ဒေါင်းမြီး ရေးသည်။
မဏ္ဍိုင် ၊ ဇန်နဝါရီ ၇၊ ၂၀၂၆။
ရေချိုးသွားရင်း ထောင်ထဲရောက်လာတဲ့ ကြံ့ခိုင်ရေးအမာခံတဦး
ကျွန်တော်တို့မြို့မှာ နိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး အကြီးမားဆုံးအဖြစ်အပျက်တစ်ခု ရှိခဲ့တယ်။ အကြီးမား ဆုံးဆိုတာက အခြားတော့ မဟုတ်ပါဘူး။ ဒလန်အိမ်ကို လူအုပ်ကြီးနဲ့ တိုက်ခိုက်တဲ့အမှုကနေ ထောင်ထဲကို ဝင်လာမစဲ တသဲသဲ ဖြစ်ခဲ့လို့ပါပဲ။ အဲဒီအမှုနဲ့ပတ်သက်ပြီး ၂၀၂၁ တစ်နှစ်အတွင်းမှာ လူပေါင်း ၈၀ နီးပါး ထောင်ထဲရောက်ခဲ့ကြတယ်။
ဖြစ်တာက ၂၀၂၁၊ ဧပြီလထဲမှာပါ။ ဒလန်လို့ စွပ်စွဲခံရသူက အသက် ၅၀ အရွယ် အမျိုးသမီးကြီး။ သူက အမျိုးသား ၂ ဦးနဲ့ ပေါင်းသင်းနေထိုင်နေသူ။ ဆန္ဒပြတာတွေကို စစ်တပ်က နှိမ်နှင်းလို့ ခုခံမယ်ဆိုပြီး ဗုံးတွေ၊ လက်လုပ်တွေ စတင်ထုတ်လုပ် နေတဲ့အချိန်ပေါ့။ အဲဒီအမျိုးသမီးကြီးက သတင်းပေးလို့ဆိုပြီး အိမ်တစ်အိမ်ကို စစ်တပ်က ဝင်စီးတယ်။ ဗုံးတွေ တွေ့သွား တယ်။ ဖမ်းဆီးခံရတဲ့သူတချို့ ဖမ်းဆီးခံရတယ်။ လွတ်မြောက်သူတချို့ လွတ်မြောက်သွားတယ်။
အဲဒီမှာ ဒေသခံလူငယ်တွေဟာ အမျိုးသမီးကြီးရဲ့ နေအိမ်ရှေ့သွားပြီး အော်ကြဟစ်ကြ။ ဖျက်ဆီးကျနဲ့ လုပ်ကြ တယ်။ ဒီအချိန်မှာ စစ်တပ်က ရောက်လာပြီး ရောက်ရောက်ခြင်းပဲ စစ်မြေပြင်လို ပစ်ခတ်ကြတော့တာပဲ။ အဲဒီအချိန်က အင်တာနက် ဖြတ်ထားတဲ့အချိန်။ (ဖုန်းလိုင်းက အင်တာနက်တွေ ဖြတ်ထားပြီး အိမ်သုံး ဝိုင်ဖိုင် တွေတော့ ရနေသေးတယ်) ဖြစ်စဉ် ဖြစ်ပွားတဲ့အနီးမှာ ဟိုတယ်တစ်ခုရှိတော့ အဲဒီဟိုတယ်က အင်တာနက်ကို ဟိုတယ်ဘေးက လယ်ကွင်းထဲမှာ သုံးနေတဲ့သူတွေရှိတယ်။ စစ်တပ်က သူတို့ကိုလည်း ပစ်တာပဲ။
ပစ်လို့ဝတော့ အနီးအနားမှာ တွေ့တဲ့သူမှန်သမျှ အကုန်ဖမ်းတယ် ။ရှိသမျှ ပစ္စည်းတွေကိုလည်း တွေ့သမျှ အကုန် ဖျက်ဆီးတယ်။ အဲဒီလုပ်ရပ်ကို ၉၅၉-လျှပ်/စက် တပ်က လုပ်တာ။ အဲဒီဖြစ်စဉ်မှာ သေတဲ့သူတွေလည်း ရှိတယ်။ ဒဏ်ရာနဲ့ဖမ်းခံရသူတွေလည်း ရှိတယ်။
သေသူဘယ်နှစ်ဦးရှိမှန်း မသိရပေမယ့် အဖမ်းခံရသူက ၅၀ နီးပါးရှိတယ်။ အဲဒီအထဲမှာ ကြံ့ခိုင်ရေးပါတီ(USDP)က အမာခံတစ်ဦး ပါလာတယ်။
သူက နွေဦးတော်လှန်ရေး ဆန္ဒပြပွဲတွေမှာ ယောင်လို့တောင် ပါခဲ့သူ မဟုတ်ဘူး။ တကယ့်ကို ကြံ့ခိုင်ရေး အမာခံ စစ်စစ်။ သူ အခြားရပ်ကွက်တစ်ခုမှာ နေတာ၊ ဖြစ်ချင်တော့ သူ့အဖေအိမ်က အခင်းဖြစ်ရာအနီးမှာ။
သူ လုပ်ရိုးလုပ်စဉ်အတိုင်း အလုပ်သွားတယ်။အလုပ်က မှောင်မှ ပြန်ရောက်တယ်။ စီးပွားရေးအရ သူက နွမ်းပါးပါ တယ်။ နေထိုင်ရာအိမ်ကို မပြန်ဘဲ သူ့အဖေအိမ်ကို ရေဝင်ချိုးဖို့ သွားတယ်။ ပစ်ခတ်မှုတွေ ဖြစ်နေပေမယ့် သူနဲ့မှ မဆိုင်တာကို။ သူမှ ဖြစ်စဉ်မှာ မပါတာကို။ နောက် သူက USDP အမာခံတစ်ဦးလည်း ဖြစ်နေတာကို။
