နွေးဦးအကျဉ်းသားရဲ့ နရသိန်ဒိုင်ယာရီ

ဒေါင်းမြီး ရေးသည်။

မဏ္ဍိုင် ၊ ဒီဇင်ဘာ ၂၊ ၂၀၂၅။

စစ်စည်းတွေကတော့ ထောင်ပိုင်လေး ဘောင်ချာတွေပါပဲ။

ထောင်မှာ အကျဉ်းသားတွေကို ထောင်အုပ်ချုပ်ရေးအတွက်နေရာတွေ ပေးထားပါတယ်။ အမြင့်ဆုံးရာထူးကတော့ တန်းစီးချုပ်ပါ။ ထောင်ထဲက ထောင်ပြင်မထွက်ရတာ၊ အကျဆောင်မှာ ညအိပ်ရတာ၊ ထောင်ဝတ်စုံဝတ်ရတာကလွဲရင် ထောင်ဝန်ထမ်းတစ်ဦးထက်ကို လုပ်ပိုင်ခွင့်ရထားပါတယ်။ ဒီနေရာက ငွေပေးနိုင်လည်း မရပါဘူး။ မိုက်ဂုဏ်လည်း ရှိရမယ်၊ ထောင်ဝန်ထမ်းတွေကိုလည်း ရိုသေရမယ်၊ တောင့်တင်းတဲ့ အုပ်စုလည်း ရှိတဲ့ လူမိုက်မျိုးကို ခန့်ထားတာများပါတယ်။

ထောင်ပိုင်တန်းစီရှိချိန်ဆို ထောင်ပိုင်ကြီးရဲ့အနီးမှာ အခြားထောင်ဝန်ထမ်းတွေနဲ့ လိုက်ပါခွင့်ရပါတယ်။ ထောင်ပိုင်တန်းစီဆိုတာက အကျဉ်းထောင်ဥပဒေ (Jill M) အရ အပတ်စဉ် တနင်္လာနေ့ နံနက် ထောင်မဖွင့်မီ ထောင်တစ်ခုလုံးကို ထောင်ပိုင်ကြီးက လိုက်လံကြည့်ရှုစစ်ဆေးတာပါ။ ထောင်တစ်ခုလုံးမှာ ရှိသမျှ အကျဉ်းသားထားတဲ့ အခန်းတွေဆီ သွားပြီး လိုအပ်ချက်ရှိတာ သိဖို့၊ အကျဉ်းသားတွေက လိုအပ်ချက်/ အခက်အခဲ တင်ပြတာ နားထောင်ပြီး ဥပဒေအရ ဖြည့်ဆည်းပေးဖို့ လှည့်လည်ကြည့်ရှုတာလည်း ဖြစ်ပါတယ်။ အခြားအမှုတွေကတော့ တင်ပြခွင့်မရပါဘူး။ မတင်ပြဖို့ အခန်းလူကြီးတွေက တားမြစ်ထားပါတယ်။ တင်ပြရင် ရိုက်နှက်တာ ခံရပါတယ်။

ထောင်ပိုင်တန်းစီရှိတဲ့နေ့ဆို ထောင်က ထောင်မှုးလေး၊ ထောင်မှုးကြီး၊ ထောင်ပိုင်လေး၊ ဆရာဝန်ကြီး၊ ထောင်ပိုင်ကြီးရဲ့ လုံခြုံရေးအတွက် ရာဘာတုတ်ကိုင်ထားတဲ့ တပ်သား ၄ ဦး အသင့်အနေအထားနဲ့ လိုက်ပါရပါတယ်။ အဲဒီမှာ တန်းစီးချုပ်လည်း လိုက်ပါခွင့်ရပါတယ်။

နောက် ထောင်ရှာဖွေရေးမှာလည်း လိုက်ပါရပြီး ရှာဖွေရေးလုပ်တဲ့အခန်းက အခန်းလူကြီးနဲ့အတူ ရှာဖွေရေးကို သက်သေခံရပါတယ်။

နောက် အလုပ်ဘုတ် ထုတ်တာတွေကိုလည်း ကြီးကြပ်ရပါတယ်။ အပြင်က ဝင်လာတဲ့ ပါဆယ်ထုတ်တွေကို ရှာဖွေတာ၊ ရုံးထုတ်ပြန်လာသူတွေကို ရှာဖွေတာ၊ ထောင်တွင်းပြစ်မှု ကျူးလွန်သူတွေကို အပြစ်ပေးတာ၊ အဆောင်ပြောင်းအကျဉ်းသားတွေကို ရွေ့ပြောင်းတာတွေလည်း ကြီးကြပ်ရပါတယ်။ ထောင်တခုလုံးအပြင် ထောင်ဘူးဝအထိ သွားခွင့်ရသူလည်း ဖြစ်ပါတယ်။ ထောင်ဘုရင်လို့လည်း ပြောနိုင်ပါတယ်။

အဆောင်စာရေးဆိုတာ ရှိပါတယ်။ ထောင်အာဏာပိုင်ကို ပိုက်ဆံပေးပြီး လုပ်ရတာပါ။ ဘာမှ လုပ်ပိုင်ခွင့်မရှိပေမယ့် အနေချောင်ပါတယ်။ တစ်ဆောင်လုံးရဲ့ ထောင်ဖွင့် ထောင်ပိတ်စာရင်း လုပ်ရတာပါ။ လိုအပ်တဲ့ စာရွက်စာတမ်းကို ကိုယ့်ပိုက်ဆံနဲ့ကို လုပ်ရပါတယ်။

