မင်းလက်ပံရှိ ကျားဖြန့်ငွေလိမ်ငန်းနှင့်ပတ်သက်ပြီး KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့် သီးသန့်တွေ့ဆုံမေးမြန်းချက်
မဏ္ဍိုင် – ဒီဇင်ဘာ ၆၊ ၂၀၂၅။
ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို စစ်ကောင်စီက ဖျက်ဆီးနှိမ်နင်းနေသည်ဟုဆို သော်လည်း ၎င်းတို့၏ လုပ်ရပ်သည် ကျားဖြန့်လုပ်ငန်းများကို ဖျက်ဆီးနေသည်ဆိုတာထက် ကျားဖြန့် လုပ်ငန်းများတွင် ၎င်းတို့ပါဝင်ပတ်သက်နေသည့် အထောက်အထားသက်သေများကို ခြေရာဖျောက် ဖျက်ဆီးနေသည့်သဘောဖြစ်နေသည်။
ယခုအခါ ကရင်အမျိုးသားအစည်းအရုံး (KNU)သည် မင်းလက်ပံရှိ ကျားဖြန့်ငွေလိမ်ငန်းတစ်ခုကို ဝင်ရောက် စီးနင်းပြီး အဆိုပါလုပ်ငန်းတွင် လုပ်ကိုင်နေကြသည့် နိုင်ငံသားပေါင်းစုံကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခြင်းများ လုပ်ဆောင်ပေးလျက်ရှိသည်။
မင်းလက်ပံ ကျားဖြန့်လုပ်ငန်းခွင်အနီးသို့ စစ်ကောင်စီ၏ ထိုးစစ်များကလည်း နီးကပ်လာနေသည့်အချိန်၌ အဆိုပါခြံဝင်းအတွင်းရှိ တရုတ်နိုင်ငံသား ၁,၀၀၀ ခန့်သည် နေရပ်သို့ ပြန်ရန် ငြင်းဆန်နေကြသည်။ ၎င်းတို့သည် ငွေလိမ်လုပ်ငန်းများတွင် ဆက်လက်လုပ်ကိုင်လိုသည့် အခြေအနေများတွေ့နေရသည်။
ယခုအခါ ကရင်အမျိုးသားအစည်းအရုံး (KNU)တွင် မင်းလက်ပံအွန်လိုင်းငွေလိမ်လုပ်ငန်းမှ သိမ်းဆည်း ထားသည့် သက်သေများလည်းရှိနေပြီဖြစ်သည်။ သို့သော် အွန်လိုင်းငွေလိမ်လုပ်ငန်းများ အမှန်တကယ် ပပျောက်သွား ရန်မှာ KNU အဖွဲ့အစည်းတစ်ခုတည်း အကောင်းအထည်ဖော်နိုင်ရန် ခက်ခဲပြီး နိုင်ငံ တကာမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။
မဏ္ဍိုင်သတင်းဌာနသည် ဒီဇင်ဘာ ၅ ရက်က အဆိုပါ အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်းအတွင်းသို့ သွားရောက် လေ့လာခဲ့သည်။ ယင်းနေရာသည် စစ်ဇုံဖြစ်နေပြီး တိုက်ပွဲလည်း ဖြစ်ပွားလျက်ရှိသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့် မဏ္ဍိုင်သတင်းဌာနက သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
မဏ္ဍိုင် – ကျားဖြန့်ဆိုက်ထဲကို ဝင်ကြည့်တယ်၊ အထဲမှာ ကျန်နေတဲ့သူတွေရှိတယ်။ သူတို့တွေက မပြန်ချင်ကြဘူးဆိုတာမျိုးရှိတယ်၊ အဲတော့ သူတို့ ဘာလို့မပြန်ချင်ကြလဲ၊ ဆရာတို့ ဘာအချက်အလက် တွေများ ရထားတာရှိလဲ။