ဒီတော့ သူ့အဖေအိမ်ကို သွားတယ်။ စစ်တပ်နဲ့တွေ့ပြီး အဖမ်းခံရတယ်။ ဘယ်လို ရှင်းပြပြ မရဘူး။ တစ်ခါတည်း ခေါ်သွားတယ်။သူ့အိမ်ကလည်း ဆိုင်ရာ ဆိုင်ရာ ပါတီလူကြီးတွေနဲ့ ဆက်သွယ်တယ်။ မရဘူး။
ကျွန်တော်ထောင်ထဲရောက်ပြီးနောက် သူနဲ့ ရင်းနှီးသွားတော့မှ ဒီအကြောင်းတွေကို သူပြောပြခဲ့တာပါ။ ကျွန်တော်က-
“ခင်ဗျားပါတီက လူကြီးတွေက လိုက်မထုတ်ဘူးလားဗျ” လို့ မေးတော့
“ကျွန်တော်က တိုင်းအတွင်းရေးမှုး တပည့်ဗျ။ တစ်ခုခုဆို ကျွန်တော့်ပဲခိုင်းတာ။၂၀၂၀ ရွေးကောက်ပွဲမှာဆိုလည်း မအိပ်မနေ၊ အလုပ်အကိုင်ပျက်ခံပြီး လုပ်ပေးခဲ့တာ။ တကယ်ဖြစ်လာတော့ သူတို့က ပြန်မကြည့်ဘူးဗျ” လို့ သူက ပြန်ဖြေတယ်။
“ဘာဖြစ်လို့လဲဗျာ”
“မသိပါဘူးဗျာ။ အမေက သူ့ကို သွားပြောတော့ တစ်ဝိုင်းလုပ်ပေးရမယ်ပြောတယ်။ နောက် သိန်း ၅၀ တောင်း တယ်။ သူယူမှာ မဟုတ်ပါဘူး။ ဆိုင်ရာတွေကို ပေးကမ်းရမှာလို့ ပြောတယ်။”
သူပြောတာ ဟုတ်နိုင်ပါတယ်။ တိုင်းအတွင်းဆိုသူက ပါတီဗဟို ပြောရေးဆိုခွင့် ရှိသူသုံးဦးထဲမှာ တစ်ဦးအပါ ဖြစ်သလို ၁၉၉၃ ကြံ့ခိုင်ရေးအသင်းစဖွဲ့တည်းက ပါဝင်ခဲ့သူပါ။ နိုင်ငံပိုင်မြေကွက်တွေ သူ့နာမည်နဲ့ ယူထားတာ အများကြီးပါ။ တော်တော်လည်း ပေါက်မြောက်ပါတယ်။
အဖမ်းခံလိုက်ရတဲ့ ကြံ့ခိုင်ရေးပါတီဝင်ဟာ ၅၀၅ နဲ့ ထောင် ၂ နှစ် ကျခဲ့ပါတယ်။ ၂၀၂၁၊ အောက်တိုဘာမှာ လာတဲ့ လွတ်/ငြိမ်းမှာ ကျန်ခဲ့ပြီး ၂၀၂၂၊ နိုဝင်ဘာမှာ လာတဲ့ လွတ်/ငြိမ်းမှာ လွတ်သွားပါတယ်။
အဆောင်မှာ သူ ဘယ်သူနဲ့မှ မတည့်ပါဘူး။ ခဏခဏလည်း ၅၀၅ တွေနဲ့ ရန်ဖြစ်ပါတယ်။ သည်းညည်းလည်း မခံ ပါဘူး။ ကြံ့ခိုင်ရေးပါတီထိရင်လည်း တစ်စက်မှ အထိမခံပါဘူး။
နောက်ဆုံး အဆောင်မှာ မနေနိုင်လို့ ထောင်ပိုင်ကို တင်ပြပြီး ဆေးရုံဆောင်ကို ရွေ့သွားပါတယ်။ ဆေးရုံ ဆောင်မှာလည်း ၃ဆောင်မှာ နေသလို ထောင်ပိုင်ကို တင်ပြတာကြောင့် အခြားအမှုတွေထားတဲ့ အဆောင်ကို ထပ်ရွေ့ခံရပြန်တယ်။ ကြက်သားတုံး သေးတယ်ဆိုပြီး ထောင်ပိုင်တန်းစီမှာ တင်ပြတာပါ။ ကြက်သားတုံး ကကြီးမလာတဲ့အပြင် သူ့ကို အကျဆောင် ရွှေ့လိုက်တာပါ။ သူဟာ အဲဒီအဆောင်ကနေ လွတ်သွားပါတယ်။
တိုက်ထဲက စစ်တပ်လက်ကိုင်တုတ်များ
၂၀၂၂ ထဲမှာ စစ်တပ် အလိုတော်ရိ ၃ ဦး ထောင်ကို ရောက်လာပါတယ်။ ဖေဖော်ဝါရီလောက်မှာ ထင်ပါတယ်။ တစ်ဦးက နအဖလက်ထက် ရဲဝန်ထမ်းတစ်ဦးပါ။ နောက် ငြိမ်းချမ်းရေး ယူထားတဲ့ လက်နက်ကိုင်အဖွဲ့ထဲ ရောက် သွားပါတယ်။ တောင်ကြီးဘက်မှာ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အတွက် ဗန်းပြကာ သူ့အတွက် မြေသိမ်းတာတွေ လုပ်ခဲ့တယ်။ အဲဒီမှာ အာဏာပိုင်၊ ဒေသခံတွေနဲ့ ပြဿနာဖြစ်ပြီး ပြန်ရောက်လာတာ။ အာဏာ သိမ်းတော့ ဒကစ သတင်းပေး လုပ်နေတာပါ။ သူက ထောင်ထဲကို စစ်တပ်အလိုတော်ရိတွေထဲက အစောဆုံး ရောက်လာသူပါ။