ဆေးခန်းစာရေးဆိုတာက အဆောင်တစ်ခုကို ဆေးခန်းပြဖို့ စာရင်းကောက်ပြီး အချိန်ကျရင် ဆေးခန်းသွားပြပေးရတာပါ။ ဒါကလည်း ထောင်အာဏာပိုင်ကို ပိုက်ဆံပေးပြီး လုပ်ရတာပါ။ လိုအပ်တဲ့ စာအုပ်နဲ့ စာရွက်စာတမ်းတွေကို ကိုယ့်ငွေနဲ့ ကိုယ် လုပ်ရတာပါပဲ။ သူနဲ့ အဆင်မပြေရင်တော့ ဘယ်လောက်ပဲ ဆေးခန်းပြဖို့ လိုနေနေ၊ ဆေးခန်းပြခွင့် မရပါဘူး။

ရေကန်ဘာယာကတော့ အဆောင်စာရေး၊ ဆေးခန်းစာရေးတို့ထက် လုပ်ပိုင်ခွင့်ကြီးပါတယ်။ ဒါ့ကြောင့် ရေကန်ဘာယာဖြစ်ခွင့်ကလည်း ဈေးကြီးပါတယ်။ ရေချိုးခွင့်၊ အဝတ်လျှော်ခွင့်၊ ပန်းကန်ဆေးခွင့်ကို သူက ထိန်းချုပ်ထားတာကို။ ရေ ပေါပေါများများ ချိုးချင်ရင်တော့ သူ့ကို လိုင်းဝင်ထားဖို့ လိုပါတယ်။

တန်းစီးလို့ခေါ်တဲ့ အခန်းလူကြီးကတော့ အားကျစရာပေမယ့် တကယ်တော့ မလွယ်ပါဘူး။ အခန်းလူကြီးဖြစ်ဖို့ ထောင်အာဏာပိုင်ကို ပိုက်ဆံပေးရပါတယ်။ သိန်းဂဏန်းပေါက်ပါတယ်။ ပေးပြီး ပြီးရောလားဆိုတော့ မပြီးပါဘူး။ တစ်လကို ဘယ်လောက်ဆိုပြီး အဆောင်မှုးကို ရှာပေးရပြန်တယ်။ မရှာနိုင်ရင် ပြုတ်ပါတယ်။

ဘယ်ကရှာသလဲဆိုတော့ အခန်းထဲကို ရောက်လာတဲ့ ချုပ်သစ်၊ ကျသစ်တွေဆီကို လည်ပင်းညစ်ရတာပါ။ ပိုက်ဆံထွက်အောင် ထိုးကြိတ်ရတယ်။ ညစ်ရတယ်။ လုံးဝ ပိုက်ဆံမထွက်ရင် မိလ္လာဘေးကို နေရာချ။ အောက်ခြေသိမ်းလုပ်ခိုင်းတာမျိုးတွေနဲ့ ညစ်တာပါ။ နောက်ဆုံးနည်းကတော့ ဘယ်လောက်ရှာပေး။ မပေးနိုင်ရင် ဘာဖြစ်မယ်ဆိုတာမျိုး ခြိမ်းခြောက်ကြပါတယ်။ ဘယ်လိုမှ မရှာနိုင်ရင်တော့ ကိုယ်တိုင်ပဲ စိုက်ပေးပေါ့။

စည်းကမ်းထိန်းကလည်း တန်းစီးလိုပါပဲ။ ပိုက်ဆံပေးပြီး စည်းကမ်းထိန်းလုပ်ရတာဖြစ်ပေမယ့် အခန်းလူကြီးလိုပါပဲ။

အခန်းစာရေးကလည်း ထို့နည်းတူစွာပါပဲ။ ဒါပေမယ့်သူက စာရေးစာဖတ်တတ်ဖို့တော့ လိုပါတယ်။

ဘာယာဆိုတာ ရှိပါသေးတယ်။ ဘာယာကို ညစောင့်ဆိုပြောလည်း ရပါတယ်။ ဒီနေရာကို ရဖို့ အခန်းလူကြီးကို ပိုက်ဆံပေး(လိုင်းဝင်)ထားရတာပါ။

အခန်းတခန်းမှာ ဘာယာ ၄ ဦး ထားပါတယ်။ ”ခေါင်းချ” ဆိုတဲ့ အိပ်ဖို့ သံချောင်းခေါက်တဲ့ ည ၉နာရီကနေ ၁၁ နာရီအထိ တစ်ဦး၊ ၁၁နာရီကနေ ၁နာရီအထိ တဦး။၁နာရီကနေ ၃နာရီအထိ တဦး။၃နာရီကနေ အိပ်ယာထဖို့ သံခေါင်းခေါက်တဲ့ မနက် ၅နာရီ ခွဲအထိ တဦး စောင့်ရပါတယ်။

တာဝန်ကျ ဘာယာတွေဟာ ထိုင်နေလို့ မရပါဘူး။ အခန်းတွင်း ခေါက်တုံ့ခေါက်ပြန် ကိုင်ဆောင်ခွင့်ရထားတဲ့ တုတ်တချောင်းကိုင်ပြီး လမ်းလျှောက်နေရပါတယ်။ တာဝန်ကျ ဝန်ထမ်းက သတင်းပို့ဆိုရင်

