ ဟမ်းကလက် ဒူးစွပ်တွေကို ပေါင်မှာပတ်ပြီး အဲဒီအစွပ်ထဲမှာ စီးကရက်ဘူးလိုက်၊ ဆေးပေါ့လိပ် အထုတ်လိုက် ထည့်လာကြတာပါ။ နောက်ပိုင်း ဘောင်ချာမလုပ်ဘဲ သွင်းကြတော့ အဲဒီနည်းက မရတော့ပါဘူး။ ဒီတော့ ဝန်ထမ်းတွေက သွင်းပါတယ်။ ဘယ်လိုသွင်းလဲဆိုတော့ မျှော်စင်စောင့်တဲ့ ဝန်ထမ်းက ဆေးလိပ်စည်းယူသွားပြီး မျှော်စင်ပေါ်ကနေ ထောင်ထဲကို ပြစ်ချပါတယ်။ ပစ်ချတဲ့မျှော်စင်နဲ့နီးတဲ့ အဆောင်က ဝန်ထမ်းက သွားကောက်ပြီး အခန်းလူကြီးတစ်ဦးဦးကို ပြန်ရောင်းခိုင်းတာပါ။
မျှော်စင်တွေမှာ CCTV တွေ ရှိပြီး အဲဒီလို ပြစ်ချတာကို CCTV က မိသွားတဲ့နောက် အဲဒီနည်းလည်း အဆင်မပြေတော့ပါဘူး။ ဒီတော့ ဘောင်ချာရှိတဲ့ အချုပ်တန်းစီးတွေက ဘောင်ချာထပ်ဖွင့်ပြီး ရုံးထုတ်က အပြန်ယူလာကြပါတယ်။ ဟမ်းကလက် ဒူးစွပ်တွေနဲ့ပဲ သယ်တာဆိုတော့ စီးကရက်ကိုတော့ ဗူးလိုက်သယ်လို့ ပါပါတယ်။ ဆေးပေါ့လိပ်ပေါက်ဈေးက တစ်လိပ် ၅၀၀ ကျပ်ပါ။ စီးကရက်ကတော့ တစ်လိပ် ၁၀၀၀ ကျပ် ပါ။ မီးခြစ်ကိုတော့ ဝန်ထမ်းတွေက တစ်လုံးတစ်ထောင်နဲ့ ရောင်းပါတယ်။
ဆေးလိပ်သမားတွေအတွက် စီးကရက်ကလည်း ရုံးထုတ်တွေ သယ်လာတာပါပဲ။ ဆေးလိပ်တွေကို ဖင်စီခံတွေဖြတ်ထုတ်ပြီး ပလတ်စတစ်အိတ်နဲ့ လိပ်ထုတ်ပြီး စအိုထဲထည့်သယ်တာပါ။ တစ်ယောက်ကို စီးကရက် တဗူးစာလောက် သယ်နိုင်ပါတယ်။ ပေါက်ဈေးက ၁ လိပ်ကို ၅၀၀ ပါပဲ။ WY ကိုလည်း အဲဒီနည်းနဲ့သွင်းတာရှိသလို ဖိနပ်ကို ခွဲထည့်ပြီး ကော်ပြန်ကပ်ကာ သယ်လာတာတွေလည်း ရှိပါတယ်။
အဲဒီဆေးလိပ်တွေကို ဝယ်မသောက်နိုင်သူတွေကတော့ ကွမ်းစားဆေး ရေသန့်ဘူးအဖုံး ၁ ဖုံးကို ၅၀၀ ပေးဝယ်ပြီး စာကြည့်တိုက်က စာအုပ်တွေ၊ သတင်းစာစက္ကူတွေဖြဲပြီး လိပ်သောက်ကြပါတယ်။
ဘယ်ဆေးလိပ်ပဲသောက်သောက် မိရင်တော့ ကြိမ် ၁၀ ချက်နဲ့ တိုက် ၃ ရက် ပိတ်ပါတယ်။
နောက်ထပ်ထောင်ထဲက လူကြိုက်အများဆုံးအရာက အပြာ(လိင်အသားပေး) စာအုပ်ပါ။ ဒါက အပြင်က ဝင်လာတာ မဟုတ်ပါဘူး။ အကျရုံးက ထွက်လာတာပါ။
အကျရုံးမှာက ကွန်ပျူတာတွေ ရှိတယ်။ အင်တာနက်ရှိတယ်။ ပရင်တာ ရှိပါတယ်။ ဒါကိုတွေ အကျရုံးက အကျဉ်းသား အရာရှိတွေက အသုံးပြုရတာပါ။ အဲဒီကနေ အကျရုံးတာဝန်ခံဗိုလ်လေးလစ်ချိန် အပြာစာအုပ်တွေကို အင်တာနက်ပေါ်က ဒေါင်းလော့ဆွဲပြီး ပရင်တာနဲ့ထုတ်ကာ ထောင်ထဲရောက်လာတာပါ။
ဖတ်ခက တစ်အုပ်ကို ကွမ်းတစ်တန်းပေးရပါတယ်။ မတတ်နိုင်သူတွေကတော့ တတ်နိုင်သူတွေကို နင်းနှိပ်ပေးပြီး အလကား ကပ်ပြီး ဖတ်ကြပါတယ်။
-ဆက်လက်ဖော်ပြပါမည်။