ပြီးတော့ နောက်တစ်ယောက်က ရပ်ကွက်တစ်ခုက စစ်ကောင်စီခန့် ရာအိမ်မှူး တစ်ဦးပါ။ သူကတော့ ဘာခံယူ ချက်မှ ရှိတာ မဟုတ်ပါဘူး။ အနေအစားချောင်အောင် ရာအိမ်မှူးဝင်လုပ်ရင်း စစ်တပ်အလိုတော်ရိ လုပ်ရတာကို အရသာတွေ့သွားတာပါ။
နောက်တစ်ဦးကတော့ စစ်တပ်အမာခံ ထောက်ခံသူပါ။ အာဏာမသိမ်းခင်က တစ်ကိုယ်တော် စစ်တပ်ထောက်ခံ ဆန္ဒပြတာတွေ လုပ်ခဲ့သလို စစ်မှုထမ်းဟောင်းတွေနဲ့အတူတူ ဆန္ဒပြတာတွေလည်း လုပ်ခဲ့ပါတယ်။ အာဏာ သိမ်း တော့ ဒကစ သတင်းပေး လုပ်နေတာဖြစ်ပြီး သတင်းပေးတွေထဲမှာတော့ ဆရာကြီး ဖြစ်နေသူပါ။ သူဟာ ဒကစ မှာ စစ်ကြောရေး လုပ်နေတဲ့ အရာရှိတွေနဲ့တန်းတူ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအန်တုသူတွေကို ရိုက်နှက် စစ်ကြော ခွင့် ရရှိနေသလို စစ်ကြောရေးကနေ အပြင်ထွက်ရင်လည်း ပစ္စတိုသေနတ်တစ်လက် ကိုင်ဆောင်ခွင့်ရထားသူပါ။
သူဟာ ယုတ်မာလွန်းသူလည်း ဖြစ်ပါတယ်။ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ် ထောင်ထားပြီး ဖမ်းဆီးဖို့ လှုံ့ဆော်နေသူလည်း ဖြစ်ပါတယ်။ သူ လှုံ့ဆော်တဲ့သူဆို စစ်တပ်ကလည်း တကယ်ဖမ်းပါတယ်။
တကယ်လို့ အဖမ်းမခံချင်ရင် သူ့ကို လာညှိလို့ရပါတယ်။ ငွေကြေး ပမာဏတစ်ခုနဲ့ လာရောက်ညှိနိူင်းလို့ အဆင် ပြေပါတယ်။ အမျိုးသမီးတွေဆိုရင်တော့ သူနဲ့ ညအိပ်ပေးရပါတယ်။ ညအိပ်ပေးခဲ့ရသူ ၃ ဦးအထိ ရှိတယ်လို့ တခြား မှုနဲ့ထောင်ကျလာ တဲ့သူတွေက ပြောပြတယ်။
ဆိုခဲ့တဲ့ ၃ ဦးလုံးက အမှုပွဲစားလည်း လုပ်ပါတယ်။ နိုင်ငံရေးကြောင့် ဖမ်းဆီးခံရသူတွေရဲ့ အုပ်ထိမ်းသူတွေနဲ့ ဒကစ ကြား ငွေကြေးပမာဏ ညှိနိုင်းပေးတာပါ။ နောက်ပိုင်းကျတော့ ဒကစကို ပေးတာနည်းနည်း၊ သူတို့အိတ် ထဲထည့် တာ များများ ဖြစ်လာပါတယ်။ ကာယကံရှင်တွေကလည်း ပိုက်ဆံသာ ပေးရတယ်။ ကိုယ့်လူက မလွတ်တာမျိုး တွေ ကြုံရလာပါတယ်။
အဲဒီလို ကြုံခဲ့ရသူတစ်ဦးကိုအကြောင်းပြုပြီး ပေါက်ပေါက်မြောက်မြောက်ရှိသူတစ်ဦးက ဒကစထက်မြင့်တဲ့ နေရာ ကို တိုင်လိုက်တော့ ထောင်ကျခဲ့ကြတာပါ။
ထောင်တစ်ခုလုံးရဲ့ အချစ်တော်က စစ်တပ်အမာခံထောက်ခံသူကြီး၊ သတင်းပေးလုပ်ပြီး မိန်းကလေးတွေအပေါ် လိင်အမြတ် ထုတ်သူ စစ်တပ်ထောက်ခံသူကြီးပါ။ သူထောင်ထဲရောက်တယ်ကြားတာနဲ့ ၅၀၅ တွေရော၊ အခြား အမှုတွေပါ ဝိုင်းနွာဖို့ ပြင်နေကြတာပါ။