“- ဆောင် – ခန်း၊အချုပ် ဘယ်နှစ်ဦး၊ထောင်ကျ ဘယ်နှစ်ဦး။ပေါင်း ဘယ်နှစ်ဦး။သတင်းပို့သူ ဘယ်နှစ်နာရီ ဘယ်နှစ်နာရီအထိ တာဝန်ကျ ထောင်ဝင်အမှတ် -/၂၁/၀၀—/က ဘာယာ ဘယ်သူ။ အားလုံးကောင်းပါသည် ခင်ဗျ။” ဆိုပြီး အလျင်အမြန် ပြောရပါတယ်။

အကျဉ်းသားတွေဟာ အပေါ့အလေးစွန့်ဖို့အတွက်

“ဘာယာ သေးပေါက်”

“ဘာယာ -ျီး-ို”

ဆိုပြီး ဘာယာကို ခွင့်တောင်းရပါတယ်။ ဘာယာက ခွင့်မပြုရင် မသွားရပါဘူး။ဘာယာက သူ့တာဝန်ချိန်မှာတော့ ဘုရင်လို့ကို ပြောနိုင်ပါတယ်။အခန်းလူကြီးတောင် အပေါ့အလေးစွန့်ဖို့ သူ့ကို ခွင့်တောင်းရပါတယ်။

ဒါ့အပြင်သူဟာ မအိပ်ဘဲ လှဲပြီး စကားတီးတိုးပြောနေသူတွေ၊အိပ်မပျော်လို့ လူးလှိမ့်နေသူတွေ၊”ဟောက်”နေတဲ့ သူတွေ၊”ယောင်”နေတဲ့ သူတွေကိုလည်း ရိုက်နှက်ခွင့်လည်း ရှိပါတယ်။

ဘာယာက အခန်းတခန်းအတွက် မရှိမဖြစ်ထားရပါတယ်။ညပိုင်းတွေမှာ အကျဉ်းသားတွေ ထောင်ဖောက်ဖို့ မကြံစည်နိုင်အောင် ထားတယ်ဆိုပေမယ့် သူရဲ မပူးနိုင်အောင် ထားခြင်းလည်း ဖြစ်ပါတယ်။

တခါတရံမှာ အကျဉ်းသားတစ်ဦးဟာ အိပ်နေတုန်း သူရဲစီးသလို ဖြစ်တတ်ပါတယ်။ သူရဲ့ ပါးစပ်က “ဟီးဟီး ဟားဟား” ဆိုပြီး ပုံမှန်မဟုတ်တဲ့ အသံနဲ့ ညဉ်းတွားတာမျိုးပါ။ အဲဒါက ချက်ခြင်းဆိုသလို သူ့ဘေးက အကျဉ်းသားကို ကူးပါတယ်။ အဲဒီလို ဆက်တိုက်ကူးရင်း အခြားအခန်းကိုပါ ကူးသွားပါတယ်။ တစ်ဆောင်လုံးအထိ ကူးတာတွေအထိ ဖြစ်သွားပါတယ်။

ဆိုးရွားတဲ့အခါတွေဆိုရင် အကျဉ်းသားတွေဟာ အဆောင်ကို ကာရံထားတဲ့ သစ်သားတိုင်၊ သံတိုင်တွေကို ခေါ်တဲ့ ဘာယာတန်းတွေပေါ် တက်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဘာယာက လက်သွက်ရင်တော့ အဲဒီလိုမျိုး ဖြစ်တာတွေကို တားဆီးနိုင်ပါတယ်။ အကျဉ်းသားက ညဉ်းတာနဲ့ အဲဒီအကျဉ်းသားကို ရိုက်နှက်တာမျိုးတွေ လုပ်လိုက်ရင်ပေါ့။

ဒါက ဖြစ်ခဲပေမယ့် ဖြစ်တတ်ပါတယ်။၂၀၂၁၊ သီးတင်းကျွတ်လပြည့်နေ့မှာ ပေးတဲ့ လွတ်/ငြိမ်းတုန်းက တစ်ခါ ဖြစ်ခဲ့ပါတယ်။

အလုပ်ဘုတ်ကတော့ တောင်ယာဘုတ်၊ လက်သမားဘုတ်၊ မိလ္လာဘုတ်၊ ထမင်းဘုတ်၊ ဖွဲဘုတ်တို့ ရှိပါတယ်။ လက်သမားဘုတ်ကတော့ စက်ချုပ်ဘုတ်လိုပါပဲ။ ဘုတ်ခေါင်းလို့ခေါ်တဲ့ လက်သမားဆရာတစ်ဦးနဲ့ အကူနှစ်ဦးလောက်ပဲ ရှိပါတယ်။ သူက ထောင်ဝန်ထမ်းတွေ လုပ်ခိုင်းတဲ့ ဗီဒို၊ စားပွဲ၊ ဖိနပ်စင်စသဖြင့် လုပ်ပေးရတာပါ။ သစ်ကတော့ ထောင်က သစ်ပေါ့။ ထောင်အလုပ်ဆိုလို့ အဆောင်တွေက ကွပ်ပျစ်ကျိုးတာတွေ ပြင်တာ။ ဝန်ထမ်းတွေ ညအိပ်ဖို့ ကွပ်ပျစ်ရိုက်တာ။ပြင်တာ အဲဒီလောက်ပါပဲ။

တခါတရံ သစ်တိုသစ်စလေးတွေနဲ့ အလှပြင်ခုံအသေးလေးတွေ။ ဖင်ထိုင်ခုံအသေးလေးတွေ လုပ်ပြီး အကျဉ်းသားတွေကို ရောင်းချတတ်ပါတယ်။