ဖြေ – ကျွန်တော်တို့ မြေပြင်မှာရှိတဲ့ အဖွဲ့တွေကြတော့ အမျိုးမျိုးဆက်ဆံကြရတာပေါ့၊ လူတွေက ပုံစံမတူကြဘူး၊ တချို့တွေက အလိမ်ခံရတာဆိုတော့ ပြန်ချင်လား မေးရင် သူတို့က တအားပြန်ချင် တယ်။ သူတို့က ပူးပေါင်းဆောင်ရွက်တယ်၊ စာရင်းပေးတယ်၊ အခက်အခဲမရှိဘူး။
အခုအဖွဲ့ကြတော့ မပြန်ချင်တဲ့အဖွဲ့တွေလေ၊ မပြန်ချင်တဲ့အခါကျတော့ သူတို့က ဘာမှ မလုပ်ချင်ဘူး၊ စကားပြောရင်လည်း ပြန်မပြောဘူး၊ အကြောင်းအမျိုးတော့ရှိမှာပေါ့၊ သေချာတာတခုကတော့ သူတို့ တိုင်းပြည်မှာ မကောင်းတဲ့ဟာ တခုခုတော့လုပ်ထားတာဖြစ်မယ်။ ဆိုတော့ အဲဒါကြောင့်လည်း မပြန်ချင်တာဖြစ်မယ်။ ဒါက အဓိက အချက်။
နောက်တချက် ကျွန်တော်တို့သိလာရတာက သူတို့ဟာ ဒီအလုပ်ကို ပျော်မွေ့ပြီး တအားဆက်လုပ် ချင်သူတွေရှိတယ်။ အဲဒါကြောင့် သူတို့က ကြံဖန်ပြီး နည်းလမ်းရှာတာ၊ ကျွန်တော်တို့မှာ (ခြံဝင်းထဲမှာ) အဖွဲ့ရှိတယ်၊ အဲဒီမှာ ချဉ်းကပ်ပြီး ဒီနေရာကနေ ဘယ်လိုထွက်ရမလဲ၊ ပိုက်ဆံပေးစရာရှိ ပေးမယ်၊ လာဘ်ထိုးတဲ့ပုံစံမျိုး ချဉ်းကပ်လာတာရှိတယ်။ ဆိုတော့ ဒီလူတွေက မကောင်းမှုလုပ်ငန်းမှာ ပျော်မွေ့ နေတဲ့ သဘောတော့ရှိတယ်။
နောက်တစ်ခုကျတော့လည်း ဒါက ဖြစ်ချင်မှလည်း ဖြစ်မှာပါ၊ ဒီအထဲမှာ လူမိုက်ခေါင်းဆောင် ဆိုတာ တော့ ရှိမှာပဲ။ အကုန်လုံးတော့ ပြောဖို့ခက်တယ်၊ ပြန်ချင်တဲ့သူလည်းရှိတယ်၊ ဒါပေမဲ့ အဲဒီပြန်ချင်တဲ့သူ လည်း မပြောရဲဘူး၊ ဘာလို့လဲဆိုတော့ ခေါင်းဆောင်တွေက အဲဒီလူတွေကို ကျွန်တော်တို့ရထားတဲ့ သတင်း အရ ဝယ်ထားတဲ့သဘောတော့ရှိတယ်။ ဆိုတော့ အဲဒီလူတွေကလည်း ပြန်ချင်သည့်တိုင်အောင် ပြောမှ မပြောရဲဘဲ၊ ဘာလို့လဲဆိုတော့ ချုပ်ကိုင်ထားတာကို၊ အဲလိုပြောသံလေးတွေလည်း ကြားနေ ရတာရှိတယ်။
ဘယ်လောက်အထိ အမှန်အကန်သေချာပြောလို့ မရဘူးဆိုပေမယ့် တခုခုတော့ တခုခု မှားနေတယ် ဆိုတာ သိတယ်။ ဘာလို့လဲဆို ဒီလူတွေဟာ ပုံမှန်ဆို မပြန်ချင်စရာ အကြောင်းမရှိဘူးလေ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်း ပြည်ပဲဟာ၊ အလိမ်ခံရတယ်ဆိုရင် ဘယ်ပျော်မလဲ ဒီလိုနေရာမျိုးမှာ၊ အခုက သူတို့က ပျော်နေတယ်ဆိုတော့၊ ဆက်နေချင်နေတယ်ဆိုတော့ အဲဒါကြီးက မဟုတ်သေးဘူးလေ။