သူ Quarantine ဆောင်ကို ရောက်လာတော့ အချုပ်ပုံစံခန်း တန်းစီးက လာညှိတယ်။ သူအဆောင် ရောက်လာရင် တွယ်လိုက်မယ်ပေါ့။ ၃ ဆောင်ဘက်ကလည်း တွယ်ပေါ့။ ဒါပေမဲ့ အဲဒီမနက်မှ ပြဿနာက တက်နေပြီ။ Quarantine ဆောင်က သူ့ကို ၃ ဆောင်ဘက်က လှမ်းစိမ်ခေါ်တယ်။ ဒီမှာ ထောင်အာဏာပိုင်တွေပါ ရောက်လာ ပြီး သူ့ကိုတိုက်ထဲ တန်းပို့လိုက်တယ်။ နောက် သူ့ကို တိုက်ဝန်းကနေ အပြင်ကို လုံးဝ ထွက်ခွင့် မပေးတော့ဘူး။ ရုံးထုတ်တဲ့အခါ ထောင်တွင်း အထူးတရားရုံးမှာ ထုတ်ပေမယ့် ပြဿနာဖြစ်မှာစိုးလို့ သူ့ကို သီးခြားထုတ်တယ်။
စစ်ကောင်စီက အငြိုးကြီးပါတယ်။ ထောင်ကို ၃ နှစ်အထိ ချတယ်။ စစ်တပ်က သူဖမ်းထားတဲ့သူ့လူတွေကို လာသမျှ လွတ်/ငြိမ်းတွေထဲ တစ်ခါမှ ထည့်မပေးပါဘူး။ သူတို့အားလုံး နှစ်စေ့မှ လွှတ်သွားကြတယ်။ လွတ်တဲ့ အထိလည်း တိုက်ထဲမှာပဲ နေခဲ့ကြရတယ်။
ထောင်တွင်းက သက်မွေးကျောင်း လက်မှုပညာများ
ထောင်မှာ အကျဉ်းသားတွေဟာ လက်မှုပညာလေးတွေနဲ့ အရုပ်နဲ့ အသုံးအဆောင် ပစ္စည်းလေးတွေ လုပ်ကြပါတယ်။ များသောအားဖြင့် ထောင်ဝင်စာမလာသူတွေက လက်မှုပညာတတ်သူတွေက အရုပ်နဲ့ အသုံးအဆောင် ပစ္စည်းလေးတွေ လုပ်ပြီး ရောင်းချ အသက်မွေးကြတာပါ။
အခြားအမှုတွေဘက် ကော်ဖီအိတ်ခွံတွေနဲ့ ဖျာ၊ ဆင်ရုပ်၊ လွယ်အိတ်၊ ကော်ဖီပါကင်အိတ်ခွံနဲ့ ခမောက်၊ အုန်းဆံ မျှင်နဲ့ ဆွဲကြိုး၊ အုန်းသီးခွံနဲ့ လက်စွပ်၊ ဆွဲပြား၊ ထောင်ဝင်စာထည့်တဲ့ ပလတ်စတစ်အိတ်ခွံနဲ့ ကြိုးကျစ်ပြီး ပုဇွန်ရုပ် စသဖြင့် လုပ်ကြပါတယ်။
အဲဒီလိုလုပ်ဖို့အတွက် အကူပစ္စည်းတွေ လိုအပ်ပါတယ်။ ကုန်ကြမ်းဖြစ်တဲ့ ကော်ဖီအိတ်ခွံ ၁၀၀ ကို ထောင်ထဲမှာ ကွမ်းတစ်ထုတ်(အပြင်မှာ ၂၀၀ ဖိုး အထုတ်ဖြစ်ပြီး ထောင်ပေါက်ဈေး ၅၀၀) ပေးပြီး ဝယ်ရပါတယ်။ မဝယ် နိုင်သူကတော့ သူများဆီလိုက်တောင်း။ လွှင့်ပစ်ထားတဲ့ နေရာတွေက လိုက်ကောက်ပေါ့။ ကော်ဖီအိတ်ခွံ ၁၀၀ ဆိုရင် တရားထိုင်ဖျာဆိုဒ် ဖျာ ၄ ချပ်လောက် ရပါတယ်။
ဒါပေမဲ့ အကူပစ္စည်းတွေ လိုပါသေးတယ်။ အဲဒါတွေကတော့ ကော်ဖီအိတ်ခွံလှီးဖြတ်ဖို့ အလည်က ချိုးထားတဲ့ ဘရိတ်ဒါး (ဒါကို လွင့်ပစ်ထားတဲ့ တစ်ခါသုံး မုတ်ဆိပ်ရိတ်ဂျုပ်ထဲက ခွဲထုတ်ပြီး ယူပါတယ်)။ နောက် ထိုးတံ လုပ်တဲ့ တစ်မိုက်လောက် အရှည်နဲ့ အချွန်ပါတဲ့သစ်သားချောင်း။ ထိုးတံအတွက် လက်သမားဘုတ်ကိုသွားပြီး ဘုတ်က အသိတစ်ဦးဦးကို ကွမ်းကျွေးကာ သစ်သားချောင်း တောင်းယူပြီး ရေကန်သတမံသလင်းမှာ သွေးပြီး ချွန်ထားရတာပါ။ ဒါဆိုရင်တော့ ဖျာအတွက် အကူပစ္စည်း လုံလောက်ပါပြီ။
ဆင်ရုပ်နဲ့ လွယ်အိတ်ကလည်း ထို့နည်းတူစွာပါပဲ။ပြန်ရောင်းတဲ့အခါ ဖျာတချပ်ကို ကွမ်း ၃ထုတ်(သို့မဟုတ်)ကျပ် ၁၅၀၀။ဆင်တကောင် ကွမ်း ၁ထုတ်(သို့မဟုတ်)ကျပ် ၅၀၀။လွယ်အိတ်ကတော့ ထိုးထားတဲ့ ဆိုဒ်အပေါ်မူတည်ပြီး ကွမ်း ၂ထုတ်(သို့မဟုတ်)ကျပ် ၁,၀၀၀ ကနေ ကွမ်း ၄ထုတ်(သို့မဟုတ်)ကျပ် ၂,၀၀၀ အထိ ပေါက်ပါတယ်။