ထမင်းဘုတ်ကတော့ အဆောင်အလိုက် ထားကြတာပါ။ ဖိုကြီးက ချက်ပြီးတဲ့ အစားအစာတွေကို တဆောင်စာ မနက်တကြိမ်၊နေ့လည်တကြိမ်၊ညနေတကြိမ် ထမ်းပြီး အဆောင်ကို ယူလာရတာပါ။ပင်ပန်းပါတယ်။

ဖွဲအိတ်ဆိုတာက ဖိုကြီးမှာ ချက်ပြုတ်ဖို့ လောင်စာပါ။အပြင်က ထောင်ကပိုင်တဲ့ ကားနဲ့တိုက်လာပြီး ဖွဲဂိုဒေါင်မှာ ချတယ်။တခါ ဖိုကြီးမှာ လိုလာရင် ဖွဲဂိုဒေါင်ကနေ ဖိုကြီးကို ပြန်ထမ်းယူရတာပါ။

တောင်ယာဘုတ်ကတော့ သက်ဆိုင်ရာ အဆောင်အလိုက် အကျဉ်းသားတွေဆီက ပိုက်ဆံကောက်ပြီး စိုက်ပျိုးထားတဲ့ အသီးအရွက်ခင်းတွေပါ။

မိလ္လာဘုတ်ကတော့ အဆောင်တခုလုံးက မိလ္လာတွေကိုရေပုံးနဲ့ ခတ်ပြီး ခုနက ပြောတဲ့ စိုက်ခင်းတွေကို လောင်းကြတာပါ။အဲဒီစိုက်ခင်းက ထွက်လာတဲ့ သီးနှံတွေကို ဝန်ထမ်း၊အခန်းလူကြီး၊ဖိုခေါင်းတို့က ခွဲဝေယူပြီး စားကြပါတယ်။စားမကုန်တာကို ထောင်ထဲမှာ ပြန်ရောင်းပါတယ်။

ဆိုခဲ့တဲ့ ထမင်းဘုတ်၊ ဖွဲဘုတ်၊ တာင်ယာဘုတ်၊ မိလ္လာဘုတ်တွေကတော့ “ရှိ ၃ရှိ”မရှိတဲ့သူတွေ လုပ်ရတာပါ။ ဒါတင်မကပါဘူး။အခန်းလူကြီး၊စည်းကမ်းထိန်း၊အခန်းစာရေး၊အဆောင်စာရေးတို့ကို နင်းနှိပ်ပေးရတာ။ အဝတ်တွေ လျှော်ပေးရတာ။ စောင်တွေ လျှော်ပေးရတာမျိုးတွေလည်း လုပ်ပေးရပါတယ်။

ဘောင်ချာနည်းပေမယ့် အကျိုးအမြတ်များလွန်းတဲ့ ၅၀၅-က များ။

၃ဆောင် ၄ခန်းကို စရောက်တာနဲ့ အခန်းလူကြီးက ၅၀၅ပဲ။စည်းကမ်းထိန်းကတော့ ၅၀၅နဲ့ မူးယစ်မှု တွဲထားတဲ့တစ်ယောက်။သူက လွတ်/ငြိမ်းပေးတော့ ၅၀၅ ပြုတ်သွားပြီး မူးယစ်မှု ရင်ဆိုင်နေရတာ။(တကယ်က ဆန္ဒပြတဲ့နားက နေအိမ်တအိမ်မှာ ဆေးချနေတာ။ဖြိုခွဲမှုတွေလုပ်တော့ အဲဒီအိမ်ကို စစ်တပ်က ဝင်ရှာတယ်။ ဆေးချနေတာတွေ့တော့ ဖမ်းလာပြီး ဆန္ဒပြတယ်ဆိုပြီး ၅၀၅ ကပ်လိုက်တာ။

အခန်းစာရေးက ထွေ/အုပ်က ရပ်/ကျေးစာရေး CDM ။ဟိုဘက်ခန်း ၃ခန်းမှာလည်း အခန်းလူကြီး၊ စည်းကမ်းထိန်း၊ အဆောင်စာရေးအားလုံး ၅၀၅ ချည့်ပဲ။

သူတို့ ထောင်ရာထူး ယူရတာ ယူချင်လို့ ယူရတာ မဟုတ်ဘူး။နိုင်/ကျဉ်းတွေချည့် အခန်းထားပေးဖို့ တောင်းဆိုတော့ ထောင်အာဏာပိုင်တွေက အခန်းလူကြီးနဲ့ စည်းကမ်းထိန်းထားဖို့ ပြောတယ်။ကိုယ့်လူကိုယ်မှ မအုပ်ချုပ်ရင် အခြားအမှုတွေ ခေါ်ပြီး အုပ်ချုပ်ခိုင်းမယ်ဆိုလို့ ကိုယ့်ဟာကိုယ် ရွေးချယ်ပြီး ကိုယ့်လူကိုယ် ကိုယ် အုပ်ချုပ်ရတာ။ထောင်အထာမရှိဘူး။ ဒီမိုကရေစီ အပြည့်ပဲ။

အဆောင်မှာက ရေကန်ဗာယာရှိတယ်။ အဆောင်မှုးကို တောက်တိုမယ်ရလုပ်ပေးရသူရှိတယ်။သူတို့ နှစ်ယောက်လုံးက အခြားအမှုက။ ရေကန်ဗာယာကလည်း ခပ်/ချိုး လုပ်ဖို့ထားရတာ မလုပ်ဘူး။အခြားအမှုတွေပါ ရေအဝချိုးရတာ။ဘောင်ချာ ရှိလို့သာ နေရာ ပေးထားတာ။သူ့အလုပ်က ရေကန်မှာ ဘာမှမရှိဘူး။ ရေကန်ကို လှယ်ဖို့ ရက်သတ်မှတ်ပြီး အခြားအမှုတွေကို လှယ်ခိုင်းရတာပဲရှိတယ်။