ခုနက ကျွန်တော်ပြောတဲ့အထဲမှာ ပါတယ်။ သူတို့က တခြားနေရာသွားချင်တယ်၊ ရွေ့ချင်တယ်ဆိုပြီး ချဉ်းကပ်လာတာရှိတယ်။ ဒီအလုပ်က ပိုက်ဆံအရမ်းရလွယ်တာကို။ တစ်ယောက်ဆို ကျွန်တော် မေးကြည့်တာ တလတည်းမှာ အမေရိကန်ဒေါ်လာ ၅ သိန်းလောက်အထိရတယ်။
မဏ္ဍိုင် – သူတို့ကိုချုပ်ကိုင်ထားတဲ့သူဆိုတာမျိုးကိုရော ဆရာတို့ တွေ့မိတာရှိလား။
ဖြေ – အဲဒါတော့ သေချာပြောလို့ မရဘူး။
မဏ္ဍိုင် – အဲဒီမှာ မီးတွေရှို့နေတာတွေ့ရတယ်။ ပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မေးကြည့်တော့ လည်း ဓားတွေ၊ တုတ်တွေနဲ့ ရန်လိုတဲ့သဘောတွေ တွေ့ရတယ်ဆိုတော့ အဲဒါက ဘာကြောင့်များ ဖြစ်ရတာလဲ။
ဖြေ – အဓိက အားဖြင့်တော့ သူတို့က ဒီမှာ မနေချင်ဘူး၊ ထွက်ချင်တော့ နည်းလမ်းတွေရှာ တယ်၊ တချို့ ခြံစည်းရိုး အုတ်နံရံကြီးပေါ်က ခုန်ချတယ်၊ ခုန်ထားတာ ဒဏ်ရာ အနာတရဖြစ်တယ်၊ အဲတော့ ကျွန်တော် တို့ က တတ်နိုင်သလောက် ကူညီတယ်၊ ဒါပေမဲ့ ကျွန်တော်တို့မှာ အခက်အခဲက ဆက်သွယ်ရေး ကိုဖြတ်လို့ မရဘူး၊ ဖြတ်လို့ မရတဲ့အခါကျတော့ ကျွန်တော်တို့ကို မဟုတ်တဲ့ မကောင်းကြောင်း တွေလျှောက်ပြောတော့၊ ကျွန်တော်တို့က အနာတရလုပ်ပြီးတော့၊ ဒဏ်ရာရအောင်လုပ်ပြီးတော့ နှိပ်စက်တယ်၊ အဲလိုမျိုးတွေ လျှောက်ပြီးတော့ သတင်းပေးတယ်၊ အဲတော့ ကျွန်တော်တို့အပေါ်မှာ အထင်မှား၊ အမြင်မှား ဖြစ်စရာအကြောင်းရှိတယ်၊ ဒါအမှန်လားဆိုတော့ မဟုတ်ဘူး၊ သူတို့တွေ ကြံဖန်ပြီးတော့ ဘယ်လိုနည်းနဲ့ထွက်ရမလဲဆိုပြီးတော့ ကြံတာ၊ တချို့ကြတော့လည်း မီးရှို့တာပေါ့၊ ပြဿနာ မတက်၊ တက်အောင်လိုက်ပြီး မီးရှို့တယ်၊ အဲဒါတွေက ခဏခဏဖြစ်နေတာ နေ့တိုင်းလို။
မဏ္ဍိုင် – သူတို့က ထွက်ပြေးသွားတယ်ဆိုတော့ ထိုင်းဘက်ကို ထွက်ပြေးသွားဖို့လည်း မဟုတ်ဘူး၊ ဒီအထဲမှာပဲ နေမယ်ဆိုတဲ့သဘောလား ဆရာ။
ဖြေ – ဟုတ်တယ်၊ သူက ဘယ်နေရာမှာ လိမ်တဲ့နေရာရှိလဲဆိုတာ အဲကိုပဲသွားချင်နေတာ။
မဏ္ဍိုင် – ဒီအနားမှာရော ကျားဖြန့်ဆိုက်တွေက ရှိသေးလား ဆရာ။
ဖြေ – ကျွန်တော်က နေရာအတိအကျတော့ ပြောလို့ မရဘူး၊ ဒါပေမဲ့ ဒီတခုတည်းတော့ မကဘူး၊ တခြားနေရာတွေ အများကြီးရှိတယ်။ ရှိတာတော့ အများကြီးရှိတယ်။
