ဇာတိမြေအဝေးက အထီးကျန် အမေအိုများ(ဆောင်းပါး)

ယုဇနကိုကို ရေးသည်။

မဏ္ဍိုင်၊ ဒီဇင်ဘာ ၂၅၊ ၂၀၂၅။

မနက်အရုဏ်တက်ချိန်ရောက်တိုင်း သံတွဲမြို့၏ အထင်ကရ စေတီသုံးဆူဖြစ်သော ဆံတော်၊ နံတော်၊ အံတော် စေတီများထံက လွင့်ပျံ့လာသည့် တရားဓမ္မသံများနှင့်အတူ ဒေါ်ရီရီ*တစ်ယောက် အိပ်ရာမှ ပုံမှန်နိုးထနေကြဖြစ်သည်။

ယခုအခါ သူ့ဘဝတစ်လျှောက်လုံး နှစ်ပေါင်း ၆၀ ကျော်ကြာသူနေထိုင်ကျင်လည်ခဲ့သည့် ပတ်ဝန်းကျင်၊ ဓလေ့ထုံးစံတွေကို ကျောခိုင်းထားခဲ့ပြီး သံတွဲမြို့မှ မိုင်ပေါင်း ၅၀၀ ခန့်ဝေးသော မဲဆောက်မြို့သို့ရောက်ရှိကာ တရားသံများမကြားရသည်မှာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်သည်။

အသက်အရွယ်အိုမင်းလာလျှင် သူပိုင်ဆိုင်သည့် ခြံဝန်းထဲ သီးနှံပင်လေးများစိုက်ပျိုးကာ ကျန်ရှိနေသည့် ဘဝနေ့ရက်များကို ကုန်ဆုံးပစ်မည်ဟူသော ရည်ရွယ်ချက်များလည်း အခုတော့ ပျောက်ဆုံးခဲ့လေပြီ။

မွေးဖွားရာ ဇာတိကို စွန့်ခွာပြီး တိုင်းတစ်ပါးအရပ်ဒေသသို့လာရောက်ရလိမ့်မည်ဟု သူ့ဘဝတွင် တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူး။ သို့သော် ဇာတိချက်မြှုပ် ရခိုင်ပြည်၊ သံတွဲမြို့ကို မိသားစုလိုက် ကျောခိုင်းထွက်ခွာခဲ့ကြရသည်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် ဒေါ်ရီရီ၏သမီး ပန်းချီဆရာမကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မ ၅၀(က)ဖြင့် တရားစွဲကာ သံတွဲအကျဉ်းထောင်တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။

အာရက္ခတပ်တော်(အေအေ)က သံတွဲမြို့သိမ်းတိုက်ပွဲဆင်နွှဲပြီး သံတွဲအကျဉ်းထောင်ကို သိမ်းပိုက်ရမိသည့်အခါမှာတော့ ဒေါ်ရီရီ၏ သမီးဖြစ်သူလည်း သံတွဲအကျဉ်းထောင်မှ လွတ်မြောက်ခဲ့ရသည်။ ယင်းနောက် နိုင်ငံရေးအကျဉ်းသူ သမီးဖြစ်သူနှင့်အတူ မိသားစုလိုက် မဲဆောက်မြို့သို့ တိမ်းရှောင်ခဲ့ကြသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ဖမ်းဆီးခံရမည့်ဘေးမှ ထွက်ပြေးခဲ့ရသူများနှင့်အတူ အသက်အရွယ်ကြီးရင့်နေ ပြီဖြစ်သော မိဘများသည်လည်း ၎င်းတို့ခင်တွယ်တန်ဖိုးထားရာ၊ ဘဝ၏နောက်ဆုံးနေ့ရက်များကို အေးအေးချမ်းချမ်း ဖြတ်သန်းမည်ဟု ရည်မှန်းထားရာ ဇာတိမြေကို စွန့်ခွာခဲ့ရခြင်းများရှိကြသည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများညှိနှိုင်းရေးရုံး (OHCA)၏ ၂၀၂၄ မတ် ၃ ရက် အစီရင်ခံစာတွင် သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်မှာ ၂ ဒသမ ၇ သန်းကျော် ထိရှိကြောင်း ရေးသားဖော်ပြထားသည်။