နောက် ဆေးခန်းဘာယာ ရှိတယ်။သူလည်း အခြားအမှုက။ဆေးခန်းပြရမယ့်သူတွေကို စာရင်းကောက်ပြီး သတ်မှတ်ချိန်မှာ ဆေးခန်းပြဖို့ ဦးဆောင်ရတာ။(အဆောင် ၃ဆောင်ကို အချိန်နဲ့ ခွဲထားတာ။ ကိုယ့်အဆောင်အတွက် သတ်မှတ်ထားတဲ့အချိန်ရောက်မှာ ဆေးခန်းပြခွင့်ရတာပါ။)

၅၀၅ တွေက အခန်း ၃ ခန်းမှာ ၅၀ ကျော်ကျော်ပဲ ရှိတယ်။ အကျမရှိဘူး။ အချုပ်တွေချည်းပဲ။ ၁၀၀ကျော်ရှိတာ ၂၀၂၁၊ သီတင်းကျွတ်လပြည့်နေ့က ပေးတဲ့လွတ်/ငြိမ်းမှာ လွတ်သွားကျကုန်ပြီ။လွတ်/ငြိမ်းထဲမပါတဲ့သူတွေ ကျန်ခဲ့တာ။

အပေါ်မှာ ပြောခဲ့သလိုပဲ။၁ခန်းက အကျပုံစံခန်းပါ။၂ခန်းက ဘုတ်ခေါင်းအခန်းပါ။ ၃ခန်း၊ ၄ခန်းနဲ့ အပေါ်ထပ်က ၇ ခန်းက နိုင်/ကျဉ်းတွေသီးသန့်နေတာပါ။

တရားရုံးက အမိန့်ချလို့ ထောင်ကျသွားတဲ့ အခြားအမှုတွေဟာ ၁ခန်းကို မဖြစ်မနေ လာရပါတယ်။”ရှိ ၃ရှိ” မရှိရင် ငရဲရောက်တာပါပဲ။၂ပတ်လောက် ပုံစံပေးခံရတာပါ။၂ပတ်ကျော်မှ သူနေရမယ့် အကျဆောင်က အခန်းကို တခါပြန်ပို့ပါတယ်။ ”ရှိ ၃ ရှိ” မရှိရင် အဲဒီမှာ တခါ ထပ်ပြီး ငရဲခံပေးဦးပေါ့။ ပုံစံပေးရင် ရိုက်နှက်တာကိုတော့ ၂၀၂၂ ထဲမှာ ထောင်ပိုင်က တားမြစ်လိုက်ပါတယ်။ ဒါပေမယ့် ရိုက်နှက်တာပါပဲ။အရင်ကလောက် မဆိုးတော့တာပဲ ရှိတာပါ။

ပုံစံက ၄ မျိုး ရှိပါတယ်။ နံပါတ် ၁ ပုံစံက ခါးဆန့်ကာ တင်ပုလ္လင်ခွေထိုင်ပြီး ဒူးနှစ်ဘက်ပေါ်မှာ လက်သီးဆုတ်ထားတဲ့ လက်နှစ်ဘက်ကို တင်ထားတာပါ။ လက်မကို လက်သီးဆုပ်ထဲ ထည့်ပြီး ဝှက်ထားရပါတယ်။ အဲဒီပုံစံက တန်းစီ၊ လူစစ်တဲ့အခါ အသုံးပြုတာပါ။အဲဒါကို ထောင်က “၁ ပုံစံ” လို့ ခေါ်ပါတယ်။

နံပါတ် ၂ ပုံစံက မတ်တပ်ရပ်ပြီး ဖနောင့်နှစ်ဘက် ထိထားရပါတယ်။ ခြေဦးနှစ်ဘက်ကို အင်္ဂလိပ် အက္ခရာ ဗွီ (V)ပုံ ထားရပါတယ်။ ပုဆိုး အောက်ဘက်အစနှစ်စကို ဒူးလောက်ကနေစပြီး အစမထွက်အောင် ဒူးနဲ့ နှစ်ဘက် ညှပ်ထားရပါတယ်။လက်ကို ညာလက်ပေါ် ဘယ်လက်အုပ်ထားပြီး လက်မနှစ်ဘက်ကို ယှက်ကာ ကိုယ်ရဲ့ ငယ်ပါကို အုပ်ထားရပါတယ်။ခေါင်းငုံ့ထားရပါတယ်။ဝှက်ထားရပါတယ်။အဲဒီပုံစံက ထောင်အာဏာပိုင်တွေနဲ့ စကားပြောတဲ့အခါ အသုံးပြုတာပါ။အဲဒါကို ထောင်က “၂ ပုံစံ” လို့ ခေါ်ပါတယ်။

နံပါတ် ၃ ပုံစံက ဆောင့်ကြောင့်ထောင်ပြီး ထောင်ထားတဲ့ ဒူးနှစ်ဘက်ပေါ်မှာ လက်နှစ်ဘက်ကို ဆန့်ထားရတာပါ။လက်သီးဆုပ်မထား