မဏ္ဍိုင် – အခု ပြန်မထွက်သေးတဲ့သူတွေက တစ်ထောင်လောက်ရှိတယ်။ ဆရာတို့ အဲဒါတွေကို ဘယ်လို ဆက်လုပ်သွားဖို့ရှိလဲ။
ဖြေ – အဲဒါတွေက ကျွန်တော်လည်း အတိအကျပြောလို့ မရသေးဘူး၊ ကျွန်တော်တို့လည်း စဉ်းစားနေတုန်းပဲ။ တနည်းနည်းနဲ့ ကိုင်တွယ်ရလိမ့်မယ်လို့တော့ ကျွန်တော်တို့က ယူဆပါတယ်။ အခုလောလောဆယ်ကတော့ ကျွန်တော်တို့ စဉ်းစားနေဆဲပဲ။ ဖြစ်နိုင်ရင်တော့ နိုင်ငံတကာပါဝင်မှုက အရမ်းအရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ နဂိုကတည်းက အဲဒါတွေက အတွေ့အကြုံ မရှိခဲ့ ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုနည်းလမ်းနဲ့ ကျော်ဖြတ်သွားမလဲဆိုတာတော့ ကျွန်တော်တို့ စဉ်းစားနေတုန်းပါပဲ၊ အဓိက နိုင်ငံတကာပါဝင် ပတ်သက်မှုက အရမ်းကို အရေးကြီးနေတယ်ဆိုတာ ဒီနေရာက ဖော်ပြနေလို့ပဲ။ ရိုးရိုးသာမန်လူဆက်ဆံရတာမဟုတ်ဘူး၊ ဒီလူတွေက လူမိုက်တွေ။
မဏ္ဍိုင် – တရုတ်သံရုံကိုရော ဆက်သွယ်တာမျိုးရှိလား၊ သူတို့ကရော ဘယ်လိုတုန့်ပြန်လဲပေါ့။
ဖြေ – ကျွန်တော်တို့ကတော့ တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်လို့ နည်းလမ်းပေါင်းစုံနဲ့ ချဉ်းကပ်နေကြတာပဲလေ။ ဒါပေမဲ့ အခုထက်ထိတော့ အဖြေက မထွက်သေးဘူး ဆိုတော့၊ တဖက်ကလည်း စစ်ကောင်စီက ဝုန်းဒိုင်း၊ ဝုန်းဒိုင်းနဲ့ ပစ်ခတ်နေတာတွေ ကြားနေရတာပဲလေ။ ကျွန်တော်တို့လုပ်နေတဲ့ လုပ်ရပ်ကို (စစ်ကောင်စီက) ဆန့်ကျင်ဖျက်ဆီးနေတာပဲဖြစ်တယ်။
ကျွန်တော်တို့က ဒီလုပ်ငန်းကို တိုက်ဖျက်နေတဲ့အခါမှာ သူတို့က အဲဒီလုပ်ငန်းတိုက်ဖျက်နေတာကို မကြိုက်ဘူး၊ ဆန့်ကျင်နေတယ်။ နိုင်ငံတကာကလည်း ဘယ်လိုသဘောပေါက်လဲတော့ မသိဘူး။
ဒါက တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ ပြဿနာဖြစ်တယ်၊ ဒီဒေသထဲမှာပဲ ဒုက္ခပေးတာမဟုတ်ဘူး၊ ကျွန်တော်တို့ စစ်ဆေးချက်အရ ဒီလူတွေဟာ တစ်ကမ္ဘာလုံးက လူတွေဖြစ်နေတယ်။ ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြီး ဖြစ်နေပြီ၊ အမေရိကန်ကြီးပဲ အလိမ်ခံရတာမဟုတ်ဘူး၊ တရုတ်ကြီးပဲ အလိမ်ခံရတာမဟုတ်ဘူး၊ တစ်ကမ္ဘာလုံးကို ပတ်လိမ်နေတာ။