ဇာတိမြေသံတွဲမြို့ကို စွန့်ခွာခဲ့ရစဉ်က ခံစားခဲ့ရသည့်အဖြစ်ကို ဒေါ်ရီရီက မျက်ရည်များဝိုင်းလျက် ယခုလိုပြောပြသည်။

“သံတွဲကနေ ထွက်လာရတဲ့နေ့ကိုတော့ လုံးဝ မမေ့ဘူး။ အိမ်လေးကို လှည့်ကြည့်လှည့်ကြည့်နဲ့ မခွာနိုင်ဖြစ်နေလို့ သားဖြစ်သူက အမေရယ်လာပါဆိုပြီး အန်တီ့လက်ကို အတင်းဆွဲခေါ်ရတယ်”

သံတွဲမြို့ကနေ ရခိုင်ရိုးမကြီးကိုကျော်ဖြတ်ပြီး ထိုင်းနိုင်ငံနယ်စပ်မဲဆောက်မြို့သို့ စစ်ရှောင်ခဲ့ရသူ နောက်တစ်ယောက်ကတော့ အသက် ၇၈ နှစ်အရွယ် ဒေါ်မခိုင်*ဖြစ်သည်။ မဲဆောက်မြို့သို့ သူရောက်ခဲ့သည်မှာ ၂ နှစ်နီးပါးရှိပြီဖြစ်သည်။

“ကိုယ့်မြို့မှာနေတုန်းက စိတ်ကူးကတော့ အသက်ကြီးလာရင် ခြံထွက်လေးတွေ ရောင်းမယ်၊ ကိုယ်တတ်တဲ့ လက်မှုလေး တွေ လုပ်ရောင်းပြီးနေမယ်ပေါ့” ဟု သံတွဲမြို့တွင် ကျန်ခဲ့သည့် အိမ်ဝိုင်းလေးကို သတိရလျက် ဒေါ်မခိုင်က ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အတူနေထိုင်ကြသည့် သားသမီးများ လုံခြုံရေးအခြေအနေကြောင့် သံတွဲမြို့မှ ထွက်ခွာ သွားချိန် ဒေါ်မခိုင်တစ်ယောက်တည်း သံတွဲမြို့ရှိ နေအိမ်တွင် ကျန်ရစ်ခဲ့သည်။

စစ်ကောင်စီက ရခိုင်ပြည်သို့ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ စတင်ပြုလုပ်လာသော်လည်း ထိုစဉ်အချိန်ထိ ဒေါ်မခိုင်တစ်ယောက် ဇာတိကို စွန့်ခွာရန် စိတ်ကူးစိုးစဉ်းမျှ မရှိခဲ့ပေ။

“ဘယ်သူလာခေါ်ခေါ် မလိုက် မလိုက်၊ ငါ့လာမပြောနဲ့ဆိုပြီးနေခဲ့တာ။ အဲလို ကျန်နေခဲ့တာ။ နောက်ဆုံး လက်နက်ကြီးတွေက ကိုယ့်အိမ်နားကျနေပြီ။ ငါတော့ ဘယ်မှ မပြေးနိုင်လည်း စမ်းချောက်ထဲပဲ ပုန်းပြီး ကျန်ခဲ့မယ်ဆိုပြီး နေခဲ့တာ” ဟု အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်ဖွဲ့ကြားဖြစ်ပွားသည့်တိုက်ပွဲများ သံတွဲမြို့အနီးချဉ်းကပ်လာသည့်အချိန်ထိ မြို့ကနေ မစွန့်ခွာခဲ့ပုံကို ဒေါ်မခိုင်က ရှင်းပြသည်။