ရပါဘူး။ဒီအတိုင်း ခပ်ကွေးကွေးအနေအထားနဲ့ ထားရပါတယ်။ဒါက ထောင်အရာရှိတွေ ဖြတ်သွားရင် အဲဒီပုံစံကို သုံးရတာပါ။အဲဒါကို ထောင်က “၃ ပုံစံ” လို့ ခေါ်ပါတယ်။

နံပါတ် ၄ ပုံစံက တင်ပုလ္လင်ခွေထားပြီး လက်ဘက်ကို ၂ပုံစံလို ယှက်ထားကာ ခါးမှာထားရပါတယ်။ ပြီးရင် ဦးခေါင်းကို ငုံ့ကာ ကြမ်းပြင်ကိုထိအောင် ဦးစိုက်အနေအထား ထားရပါတယ်။ဦးခေါင်းလည်း ကြမ်းပြင်ကို ထိထားရပါမယ်။ကြမ်းပြင်ကို ဖင်ကလည်း ထိနေရပါတယ်။ခါးပေါ်က လက်ကလည်း မပြုတ်ရပါဘူး။ဒါက ထောင်ဆူတဲ့အခါ အသုံးပြုကြတာပါ။ပုံစံကြီးလို့ခေါ်သလို “၄ ပုံစံ” လို့ ခေါ်ကြပါတယ်။

၄ပုံစံက အသုံးမပြုသလောက်ပါပဲ။ဒါပေမယ့် ပိုက်ဆံအထွက်ဆုံး ပုံစံပါ။ခက်လည်း ခက်တာကို။ဗိုက်ရှိတဲ့သူဆို ဘယ်လိုမှ အဆင်မပြေပါဘူး။

ပုံစံမောင်းတယ်ဆိုတာ ခုနလို ပုံစံတွေကို ပုံစံပြတဲ့ တခေါက်လုပ်ပြပါတယ်။ပါးစပ်ကလည်း ၁ ပုံစံဆို ဘယ်လိုအော်၊ ၂ ပုံစံဆို ဘယ်လိုအော်၊ ၃ ပုံစံဆို ဘယ်လိုအော်၊ ၄ ပုံစံဆို ဘယ်လိုအော်ဆိုပြီး ပြောပါတယ်။

ပြီးရင်တော့ သူက ၁ပုံလို့ အော်လိုက်ရင် ပုံစံမောင်းခံရသူတွေက လိုက်လုပ်ပေါ့။ပုံမကျရင် ရိုက်ပြီး မှားတဲ့နေရာ ပြင်ပေးပါတယ်။ပုံစံမှားရင်၊မှားအော်ရင် ရိုက်ပါတယ်။နည်းနည်းလေး ပုံစံမှန်လာရင် ဖေါက်အော်တောာ့တာပဲ။ ၁ပုံစံကနေ ၄ပုံစံဆိုပြီး လုပ်ခိုင်းတာမျိုး၊၃ပုံစံ ကနေ ၁ပုံစံ ပြန်သွားတာမျိုးပေါ့။

ပုံစံမောင်းတယ်ဆိုတာ အဲဒါပါ။တကယ်က ပုံစံမောင်းတာက အချုပ်ဆောင်မှာတည်းကပါ။ အချုပ်ပုံစံခန်းရှိပါတယ်။အားလုံး လုပ်တတ်ကြပြီးသားပါ။မလိုပေမယ့် ငွေညှစ်လို့ ရအောင် အကျ ပုံစံခန်းနဲ့ ထပ်မောင်းကြတာပါ။

၂ခန်းကတော့ အလုပ်ဘုတ်ခန်းပါ။ဘုတ်ခေါင်းတွေနဲ့ ဘာအလုပ်မှ မလုပ်ရအောင် ပိုက်ဆံပေးထားသူတွေကို ထား ကြတာပါ။

၅၀၅တွေထဲမှာ ဘောင်ချာဆိုတာ ၁၀ဦးလောက်ပဲရှိတယ်။ကျန်တော်အပါအဝင် အတော်များများက ဘာဘောင်ချာမှ မရှိဘူး။ဘာလိုင်းမှလည်းမဝင်ဘူး။ဘာပတ်သက်မှလည်း မရှိဘူး။

ဒါပေမယ့် ၅၀၅တွေနဲ့နေရတာ ထောင်အာဏာပိုင်တွေအတွက် အကျိုးအမြတ်များတယ်။

ထောင်ထဲမှာ စာရေးပြီး မိသားစုကို ပေးချင်ရင်ရတယ်။နိုင်ငံရေးနဲ့ထောင်အကြောင်း မပါစေနဲ့။ အထွက် တစ်စောင် ၂၀၀၀။အဝင်တစ်စောင်ကို ၂၀၀၀။

ထောင်ထဲကို ဘာသွင်းချင်လဲ။သံဖြတ်လွှနဲ့ လက်နက်ကလွဲပြီး အကုန်ရတယ်။ (ဒါတောင် ကျနော့်မှာ သံဖြတ်လွှ တချောင်းရှိတယ်။) ဆေးလိပ်၊အရက်တော့ မရဘူးပေါ့။ အခြားအမှုဘက်မှာတော့ ဆေးခြောက်နဲ့ WY ရတယ်။

အိမ်ကို ဖုန်းဆက်ချင်လား။ ရတယ်။ Miss Call ပေးလိုက်။ အိမ်ဘက်က ပြန်ခေါ်ပေးရမယ်။ ၁၅ မိနစ်ကို ၅၀၀၀။ တနေ့တနေ့ ဖုန်းဆက်ချင်သူက အယောက်၂၀ ထက် မနည်းဘူး။ လွတ်/ငြိမ်းမလာခင်ကဆို တုံကင်တောင် ယူထားရတယ်ဆိုပဲ။