မဏ္ဍိုင် – အခု အမေရိကန်ကလည်း အဖွဲ့ဖွဲ့ပြီးတော့ လုပ်နေတယ်၊ ဆရာတို့အနေနဲ့ အဲဒီအဖွဲ့နဲ့ ဆက်သွယ်တာမျိုး၊ ဒါမှမဟုတ် သူတို့ဘက်ကရော ဆက်သွယ်လာတာမျိုးရှိလား။ စစ်ကောင်စီကတော့ ရတဲ့အချက်အလက် (သက်သေတွေ)ကို) ဖျက်စီးတဲ့သဘောတွေ့ရတယ်၊ ဆရာတို့ဆီမှာတော့ သက်သေ တွေရှိနေပြီလို့တော့ ယူဆတယ်၊ အဲတော့ အဲဒီအဖွဲ့တွေ ဆက်သွယ်လာတာမျိုးရှိလားဆိုတော့ ပြောပြပေးပါဦး။
ဖြေ – အဲဒါတွေက ကျနော်တို့ ယတိပြတ်ပြောဖို့ အရမ်းခက်တယ်၊ သူတို့တိုင်းပြည်က ဒီမိုကရေစီ တိုင်းပြည်၊ တစ်ခုခုလုပ်ပြီးဆိုရင် လူထုအသံကနေတဆင့်ချင်သွားတဲ့အခါကျတော့၊ သူ့လုပ်ငန်းစဉ် နဲ့သွားတဲ့အခါကျတော့ ဘယ်လောက်အထိအကောင်အထည်ဖော်မလဲတော့ ကျွန်တော် မသိဘူး၊ အခုထက်ထိတော့ ကျွန်တော်တို့ဆီ တိုက်ရိုက်ဆက်သွယ်လာတာမျိုးတော့ မရှိဘူး၊ ဒါပေမဲ့ သူ့နည်း သူ့ဟန်တဲ့ လုပ်တာတော့လည်းရှိမှာပေါ့။ တချိန်တည်းမှာလည်း လုပ်နေပြီလို့ သူတို့က တရားဝင် ကြေညာထားတဲ့ဟာ၊ မလုပ်ဘူးလို့ပြောရင်လည်း လူတွေက ယုံမှာလည်း မဟုတ်ဘူး၊ ဒါပေမဲ့ တကယ် တမ်းဆိုရင် လူတွေက တိတိကျကျပြောလို့ မရသေးဘူး၊ ဒါပေမဲ့ လုပ်ငန်းစဉ်ထဲမှာ ရှိနေတယ်ဆို တာကတော့ အလေးအနက်ပြောလို့ရတယ်။ ဥပမာပြောရရင်တော့ ဒီဇယ်အင်ဂျင်စက်နဲ့တူတာပေါ့၊ ဒီဇယ်သုံးတဲ့စက်ကတော့ အထနှေးတယ်၊ ဒါပေမဲ့ အရှိန်ရသွားရင်တော့ တားလို့မရတော့ ဘူးဆိုတာတော့ သေချာတယ်၊ ကျွန်တော်တို့ကတော့ အဲလိုပဲမြင်တယ်။
မဏ္ဍိုင် – အခုကျတော့ ဆရာတို့အနေနဲ့ သက်သေတွေရထားပြီလား၊ ဘယ်လိုသက်သေတွေ ရထား ပြီလဲ။
ဖြေ – အဲဒါတွေကတော့ ကျွန်တော် မပြောတတ်ဘူး၊ အဲဒါတွေက အင်မတန်မှ ဆန်းပြားတဲ့နည်းနာတွေ၊ တိုးတက်တဲ့ခေတ်မီတဲ့ဟာတွေကျတော့ ကျွန်တော်တို့က သက်ဆိုင်ရာကိုပဲ လွှဲအပ်လိုက်တာပေါ့နော်။ ကျွန်တော်တို့ လိုက်လို့မမီတဲ့ဟာတွေလည်း အများကြီးရှိတယ်။
မဏ္ဍိုင် – နောက်တစ်ခုက အင်ကြင်းမြိုင်မှာလည်း ကျားဖြန့်ဆိုက်တွေရှိတာကိုး၊ မင်းလက်ပံကိုကျတော့ ဆရာတို့ ဝင်စီးလိုက်ကြတယ်ဆိုတော့ အဓိကက ဘာကြောင့်လဲပေါ့။
ဖြေ – ကျွန်တော်တို့ မူဝါဒက ရှင်းရှင်းလေးပဲ။ အဲဒီမကောင်းမှုလုပ်တဲ့ဟာ ကျွန်တော်တို့မူဝါဒအရ လုံးလုံးကြီးကို ဆန့်ကျင်တယ်၊ အဲဒီဆန့်ကျင်တဲ့ဟာကို လုပ်နေတယ်ဆိုတာကိုတော့ ဘယ်သူမှ ခွင့်ပြုလို့ မရဘူး၊ ဒါပေမဲ့ ကျွန်တော်တို့လည်း ခဏခဏပြောတာပဲ နိုင်ငံတကာပါဝင်ပတ်သက်မှုက အရမ်းကို အရေးကြီးပါတယ်။