ဒေါ်မခိုင်ပြောပြသည့် စမ်းချောက်ဆိုသည်မှာ စမ်းချောင်းစီးဆင်းသည့် မြောင်းချောက်ထဲ ပုန်းခိုခြင်းကို ဆိုလိုခြင်းဖြစ်သည်။

သံတွဲမြို့အနီးတိုက်ပွဲများပြင်းထန်လာသည့်အချိန်မှာတော့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ရောက်ရှိနေပြီဖြစ်သည့် သမီးဖြစ်သူက “မေမေ မလိုက်လာရင် သမီးကို သားသမီးလို့လည်း မမှတ်ပါနဲ့တော့” ဟူသည့် စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ပြောလာသည့် သမီးဖြစ်သူ၏စကား တစ်ခွန်းကို မလွန်ဆန်နိုင်တော့ဘဲ သံတွဲမြို့မှထွက်ခွာလာရန် ဒေါ်မခိုင်လက်ခံ လိုက်ရသည်။

ပထမတော့ သံတွဲမှ ရန်ကုန်သို့ ခေတ္တပြောင်းနေပြီး အခြေအနေပြန်လည်တည်ငြိမ်လာလျှင် နေရပ်သံတွဲမြို့ သို့ ပြန်မည်ဟု စိတ်ကူးရှိခဲ့သည်။ သို့သော် ရန်ကုန်မြို့တွင် ဒေါ်မခိုင်တစ်ဦးတည်းနေရန်မဖြစ်နိုင်သည့်အခါ သမီးရှိရာ မဲဆောက်သို့ ပြောင်းရွေ့ခဲ့တော့သည်။

“ဒီလာဖို့က စိတ်ကော မပါ။ သားသမီးတွေလည်း ဒီမှာ ဒုက္ခဖြစ်နေကြတာ။ သားသမီးတွေလည်း ဒုက္ခမပေးချင်။ စိတ်က အဲလောက်မွေ့နေတာ။ ဟိုဘက်ကမ်း (မြဝတီမြို့) ကနေ ဒီဘက်ကမ်း (မဲဆောက်မြို့) ကိုကူးလိုက်တာနဲ့ အဲဒီမှာ ကိုးယို့ကားယားစဖြစ်တာပဲ။ ကိုယ့်ငွေတောင် ကိုယ်မသုံးရတော့လေ” ဟု မဲဆောက်ကို ခြေချရသည့်နေ့က ကြုံခဲ့ရသည့်အဖြစ်ကို ဒေါ်မခိုင်က ပြောပြသည်။

ဇာတိမြို့တွင်နေထိုင်ခဲ့စဉ်တလျှောက်လုံး အခါကြီးရက်ကြီးတွင် ဘုန်းကြီးကျောင်းနှင့် ဘုရားများသို့ရောက်လေ့ရှိသည့် ဒေါ်မခိုင်သည် ဤအရပ်ဒေသတွင် ဘုန်းကြီးကျောင်းတက် ဥပုသ်သီလယူရန်ပင် မလွယ်ကူနိုင်တော့ပေ။

ထို့ကြောင့် မဲဆောက်မြို့သို့ရောက်ရှိလာကြသည့် အနီးအနားရှိ မြန်မာပြည်သား အိမ်နီးနားချင်းများက ဘုန်းကြီး ဆွမ်းကျွေးတရားနာကဲ့သို့ အလှူလေးများဖိတ်လျင် ဒေါ်မခိုင်တစ်ယောက် ဝမ်းသာရသည်ဟုဆိုသည်။

“ရောက်စက အထီးကျန်မှုကို ခံစားရတာ။ ဘာသာရေးလည်းမရှိ။ သာသနာရေးလည်း မရှိ။ အဲဒါတွေမလုပ်နိုင်တော့ ကိုယ့်မှာ ဝန်ထုပ်ဝန်ပိုးလို ဖြစ်လာတယ်။ နောက်ဆုံးတော့ ဖုန်းကနေပဲ သီလယူ၊ တရားဘာဝနာလုပ်ရတော့တယ်” ဟု ဘဝတစ်လျှောက် စိတ်တိုင်းကျပြုလုပ်လာခဲ့ရသည့် ဓလေ့ထုံးတမ်းစဉ်လာများ သူတစ်ပါးမြေတွင် လုပ်ရန် မလွယ်ကူသည့် အခြေအနေတစ်ခုကို ဒေါ်မခိုင်က ပြောပြသည်။