ခမောက်ကတော့ ကုန်ကြမ်းဖြစ်တဲ့ကော်ဖီပါကင်အိတ်ခွံ ၁၀၀ ကို ကွမ်းတစ်တန်း (၅၀၀တန် ကွမ်းထုတ်မှာ ကွမ်း ၈ ယာ နှစ်တမ်း ပါပါတယ်။ ကွမ်းတစ်တန်းဆိုတာက ၈ ယာကို ပြောတာပါ။) ခမောက်ကတော့ ကွမ်း ၃ ထုတ် (သို့မဟုတ်)ကျပ် ၁,၅၀၀ လောက်နဲ့ ရောင်းရပါတယ်။ အကူပစ္စည်းတွေကတော့ ဖျာယက်တာနဲ့အတူတူပါပဲ။
အုန်းဆံမျှင်ဆွဲကြိုးကတော့ အင်မတန်လက်ဝင်ပါတယ်။ ပထမဆုံး အုန်းသီးအခြောက်က အုန်းဆံမျှင်ကို တမျှင်ခြင်း လက်နဲ့ဆွဲယူရပါတယ်။ လိုအပ်တဲ့ အရှည်မရမှာ စိုးလို့ အရင်ဆုံး တညအိပ်လောက် အုန်းဆံကို ရေစိမ်ထားရပါတယ်။ ဆွဲကြိုးတစ်ကုန်းစာ အုန်းဆံမျှင် ၁၇၀ လောက်ကို စိတ်ရှည်လက်ရှည်နဲ့ အလုံးတူအရွယ်တူ ရွေးထုတ်ရပါတယ်။ နောက် အဲဒီအုန်းဆံမျှင်တွေကို ရေဆွတ်ပြီး ရေကန်ကြမ်းပြင်မှာ အရောင်ထွက်အောင် ပွတ်ရတယ်။ ပြီးရင် ခြောက်သွေ့အောင် နေလှန်းရတယ်။
အကူပစ္စည်းကတော့ ထိုးတံပါပဲ။ သူကတော့ ကော်ဖီမစ်အိပ်ခွံထိုးတဲ့ တုတ်ထက် လုံးပတ် သေးရပါတယ်။ နောက် ထိပ်ဖျားကိုလည်း ညီနေအောင် ချွန်ထားရတယ်။ နောက် လိုအပ်တာက အဖျား ချွန်ထက်နေတဲ့ သွားကြား ထိုးတံပါ။
အရင်ဆုံး ထိုးတံနဲ့ သွားကြားထိုးတံကို အသုံးပြုပြီး အုန်းဆံမျှင်ကို ဖွတ်မြီးထိုးသဏ္ဍာန် ၇ ပတ် ထိုးရပါတယ်။ အဲဒါစာ ဆွဲကြိုးအတွက် ကွင်းတကွင်းပါ။ အဲဒီကွင်းဆိုဒ်ကို မှတ်ထားပြီး ကွင်းပေါင်း ၁၇၀ နီးပါး အရွယ်တူ ထိုးရပါတယ်။ ကွင်းတစ်ကွင်းကို ကျွမ်းကျင်မှုအပေါ်မူတည်ပြီး ၂ မိနစ်ကနေ ၅မိနစ်အထိ ကြာမြင့်ပါတယ်။ ကွင်းသေးလေ လှလေပါပဲ။ ကွင်းသေးလုပ်ရလေ မျက်လုံး ထိခိုက်လေပါပဲ။
ဆွဲကြိုးတစ်ကုန်းပြီးဖို့ ၃ ရက်ကနေ ၅ ရက်အထိ ကြာမြင့်ပါတယ်။ ပြီးသွားရင်တော့ အုန်းဆံမျှင်ကို ခြင်းလုံး အသေးလေး ထိုးပြီး ဆွဲသီးလုပ်တပ်ပေးလိုက်ပါတယ်။ ခြင်းလုံးမထိုးတတ်ရင်တော့ ထိုးတတ်တဲ့သူဆီက ဝယ်ပေါ့။ ခြင်းလုံးတစ်လုံးကို ကွမ်းတစ်ထုတ်(သို့မဟုတ်) ကျပ် ၅၀၀ ပေါက်ပါတယ်။ ခြင်းလုံးလည်း မထိုး တတ်ဘူး၊ ဝယ်လည်း မဝယ်ချင်ဘူးဆိုရင်တော့ အုန်းသီးခွံနဲ့ လက်ဝါးကပ်တိုင်၊ Iron Cross သင်္ကေတလုပ်ပြီး တပ်ပေးလိုက်တာပေါ့။ ဒါပေမဲ့ ခြင်းလုံးတပ်ထားတဲ့ ဆွဲကြိုးလောက် လူကြိုက်မများလှပါဘူး။ ခြင်းလုံးပါ ဆွဲကြိုးတစ်ကုန်းကို ကျပ် ၃,၅၀၀ လောက် ရောင်းရပါတယ်။
လက်စွပ်ကတော့ လုပ်ရတာ ခက်ခဲတဲ့အထဲမှာ ပါပါတယ်။ အကူပစ္စည်းများလို့ပါ။ အနည်းဆုံး ၂ လက်မလောက် အရှည်ရှိတဲ့ သံဖြတ်လွှတစ်ချောင်းလိုပါတယ်။ အုန်းခွံကို ဖြတ်တောက်ဖို့ပါ။ သံဖြတ်လွှကတော့ ဝန်ထမ်းက သွင်းမပေးပါဘူး။ ဒါ့ကြောင့် ရနိုင်တဲ့နေရာက တစ်နေရာပဲ ရှိပါတယ်။ အဲဒါကတော့ ရေစက်ပါ။ ရေစက်မှာ မလိုတော့တဲ့ သုံးပြီးသား လွှအတုံးတွေကို ထောင်အပြင်မှာ လွှတ်ပစ်ဖို့ စုသိမ်းထားတာ ရှိပါတယ်။ ဒါကို ရဖို့ ရေစက်ဘုတ်မှာ တာဝန်ကျတဲ့ အကျဉ်းသားကို ချဉ်းကပ်ပြီး ကွမ်းနဲ့လဲရပါတယ်။ ရေစက်ဘုတ် တာဝန်ကျ အကျဉ်းသားကလည်း အဲဒီလွှဟောင်းကို လာတောင်းသမျှ မပေးရဲပါဘူး။ သံတိုင်ကိုဖြတ်ပြီး ပြေးရင် သူ့အပြစ် ဖြစ်မှာကို။