ကျွန်တော်တို့ မနိုင်ဘူး၊ ကျွန်တော်တို့မှာ လုပ်သားအင်အားရော၊ ရုပ်ဝထ္ထုပစ္စည်းဆိုင်ရာ အကုန်လုံး အကန့် အသတ်ရှိတယ်၊ နည်းပညာပိုင်းဆိုင်ရာရော အကုန်လုံး၊ ပြဿနာဖြစ်လာပြီ လူတွေကို ပြန်ပို့ပြီဆိုရင် အဲဒီလူတွေကို ဘယ်သူက လက်ခံမလဲ၊ အဲဒါတွေကအစ အကုန်လုံး အကန့် အသတ် ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုအကန့်အသတ်ရှိနေတဲ့ကြားထဲကပဲ ကျွန်တော်တို့ ကိုယ့်ဟာ ကိုယ်စိုက် ထုတ်ပြီး ရှိသမျှ အကုန် ပုံအောပြီးတော့ လုပ်နေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါကြီးက ကမ္ဘာကြီး ဒုက္ခပေးတဲ့ဟာ၊ ကျွန်တော်တို့ ကရင်ကို ဒုက္ခပေးနေတာမဟုတ်ဘူး၊ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေတာ။
မဏ္ဍိုင် – နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ ဘယ်အချက်ကိုပြောချင်တာလဲ မသိဘူး။
ဖြေ – ပစ္စည်းအား၊ လူအား အကုန်လုံးပါတယ်၊ ဥာဏအား၊ ကျွန်တော်တို့ဘက်က အကန့်အသတ် ရှိတာတွေ တကယ်ကို လိုအပ်တဲ့ဗျ၊ ကျွန်တော်တို့မှာ လုံးလုံး မရှိတာ မဟုတ်ဘူး၊ ရှိတယ်၊ ဘယ်လိုမှ မလုံလောက်ဘူး၊ လိုတယ်၊ နိုင်ငံတကာပါဝင်ပတ်သက်မှုဆိုတာ။ အဲဒါတွေက ပူးပေါင်းဆောင်ရွက်မှပဲ အကုန်လုံးအဆင်ပြေမှာ။ လူမှုရေးအရကြည့်ရမလား၊ လူသားချင်းစာနာထောက်ထားခြင်းက ကြည့်ရမလား၊ အကုန်လုံးပါဝင် ပတ်သက်နေတယ်၊ ဒီလိုသွားပြီး ဝင်စီးလိုက်ပြီ၊ ပြန်ပို့ပြီဆိုရင် လူသားချင်းစာနာထောက်ထားမှု မရှိရင် ဘယ်သူမှ လက်မခံဘူး။ အခုလည်းသောင်တင်နေပြီလေ။ အဲဒါက ရှင်းနေတာပဲ။
မဏ္ဍိုင် – ဆရာဆိုလိုချင်တာက ရထားတဲ့လူတို့၊ သက်သေတို့၊ ဖမ်းဆီးထားတဲ့လူတွေကို စုံစမ်စစ်ဆေးဖို့ အဲဒီအတွက် နည်းပညာတွေ လိုတယ်လို့ ပြောချင်တာပေါ့။
ဖြေ – ဟုတ်တယ်၊ နည်းပညာတွေက အရမ်းမြင့်တယ်၊ ကျွန်တော်တို့ မမီနိုင်တဲ့ဟာတွေဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ တတ်အားသ၍ ပူးပေါင်းဆောင်ရွက်မယ်၊ ကျွန်တော်တို့က ကိုယ်နယ်မြေထဲမှာ မကောင်းမှုဟာကို မထားချင်ဘူး။ အကုန်လုံးရှင်းထုတ်ပစ်မယ်။
မဏ္ဍိုင် – ဒီဆိုက်ကို ဝင်စီးတဲ့အခါ အွန်လိုင်းငွေလိမ်ဂိုဏ်းအပြင် တခြားဘယ်လိုမျိုး ရာဇဝတ်ကျူးလွန် တာတွေ တွေ့ထားတာရှိလဲ။