ပိုက်ဆံသွင်းတာ ၂၀%ယူတယ်။ ၁သိန်းအိမ်ကပို့လိုက်ရင် ၈သောင်းပဲ ရောက်တယ်။ဈေးဘားဆိုတာရှိတယ်။ ဝန်ထမ်းသက်သာနဲ့ တွဲထားတယ်။အဲဒါကို အမျိုးသမီးဆောင်က ထောင်မှုးမကြီးက ကိုင်တယ်။အိမ်ကနေ ဈေးဘားကို ပိုက်ဆံသွင်းထားရတယ်။ကိုယ်စားချင်တာကို ဈေးဘားတာဝန်ခံဆီမှာ သွားပြီးစာရင်းပေး။ ဈေးဘားကနေ ကျသင့်သလောက်ကို စာရင်းလုပ်ထားပြီး ဖြတ်တယ်။ဈေးတော့ ကြီးတာပေါ့။ဈေးက ဘာပဲစားစား တစ်ဆနီးပါးတင်ထားတယ်။ထမင်းသုတ် တထုတ်ကို အပြင်မှာ ၅၀၀ဆို ဈေးဘားက မှာစားရင် ၈၀၀။

အကျဉ်းသားက ပိုက်ဆံကိုင်လို့မရဘူး။ ဒါပေမယ့် ဈေးဘားက ပိုက်ဆံကို ကိုယ်ကိုင်ထားချင်လား။ရတယ်။ ခုနပြောသလို ၂၀% ပေးရင်ရတယ်။

နောက်တခုက ကွမ်း။ကွမ်းက ဈေးနှစ်မျိုးရှိတယ်။သာမန်ကွမ်း။ပုံမှန်ကွမ်းပဲ။ဒါက အပြင်မှာ ၂၀၀ ဖိုးတထုတ်ကို ၅၀၀။နောက်က အကြံအဖန်ကွမ်း။သူက အပြင်မှာ ၂၀၀တန်ကို ၇၀၀။အကြံအဖန်ကွမ်းဆိုတာက ကွမ်းစားဆေး (ဆေးဝါ)ကို တပုံတပင်ကြီးနဲ့ပြောတာ။ဘယ်လောက်တောင် ဆေးများလဲဆိုရင် သာမန်ကွမ်းစားတဲ့ သူတွေတောင် အကြံအဖန်ကွမ်းကို ဆေးအကုန်ထုတ်ပြီးစားရင် မစားနိုင်ဘူး။ ခါးသက်နေသလို မူးလည်း မူးတယ်။ဆေးလေးလေးစားတဲ့သူလောက်ပဲ စားနိုင်တယ်။ အဲဒီ အကြံအဖန်ကွမ်းက အကျဉ်းသားရဲ့ အကြံအဖန်။ ဆေးတွေ ထုတ်ယူထားပြီး ကွမ်းအတိုင်း ၅၀၀နဲ့ ပြန်ရောင်းတယ်။ အခုထုတ်ယူထားတဲ့ဆေးတွေက ရေသန့်ဗူးပုလင်းဖုံးတဖုံးကို ထောင်ထဲမှာ ပြန်ရောင်းရင် ၅၀၀ ပေါက်တယ်။ ဘာလုပ်တာနဲ့ဆိုတော့ စာရွက်နဲ့လိပ်ပြီး ပွတ်ချွန်းလိပ်သောက်တာ။

ဆိုလိုတာက ၃ ဆောင်မှာ ၆လ တာဝန်ကျတဲ့ ဒုအဆောင်မှုး တပ်ကြပ်ကြီးဟာ စာအသွင်းအထုတ်၊ ပစ္စည်းဝယ်ပေးတာနဲ့တင် အိမ်တလုံးဆောက်နိုင်သွားတယ်။ ဖုန်းဆက်ပေးတဲ့ အဆောင်မှုးဆိုတာကတော့ တွေးသာကြည့်ပေါ့။

နေရာမရှောင်တိုက်ပွဲဝင်သူ ၅၀၅ များ

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံရတဲ့ ၅၀၅တွေဟာ ရောက်ရောက်ခြင်း ထောင်ရဲ့ ကြမ်းတမ်းမှုကို ခံစားခဲ့ရပါတယ်။ ပိုက်ဆံတတ်နိုင်သူတွေက ဘောင်ချာဖွင့်ကြတယ်။ ဘောင်ချာဆိုတာက ထောင်မှာ အလုပ်မလုပ်ရအောင်၊ အခြားအမှုတွေရဲ့ ရိုက်နှက်မခံရအောင်၊အေးဆေးနေရအောင် အဆောင်မှုး/ထောင်မှုး/ထောင်ပိုင်လေး/ထောင်ပိုင်ကို ပိုက်ဆံပေးထားတာကို ပြောတာပါ။

ပိုက်ဆံမတတ်နိုင်သူတွေကတော့ ထုံးစံအတိုင်း အရိုက်နှက်ခံ၊ဆူခဲခံ၊မိလ္လာခပ်၊တောင်ယာဆင်း လုပ်ကြရပါတယ်။ သူတို့က ထောင်ကို မတိုက်ခိုက်ရဲကြဘူး။ ဘာကြောင့်ဆို အတော်များများက နိုင်ငံရေးဖြတ်သန်းမှု မရှိတာရယ်၊CDM တွေ ဖြစ်နေလို့ပါ။ အဲဒီအချိန်အထိ သူတို့ကို တစုတစည်းတည်းမထားသေးဘူး။ အခြားအမှုတွေနဲ့ ရောထားတာ။