စိတ်ချရတဲ့၊ သူနဲ့ အရမ်းရင်းနှီးတဲ့သူလောက်ပဲ ကွမ်းနဲ့ရောင်းပေးပါတယ်။ ဒါတောင် လွှတစ်ချောင်းလုံး မရပါဘူး။ ၂ လက်မ၊ ၃လက်မ အရှည်လောက်ပဲ ချိုးပေးတာပါ။
အဲဒီလွှကျိုးကို ဝါးခြမ်းပြား၊ သစ်သားပြား ၂ ခုကြားမှာ ညှပ်ပြီး ကြိုးနဲ့ချည်ကာ လက်ကိုင်လုပ်ပြီး အုန်းခွံကို တစ်လက်မခွဲ၊ နှစ်လက်မပတ်လည် အုန်းခွံလေးတွေ ဖြတ်ရတာပါ။
နောက်လိုအပ်တာက ဓားပါ။ ဓားကလည်း အကျရုံးက စာရင်း၊ အင်းပိုင်းမှာ သုံးတဲ့ ခဲတံချွန်ဓား အဟောင်းတွေကို လွှဝယ်သလို ဝယ်ရတာပါ။ သူ့ကိုလည်း လွှလိုပဲ လက်ကိုင်ရိုးတပ် သုံးရပါတယ်။ နောက်လိုအပ်တာက ကော်ပတ် အကြမ်းနဲ့ အနုပါ။ နောက် ဘောပင်ဟောင်း၊ ဆင်ကော်နဲ့ ပုံစံအဝတ်ပိုင်း၊ သွားတိုက်ဆေး၊ အုန်းဆီပါ။
ဖြတ်ထားတဲ့ အုန်းခွံကို အလယ်တည့်တည့်ကနေ ဓားနဲ့အပေါက်ဖောက်ပါတယ်။ အဲဒီအပေါက်ကို ဘောပင် တစ်ချောင်းစာ ချောင်ချောင်ချိချိ ဝင်လို့ရတဲ့အထိ ဖောက်ရတာပါ။ နောက် ဘောပင်လုံးကို ကော်ပတ်စ အကြမ်း ကို ပတ်ပြီး လိုက်ပွတ်ကာ အပေါက်ချဲ့ရတာပါ။ လိုချင်တဲ့ လက်ချောင်းပေါက် မရှိတရှိလောက်ဆို ရပါပြီ။ နောက်တစ်ချပ်ကိုလည်း အဲဒီအနေအထားရအောင် ဖေါက်ရပါတယ်။
ရရင်ဖောက်ထားတဲ့အပေါက်ကို ဗဟိုထားပြီး ဆင်ကော်နဲ့ကပ်ရတယ်။ ကော်နဲ့မကပ်ခင် အရင် ကျောက်ပြားမှာ သွေးပြီး ညီနေအောင် ညှိရတယ်။ နောက် အပေါက်ညီအောင် ကော်ပတ်စ အကြမ်းပတ်ထားတဲ့ ဘောပင်လုံးနဲ့ လိုက်ညှိရတယ်။ လိုချင်တဲ့ အပေါက် အကျယ်အဝန်းရရင် တခါ အပြင်က ထောင့်တွေကို လွှနဲ့ ပတ်လည် လိုက်ဖြတ်၊ ပြီးနောက် ရေကန်ကြမ်းပြင်နဲ့ တိုက်ပြီး ၂ စင်တီမီတာလောက်အထူကျန်တဲ့အထိ လိုက်ပါးရတယ်။ ပြီးရင် ကော်ပတ်အကြမ်းနဲ့ပဲ အတွင်းထဲက အပေါက်အတိုင်း ဝိုင်းနေအောင် လိုက်ပြီး ညှိရတာပေါ့။
ဒီလိုနဲ့ လိုအပ်တဲ့ အပါးပမာဏရရင် အမှုန်အစတွေပြောင်အောင် ကော်ပတ်စ အချောနဲ့ တိုက်၊နောက် ရေဆေး၊နေလှန်း။နောက် အတွင်းကို ဆင်ကော်တစ်စက်ချပြီး ဆင်ကော်အနှံ့ရောက်အောင် လိုက်လည့်ရတယ်။ ခြောက်သွားရင် အပြင်ကို အဲဒီလို ဆင်ကော်နဲ့ တခါလုပ်ရပြန်တယ်။
ဒီအဆင့်ပြီးရင်တော့ ပုံစံပုဆိုးကို တစ်ထောင်လောက်အရှည်ရအောင်ဖြဲပြီး အဲဒီအပေါ်မှာ သွားတိုက်ဆေး၊ အုန်းဆီနဲ့ ရောကာ လက်စွပ်ကို အတွင်းအပြင် တိုက်ရတယ်။ ပြောင်လက်လာပြီဆိုရင် လုပ်ငန်းစဉ် ပြီးပါပြီ။