ဖြေ – ကျွန်တော်တို့ လောလောဆယ်တော့ ပြောလို့ မရသေးဘူး၊ ဒါပေမဲ့ တစ်ခုသေချာတာက အင်္ဂလိပ် စကားနဲ့ပြောရရင် ဒါက Package၊ အထုပ်တစ်ခုလိုပဲ၊ အဲဒီပစ္စည်းထဲမှာ 3 in 1 လား၊ 4 in 1 လား မသိဘူး။ ဥပမာ ကျားဖြန့်ဆိုတဲ့ ငွေလိမ်တာရယ်၊ နောက်ပြီးတော့ မူးယစ်ဆေးဝါးရယ်၊ ပြီးတော့ နောက် တစ်ခုက တရားမဝင်လူကုန်ကူးမှုရယ်၊ နောက်ပြီးတော့ တရားမဝင်လောင်းကစားမှုရယ်၊ အဲဒါတွေ အကုန်လုံး သုံးလေးမျိုးက အကုန်လုံး၊ 3 in 1 4 in 1 အကုန်လုံးအတူတူပဲ၊ Package လိုပဲ။ တစ်ခုလုပ်ရင် အကုန်လုံး ရှင်းထုတ်ရမှာ။ ထားလို့ မရဘူး၊ အကုန်လုံးက လူတွေကို ဒုက္ခပေးတဲ့ဟာတွေချည်းပဲ။
မဏ္ဍိုင် – အခုဆရာတို့လည်း ဒီလူတွေကို လုံခြုံရေးအရ ထိန်းသိမ်းထားရတာရှိတယ်။ စောစောက လည်း ထမင်းထုတ်တွေ ကျွေးမွေးနေတာတွေ တွေ့တယ်၊ ပြန်ပို့ပေးနေတဲ့ဟာတွေလည်း လုပ်ပေးနေ တာတွေ ရှိတဲ့အခါကျတော့ အဲဒီမှာ ကိုယ်က ဘယ်လောက်အထိတာဝန်ယူထားရလဲ၊ ကုန်ကျမှုတွေက ဘယ်လောက် လောက်ရှိနေပြီလဲ၊ ပြောရသလောက် ပြောပေးပါဦးခင်ဗျ။ ဒါလုပ်ရတာ ဘယ်လောက် တာဝန်ကြီးလဲပေါ့။
ဖြေ – တကယ်ကို တာဝန်ကြီးတယ်ဗျာ၊ လူသားချင်းစာနာထောက်ထားမှု ရှုထောင့်က တစ်ခုတည်း ကြည့်၊ လူတွေက လူတွေပဲဖြစ်တယ်၊ ဘယ်လောက် လူဆိုးပဲ လူကောင်းပဲဖြစ်ဖြစ်၊ လူက အသက်ရှင် တယ်၊ စားဖို့လို တယ်၊ အခုက ဘယ်သူမှ လာမပေးတော့ ထုတ်ရတာပဲလေ။ ကျွန်တော်တို့ ထုတ်ပြန် ချက် မှာ ထုတ်ထားပြီးသား၊ ဒူပလာခရိုင်ကနေ အားစိုက်ပြီး ထုတ်နေရတာပဲ။ ဒီနယ်မြေက တပ်မဟာ ၆ ဒူးပလာယာခရိုင်နယ်မြေလေ။ သူတို့က အိမ်ရှင်လို့ဖြစ်နေတာပေါ့၊ ရှိသမျှအရင်းအမြစ် ရှိရှိ မရှိရှိ သူလုပ်နေရတာပဲ။ ဒါတွေက ကျွန်တော်တို့အတွက် တကယ်ကို ကြီးလေးတဲ့ ဝန်ထုတ်ဝန်ပိုးကြီးတွေ၊ ဝန်ထုတ်ဝန်ပိုးတော့ မပြောချင်ပါဘူးဗျာ၊ ဒါပေမဲ့ တာဝန်ကြီးတစ်ခုလိုတော့ ဖြစ်သွားတာပေါ့။
မဏ္ဍိုင် – အခုကျားဖြန့်လုပ်ငန်းတွေဟာ စစ်ကောင်စီနဲ့ဆက်နွယ်မှုရှိတယ်၊ ဥပမာ BGF လည်းပါ တယ်လို့ ပြောကြတာပေါ့နော်။ ဒါပေမဲ့လည်း BGF အရာရှိကတော့ သူက မြေနေရာပဲ ငှားတာပေါ့နော်၊ သူတို့နဲ့ မပတ်သက်ဘူးပေါ့။ ဆိုတော့ သူတို့နဲ့မဟုတ်ရင်တောင် စစ်ကောင်စီနဲ့ပါဝင်ပတ်သက်မှု ရှိတယ်ဆိုတဲ့ အထောက်အထား ဆရာတို့မှာရှိလား။