ဒီလိုနဲ့ ထောင်ကို နိုင်ငံရေးဖြတ်သန်းမှုအားကောင်းလွန်းတဲ့သူတွေ ရောက်လာကြတယ်။ သူတို့ရောက်လာတော့ သီးခြားထားပေးဖို့ တောင်းဆိုတယ်။ ဒီလိုနဲ့ ၃ဆောင်မှာ သီးခြားထားတယ်။ ဒီကနေ မိလ္လာမခပ်ခိုင်းဖို့၊ အလုပ်မခိုင်းဖို့၊ ပုံစံမမောင်းဖို့၊ထမင်းကောင်းဖို့၊ ဟင်းကို ထောင်က သတ်မှတ်ပေးတဲ့ စကေးအတိုင်းရဖို့၊ဆေးဝါးသွင်းခွင့်ရဖို့ တောင်းဆိုတယ်။

ညီညီညွတ်ညွတ်တောင်းတော့ အကုန်ခွင့်ပြုတယ်။ ၅၀၅တွေကလည်း အရမ်းညီလာတယ်။ တစ်ဦးကို တခုခုပြောလိုက်တာနဲ့ အကုန်လုံးဝိုင်းအုံပြောတောတာပဲ။ အဲဒီလောက်ထိကို ညီညွတ်လာတာ။

မိလ္လာအတွက် မော်တာနဲ့စုတ်ထုတ်။ လိုအပ်တဲ့မော်တာတွေကို ၅၀၅တွေက ဝယ်ပေးမယ်။ ဒါတော့ ခွင့်မပြုဘူး။ ထောင်မှာ တစ်ခုမဟုတ် တစ်ခု လုပ်နေမှ ရမှာ။ အားနေရင် ထောင်ကလွတ်ဖို့ပဲ ကြံစည်နေမှာစိုးရလို့တဲ့။

ဒါပေမယ့် ၅၀၅ တွေကို ဘာမှ မခိုင်းတော့ဘူး။ အခြားအမှုတွေကပဲ လုပ်ရတယ်။ တစ်ခုတော့ရှိတာပေါ့။ ကိုယ်သောက်ဖို့ ရေကိုတော့ ကိုယ့်ဟာကို ခပ်ရတယ်။ ဒီလောက်ပါပဲ။ ထောင်ပိုင်တန်းစီ ရှိတဲ့နေ့ဆို ကိုယ့်အခန်းသင့်ရှင်းရေး ကိုယ့်ဟာကို လုပ်ရတယ်။အဆောင်သန့်ရှင်းရေးကိုတော့ ဘုတ်ခန်းနဲ့ ပုံစံခန်းက လုပ်တယ်။မိလ္လာခပ်တာလည်း အဲဒီ နှစ်ခန်းကပဲ လုပ်ရတယ်။ထမင်းထမ်းတာ၊ရေကန်လှယ်တာ၊ တောင်ယာလုပ်တာလည်း အဲဒီနှစ်ခန်းပဲ။

ထောင်ပိုင်တန်းစီက အပတ်တိုင်း တနင်္လာနေ့။ အဲဒီနေ့ဆို မနက် ၅နာရီတည်းက အိပ်ယာထရတယ်။ အဝတ်အစားတွေ၊ အသုံးအဆောင်တွေကို အကုန်စုပြုံပြီး တနေရာတည်းမှာ စုထား။ နောက် စောင်ကြီးကြီးတခုနဲ့ အုပ်ထား။အဲဒါကို “ကစ်” ပုံတယ်လို့ ခေါ်ကြတယ်။အကုန်သန့်ရှင်း၊ရှင်းလင်းနေရတယ်။ ထောင်ပိုင်လာရင် တင်ပြစရာရှိရင် တင်ပြလို့ရတယ်။ မတင်ပြချင်ရင် စာတိုက်ပုံးလေးထဲ စာထည့်ထားလို့ ရတယ်။

တကယ်လည်း သူတို့လုပ်ပေးနိုင်တာဆို လုပ်ပေးပါတယ်။ ဒါပေမယ့် အဲဒီအခွင့်အရေးက အခြားအမှုတွေ မရပါဘူး။

၃ ဆောင်ရောက်မှ သတိထားမိတာက ထမင်းက ပိုကောင်းလာတယ်။ အသားတုံးတွေကြီးလာတယ်။ ဒါက ထူးထူးခြားခြားပါပဲ။ ဒီအခွင့်အရေးကိုတော့ အခြားအမှု ၂ ခန်းလည်း ကျနော်တို့ကိုမှီပြီး ရတယ်။ဒီတော့ ၅၀၅ တွေ အလုပ်မလုပ်ရတာကို မကြည်မဖြူ မဖြစ်တော့ဘူး။

(ဆက်လက်ဖော်ပြပါမည်)

Leave a Comment

3 comments

77viplogin December 22, 2025 - 10:28 pm

Alright, finally got my 77viplogin sorted. Let’s see what all the fuss is about now. Happy gaming!. Check it out 77viplogin.

Reply
playpal77 January 14, 2026 - 9:34 pm Reply
phgame January 25, 2026 - 2:43 am Reply

Subscribe to Get New Updates

You Can Subscribe To get News Update From Mandaing News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Will be used in accordance with our u00a0Privacy Policy

@2025 – All Right Reserved. Mandaing