ကိုယ့်ရဲ့ဇာတိမြေရဲ့အဝေး မဲဆောက်မြို့တွင် နေထိုင်ရသည့် ခံစားချက်ကို ဒေါ်မခိုင်က ယခုကဲ့သို့ ဆက်ပြောပြသည်။

“ဒီရောက်ပြီး တခါတလေ ဘယ်လိုဖြစ်လဲဆို လူက ကောင်းကင်ထဲမှာ လွင့်နေသလို။ စိတ်က မချမ်းသာဘူး”

အိမ်ပြန်ရမည့်နေ့ကိုသာ တွေးနေတတ်သည့် ဒေါ်မခိုင်သည် လူမရှိ၍ ဖုန်တက်ပျက်စီးနေမည့် အိမ်လေးထဲမှ သူ၏ တောပျားရည် ၇ ပုလင်းနှင့် ရခိုင်လုံချည်များရှိသည့် အဝတ်ဗီဒိုလေးများကို အောက်မေ့သတိရနေသည်။

ရခိုင်ပြည် သံတွဲမြို့မှ မဲဆောက်မြို့သို့ နိုင်ကျဉ်းသူသမီးနှင့်အတူ ပြောင်းရွေ့လာခဲ့ရသည့် ဒေါ်ရီရီသည်လည်း မဲဆောက်မြို့၌ ပထမဆုံးအိပ်ရသည့်ညက တစ်ညလုံး မနက်မိုးလင်းသည့်အထိ အိပ်မပျော်ခဲ့။

“မနက်မိုးလင်းလို့ ဘယ်ဘက်ကြည့်လည်း ထိုင်းစကား၊ ညာဘက်ကြည့်လည်း ထိုင်းစကား။ ည ၈ နာရီလောက် ပန်းကန်ပြား တစ်ချပ်လွတ်ကျလို့ ဘေးခြံက ထိုင်းက အိမ်ကို ခဲအကြီးကြီးနဲ့ ကောက်ပေါက်တာ။ သူများအရပ်မှာ ပြတင်းပေါက်က ခေါင်းတောင် မပြူရဲ” ဟု မဲဆောက်မြို့ရောက်စအချိန် ကြုံတွေ့ခဲ့ရသည့် စိုးရိမ်မှုများကို ဒေါ်ရီရီက ပြောပြသည်။

ဒါ့အပြင် သူများလူမျိုးကြားထဲ ကိုယ့်ဝတ်စားဆင်ယဉ်မှုက ထူးခြားနေမည်ကို စိတ်ပူရခြင်းကြောင့် အိမ်ခြံအပြင်သို့ ထွက်လျှင်ပင် သူတစ်သက်လုံးဝတ်ဆင်ခဲ့ရသည့် လုံချည်ကို မဝတ်ဆင်ရဲတော့။

အနေအထိုင်၊ ဝတ်စားဆင်ယဉ်မှုတွေပြောင်းလဲရခြင်းအပြင် သူတစ်သက်လုံးစားသောက်ခဲ့ရသည့် အစားအသောက်များ ကိုပင် ပြောင်းလဲစားသောက်ခဲ့ရသည့်အဖြစ်ကို သူက ယခုကဲ့သို့ပြောပြသည်။

“ကိုယ့်အရပ်၊ ကိုယ့်ဒေသကို သတိရတာကတော့ အလုံးစုံပါပဲ။ ဒီနေရာမှာ အစားအသောက်တောင် မတူ။ ဘူးသီးတောင် မတူဘူး။ ဘဝတလျှောက် ရခိုင်ငပိပဲစားလာတဲ့သူက ဒီမှာ ထိုင်းငပိကို စားနေရတယ်”