ဖြေ – အဲဒီအထောက်အထားရှိရင်လည်း အများကြီးရှိမှာပဲ၊ ရှိနိုင်တာ ဘယ်နေရာသွားရှာမလဲဆိုတော့ ကျွန်တော်တို့ဝင်စီးတယ်၊ ဖုန်းတွေရှိတယ်၊ ကွန်ပျူတာတွေရှိတယ်၊ စာရွက်စာတမ်းတွေရှိတယ်။ အဲဒါတွေကို စစ်ဆေးရင် ပေါ်လာမှာပဲ။ ဘယ်လိုမှ ငြင်းလို့မရဘူး။ ရှင်းရှင်းလင်းလင်းထောက်ပြ လို့ရတာက ကျွန်တော်တို့လုပ်နေတဲ့ တိုက်ဖျက်ရေးဟာ တကယ့်တိုက်ဖျက်ရေးအစစ်အမှန်ဖြစ်တယ်။ ကျွန်တော်တို့ ဖမ်းလို့ရတဲ့ဟာ တစ်ခုမှ မဖျက်ဆီးဘူး။ သိမ်းထားတယ်၊ လိုအပ်တဲ့အချိန်မှာ စစ်ဆေးမယ်၊ ဖော်ထုတ်မယ်။
စစ်ကောင်စီလုပ်တာက အကုန်လုံး ဗုံးခွဲဖျက်စီးပြီး ခြေရာဖျောက်လိုက်တာလေ။ သက်သေ အထောက် အထား အကုန်ဖျက်စီးတာလေ။ ဒါက ငွေလိမ်ဂိုဏ်းထဲမှာ ပါဝင်ပတ်သက်မှု ပြစ်မှုတစ်ခုတည်း မဟုတ် ဘူး၊ နောက်ထပ် ရာဇဝတ်မှုတစ်ခုဖြစ်တဲ့သက်သေအထောက်အထားတွေကို ဖျက်စီးလိုက်တဲ့ နောက်ထပ်ရာဇဝတ်မှုတစ်ခု ထပ်ပြီး ကျူးလွန်နေပြီ။ အဲဒါက ကျွန်တော်တို့နဲ့ လုံးဝကွာတဲ့အချက်ပဲ။
မဏ္ဍိုင် – ဆိုလိုတာက စစ်တပ်ရဲ့ပါဝင်ပတ်သက်မှုကို လက်ဆုတ်လက်ကိုင် ပြနိုင်တဲ့အရာ ဘာရှိလဲပေါ့။
ဖြေ – အဲဒီဖုန်းထဲမှာ စစ်ကြည့်လိုက်ရင်လေ ဆက်သွယ်မှုတွေက ဘာတွေ၊ ဘာတွေရှိတယ်ဆိုတာ အကုန်ပေါ်မှာပဲ။ ဘယ်သူကနေ ဘယ်သူဆိုတာ၊ အဲဒါတွေကိုတော့ ကျနော် ထပ်ပြီးတော့ အသေးစိတ်ပြောစရာ မလိုဘူး။
မဏ္ဍိုင် – ဆရာ့အနေနဲ့ ဘာတွေဖြည့်စွက်ပြောချင်သေးလဲ။
ဖြေ – ကျွန်တော်တို့ရဲ့ ဒီလုပ်ငန်းကတော့ ရပ်ထားလို့မရဘူး၊ ကိုယ့်အင်အားမရှိဘူးဆိုပေမယ့် ရပ်ထားလို့ မရဘူး။ လုပ်စရာရှိတာကို ဆက်လုပ်သွားမယ်။ ဒါပေမဲ့ နိုင်ငံတကာပါဝင်ပတ်သက်မှုက အရမ်းကို အရေးကြီးပြီး၊ ဒါက ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်တယ်၊ တစ်ကမ္ဘာလုံးကို ဒုက္ခပေးမယ့်ဟာ၊ အဲဒါကြောင့်မို့ တစ်ကမ္ဘာလုံးကလည်း သူ့အရေးရယ်လို့ ခံယူပြီးတယ်ဆိုရင် မနှေးအမြန် ကျွန်တော်တို့ လက်တွဲ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတာ အဲဒါပဲ ထပ်ပြောချင်တယ်။
3 comments
Oi, 8dayvip, eh? VIP treatment, that’s what I’m talkin’ about. Gonna give it a burl and see if it lives up to the hype. Fingers crossed! 8dayvip
a45com https://www.a45com.org
phtaya11 https://www.phtaya11y.com