ဒါဆိုရင် ယွန်းလက်စွပ်လိုလို ကော်တွေပြောင်လက်လှပနေတဲ့ လက်စွပ်တကွင်းရပါပြီ။ အဲဒီ လက်စွပ်ကတော့ တစ်ကွင်းကို ကွမ်း ၃ ထုတ်(သို့မဟုတ်)ကျပ် ၁,၅၀၀လောက်ပဲ ရပါတယ်။
ဆွဲကြိုး၊ လက်စွပ်လုပ်ဖို့ ကုန်ကြမ်းဖြစ်တဲ့ အုန်းသီးကိုတော့ ထောင်စေတီက ကန်တော့ပွဲတင်တဲ့ အုန်းသီးကို လုဝယ်ရတာပါ။ အဲဒီအုန်းသီးကို ဖိုကြီးတာဝန်ခံ ထောင်ဝန်ထမ်းက ပိုင်ပါတယ်။ သူ့ဆီကနေ ၁,၀၀၀ နဲ့ ဝယ်ရတာပါ။ အုန်းသီးတစ်လုံးကို ဆွဲကြိုး ၈ ကုန်းခန့်နဲ့ လက်စွပ် အကွင်း ၂၀ လောက် အနည်းဆုံးထွက်ပါတယ်။
ပုဇွန်ရုပ်လုပ်တာကတော့ ထောင်ဝင်စာထည့်တဲ့ ပလတ်စတစ်အိတ်ခွံကို ဓားနဲ့ လှီးဖြတ်ပြီး ဆွဲကာ ကြိုးကျစ်ပြီး အရုပ်ဖြစ်အောင်ထိုးတာပါ။ နှစ်ကောင်ကိုမှ ကွမ်းတစ်ထုတ်လောက်ပဲ ရပါတယ်။
ဆံထိုးကတော့ သစ်သားချောင်းကို ရေကန်ကြမ်းပြင်မှာသွေးပြီး ကော်ပတ်စနဲ့ လုံးဝန်းနေအောင် လုပ်တာပါ။ အချွန်ကိုလည်း ကော်ပတ်စနဲ့ပဲ ချောအောင် ချွန်ရတယ်။ နောက် ကော်လောင်းပြီး ပြောင်နေအောင်တိုက် ထားတာပေါ့။ ဆံထိုးကတော့ တစ်ချောင်းကို ကျပ် ၁,၀၀၀ပါ။
ဒါတွေကို အများအားဖြင့် အခြားအမှုတွေက အများအားဖြင့် လုပ်ကြပါတယ်။ ဒါပေမဲ့ နိုင်/ကျဉ်းတွေလည်း လုပ်ကြပါတယ်။ အချိန်တွေပိုနေတော့ အချိန်ဖြုန်းတဲ့ သဘောပါ။ နိုင်/ကျဉ်းတွေကတော့ ပြန်မရောင်းကျပါဘူး၊ အိမ်ကို ပြန်ပို့ကြတာပါ။
အခြားအမှုတွေဘက်မှာတော့ ရှာဖွေရေး(တလာစီ)ဝင်တဲ့နေ့ဆိုရင် ခုနပြောတဲ့ လက်မှုပစ္စည်းတွေရော၊ အကူပစ္စည်းတွေကိုပါ လုံခြုံအောင် သိမ်းထားရပါတယ်။ ထောင်ဝန်ထမ်းတွေတွေ့ရင် သိမ်းသွားပါတယ်။
ထောင်ထဲမှာ တက်တူးထိုးတာတွေလည်း ရှိပါတယ်။ ဒါက ထောင်ကို ပိုင်မှ ထိုးရတာပါ။ ဝန်ထမ်းတွေက ဆေးနဲ့ အပ် သွင်းပေးပါတယ်။ သစ်သားချောင်းကို ထိပ်မှာ အပ်ထားပြီး တက်တူးထိုးကြတာပါ။ တက်တူးထိုးဖို့ကတော့ ထောင်ကို လိုင်းဝင်ထားရပါတယ်။
ထောင်ထဲက နောက်စီးပွားရေးတစ်မျိုးက လိင်တံကို ဂေါ်လီလို့ခေါ်တဲ့ ဖန်လုံးထည့်တာပါ။ ဦးစိုင်း၊ မိဂသီတို့လို ထူတဲ့ ပုလင်းဖင်ကို ရေကန်ကြမ်းပြင်မှာ ရွေးလုံးလောက်ရအောင် သွေးပြီး လိင်အင်္ဂါ အရေပြားထဲထည့်တာပါ။ တချို့က အလုံးမဟုတ်ဘဲ ဆေးတောင့်လို အတောင့်တွေ ထည့်ကျတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဂေါ်လီတစ်လုံးကို ၅၀၀ ပေးရပြီး ထည့်ခက ၅၀၀ ပါ။
ခင်မင်နေသူတွေဆိုရင်တော့ အလကား ထည့်ပေးကြပါတယ်။ဒါပေမဲ့ ဖန်လုံး/ဖန်တောင့်ကိုတော့ အလကား မရပါဘူး။ ဘာကြောင့်ဆို အသုံးပြုနိုင်တဲ့ ဖန်လုံး/ဖန်တောင့်ကို လက်အပွန်းခံပြီး ၂ ရက်လောက် စိတ်ရှည်ရှည်နဲ့ သွေးရတာ ဖြစ်လို့ပါ။ နောက်ပြီး ကုန်ကြမ်းဖြစ်တဲ့ ဦးစိုင်း၊ မိဂသီ ပုလင်းတွေကလည်း ထောင်ထဲမှာ အလွယ်တကူရှာလို့ရတဲ့ ပစ္စည်းမဟုတ်ဘူးလေ။ ထောင်က တရားဝင် ပေးမသွင်းဘူး။