မနက်အရုဏ်တက်ချိန်ကြားနေကျ ဘုရားသုံးဆူထံမှ တရားသံများနှင့်အတူ အိပ်ရာနိုးထနေကျ ဒေါ်ရီရီတစ်ယောက် သံတွဲမြို့က ကထိန်အလှူပွဲများကိုလည်း အောက်မေ့လျက်ရှိသည်။

မဲဆောက်မြို့သို့ရောက်နေသည်မှာ ၄ နှစ်ကျော်ရှိပြီဖြစ်သည့် အသက် ၆၀ အရွယ် ဒေါ်လှလှသည်ပင် ထိုင်း၊ မြန်မာကြားက အနည်းငယ်မျှကွာခြားသည့် ယဉ်ကျေးမှု၊ ဓလေ့နှင့် အစားအသောက်များနှင့်အသားကျရန် ယနေ့အထိ ရုန်းကန်ကြိုးစားနေရဆဲဖြစ်သည်။

“သမီးက ကိုယ်စားဖို့ ဒီကမုန့်တွေဝယ်လာပေးရင် ကျွန်မ မစားတတ်ဘူး။ ကိုယ့်အရပ်ဒေသက အစားအစာမဟုတ်လို့ စားကို မစားချင်တာ။ တူသလိုလိုထင်ရပေမယ့် တကယ်က တူမနေဘူး။ ကိုယ့်အရပ်ကိုယ့်ဒေသက အစားအစာတွေပဲ သတိရ တယ်” ဟု ဆိုသည်။

ရန်ကုန်သူစစ်စစ် ဒေါ်လှလှတစ်ယောက် သူ့ဘဝတလျှောက်ရင်းနှီးမြှုပ်နှံခဲ့သည့် မြို့ကြီးကို ယခုအချိန်ထိ သတိရစိတ်များ ပြည့်နှက်နေသည်။

ရန်ကုန်မှထွက်လာသည့် အရုဏ်တက်မနက်ခင်းတွင် မြင်တွေ့ခဲ့ရသည့် သူနေထိုင်ရာရပ်ကွက်၏ ပုံရိပ်များကိုလည်း ယနေ့အချိန်ထိ မမေ့နိုင်သေး။

ညဘက်အချိန် မီးရှို့ထားသဖြင့် မီးခိုးအူ၍ကျန်နေသော ကားတာယာဘီးပုံကြီးများ၊ လမ်းဘေးဝဲယာတစ်လျှောက် ပျက်စီးနေ သည့်ဆိုင်ခန်းများနှင့် အချို့သောအထပ်မြင့်တိုက်ခန်းများ၏ အုတ်နံရံတွင်မြင်နေရသည့် ကျည်ဖောက်ရာများကိုလည်း သူ မမေ့နိုင်သေး။

ဒေါ်လှလှတို့မိသားစု ရန်ကုန်က ထွက်မလာခင်နှစ်ရက်ခန့်အလိုတွင် သူတို့ရပ်ကွက်ထဲရှိ ဆန္ဒပြလူအုပ်ထဲမှ လူငယ်တစ်ဦးမှာ စစ်ကောင်စီတပ်၏ သေနတ်ဖြင့် အင်အားသုံးဖြိုခွင်းမှုကြောင့် ဦးခေါင်းကျဉ်ထိမှန် သေဆုံးခဲ့ရသည်။

ရန်ကုန်မြို့မှစတင်ထွက်ခွာလာခဲ့သည့်နေ့တွင် သူစဉ်းစားမိသည်မှာ ထိုစဉ်က ကြုံတွေ့ခဲ့ရသည့်အရာများသည် ယာယီသာ ဖြစ်နိုင်ပြီး မကြာမီ သူ၏အိမ်သို့ ပြန်လာနိုင်မည်ဟု ထင်ခဲ့မိသည်။