ဂေါ်လီထည့်ဖို့က အရင်ဆုံး သွားပွတ်တံအဟောင်းရဲ့ ကော်အရိုးကို ရေကန်မှာ သွေးပြီး ချွန်ပါတယ်။ နောက် အဲဒီအချွန်နဲ့ လိင်တံအရေပြားကို လက်နဲ့ တင်းနေအောင်ဆွဲပြီး ပေါက်သွားအောင် ထိုးပါတယ်။ ပြီးတော့ အဲဒီအပေါက်ထဲကို ဖန်လုံး/ဖန်တောင့်ကို ထိုးထည့်လိုက်တာပါ။ ပြီးရင် ဆနွင်းသိပ်ပြီး ညှော်မမိအောင်နေရသလို ရေလည်း အနာကျက်တဲ့အထိ မချိုးရပါဘူး။ တချို့ကတော့ အနာနေရာကို ကြွပ်ကြွပ်အိတ်နဲ့ စည်းပြီး ရေမဝင်နိုင်အောင်လုပ်ကာ ရေချိုးကြပါတယ်။
ဂေါ်လီထည့်တဲ့နေရာမှာ သုံးဖို့ အရက်ပြန်နဲ့ ဂွမ်း၊ လက်အိတ်ကိုတော့ ထောင်ဆေးခန်းအကူဆီကနေ ကွမ်းနဲ့ ဝယ်ရတာပါ။ ထောင်မှာက အရက်ပြန်ကို ပုလင်းထဲထည့်ပြီး ထားတာဆို ထောင်ဆရာဝန်ကြီးက ဗီဒိုထဲထည့်ပြီး သော့ခတ်ထားပါတယ်။ အပြင်မှာ သုံးဖို့က ဂွမ်းထဲကို အရက်ပြန်စိမ်ထားတာပါ။ အဲဒီ ဂွမ်းထဲကို အရက်ပြန်စိမ်ထားတာကို အသုံးပြုတာပါ။ လက်အိတ်ကတော့ ဆေးရုံသုံးတစ်ခါသုံး လက်အိတ်တွေပါ။ ဆနွင်းကတော့ ဖိုကြီးက ဟင်းချက်တဲ့ ဆနွင်းပါ။
ဂေါ်လီထည့်တာကတော့ ထောင်အာဏာပိုင်တွေဘက်ကတော့ ခွင့်ပြုမထားပါဘူး။ ဒါပေမဲ့ “သိသာသိ၊ မမြင်စေနဲ့” ဆိုသလိုပေါ့။ ထောင်အာဏာပိုင်တွေ မမြင်အောင် လုပ်ရတာပါ။
ကျန်းမာရေး ရှုထောင့်အနေနဲ့ပြောရရင်တော့ ထောင်မှာ တစ်နှစ်တစ်ကြိမ်လောက် HIV နဲ့ ကာလသား ရောဂါကို ပြင်ပ ကျန်းမာရေးဌာနတွေနဲ့ ပူးပေါင်းပြီး စစ်တာတွေ ရှိပါတယ်။ မစစ်မနေရစနစ်နဲ့ ထောင်ရှိ လူကုန် စစ်တာပါ။ HIV တွေ့ရင်တော့ ဆေးရုံဆောင်မှာထားပြီး ဆေးဝါး ပံ့ပိုးပေးပါတယ်။ ကာလသား ရောဂါ တွေ့သူတွေကိုတော့ ခွဲမထားပေမယ့် သူတို့လည်း ဆေးဝါးပံ့ပိုးမှု ရကြပါတယ်။ ဒါကြောင့် HIV နဲ့ ကာလသားရောဂါက ထောင်အတွင်းကူးစက်ဖို့ မလွယ်ကူပါဘူး။
ဒါ့ကြောင့် ဂေါ်လီထည့်တာကနေလည်း ကူးစက်ဖို့ ဖြစ်နိုင်ချေ နည်းပါတယ်။ ကိုယ်ပိုင် သွားတိုက်တံနဲ့ အသုံးပြုကြသလို လုပ်ပေးသူကလည်း လက်အိတ်ကို အသုံးပြုကြတာ။ ဂေါ်လီထည့်တာကနေ အများဆုံး ဖြစ်နိုင်ရင် မေးခိုင်ပိုးဝင်တာလောက်ပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မေးခိုင်ပိုးဝင်ပြီး သေတာတော့ မကြားဖူးပါဘူး။
တက်တူးထိုးတာနဲ့ ဂေါ်လီထည့်တာကို ရှေးအစဉ်အဆက် နိုင်ငံရေးအကျဉ်းသားကြီးတွေက တားမြစ်ခဲ့ကြ ပါတယ်။ ဒါပေမဲ့ ၂၀၂၁ မှာ ထောင်ကျလာတဲ့ နိုင်/ကျဉ်းတွေကတော့ အမှတ်တရအနေနဲ့ တက်တူးထိုးတာတော့ လုပ်ကြပါတယ်။ ဒါပေမဲ့ ဂေါ်လီထည့်တာကိုတော့ လုံးဝမလုပ်ကြပါဘူး။ အခြားအမှု သက်သက်တွေပဲ လုပ်ကြပါတယ်။
ဆက်လက်ဖော်ပြပါမည်။
1 comment
okebet3 https://www.okebet3u.org