“သားဖြစ်သူဝယ်ပေးထားတဲ့ ကိုယ်ပိုင်အိမ်ခန်းလေးရှိထားတာ ဘယ်လောက်မှ မကြာသေးဘူး။ လပိုင်းလေးပဲရှိသေးတာ။ အဲမတိုင်ခင် ဘဝတလျှောက် သူများအိမ်ငှားနေခဲ့ရတာ။ အခုတော့ မင်းအောင်လှိုင်ကြောင့် အားလုံးထားရစ်ခဲ့ရတယ်။” ဟု ဒေါ်လှလှက ပြောပြသည်။

သတင်းသမားတစ်ဦးဖြစ်သည့် သမီး၏ လုံခြုံရေးစိုးရိမ်ရခြင်းကြောင့် သူသည် ၂၀၂၁ ဧပြီလအတွင်း ထိုင်းနိုင်ငံ၊မဲဆောက်မြို့ သို့ ပြောင်းရွေ့ခဲ့ရခြင်းဖြစ်သည်။

မဲဆောက်မြို့သို့ရောက်ပြီး ရက်ပိုင်းအတွင်း သမီးဖြစ်သူ ထိုင်းရဲများ၏ အဖမ်းခံလိုက်ရစဉ်တွင် ဒေါ်လှလှ၏ စိတ်မလုံခြုံမှု သည် စစ်တပ်အာဏာသိမ်းသည့် အစောပိုင်းနေ့ရက်များသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည် ဟုဆိုသည်။

“မဲဆောက်ရောက်လာစက ဘယ်လိုမှ မပျော်ဘူး။ စိတ်လည်း မလုံခြုံဘူး။ စိတ်မလုံခြုံတာကတော့ အခုထိပဲ။ အသက်အန္တရာယ် မရှိတာကလွဲရင် အရာရာကို စိုးရိမ်နေရတုန်းပဲ” ဟု သူက ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မြို့တွင် ကျန်ရစ်ခဲ့သည့် ခင်ပွန်းဖြစ်သူ၏ နာရေးကို ဖုန်းကတဆင့်သာ ကြည့်ရှု နိုင်ခဲ့သည်။

သူသည် မနက်အရုဏ်တက်တိုင်း ဝတ္တရားမပျက် အိမ်ရှိဘုရားစင်တွင် သောက်တော်ရေချမ်းကပ်သည်၊ ဘုရားကန်တော့ သည်၊ ပြီးမှ အိမ်မှုကိစ္စများ လုပ်သည်။

မဲဆောက်မြို့သို့ရောက်ပြီး ၆ လအကြာတွင် အိမ်ရှေ့သို့ ဘုန်းကြီးတစ်ပါးဆွမ်းခံကြွသည်ကို ကြုံတွေ့ခဲ့ရသည်။ လိမ္မော်ရောင် ထိုင်းသင်္ကန်းကိုရုံထားပြီး သပိတ်ကိုင်ထားသည့် ဘုန်းကြီးတစ်ပါးနှင့် မြန်မာပုဆိုးဝတ်ဆင်ထားသည့် ဆယ်ကျော်သက်အရွယ် ဘုန်းကြီးကျောင်းသားတစ်ယောက်ကို ပထမဆုံးမြင်ခဲ့ရခြင်းဖြစ်သည်။

အိမ်ထဲသို့ ကပျာကယာပြေးဝင်သွားပြီး ထမင်းပူပူနှင့် ဟင်းပူပူတို့ကို ခူးခပ်ပြီး အိမ်ရှေ့ပြန်ထွက်ကာ သပိတ်ထဲသို့ လောင်းထည့်လိုက်သည့်အချိန် ဆရာတော်ထံမှ ထွက်ပေါ်လာသည့် ထိုင်းသံဝဲဝဲဖြင့် မြန်မာလို ဆုတောင်းသံကြား လိုက်ရသည့်အချိန်တွင် ဒေါ်လှလှသည် ဝမ်းသာပီတိဖြစ်ခဲ့ရသည်။

နောက်ရက်များတွင်လည်း အိမ်သို့ ဆွမ်းခံကြွပေးပါရန် ဆရာတော်ထံ လျှောက်ထားခဲ့သည်ဟု သူက ပြောပြသည်။

သမီးများနှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ပြောင်းရွေ့ခဲ့ရသည့် ဒေါ်လှလှ၊ ဒေါ်ရီရီနှင့် ဒေါ်မခိုင်တို့သည် သူတို့ပုံမှန်လုပ်ကိုင်နေရသည့် ဘာသာရေး၊ ဓလေ့ထုံးစံများ လုပ်ဖို့အခွင့်အရေးဆုံးရှုံးရသလို နေ့စဉ်ပြုလုပ်နေရသည့် ဘာသာစကားပြောဆိုမှု၊ ဝတ်စားဆင်ယင်မှုနှင့် သနပ်ခါးလိမ်းခြယ်မှုစသည့် အခွင့်အရေးများကိုပင် ဆုံးရှုံးရသည့်အခြေအနေများဖြစ်နေသည်။

သနပ်ခါးမလိမ်းရလျင်မနေနိုင်သည့် ရန်ကုန်သူ ဒေါ်လှလှသည် ရပ်ကွက်အတွင်းရှိ ထိုင်းဈေးဆိုင်အချို့တွင် ဈေးဝယ်သည့် အခါ ခွဲခြားဆက်ဆံခြင်းများကိုလည်း မကြာခဏကြုံတွေ့ရလေ့ရှိသည်။

ဤကဲ့သို့သော အခွင့်အရေးများဆုံးရှုံးနေရခြင်းကြောင့် မိမိတို့နေရပ်သို့ ပြန်ရန်မှာလည်း လမ်းစမမြင်နိုင်သေးပေ။ ဒေါ်ရီရီနှင့် ဒေါ်မခိုင်တို့နေထိုင်ရာ ရခိုင်ပြည်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲမှုများကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည်။

ယခုနှစ် (၂၀၂၅) ဒီဇင်ဘာ ၁၀ ရက် လူ့အခွင့်အရေးနေ့၌ပင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသနေသော လူနာများ၊ လူနာစောင့်များနှင့် ဆေးရုံဝန်ထမ်းများအပါအဝင် ၃၃ ဦး သေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်သတ်ဖြတ်၍ သေဆုံးခဲ့ရသည့် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အို ဦးရေမှာ ၇၀၀ ကျော်ရှိလာကြောင်း Human Rights Myanmar (humanrightsmyanmar.org) ဝဘ်ဆိုက်၏ ၂၀၂၅ ဧပြီလ ၂၅ ရက် အစီအရင်ခံစာသစ်တွင် ဖော်ပြထားသည်။

ထိုသို့ သက်ကြီးရွယ်အိုများကိုပါမချန် သတ်ဖြတ်နေသည့် စစ်ကောင်စီကြောင့်လည်း ဇာတိမြေကိုခွဲခွါကာ တိုင်းတပါးသို့ အရဲစွန့်လာရောက်ခဲ့ကြသည် မိဘတွေမှာမူ ဘယ်နေ့အိမ်ပြန်ရမည်ကို မမှန်းဆနိုင်ကြသေးပေ။

သမီးနှင့်အတူ မဲဆောက်မြို့သို့ရောက်နေသည့် ဒေါ်ရီရီသည်လည်း ကိုယ့်အရပ်၊ ကိုယ့်ဇာတိသို့ မည်သည့်အချိန်ပြန်ရမှန်း မသိဖြစ်နေသည့်အဖြစ်ကို ယခုကဲ့သို့ ပြောပြသည်။

“ကိုယ့်အရပ်၊ ကိုယ့်ဒေသ၊ ကိုယ့်အမျိုးတွေကြားမှာပဲ သေရမှာလေ။ အခုက ဘယ်မှာသေလို့သေမယ် မသိနိုင်”

Leave a Comment

2 comments

91phcom January 15, 2026 - 1:10 am Reply
fb777slot January 25, 2026 - 12:53 pm Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing